Ch 14
Viewers 9k

Chapter 14 


“ခေါင်တိုင်စိုက်ထူသော အခမ်းအနား”



“ဖူကောကော”



ရှောင်ပေါင်က သူ၏ ခြေတံတိုလေးများဖြင့် ဖူမင်ယို၏ တံခါးကို ခေါက်လိုက်သော်လည်း တန်းဝင်မသွားဘဲ အပြင်ကနေ နို့သံလေးဖြင့် အော်ခေါ်လိုက်သည်။



ဖူမင်ယိုက ထိုကလေး၏အသံကို ကြားသောအခါ ဒိုင်မန်းရှင်းသိုလှောင်ရုံမှ သကြားလုံးများကို ထုတ်ယူလိုက်၏။



သူ ဤသကြားလုံးများကို ဝယ်ယူ၍ ထည့်ထားခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာကား ဟိုစဥ်က သူ ဒိုင်မန်းရှင်းကမ္ဘာတစ်ခုနှင့် အလဲအလှယ်လုပ်ဖူးရာ ထိုကမ္ဘာက ကလေးများသည် သူ့အရင်နေရာက သကြားလုံးများကို အရမ်းကြိုက်ကြ၍ သူတို့အတွက် ဝယ်ထည့်ထားခြင်းဖြစ်သည်။


ဤနေရာသို့ရောက်လာသောအခါ သကြားလုံးများက ဇိမ်ခံပစ္စည်းသဖွယ် ဖြစ်သွားခဲ့သည်။



“ရှောင်ပေါင်..ဘာဖြစ်လို့လဲ?”


ဖူမင်ယိုက တံခါးဖွင့်လိုက်ပြီး တံခါးဝမှထိုင်နေသော ရှောင်ပေါင်ကိုကြည့်ကာ ဆံပင်ကို လှမ်းပွတ်လိုက်သည်။


ရှောင်ပေါင်က ပြုံးလိုက်ပြီး ဖူမင်ယို၏လက်ကိုဆွဲ၍ ပြောလိုက်သည်။ “ကောကောက ဦးလေးတွေကို ထမင်းချိုင့်ပို့ပေးမလို့၊ ဖူကောကောရော လိုက်မှာလား?”



“လိုက်မှာပေါ့..ရှောင်ပေါင်လည်း လိုက်မှာလား”



ဖူမင်ယိုက နားလည်သွားပြီး ကလေးကို ပွေ့ချီလျက် မီးဖိုချောင်ဘက် လျှောက်သွားလိုက်၏။


ရှောင်ပေါင်သည် ဖူမင်ယို၏ လည်ပင်းကို ဖက်ထားပြီး ပြောလိုက်သည်။ “ရှောင်ပေါင် လိုက်မှာ..ဟူကျစ်ကောကောလည်း အဲ့မှာရှိနေမှာ”



ဖူမင်ယိုက ပြုံးလိုက်သည်။ ဟူကျစ်ဆိုသော ကလေးက ရှတာကမ်းမိသားစုမှ အဒေါ်လီ၏ သားဆိုတာကို သူသိသည်။



ကလေးနှစ်ယောက်က အသက်အရွယ်သိပ်မကွာလှပေ။ ဟူကျစ်လေးကလည်း လိမ္မာရေးခြားရှိသဖြင့် ကလေးနှစ်ယောက်က တည့်ကြသည်။



“ရှီးရှီး.. ကိုယ် တွန်းပေးမယ်”




ရှယန်ရှီး လှည်းတွန်းရန် ပြင်နေသည်ကို မြင်သောအခါ သူ ရှောင်ပေါင်ကို အောက်ချလိုက်သည်။


ရှယန်ရှီးက သူ့ကိုကြည့်ပြီး ပြုံးလိုက်သော်လည်း မငြင်းဆန်ပေ။ “ဟုတ်ကဲ့.. ကျေးဇူးပါ.. ဖူတာ့ကော.. ကျွန်တော် ဘေးကနေ ကူတွန်းပေးမယ်” 

တွန်းလှည်းပေါ်တွင် အလုပ်သမားများအတွက် ထမင်းဟင်းများနှင့် ပန်းကန်ယောက်ခွက်များ ပါရှိသည်။



ကံအားလျော်စွာ ဆောက်လုပ်ရေးနေရာသည် မဝေးလှဘဲ သူတို့ရောက်သွားသောအခါ ရှယန်ရှီးက ချက်ချင်းပင် သူ့အဖေကို တာ့တာပြပြီး အော်ပြောလိုက်သည်။ “ဦးလေးတို့… ခဏနားပြီး နေ့လည်စာ စားကြရအောင်ဗျ”



ရှလီရမ်က ပြုံးပြီး ဘေးဘက်ရှိ လူများကို လက်ယမ်းပြလိုက်သည်။ “အနားယူပြီး ထမင်းစားလို့ရပြီ”



