Chapter 12
“အိမ်ဟောင်းကလူ ရောက်လာခြင်း”
ရှတာနျို ထွက်သွားပြီးနောက် ဖူမင်ယို သူ့အိမ်အသစ်ကို သွားရောက်ကြည့်ရှုလိုက်သည်။
ခဏကြာအောင် လှည့်ပတ်ကြည့်ရှုပြီးနောက်မှာ ဖူမင်ယိုသည် နံဘေးမှရှလီရမ်ကို ကြည့်ပြီး ပြောလိုက်သည်။ “ဦးလေး.. မြို့ပေါ်မှာ အိမ်ဆောက်ပေးတဲ့ ပညာရှင်တွေရှိလားဗျ၊ ကျွန်တော်ပုံဆွဲထားတဲ့အတိုင်း အိမ်ငှားဖို့လူဆောက်ချင်တယ်”
“မြို့ပေါ်ကလူတွေကိုငှားရင် ပိုက်ဆံပိုကုန်မှာပေါ့.. ငါတို့ရွာထဲကလူတွေ လုပ်ပေးနိုင်ပါတယ် မင်းပုံဆွဲဖို့ပဲလိုတယ်”
ရှလီရမ်က ဖူမင်ယို အလုပ်သမားငှားလိုကြောင်း သိသွား၍ ချက်ချင်းပြောလိုက်သည်။
ရွာထဲက လူတွေလည်း အိမ်ဆောက်ပေးနိုင်သည်။ အိမ်ဆောက်သည့် ပညာရှင်များကို ငှားလျှင် ငွေပိုကုန်လိမ့်မည်။
တစ်ဖက်လူကိုကြည့်ကာ ဖူမင်ယို ပြုံးလိုက်၏။ “ကောင်းပြီလေ.. ဒါဆို ဦးလေးရှ.. ကျွန်တော့်ကို လူတွေရှာဖို့ ကူညီပေးပါ..စျေးနှုန်းကို ဦးလေးပဲသတ်မှတ်.. ကျွန်တော်က အဲ့ဒါတွေ သိပ်နားမလည်ဘူး”
ဤနေရာအကြောင်းကို သူ သိပ်နားမလည်သေးပုံပေါ်သည်။ သို့သော် သူရေးဆွဲထားသော ဒီဇိုင်းတွင် ခေတ်မီသော အစိတ်အပိုင်းများ ပါဝင်ကြောင်း သူ နောက်ပိုင်းမှာ ရှင်းပြဖို့လိုသည်။
ရှလီရမ်က ချက်ချင်းသဘောတူလိုက်သည်။ သူတို့နှစ်ဦးက လမ်းလျှောက်ရင်း စကားပြောနေကြပြီး ဖူမင်ယိုက အနာဂတ်နေ့ရက်များကို မျှော်လင့်စောင့်စားနေသည်။
ယခု မတ်လမှာ နွေဦးပေါက်ပြီဖြစ်၍ အိမ်ဆောက်ဖို့ အချိန်နီးလာလေပြီ။
ဖူမင်ယို အိမ်ဆောက်ဖို့ လူရှာနေကြောင်း သိလိုက်ရသောအခါ ရွာထဲက လူတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတော့သည်။ အဘယ့်ကြောင့်ဆိုသော် ဖူမင်ယို အိမ်ဆောက်ရာတွင် သူတို့ ကူညီပေးနိုင်ပါက သူတို့လည်း အပိုဝင်ငွေရရှိမည်ဖြစ်ရာ အလွန်ဝမ်းသာစရာကောင်းသော အရာဖြစ်လေတော့သည်။
ဖူမင်ယိုက ကပ်စေးနဲသူမဟုတ်သလို သူ နောင်တွင် ဤရွာ၌ အခြေချမည်ဖြစ်သောကြောင့် ရွာသားများကို အသေးအမွှား ကူညီပေးခြင်းဖြင့် ယခင်က ရောင်းချခဲ့သော ဂျင်ဆင်းနှင့် တောဝက်မှ ရရှိသည့် ငွေအားလုံး ကုန်ဆုံးသွားပြီဟု လူတိုင်းကို အကြောင်းပြချက်ပေးနိုင်မည်။
ခြံဝင်းဒီဇိုင်းပုံကို ရေးဆွဲပြီးနောက်မှာ ဖူမင်ယိုက ရှလီရမ်ကို ပေးအပ်ရင်း တစ်ဖက်လူအား ဤကိစ္စကို ကူညီပေးရန် တောင်းဆိုလိုက်သည်။
