Ch 13
Viewers 9k

Chapter 13 


“အဘွားရှ၏ တွက်ချက်မှု”




ဖူမင်ယိုသည် အဘွားရှကို လုံးလုံးလျစ်လျူရှုကာ အမေရှဘက် လှည့်၍ပြောလိုက်သည်။ “အဒေါ်.. ကျွန်တော်ဝယ်ထားတဲ့ ဝက်သားရောက်လာပြီ.. အဒေါ်နဲ့ အဒေါ်လီတို့ကိုပဲ အားကိုးရတော့မယ်”



ဖူမင်ယိုက အားလုံးကို ကြိုးစားလုပ်ကိုင်လိုသောကြောင့် ထိုမျှနည်းပါးသော ငွေပမာဏကို နှမြောတွန့်တိုနေမည်မဟုတ်ချေ။



အိမ်ကို စောစောဆောက်ပြီးပါက သူ၏ ကိုယ်ပိုင်နေရာ ရရှိလာမည်ဖြစ်ရာ၊ ထိုအချိန်မှာ သူ၏ ဒိုင်မန်းရှင်းစနစ်ကို အသုံးပြုရ ပိုမိုအဆင်ပြေမည် ဖြစ်၏။



“အို့.. ကောင်းပါပြီ” အမေရှက ချက်ချင်းခေါင်းညိတ်ပြပြီး အဘွားရှဘက်လှည့်ကာ ပြောလိုက်သည်။ “အမေ.. ကျွန်မ အလုပ်ရှုပ်တော့မှာမို့ အမေနဲ့ အငယ်လေးတွေကို ဧည့်ခံဖို့အချိန်မရှိတော့လို့ပါနော်”



ပြောပြီးနောက် သူမက တံခါးတန်းပိတ်၍ ဖူမင်ယိုအား ပြောလိုက်သည်။ “ရှောင်ဖူ.. ဒီအသားတွေကို အဒေါ်လီရဲ့အိမ်ကို ပို့လိုက်ရအောင်”


ဖူမင်ယိုက ခေါင်းညိတ်ပြပြီး အဘွားရှနှင့် ဒုတိယအဒေါ်ရှတို့ကို ကျော်ဖြတ်သွားစဥ် အေးစက်စက် ကြည့်လိုက်သေးသည်။




“အမေ.. ကျွန်မတို့ ပြန်ရအောင်ပါ”




ဒုတိယအဒေါ်ရှက ဖူမင်ယို၏ အကြည့်ကြောင့် လန့်ဖျပ်သွားပြီး အဘွားရှအား ချက်ချင်းပြောလိုက်၏။




ဤလူငယ်လေးက ရန်စရမည့်သူမဟုတ်ကြောင်း သူ ခံစားမိသည်။ တစ်ဖက်လူအား စိတ်ဆိုးအောင် လုပ်မိပါက အကျိုးနည်းသွားလိမ့်မည်။



“နင်က ကြွက်လောက်တောင် သတ္တိမရှိတာပဲ”



အမေရှက ချွေးမဖြစ်သူကို စိုက်ကြည့်ပြီး ဆိုသည်။ “သူ့အသက်ကို စဥ်းစားကြည့်..  ငါတို့ရဲ့ ဟွမ်ဟွမ်လေးနဲ့ လိုက်ဖက်တယ်မလား?”



ဒုတိယအဒေါ်က သူ့ယောက္ခမမှာ ဤအကြံအစည်ရှိမည်ဟု မထင်ထားပေ။ နောက်မှ တစ်ခုခုကို သဘောပေါက်သွားပြီး သူမမျက်လုံးများ တလက်လက်တောက်ပလာသည်။ “ဟုတ်တယ်..အမေ.. သူ ကျွန်မသားမက်ဖြစ်လာရင် ကျွန်မတို့ကို ဂရုစိုက်ပေးမှာသေချာတယ်”


ဟွမ်ဟွမ်က ချောတော့ သူ ဟွမ်ဟွမ်ကို သဘောကျမှာသေချာတယ်.. အဲဲ့ချိန်ကျရင် ငွေရေးကြေးရေးက ဟွမ်ဟွမ်ပြောတဲ့အတိုင်း ဖြစ်လာမှာမလား။



“သိပြီမလား? နင်က တကယ့်ငတုံးပဲ”




