Chapter 15
“အိမ်သစ်တက်ပွဲ”
ယနေ့ လူအများအား ဖိတ်ခေါ်ကျွေးမွေးရာတွင် ဖူမင်ယိုသည် အမေရှနှင့် အဒေါ်လီတို့ကိုပဲ ချက်ပြုတ်စေခဲ့သည်။ သူတို့နှစ်ဦး၏ ဟင်းချက်လက်ရာများမှာ အလွန်ကောင်းမွန်လှပြီး ရှယန်ရှီး၏ အကူအညီပါရှိသောကြောင့် အလုပ်အားလုံးကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။
ဖူမင်ယိုသည် ဧည့်ခန်းထဲတွင်ထိုင်၍ ရှလီရမ်တို့နှင့်အတူ လက်ဖက်ရည်သောက်ရင်း စကားပြောနေသည်။
ဖူမင်ယိုသည် မြို့ပေါ်ကနေ ဝိုင်တွေဝယ်လာသော်လည်း ယခုက ထမင်းစားချိန်မရောက်သေးသဖြင့် ရှလီရမ်နှင့် တခြားသူများကလည်း မသောက်ကြသေးပေ။
ဤတစ်ကြိမ်မှာ ဖူမင်ယိုအိမ်ဆောက်ရာတွင် ရှတာကမ်းနှင့် ရှလီရမ်တို့၏ မိသားစုနှစ်ခုက အများကြီးကူညီပေးခဲ့သောကြောင့် ဖူမင်ယို စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသည်။
ယခုအခါ အိမ်လည်း ဆောက်လုပ်ပြီးစီးသွားပြီဖြစ်၍ ဖူမင်ယိုမှာ ရှေ့ဆပ်ရမည့် အစီအစဥ်များ ရှိသေးသည်။
ယခုတစ်ကြိမ်တွင် ဖူမင်ယိုသည် ဂျင်ဆင်းနှင့် တောဝက်ရောင်းဝယ်ရေးအများစုကို အိမ်ဆောက်ရာ၌ သုံးစွဲခဲ့သည်။ ခြံဝန်းအတွင်းရှိ မြောင်း၊ မြစ်ငယ်လေး၊ ဥယျာဥ်ဇရပ်နှင့် စင်္ကြံလျှောက်လမ်းများက ရွာသားများကို အံ့အားသင့်စေခဲ့၏။
အကြောင်းမူကား ဤကဲ့သို့နေရာမျိုးမှာ လူချမ်းသာတချို့သာ နေထိုင်နိုင်၍ပင်။
သို့သော်ငြားလည်း
၎င်းမှာ သူတို့နှင့် မသက်ဆိုင်သော ကိစ္စဖြစ်၍ လူတိုင်းက သက်ပြင်းအကြိမ်ရေအနည်းငယ်သာ ချလိုက်ကြပြီး နောက်ကွယ်မှာ
အတင်းပြောတာမျိုး မရှိခဲ့ပေ။
ဖူမင်ယို ဂျင်ဆင်းရောင်းရငွေများကို အကုန်နီးပါးသုံးခဲ့သောကြောင့် ရှလီရမ်က စိုးရိမ်နေ၏။
သူ့အမြင်အရ နောင်တစ်ချိန်တွင် ဖူမင်ယို ငွေမရှိဘဲ မည်သို့လုပ်စားမည်ကို စိုးရိမ်ပူပန်နေသည်။
“ရှောင်ဖူ.. မင်း ဘာဆက်လုပ်ဖို့ စီစဥ်ထားလဲ.. အိမ်လည်းဆောက်ပြီးပြီဆိုတော့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုရှာရတော့မယ်မလား?”
ရှလီရမ်က လက်ဖက်ရည်တစ်ငုံသောက်၍ ဖူမင်ယိုအား ပြောလိုက်၏။
ဖူမင်ယိုက ပြုံး၍ ပြန်ပြောသည်။ “ဦးလေး.. ကျွန်တော် အစီအစဥ်ချပြီးပါပြီ.. အခု အိမ်ဆောက်ပြီးပြီဆိုတော့ အလုပ်တစ်ခုခုရှာပြီး ဆရာလင်းဆီမှာ စာသင်ကြားဖို့ စီစဥ်ထားပါတယ်”
ယခင်က သူသည် ထူးချွန်ကျာင်းသားဖြစ်သော်လည်း ရိုးရာတရုတ်စာလုံးများကို သိပ်မသိချေ။ ကံအားလျော်စွာ ဖူမင်ယိုသည် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်သော ဉာဏ်ရှိသဖြင့် သူ ယခုမှ စတင်သင်ယူလျှင်ပင် အများကြီးအားထုတ်ရမည် မဟုတ်ချေ။
၎င်းကိုကြားသော် ရှလီရမ်နှင့် ရှတာကမ်းက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။ “ရှောင်ဖူ.. စာသင်တယ်ဆိုတာက ငယ်ငယ်လေးတည်းက သင်ရတာလေ၊ မင်းက အရွယ်လွန်မနေဘူးလား”
ပုံမှန်ဆို ရွာထဲမှာ စာသင်ကြားမယ့် ကလေးရှိရင် ငယ်ငယ်တည်းက စသင်ရတာမဟုတ်လား…
ဖူမင်ယိုက ပြုံးပြီးပြော၏။ “ဦးလေး.. ကျွန်တော် အရင်က စာသင်ခဲ့ဖူးပါတယ်..