ထိုအချိန်မှာ အဒေါ်လီက ဟူကျစ်နှင့်အတူ ရောက်လာ၏။ မိသားစုနှစ်ခုလုံးမှ ချက်ထားသော ဟင်းလျာများမှာ အတူတူပင်ဖြစ်၍ အားလုံးကို ချက်ချင်း ထည့်ပေးလိုက်ကြသည်။



ဗိုက်ပြည့်မှ အလုပ်လုပ်ရန် ခွန်အားရှိမည်ဖြစ်၏။ ဖူမင်ယိုသည်ကား တခြားသူများကို ဆိုးဆိုးရွားရွား ဆက်ဆံမည့်လူမဟုတ်သဖြင့် မိသားစုနှစ်ခုလုံးအား အဆာခံနိုင်သော ဟင်းလျာများကို ရွေးချယ်စေခဲ့သည်။ ဆန်ပြုတ်နှင့် ပေါက်စီအပြင် အသားဟင်းလျာများကို လုံလုံလောက်လောက် ထောက်ပံ့ပေးခဲ့သဖြင့် အားလုံးက ကျေနပ်စွာ စားသုံးလိုက်ကြသည်။


“ဦးလေး… ဒီနှုန်းနဲ့ဆိုရင် ပြီးစီးဖို့ ဘယ်လောက်ကြာဦးမလဲ”


ဖူမင်ယိုက ဤကိစ္စများနှင့်ပတ်သက်၍ အမှန်တကယ် နားမလည်သူဖြစ်ရာ သူ့ဘေးရှိ ရှလီရမ်ကိုသာ တိုက်ရိုက်မေးလိုက်တော့သည်။


ရှလီရမ်က ထမင်းတစ်လုပ်စားရင်း ပြောလိုက်သည်။ “နှစ်လလောက်တော့ကြာမယ်”


ဖူမင်ယိုက စိတ်ထဲကနေ တွက်ချက်လိုက်ပြီး ပြုံး၍ပြောသည်။ “ကောင်းပါပြီ.. ဒါဆို ဦးလေးတို့ကိုပဲ အားကိုးပါရစေ၊ စိတ်မပူပါနဲ့ အလျင်လိုဖို့မလိုဘူး.. လူတိုင်းရဲ့ ကျန်းမာရေးက အရေးအကြီးဆုံးပဲ”






အိမ်ဆောက်လုပ်ရေးကို တက်ကြွစွာ လုပ်ဆောင်နေကြသဖြင့် အိမ်ဆောက်ပြီးစီးသောအခါ ရွာထဲကလူများကို ထမင်းကျွေးရမည်မှန်း သူသိသော်လည်း သူသည်ကား မကြာသေးမီကမှ ရွာကိုရောက်လာတာဖြစ်ပြီး ရင်းနှီးသောမိသားစုအနည်းငယ်သာ ရှိသောကြောင့် ဖိတ်ကြားမည့်လူစာရင်းကို စိတ်ထဲတွင် မသတ်မှတ်ရသေးပေ။




ရွာလူကြီး၏ မိသားစုနှင့် ရှလီရမ်၏ မိသားစုကို မဖြစ်မနေ ဖိတ်ကြားရမည်။ ကျန်တာကတော့ အဒေါ်လီ၏ မိသားစုဖြစ်၏။ ထို့အပြင် သူသည် ဖိတ်ကြားမည့် လူအရေအတွက်ကို ရှလီရမ်တို့နှင့် တိုင်ပင်ဖို့လိုသည်။ အကြောင်းမှာ သူတို့သည် ရွာထဲမှ လူကြီးများဖြစ်၍ ထိုကိစ္စများကို မည်သို့လုပ်ဆောင်ရမည်ကို သိ၍ပင်။


အိမ်ဆောက်လုပ်ပြီးစီး၍ ခေါင်တိုင်စိုက်ထူသောနေ့တွင် ရာသီဥတု သာယာနေခဲ့သည်။ လွန်ခဲ့သည့်တစ်စက္ကန့်အထိ မိုးဖွဲလေးများ ကျနေသော်လည်း ခေါင်တိုင်စိုက်ထူခါနီးတွင် နေထွက်လာခဲ့လေသည်။


ယခုနက မိုးဖွဲလေးများသည်ပင် နေရောင်ခြည်ကြောင့် ခြောက်သွေ့သွားပြီး မြေပြင်ဟာလည်း ခြောက်သွေ့နေခဲ့သည်။ ခေါင်တိုင်စိုက်ထူသည့်နေ့တွင် အမိုးပေါ်ကနေ သကြားလုံးများ ပစ်ချပေးရ၏။ ၎င်းမှာ ရှကျားရွာ၏ ဓလေ့ထုံးတမ်းတစ်ခုဖြစ်သည်။