တစ်ဖက်လူက ရွာထဲ၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်ရာ အကြောင်းစုံကို သိနားလည်သည်။ ထို့ကြောင့် အကူအညီပေးရန် ခေါ်ယူထားသူများမှာ သစ္စာရှိ၍ ရိုးသားဖြောင့်မတ်သူများ ဖြစ်ကြသည်။
ဖူမင်ယိုသည် အုတ်နီနှင့် အစိမ်းရောင်အုတ်ကြွပ်များဖြင့် အိမ်တစ်လုံးဆောက်ချင်တာဖြစ်၍ ရှလီရမ်အား မြို့ပေါ်တွင် ထိုပစ္စည်းများ၏ စျေးနှုန်းများ မည်မျှရှိမည်ကို မေးမြန်းပြီး ၎င်းတို့အား ရွာထဲသို့ တိုက်ရိုက်သယ်ဆောင်ခိုင်းလိုက်သည်။
မူလက ရှလီရမ်သည် တစ်ဖက်လူက မြေသားအိမ်တစ်လုံး ဆောက်မည်ဟုသာ ထင်ထားခဲ့သည်။ သို့ဖြစ်၍ အုတ်အိမ်ဆောက်မည်ကို သိလိုက်ရသောအခါ အလွန်အမင်း အံံ့သြသွားခဲ့သည်။ သို့သော် တစ်ဖက်လူ၌ ငွေမည်မျှရှိသည်ကို သိထားသောကြောင့် စဥ်းစားပြီး သဘောတူလိုက်လေသည်။ အကြောင်းမူကား အိမ်ကြီးကြီးဆောက်လျှင် ဇနီးတစ်ယောက် ရှာရလွယ်ကူမည်ဟု ယူဆသောကြောင့်ပင်။
ရှလီရမ်က စျေးနှုန်းသတ်မှတ်ခြင်းကိစ္စရပ်များကို စီမံပြီး ဖူမင်ယိုက ရှလီရမ်နှင့် အဒေါ်လီတို့ မိသားစုအား မနက်စာ၊ နေ့လည်စာနှင့် ညနေစာ သုံးနပ်ချက်ပြုတ်ရန် တာဝန်ပေးအပ်ခဲ့သည်။ လူတိုင်း ပိုစားရစေရန်အတွက် ဝက်တစ်ကောင်ကိုပင် သွားမှာလိုက်သေးသည်။
လူတိုင်းကို အလုပ်ကြိုးစားစေလိုလျှင် အစားအသောက်ကို ချွေတာ၍မရပေ။
“ဦးလေးတာကမ်း… စွပ်ပြုတ်တစ်ပန်းကန် ထပ်ထည့်ပေးရမလား?”
ရှယန်ရှီးက မလှမ်းမကမ်းမှ လီတာကမ်းကိုကြည့်ပြီး အပြုံးလေးဖြင့် မေးလိုက်၏။
ရှတာကမ်းက အဒေါ်လီ၏ ခင်ပွန်းဖြစ်ပြီး တစ်ဖက်လူ၏ သားဖြစ်သူသည် သုံးလေးနှစ်အရွယ်ဖြစ်သည်။ သူက မလှမ်းမကမ်းမှာ ရှောင်ပေါင်နှင့် ကစားနေ၏။
“အင်း.. ကျေးဇူးပါ..ရှီးရှီး”
ရှတာကမ်းက ချက်ချင်းခေါင်းညိတ်ပြပြီး ပန်းကန်ကို သူ့ဆီသို့ ဆန့်ပေးလိုက်သည်။
ဘေးနားမှ တခြားအလုပ်သမားများသည် ထိုမြင်ကွင်းကို မြင်သောအခါ ဟင်းချိုတစ်ပန်းကန် ထပ်သောက်ချင်သဖြင့် ချက်ချင်းရောက်လာကြသည်။
သူတို့သည်ကား တစ်မနက်ခင်းလုံး အလုပ်လုပ်ခဲ့ကြသဖြင့် အလွန်အမင်း ရေငတ်နေကြ၏။