အဘွားရှက အောင်နိုင်သူလို ပြုံးလိုက်ပြီး တစ်ဖက်လူက ရှမိသားစု၏ မြေးသားမက်ဖြစ်လာမည့်နေ့ကို သူမ စိတ်ကူးယဥ်နေပြီဖြစ်၏။


အဲ့ဒီအချိန်ကျရင် သူ တောဝက်နဲ့ ဂျင်ဆင်းရောင်းလို့ရတဲ့ ပိုက်ဆံတွေအားလုံး သူတို့ပိုင်လာမှာ ဟုတ်တယ်မလား။



ဤအတွေးဖြင့် အဘွားရှက ကိုယ့်ပေါင်ကိုယ်ရိုက်ကာ စိတ်ပျက်လက်ပျက် ပြောသည်။ “ဒီဖူရှောင်ကျစ်က အိမ်ထောင်ကို ဘယ်လိုစီမံခန့်ခွဲရမလဲမသိဘူးပဲ.. ဒီလောက်များတဲ့ပိုက်ဆံတွေကို စုထားတော့ ပိုမကောင်းဘူးလား.. ဘာလို့ အုတ်အိမ်ဆောက်လိုက်တာလဲ”




အနှီလူ ငွေစုထားလျှင် သူတို့ရနိုင်သေးသည်။


ဒုတိယအဒေါ်ရှက ခေါင်းညိတ်ထောက်ခံပြီး ဖူမင်ယိုအား အိမ်ထောင်စီမခန့်ခွဲပုံကို နားမလည်ဟု ဒေါသတကြီး ဝေဖန်ပြောဆိုကာ ဇနီးတစ်ဦးရှိမှဖြစ်မည်ဟု နိဂုံးချုပ်ဆိုလိုက်၏။




ရှတာကမ်း၏အိမ်သို့ သွားနေသော ဖူမင်ယိုသည် သူ လက်ထပ်ဖို့ကိစ္စကို ယခုလိုပစ်မှတ်ထား စဥ်းစားနေကြကြောင်း မသိခဲ့ပေ။




သိလျှင် ၎င်းက အကြည့်တစ်ချက်ဖြင့် ပြီးဆုံးသွားမည့် ကိစ္စမဟုတ်တာသေချာသည်။


“အမေ… ဖူတာ့ကော”



ရှယန်ရှီးက ရှရှောင်ပေါင်၏ လက်ကိုဆွဲကာ အိမ်သို့ပြန်လာနေသည်။ ထိုလူနှစ်ဦးကိုတွေ့သောအခါ ချက်ချင်းနှုတ်ဆက်လိုက်၏။


ဖူမင်ယိုက သူ့နံဘေးမှ ရှောင်ပေါင်ကိုကြည့်ကာ ပြုံးပြီး ပွေ့ချီရင်း ရှယန်ရှီးအား ကြည့်လိုက်၏။ “ရှီးရှီး ပူနေလား?”



“နည်းနည်းပါပဲ”




ရှယန်ရှီးက ချစ်စဖွယ်ပြုံးပြုပြီး နှာဖျားပေါ်ရှိ ချွေးစက်များကို သုတ်လိုက်သည်။



ဖူမင်ယိုက တစ်ဖက်လူ၏ ချစ်စဖွယ်ရုပ်သွင်ကိုကြည့်ကာ ပြုံးလိုက်ပြီးမှ သူ့အင်္ကျီလက်ထဲမှ အေးမြမြစုတ်လုံးနှစ်ချောင်းကို မျက်လှည့်ပြသလို ထုတ်လိုက်သည်။ ပေါ်မသွားသင့်သည့်အရာများကတော့ ပေါ်မလာခဲ့ချေ။



“ရှီးရှီး…ပါးစပ်ဟ”



ဖူမင်ယိုက တစ်ဖက်လူအား ပြုံးကြည့်၍ တိုးတိုးလေးဆိုသည်။


ရှယန်ရှီးက အကြောင်းမသိသော်ငြား နာနာခံခံ ပါးစပ်ဟပေးလိုက်သည်။



စုပ်လုံးတစ်ချောင်းကို ထိုသူလေး၏ ပါးစပ်ထဲထည့်ပေးပြီးနောက် ဖူမင်ယိုက သူ့ရင်ခွင်ထဲရှိ ရှောင်ပေါင်ကိုလည်း တစ်ချောင်းကျွေးလိုက်သည်။ “ရှောင်ပေါင်လည်းစား.. သကြားလုံး”


ရှယန်ရှီးက စုပ်လုံးစားရင်း မျက်လုံးများ တောက်ပလာသည်။ “ဖူတာ့ကော.. ချိုလိုက်တာ!”