ထို့ကြောင့် ခေါင်တိုင်မစိုက်ထူမီတွင် ဖူမင်သည် စျေးသို့သွားရောက်၍ သကြားလုံးအချို့၊ ကြေးဒင်္ဂါးပြားအချို့၊ သရေစာမုန့်ထုပ်နှင့် ပေါက်စီလေးများ ဝယ်ယူခဲ့သည်။ သို့ပေသိ နောက်ဆုံးနှစ်မျိုးမှာ နည်းပါးပြီး နိမိတ်ကောင်းရန်အတွက်သာ ရည်ရွယ်သည်။



ခေါင်တိုင်စိုက်ထူမည့် အခမ်းအနားနေ့သို့ ရောက်လာသောအခါ ရှတာကမ်းနှင့် ရှလီရမ်သည် သူတို့ဘေးက ပစ္စည်းများကို ကြည့်ကာ အချိန်ကောင်း၊ နိမိတ်ကောင်းကို ရောက်သည်နှင့် အောက်သို့ စတင်ပစ်ချလိုက်ကြသည်။



ရွာထဲက ကလေးများသည် ယနေ့တွင် ပစ္စည်းများချပေးမည်ကို သိသောကြောင့် စောစောစီးစီး လာစောင့်နေခဲ့ကြ၏။


ရှယန်ရှီးက ရှောင်ပေါင်ကို ပွေ့ချီထားရင်း မလှုပ်မယှက် ရပ်နေသည်။ အကြောင်းမှာ ထိုပစ္စည်းများက အိမ်မှာရှိနေပြီး ဖူမင်ယိုက သူတို့စားသုံးရန် သီးသန့်ချန်ပေးထားခဲ့ခြင်း ဖြစ်သည်။



“ကောကော.. ရှောင်ပေါင်လည်း အောက်ဆင်းပြီး လုချင်တယ်”


ရှောင်ပေါင်က အိမ်မှာရှိတာသိသော်လည်း ပွဲထဲပါဝင်ဆင်နွှဲချင်သေးသည်။



ရှယန်ရှီးက ပြုံးပြီး သူ့ဖင်ကိုပုတ်ကာ ပြောလိုက်သည်။ “ကိုယ့်ကိုယ်ကို ဂရုစိုက်နော်..သတိထား.. အပြင်မှာပဲနေ. လူအုပ်ထဲမဝင်မရဘူး နားလည်လား?”



ကလေးက သေးကွေးလှ၍ မတော်တဆ ပြုတ်ကျပါက ပြဿနာတက်နိုင်သည်။



“ကောကော.. သား အပြင်ဘက်ကပဲ လုပါ့မယ်”



ရှရှောင်ပေါင်က နာနာခံခံခေါင်းညိတ်ပြပြီး ဘေးနားရှိ ဟူကျစ်နောက်ကနေလိုက်ပြီး လူအုပ်၏အပြင်ဘက်မှာ ရပ်နေလိုက်သည်။

 

ခေါင်းမိုးပေါ်မှာ ရှိနေသော ရှတာကမ်းနှင့် ရှလီရမ်သည် သူတို့ကလေးများအား ကြည့်ကာ နှစ်ယောက်သား အကြည့်ချင်းဖလှယ်ရင်း ပြုံးလိုက်ကြသည်။


နှစ်ယောက်သား ပစ္စည်းများပစ်ချပေးသည့်အခါတွင် သူတို့ကလေးနှစ်ယောက်ရှိရာကို ရည်ရွယ်ချက်ရှိရှိ ပစ်ချပေးလိုက်သည်။ သူတို့က အတိုင်းအတာကိုသိ၍ နှစ်ကြိမ်လောက် ပစ်ချပေးပြီးနောက်မှာ ဆက်မလုပ်တော့ပေ။ ရွာသားများသည်လည်း သူတို့ကလေးတွေ အနားမှာရှိတာကိုမြင်တော့ အလိုက်တသိနှင့် ရှေ့ဆက်မတိုးကြပေ။


ဖူမင်ယိုက ပစ္စည်းအများကြီး ပြင်ဆင်ထားသည်။ တောင်းကြီးနှစ်တောင်းက အနည်းဆုံးပေါင်လေးဆယ်ငါးဆယ်လောက် ရှိသည်။


“အို.. ဖူရှောင်ကျစ်က ရက်ရောလိုက်တာကွယ်.. ဒင်္ဂါးပြားတွေတောင် ပါသေးတယ်”



“လုကြ. လုကြ..  ဒင်္ဂါးပြားတွေပါတယ်.. မြန်မြန်လုကြ”



“ဝါး..ပေါက်စီလေးတွေ.. ယွီကျိဆိုင်က ပေါက်စီတွေတောင်ပါတယ်”