ရှယန်ရှီးသည် လူတိုင်းအတွက် ဟင်းချိုထည့်ပေးလိုက်ပြီး ပြုံးကာပြောလိုက်သည်။ “အမေက နေ့လည်စာအတွက် ဝက်သား၊ တရုတ်ဂေါ်ဖီထုပ်ပေါင်း၊ အာလူးနဲ့ဝက်သားဟင်း ချက်ထားတယ်လို့ပြောတယ်။ ဂျုံပေါက်စီနဲ့ထမင်းချက်ဖို့ပဲလိုတော့တာ… နောက်တစ်နာရီလောက်နေရင် စားလို့ရပါပြီ”
“ဟားဟားဟား… အားလုံးပဲအနားယူပြီးရင် အလုပ်မြန်မြန်လုပ်ကြ… ပြီးရင်နေ့လည်စာစားကြမယ်”
ရှတာကမ်းက ပြုံး၍ အနီးအနားရှိ လူများကို လှမ်းပြောလိုက်၏။
“ကောင်းတယ်…ကောင်းတယ်… အသားစားရတော့မယ်”
“ဒီဖူရှောင်ကျစ်က တော်တယ်ဗျာ… တကယ့်ကိုစိတ်ရင်းကောင်းတဲ့ကလေးပဲ”
“ဟုတ်တယ်… ငါမနက်ကလည်း ကောင်းကောင်းစားခဲ့ရလို့ အလုပ်လုပ်ရတာ အားအင်တွေပြည့်နေတာ”
လူအားလုံးက ပြုံးပြုံးရွှင်ရွှင် ပြောလိုက်ကြ၏။ ခဏနားပြီးနောက်မှာ သူတို့က တက်တက်ကြွကြွ အလုပ်ပြန်လုပ်ကြလေသည်။
ရှယန်ရှီးက ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ရှောင်ပေါင်နှင့် ဟူကျစ်ကိုခေါ်ပြီး အိမ်ပြန်သွား၏။
ဖူမင်ယိုသည် အိမ်ဆောက်ပြီးရန် လိုအပ်သောအချိန်ကို တွက်ချက်နေ၏။ သူသည်ကား ငွေရေးကြေးရေးကို စိတ်မပူသောကြောင့် အလုပ်သမားများစွာကို ငှားထားခြင်းဖြစ်၏။
သူဤနေရာ၌ အခြေချမည်ဖြစ်သောကြောင့် အိမ်ကို စောနိုင်သမျှ အပြီးအစီး ဆောက်လုပ်ခြင်းက ပိုကောင်းပေသည်။
“သားကြီးမိန်းမရေ… သားကြီးမိန်းမရေ”
အမေရှ ထမင်းချက်ရန် ပြင်ဆင်နေချိန်တွင် အိမ်ဟောင်းမှလူများ ရောက်လာသည်။
မီးဖိုချောင်၌ ချက်ပြုတ်နေသော အမေရှသည် ထိုအသံကိုကြားသောအခါ ရုပ်တည်သွားသော်လည်း အပြင်လှည့်ထွက်သွားလိုက်၏။
“အမေ…. ဘာကိစ္စရှိလို့လဲ?”
အမေရှသည် သူမ၏လက်များကို ရှေ့ဖုံးခါးစည်းအင်္ကျီပေါ်တွင် သုတ်လိုက်ပြီး တံခါးဝရှိ လူနှစ်ဦးကိုကြည့်ကာ မျက်နှာသေနှင့် မေးလိုက်၏။
အဘွားရှက တစ်ဖက်လူကိုကြည့်ကာ ပြောလိုက်၏။ “သားကြီးက အိမ်ဆောက်တာကို ကူပေးနေတယ်လို့ ငါကြားတယ်…. တစ်ရက်ကို ဒင်္ဂါး၂ဝရတာမလား… နင့်အဖေနဲ့ ဒုတိယညီကိုလည်း သွားခိုင်းလိုက်”
တစ်ရက်ကြေးဒင်္ဂါးပြား၂ဝသည် နည်းသော ပမာဏမဟုတ်ပေ။
ထိုအိမ်ကို တလကြာအောင် ဆောက်ရမည်ဟု ကြားထားသည်။ သို့ဆိုလျှင် တစ်လကို ကြေးဒင်္ဂါးပြား၆ရာဖြစ်၍ မြို့ပေါ်၌ ယာယီအလုပ်သမားအဖြစ် လုပ်ကိုင်ရသည်ထက် ပိုများသည်။
ထိုထက်ပိုသည်မှာ ထမင်းသုံးနပ်လည်း အလကားကျွေး၏။ အသားမပါလျှင်ပင် အသားဟင်းချိုရှိသည်။ ဒုတိယသားနဲ့ အဘိုးကြီးပါသွားလျှင် ထမင်းစရိတ်အများကြီး သက်သာပေမည်။