မိသားစုအခြေအနေက မကောင်းသောကြောင့် သူတို့သည်ကား သကြားလုံးစားရခဲသည်။ ပွဲတော်ရက် သို့မဟုတ် ဆွေမျိုးများရောက်လာမှ သကြားရေတစ်ခွက်ရရှိခြင်းကပင် အလွန်ကောင်းမွန်နေပြီဖြစ်၏။




“ဖူကောကော…. အရသာရှိတယ်..ရှောင်ပေါင်ကြိုက်တယ်”



ရှောင်ပေါင်သည်လည်း စုပ်လုံးစားရင်း ပျော်မြူးလျက်။



ဝက်သားလာပို့သူက ပြုံးလိုက်ပြီး နံဘေးရှိ အမေရှကိုကြည့်ကာ ဆိုသည်။ “အဒေါ်တို့ကောလေးနဲ့ သားမက်က ဆက်ဆံရေးကောင်းတယ်နော်”



အမေရှက ဤအထင်လွဲမှုကို မမျှော်လင့်ထားသောကြောင့် ပြုံး၍ ကမန်းကတန်း လက်ခါပြလိုက်ရသည်။ “မဟုတ်တာ.. ငါတို့ကောလေးက အခုထိ မစေ့စပ်ရသေးဘူး”



သို့ပေသော်ငြား တစ်ဖက်လူ၏စကားက ရှောင်ပေါင်ကလွဲ၍ ရှိနေသူအားလုံး၏ ရင်ထဲမှာ လှုပ်ခတ်သွားစေသည်။



ရှယန်ရှီးက သေချာကြားလိုက်ရသော်လည်း စကားတစ်ခွန်းမှမဆိုဘဲ ခေါင်းလေးငုံ့ထားလိုက်သည်။ နီရဲလာသော သူ့နားရွက်ဖျားက စိတ်ခံစားချက်ကို ဖော်ပြပေး၏။



ဖူမင်ယို ရှောင်ပေါင်အား အပြုံးလေးဖြင့် ဖက်ထားလိုက်သည်။




အရင်တည်းက သူသည် အမျိုးသားချင်း နှစ်သက်သူဖြစ်သော်လည်း ဤနေရာတွင် ကောလေးတစ်ယောက်ကို ရှာတွေ့မည်ဟု မထင်ထားခဲ့ပေ။ ဤမျှတိုတောင်းသော အချိန်အတွင်းမှာ ရှယန်ရှီးက ချစ်ဖို့ကောင်းသည်ဟု သူ ခံစားမိခဲ့သည်။



ငြင်းဆို၍မရစွာ သူ အမှန်တကယ် စိတ်လှုပ်ရှားနေသည်။



“ကောကော.. ဘာလို့ မျက်နှာနီရဲနေတာလဲ.. ပူလို့လား?”



ရှောင်ပေါင်က လူကြီးကိစ္စနားမလည်ဘဲ သူ့အစ်ကိုအားကြည့်ကာ နို့သံလေးဖြင့် မေးလိုက်သည်။



ရှယန်ရှီးက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ ဖူမင်ယိုနှင့် အကြည့်ချင်းဆုံသောအခါ သူ့မျက်နှာက ပို၍ပင် နီရဲလာပြီး ရှောင်ပေါင်၏ မျက်နှာအား လှမ်းဖျစ်ရင်း ဒေါသတကြီး ပြောလိုက်သည်။ “မင်း သကြားလုံးကိုသာစား”



အမေရှက သူ့ကောလေးကို နားမလည်ဘဲ နေပါ့မလား.. သူ့ပုံစံကိုကြည့်ပြီး သူ့ရင်ထဲမှာ ဘာရှိလဲ သူမ သိတာပေါ့..