နှစ်နည်းနည်း နားလိုက်ရလို့ ခုမှပြန်စတာပါ”
လက်ရှိတွင် သူ၏ အကြီးမားဆုံး အခက်အခဲမှာ စုတ်တံဖြင့်ရေးရခြင်း ဖြစ်နိုင်သည်။ သို့ပေသိ သူကြိုးစားလျှင် မည်သည့်ပြဿနာမှ ရှိနိုင်မည်မဟုတ်။
ထို့အပြင် သူ့၌ရှိသော ဒိုင်မန်းရှင်းစနစ်သည် ရွှေလက်ချောင်းသဖွယ် ဖြစ်နေသောကြောင့် ဖူမင်ယိုက အထူးစွမ်းရည်ဖြင့် သင်ယူနိုင်လေသည်။
ဖူမင်ယို ဆုံးဖြတ်ချက်ချပြီးတာကို တွေ့လိုက်ရ၍ ရှလီရမ်နှင့် ရှတာကမ်းက ထပ်မပြောကြတော့ပေ။ သူတို့နှစ်ယောက်၏အမြင်မှာ ဖူမင်ယိုက အရည်အချင်းရှိသူဖြစ်ရာ ဆုံးဖြတ်ချက်ချပြီးပြီဆိုလျှင် နောက်ဆက်တွဲအစီအစဥ်များကိုလည်း စဥ်းစားထားပြီးဖြစ်လိမ့်မည်။
ဟိုစဥ်နှစ်များတစ်လျှောက် စာသင်ကြားရန်အတွက် မည်သည့်အဖိုးအခမျှ ကုန်ကျမခံနိုင်သည့် လူများစွာရှိခဲ့သော်လည်း ဖူမင်ယိုကတော့ ထိုသို့ဖြစ်လာမည်မဟုတ်မှန်း သူတို့ယုံကြည်သည်။
ရှလီရမ်နှင့် ရှတာကမ်းတို့က စောစောရောက်လာသောကြောင့် ဧည်သည့်များကို နှုတ်ဆက်ဧည့်ခံပေးခဲ့သည်။
မွန်းတည့်ခါနီးတွင် လူတိုင်းလိုလို ဖြည်းဖြည်းချင်းရောက်လာကြ၏။
ရောက်လာသူများက လက်ဆောင်တချို့ ယူလာပေးသည်။ အကြောင်းမှာကား သူတို့သည် နောင်အခါတွင်လည်း အိမ်နီးချင်းများ ဖြစ်နေမည်ဖြစ်၍ ဖူမင်ယိုက သူတို့အား ထမင်းဖိတ်ကျွေးသည်မှာ ကောင်းသောလုပ်ရပ်ဖြစ်နေ၍ပင်။
“ဖူရှောင်ကျစ်ရေ အိမ်သစ်တက်ပွဲအတွက် ဂုဏ်ပြုပါတယ်” ရွာလူကြီးနှင့် သူ့ဇနီးသည်လည်း ပစ္စည်းတချို့ယူဆောင်လာသည်။ ၎င်းတို့မှာ သာမန်ရွာသားများ၏ ကြက်ဥနှင့် ကြက်မတစ်ကောင်မျှသာ ဖြစ်သော်လည်း ဖူမင်ယိုက ဤစေတနာကို အသိအမှတ်ပြု၍ လက်ခံခဲ့သည်။
ရှကျားရွာက မချမ်းသာသော်လည်း ရွာလူကြီးနှင့် သူ့မိသားစု အနေအထားက အတော်အသင့်ရှိရာ ကြက်ဥတစ်တောင်းနှင့် ကြက်မတစ်ကောင်ဆိုတာ အလွန်ကောင်းမွန်သော အိမ်သစ်တက်လက်ဆောင် ဖြစ်နေလေသည်။
“ဦးလေးနဲ့အဒေါ် အထဲမှာ ဝင်ထိုင်ပါဗျ”
ဖူမင်ယိုက သူတို့နှစ်ယောက်ကို အထဲခေါ်လာပြီး အပြုံးလေးဖြင့် ပြောလိုက်၏။
မွန်းတည့်ချိန် ရောက်လာသည်နှင့် လူအားလုံးက စားပွဲမှာ ထိုင်လိုက်ကြ၏။ စားပွဲသုံးဝိုင်းမှာ လူအများကြီးမရှိသော်လည်း ဖူမင်ယိုအတွက်တော့ လုံလောက်သည်။