“ဒါက ရှောင်ဖူဆောက်မယ့်အိမ်ပါ… ကျွန်မတို့ဆုံးဖြတ်လို့မရဘူး… အိမ်ဦးနတ်ကလည်း ကူညီပေးရုံသက်သက်ပါပဲ”
အမေရှက ထိုကိစ္စကို လုံးဝသဘောမတူနိုင်ပေ။ ယောက္ခထီးနှင့် ရှလီရိတို့သည် ကောက်ကျစ်ပြီး ပျင်းရိသူများဖြစ်၏။ သူတို့ကို သွားကူညီခိုင်းလိုက်ပါက စားလိုက်သောက်လိုက်နှင့် ပိုက်ဆံယူကာ အလုပ်လုပ်မည်မဟုတ်ပေ။
တစ်ဖက်လူ၏ ငြင်းဆိုသောစကားကိုကြားသောအခါ အဘွားရှ၏မျက်နှာမှာ ချက်ချင်းပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်လိုက်လေ၏။ “နင်တို့က သူ့အသက်ကိုကယ်ခဲ့တာမဟုတ်ဘူးလား… သူက ဒီလိုအသေးအမွှားလေးကိုတောင် မလုပ်ပေးနိုင်ဘူးလား.. ဒါဆို သူ့ကိုကူညီခဲ့တာ အကျိုးယုတ်သွားတာပေါ့”
သားအကြီးဆုံးတို့ ကယ်တင်ခဲ့သော ထိုကောင်လေးမှာ အရည်အချင်းရှိသူဖြစ်ကြောင်းကို သူမကြားခဲ့သည်မှာ ကြာပြီဖြစ်၏။ သားအကြီးဆုံး၏ အသက်ကယ်တင်ပေးခဲ့သော ဂုဏ်ကျက်သရေကို အသုံးချကာ ထိုလူထံမှ အကျိုးအမြတ်ရယူရန် သူမစဉ်းစားနေခဲ့ခြင်းဖြစ်၏။
“ဦးလေးရှရဲ့ မိသားစု ကျွန်တော့်ကိုကယ်တင်ခဲ့တာက ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး” ထိုအချိန်တွင် ဖူမင်ယိုက အပြင်မှ ပြန်ရောက်လာပြီး ခနဲ့တဲ့တဲ့ပြောလိုက်၏။ “ဒါပေမယ့် သေချာတစ်ခုတော့ရှိတယ်… ခင်ဗျားတို့မိသားစုထဲက ဘယ်သူ့ကိုမှ ထမင်းအလကားလာစားခွင့် ပေးမှာမဟုတ်ဘူး…”
သူသည်ကား ရွာသားများ၏ စကားမှတစ်ဆင့် ဤရှမိသားစု၏ အိမ်ဟောင်းမှလူများသည် လူကောင်းများမဟုတ်ကြောင်း သိရှိခဲ့ရသည်။
ဖူမင်ယိုသည် စိတ်ရင်းကောင်းသော်လည်း ဤကဲ့သို့လူများအပေါ် စိတ်ကောင်းမထားနိုင်ပေ။
“အိုက်ယိုး.. ဖူရှောင်ကျစ်ဆိုတာမင်းပေါ့”
မူလက အဘွားရှသည် အာဏာပြရန် ကြံရွယ်ထားသော်လည်း ဖူမင်ယိုကိုတွေ့သောအခါ သူမ၏မျက်လုံးများ တောက်ပလာပြီး ယဉ်ကျေးချိုသာစွာဖြင့် သူ့အားကြည့်လိုက်သည်။
မထင်မှတ်ထားသည်မှာ ဤဖူရှောင်ကျစ်သည် ဤမျှချောမောခန့်ညားနေခြင်းပင်။ ဒုတိယသား၏ အကြီးဆုံးသမီးသည်လည်း စေ့စပ်ကြောင်းလမ်းရမည့် အရွယ်ရောက်နေပြီဖြစ်၏။ ဤလူက ဤမျှချောမောပြီး အရည်အချင်းရှိသူဖြစ်ရာ မိမိ၏ မြေးသားမက်ဖြစ်ပါက အကျိုးအမြတ်များ ရရှိလာမည် မဟုတ်လား။