သို့ပေသော်ကြား သူမက ဤကိစ္စနှင့် ပတ်သက်ပြီး မသေချာ၍ ခဏလောက်တော့ စောင့်ရမည်။



သူမ၏ ကောလေးက လိမ္မာသော်ငြား ဖူမင်ယိုသည်လည်း လူတော်လေးတစ်ယောက်ဖြစ်၍ သူမကောလေးဘက်က တစ်ဖက်သတ်စိတ်ရှိနေမည်ကို စိုးရိမ်မိသည်။


သူတို့အုပ်စုက ဝက်သားကို အန်တီလီ၏အိမ်သို့ ပို့ဆောင်လိုက်သည်။ အိမ်ဆောက်လုပ်ရန် လူများစွာကို ငှားရမ်းထားသည့်အတွက် အမေရှ တစ်ဦးတည်း ချက်ပြုတ်ပေးဖို့ မဖြစ်နိုင်ပေ။ အမေရှ တစ်ယောက်တည်းချက်လျှင် အလွန်ပင်ပန်းလိမ့်မည်။


ပို့ဆောင်ပြီးသောအခါ သူတို့အားလုံး ချက်ချင်းပြန်လာသည်။


အခန်းထဲရောက်ပြီးနောက် ဖူမင်ယိုက တံခါးနှင့်ပြတင်းပေါက်ကို ပိတ်ပြီး ဒိုင်မန်းရှင်းစနစ်ကို ဖွင့်လိုက်၏။


ဤဒိုင်မန်းရှင်းစနစ်ကို ဖူမင်ယို အသက်ဆယ့်ရှစ်နှစ်မှာ ပိုင်ဆိုင်ခဲ့တာဖြစ်သော်လည်း ထိုအချိန်က သူ တစ်ခါတစ်လေသာ အသုံးပြုခဲ့သည်။




အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က သူ့မှာ လိုအပ်တာမရှိခဲ့ပေ။


ဒိုင်မန်းရှင်းနေရာလွတ်ထဲမှာ တင်ထားသော ဂျင်ဆင်းကို တစ်ယောက်ယောက် ဝယ်ယူသွားသည်ကို မြင်သောအခါ သူ ပြုံးလိုက်မိသည်။


ထင်သည့်အတိုင်းပင် ဂျင်ဆင်းက သက်တမ်းသိပ်မမြင့်မားသော်လည်း တစ်ချို့ဒိုင်မန်းရှင်းနေရာလွတ်များတွင် ရှားပါးပစ္စည်းဖြစ်နိုင်သောကြောင့် အမြန်ပင် ရောင်းထွက်သွားခဲ့သည်။




ရွှေများကို သူ၏ ဒိုင်မန်းရှင်းသိုလှောင်ခန်းထဲ ထည့်ပြီးနောက်မှာ ဖူမင်ယိုက ဒိုင်မန်းရှင်းစူပါမားကတ်ကို စတင်ကြည့်ရှုလိုက်သည်။


ဤနေရာတွင် ပစ္စည်းများစွာရှိသည်။ တောဝက်နှင့် ဂျင်ဆင်းရောင်းရငွေက များပြားသော်လည်း တစ်သက်လုံးအသုံးပြုနိုင်မည် မဟုတ်ချေ။


သူသည်ကား အသက်မွေးဝမ်းကြောင်းအတွက် တစ်ခုခုလုပ်ဖို့ လိုအပ်သေးသည်။ ဖူမင်ယိုက ကိုယ့်ကိုယ်ကို အပင်ပန်းခံဖို့တော့ မရည်ရွယ်ထားပေ။ သူ အသက်ရှင်ဖို့ အလုပ်လုပ်ရမည်ဆိုသည့်တိုင် သက်တောင့်သက်သာရှိဖို့သာ စီစဥ်ထားသည်။




အရေးကြီးဆုံးမှာ ဖူမင်ယိုက ပညာသင်ဖို့ စဥ်းစားထားသည်။ သူ ဤလူ့အဖွဲ့အစည်းမှာ ရှင်သန်လိုလျှင် မြင့်မားသော အဆင့်အတန်းတစ်ခု ရဖို့ရန် အင်ပါယာစာမေးပွဲသည်သာ အကောင်းဆုံးရည်မှန်းချက်နှင့် ရွေးချယ်မှုဖြစ်၏။




မည်သို့ပင်ဖြစ်စေ သူသည်ကား ထူးချွန်ကျောင်းသားတစ်ဦး ဖြစ်ပြီး မှတ်ဉာဏ်လည်း ကောင်းလှသည်။ ဤနေရာရှိ စာလုံးရှည်အက္ခရာများကို မရင်းနှီးသည့်တိုင် သူ ကြိုးစားလျှင် လုံးဝပြဿနာမရှိနိုင်ပေ။