ရွာထဲ၌ သူသိကျွမ်းသည်မှာ ဤလူများသာဖြစ်သည်။ သူသည်ကား ဤနေရာ၌ လူသစ်ဖြစ်ပြီး သူ့အိမ်ကလည်း လောလောလတ်လတ် ဆောက်လုပ်ပြီးစီးထားတာဖြစ်၍ မသက်ဆိုင်သူများ လာရောက်မည်ကို မလိုလားပေ။
အားလုံးက သောက်စားနေကြပြီး အမျိုးသားများက စကားစမြည်ပြောရင်း ဖူမင်ယို၏ စွမ်းဆောင်ရည်ကို ချီးကျူးနေသည်။ ဤမျှကြီးမားသော အိမ်ကြီးကို ဆောက်လုပ်နိုင်တာကပင် သူ၏အရည်အချင်းကို ပြသနိုင်လေပြီ။
သေရည်သုံးကျော့သောက်ပြီးနောက်မှာ လူအားလုံးက ဟင်းလျာများကို စတင်စားသုံးလိုက်ကြ၏။
ယနေ့၏ဟင်းလျာများမှာ အလွန်စုံလင်လှပြီး စားပွဲတစ်ခုစီမှာ ဟင်းပူဆယ့်နှစ်မျိုးနှင့် ဟင်းအေးငါးမျိုးတို့ ပါဝင်သည်။
၎င်းမှာ ဖူမင်ယို၏ အကြံပြုချက်ဖြစ်၏။ ကံကောင်းစွာဖြင့် ထိုအချိန်မှာ ဟင်းသီးဟင်းရွက်များ ရနေပြီဖြစ်သောကြောင့် မလောက်မှာကို စိတ်ပူစရာမလိုခဲ့ပေ။
ဖူမင်ယိုသည် ရှလီရမ်၊ ရှတာကမ်းနှင့် ရွာလူကြီးမိသားစုတို့နှင့် တစ်ဝိုင်းတည်းထိုင်စားလိုက်ပြီး
ကျန်ရွာသားများကိုတော့ စားပွဲနှစ်ခုခွဲပေးထား၏။
ရှောင်ပေါင်နှင့် ဟူကျစ်က သူတို့ဘေးမှာထိုင်နေသည်။ သူတို့သည်ကား ငယ်သေးသောကြောင့် ရှယန်ရှီးက သူတို့ပန်းကန်ထဲမှာ စားစရာများ ထည့်ပေးနေခဲ့၍ သူတို့စားသောက်ရတာ ပိုမိုလွယ်ကူစေခဲ့သည်။
ရှယန်ရှီးက ကလေးနှစ်ယောက်အား ဂရုစိုက်ပေးနေသည်ကိုကြည့်ရင်း ဖူမင်ယို၏ မျက်ဝန်းထဲတွင် အပြုံးရိပ်များ ယှက်ကာ၊ တစ်ဖက်လူအား တူဖြင့် အသားခပ်ထည့်ပေးလိုက်၏။ “အဒေါ်လီရဲ့လက်ရာက အရမ်းကောင်းတယ်..မင်းတို့များများစားကြ”
သူသည် ရှောင်ပေါင်နှင့် ဟူဇီကိုလည်း အသားထည့်ပေးဖို့ မမေ့ခဲ့ချေ။
သို့သော် စားပွဲဝိုင်းမှ လူများမှာ ဉာဏ်မရှိသူများမဟုတ်ကြ၍ ဖူမင်ယိုက ရှယန်ရှီးအား စိတ်ဝင်စားနေသည်ကို မြင်လိုက်ရသည်။
ရှလီရမ်မှာမူ စိတ်ထဲ၌ တစ်မျိုးခံစားလိုက်ရသည်။ အကြောင်းမှာ သူသည် ထိုရှုထောင့်နှင့်ပတ်သက်ပြီး မတွေးခဲ့ဖူးသောကြောင့်ပင်။
အမေရှက သူ့ခင်ပွန်းကို မသိဘဲနေမလား။ သူမက ခင်ပွန်းဖြစ်သူ၏ခါးကို အသာဆွဲဆိတ်လိုက်ပြီး ဘာမှမပြောခဲ့ပေ။ အကြောင်းမှာ ဖူမင်ယိုသည် လူသုံးဦးကိုသာ ဟင်းခပ်ထည့်ပေးခဲ့ပြီး ထူးဆန်းသော စကားတစ်ခွန်းမျှ မဆိုခဲ့သောကြောင့်ပင်။