“အမေ.. သား ဒင်္ဂါးပြားသုံးပြားရလိုက်တယ်”



“အို.  ဖူရှောင်ကျစ်..မင်း နောက်ဆို အများကြီးကောင်းချီးပေးခံရပါစေကွယ်”



ပစ္စည်းများ ရသွားသော လူတွေက ဖူမင်ယိုအား ဆုမွန်ကောင်းတောင်းပေးခဲ့သည်။



အဓိကအကြောင်းအရင်းမှာ ယနေ့ ဖူမင်ယိုသည် အင်မတန်ရက်ရောလွန်းနေသည်။ နောက်ကွယ်ကနေ မကောင်းပြောတတ်သော လူအချို့ရှိသော်ငြားလည်း ယနေ့မှာတော့ သူတို့က ပါးစပ်မဖွင့်နိုင်လောက်အောက် ရှက်နေကြသည်။



လူအများစုက ဒင်္ဂါးပြားငါးပြားမှ ခြောက်ပြားအထိ လုနိုင်ခဲ့ကြသော်လည်း အိမ်တိုင်းအိမ်တိုင်းက လူတွေလာရောက်ကြတာကိုတော့ မေ့ထားလို့မရပေ။


ဤသို့ဖြင့် တွက်ချက်ကြည့်လိုက်ရာ တစ်အိမ်ထောင်လျှင် အနည်းဆုံး ဒင်္ဂါးပြားနှစ်ဆယ်ခန့် ရလိုက်သည်။ ၎င်းနှင့် အသားဝယ်လို့ရနေပြီဖြစ်၏။



ဖူမင်ယိုက ပြုံးသာပြုံးပြပြီး စကားမပြောခဲ့ပေ။



ခေါင်တိုင်စိုက်ထူခြင်းနှင့် အမိုးသွပ်ခြင်းအားလုံး တစ်ရက်တည်းမှာ ပြီးစီးသွား၏။



အိမ်ဆောက်ရာတွင် အသုံးပြုသော ပစ္စည်းများသည် အသစ်စက်စက်ဖြစ်ပြီး အန္တရာယ်ရှိသော ဓာတ်ပစ္စည်းများ လုံးဝမပါဝင်သောကြောင့် သုံးလေးရက်ခန့် လေဝင်လေထွက်စေပြီးနောက်မှာ ဖူမင်ယိုက အိမ်အသစ်ကို ပြောင်းလာခဲ့သည်။



အိမ်အသစ်သို့ ပြောင်းရွှေ့သည့် ပထမဆုံးနေ့တွင် အိမ်တက်ပွဲကျင်းပရမည် ဖြစ်၏။


ဖူမင်ယိုက ၎င်းကိုစဥ်းစားခဲ့သော်လည်း အဆုံးမှာ သူက လူအများကြီးကို မဖိတ်ကြားခဲ့ပေ။


ရှလီရမ်၏မိသားစု၊ ရှတာကမ်း၏ မိသားစုအပါအဝင် ယခင်အလုပ်သမားများနှင့် ရွာလူကြီးမိသားစုတို့ကိုသာ ဖိတ်ကြားခဲ့သည်။



ဖူမင်ယို ဖိတ်ခေါ်တာကို စောင့်မျှော်နေသော လူများစွာရှိပြီး ၎င်းတို့ထဲတွင် ရှမိသားစု၏ အိမ်ဟောင်းမှလူများလည်းပါသည်။



သို့ပေသော်ငြား သူတို့ ညနေစောင်းသည်အထိ စောင့်ဆိုင်းခဲ့ကြသော်လည်း ဖူမင်ယို၏အသံကို မကြားခဲ့ရပေ။



“ဒီဖူမင်ယိုက လူကြီးသူမတွေကို ရိုသေလေးစားပြီး အငယ်တွေကို ချစ်ခင်ရကောင်းမှန်း သိရဲ့လား?”


ဖူမင်ယိုက သူတို့အား ထမင်းစားမဖိတ်သည့်အတွက် အဘွားရှက အင်မတန်ဒေါသထွက်နေသည်။




သူမအမြင်တွင် ဤဖူမင်ယိုက သူမ၏ မြေးသားမက်ဖြစ်လာတော့မည်မှာ သေချာသော်လည်း သူတို့ကို ကြိုတင်ဖားယားဖို့ မကြိုးစားလျှင် နောင်တွင် သူ့အား ဒုက္ခပေးမည်ဟု တွေးလိုက်သည်။


လူအများ၏ စကားဝိုင်းခေါင်းစဥ်ဖြစ်နေသော ဖူမင်ယိုသည်ကား အိမ်၌ ဧည့်သည်များကို အေးအေးဆေးဆေး၊ ဖော်ဖော်ရွေရွေ ဧည့်ခံနေလျက်ပင်။