အချိန်အခါမဟုတ်မှန်း သိလိုက်သော ရှလီရမ်က ပါးစပ်မှထွက်လုဆဲဆဲစကားကို မျိုချလိုက်ပြီး အခွင့်အရေးရလျှင် ဖူမင်ယိုနှင့် စကားကောင်းပြောရန် တွေးလိုက်သည်။
ဤအိမ်သစ်တက်ပွဲ၌ လူတိုင်းသည် ပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့ကြသည်။
ဖူမင်ယိုသည် အလွန်ရက်ရောပြီး လူတိုင်းအတွက် အပြန်လက်ဆောင်များ ပေးအပ်ခဲ့သည်။
ရှတာကမ်းက အဒေါ်လီလက်တွဲတာကို ခံယူလျက် ဘေးနားမှာတော့ သားဖြစ်သူ ဟူကျစ်က လိုက်ပါလာခဲ့သည်။
“ဒီဖူရှောင်ကျစ်က အရည်အချင်းရှိတဲ့သူပဲ”
အဒေါ်လီက ချီးကျူးရင်း သက်ပြင်းချလိုက်သည်။ မဟုတ်ပါက အိမ်ကို မြန်မြန်ဆောက်လုပ်နိုင်မှာ မဟုတ်သလို သူ့လုပ်ရပ်ကလည်း လူတိုင်း၏ အထင်ကြီးမှုကို ရရှိနိုင်မည်မဟုတ်ချေ။
ရှတာကမ်းက အရက်နံ့ အနည်းငယ် ထွက်နေလျက် ပြုံးလိုက်သည်။ “ဒီဖူရှောင်ကျစ်ကတော့ အပြန်လက်ဆောင်မပေးလည်း ရရဲ့သားနဲ့”
အိမ်ရှင်က ထမင်းအလကား ဖိတ်ကျွေးခဲ့ခြင်းဖြစ်ရာ အားလုံးက မိမိတို့၏ ဒေသထွက် ပစ္စည်းတချို့ကို ယူဆောင်လာခြင်းမှာလည်း စေတနာကို ဖော်ပြလိုခြင်းသာဖြစ်၏။
အိမ်ပြန်ရောက်တော့ အဒေါ်လီက အပြန်လက်ဆောင်ထည့်ထားသော အဝတ်အိတ်ကို ဖွင့်ကြည့်လိုက်ရာ တွေ့လိုက်ရသော အရာကြောင့် အံ့သြမှင်တက်သွားရသည်။
“အိမ်ဦးနတ်ကြီးရေ… ကြည့်ပါဦးလား”
အဒေါ်လီက ချီတုံချတုံဖြစ်နေသောဟန်ဖြင့် ရှတာကမ်းအား ကြည့်လိုက်သည်။
ရှတာကမ်းက ထိုအချိန်မှာ အမူးပြေနေပြီဖြစ်ရာ အဝတ်အိတ်ထဲရှိ ဆီစိမ်အဝတ်ဖြင့် ပတ်ထားသော အသား၊ သကြား၊ မုန့်များနှင့် ငွေစများကိုကြည့်ပြီး တခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
“ရှောင်ဖူပေးတာဆိုတော့လည်း ယူလိုက်ကြတာပေါ့.. သူ့မှာ ဟင်းသီးဟင်းရွက်ဥယျာဥ်မရှိတော့ နောက်ဆို များများလေးပို့ပေးလိုက်ပါ”
သူနှင့် ရှလီရမ်၏ အပြန်လက်ဆောင်ထုပ်က မူမမှန်ဖြစ်နေသည်ဟု ခံစားခဲ့ရခြင်းမှာ အံ့သြစရာမရှိပေ။ တခြားသူများထက် ပိုလေးနေ၍ ဖွင့်ကြည့်လိုက်ရာ ငွေစ၊ သကြားနှင့် မုန့်များ ပိုမိုပါဝင်နေလေသည်။
အဒေါ်လီကလည်း ချက်ချင်းသဘောတူလိုက်ပြီး အသားကို ချက်ချင်းပြင်ဆင်ကာ သကြားနှင့် မုန့်များကိုလည်း သိမ်းဆည်းထားလိုက်၏။
ဖူမင်ယို၏စေတနာကို မှတ်သားထားပြီး နောက်ပိုင်းမှာ သူ့အားပြန်ကူညီပေးဖို့သာ လိုအပ်သည်။