Chapter 16
“မီးအိမ်ကို ဂျင်ဆင်းနှင့်လဲခြင်း”
အဒေါ်လီတို့လိုပင် အိမ်ပြန်ရောက်လာသော ရှလီရမ်တို့မိသားစုသည်လည်း လက်ဆောင်ကို ဖွင့်ကြည့်ပြီးနောက် တိတ်ဆိတ်သွားကြ၏။
“ဒီဖူရှောင်ကျစ်ရဲ့ လက်ဆောင်က နည်းနည်းများလွန်းတယ်”
အမေရှက အတွင်းရှိ ပစ္စည်းများကိုကြည့်ပြီး သက်ပြင်းဖွဖွချလိုက်၏။
ရှလီရမ်က ပြုံးပြီး ပြောသည်။ “ထားပါ၊ရပါတယ်.. နောက်ပိုင်းမှ ဒီကျေးဇူးကိုမှတ်ထားလိုက်တာပေါ့”
အိမ်သစ်တက်ပွဲ ပြီးဆုံးသွား၏။ ကံအားလျော်စွာ အဒေါ်လီနှင့် တခြားသူများက မပြန်ခင် ပစ္စည်းအားလုံး သိမ်းဆည်းပေးခဲ့သောကြောင့် ဖူမင်ယိုတွင် လုပ်စရာဘာမှမရှိတော့ပေ။
ရေချိုးပြီးနောက် ဖူမင်ယိုသည် သူ့အခန်းထဲသို့ပြန်လာပြီး သစ်သားပြတင်းပေါက်များကို ပိတ်ကာ အခန်းအတွင်းရှိ မီးအိမ်များကို ဖွင့်လိုက်၏။
သူသည် ဤခြံဝင်းကြီးကို ဒီဇိုင်းထုတ်စဥ်က အိပ်ခန်းပြတင်းပေါက်များ၌ သစ်သားပြတင်းတစ်ထပ် တပ်ဆင်ထားခဲ့သည်။
ထိုသို့ပြုလုပ်ထားခြင်းဖြင့် သူသည် အတွင်း၌ မီးအိမ်စသည်တို့ကို အသုံးပြုသည့်အခါ ညဘက်မှာ အပြင်ကနေ မည်သူမျှ မြင်နိုင်မည်မဟုတ်တော့ပေ။
တောက်ပသော မီးအိမ်ကိုကြည့်ရင်း ဖူမင်ယိုက ခေါင်းညိတ်လိုက်၏။ ထင်သည့်အတိုင်းပင် ဤမီးအလင်းရောင်သည် ကြည့်ရတာ ပို၍ သက်တောင့်သက်သာရှိလှသည်။
အဓိကအကြောင်းအရင်းမှာ ဖယောင်းတိုင်မီးက အလင်းအား နည်းပါးလွန်း၍ပင်။ သူ ရှအိမ်တော်မှာ နေထိုင်ခဲ့စဥ် ဖယောင်းတိုင်မီးကို အသုံးပြုခဲ့ရပြီး အလင်းရောင်က ဝါကျင့်ကျင့်ဖြစ်နေသဖြင့် အချိန်ကြာရှည်လာလျှင် လူ့မျက်လုံးများအတွက် ကောင်းမည်မဟုတ်ပေ။
၎င်းကို စဥ်းစားကြည့်လိုက်သောအခါ ဖူမင်ယိုက အကြံကောင်းတစ်ခု ရလာခဲ့သည်။
ထို့နောက် သူသည် ဒိုင်မန်းရှင်းစနစ်ကို ချက်ချင်းဖွင့်လိုက်၏။
သူ သိသလောက်ဆိုလျှင် ဤနေရာ၌ ဖန်သားများရှိနေပြီဖြစ်သော်လည်း နည်းပညာက မကောင်းသေး၍ ၎င်းတို့အများစုမှာ အဝါရောင်သမ်းနေသည်။ အလွန်ရှားပါးသော အဖိုးတန်ပစ္စည်းဖြစ်သည့် ဖန်သားတွေကတော့ ချမ်းသာပြီး ဂုဏ်သရေရှိသည့် ပုဂ္ဂိုလ်များအတွက်သာ သီးသန့်တည်ရှိနေခဲ့သည်။
ဒိုင်မန်းရှင်းစနစ်အတွင်းသို့ တစ်ချက်ကြည့်ပြီးနောက် ဖူမင်ယိုသည် ကမ္ဘာအမျိုးမျိုးထဲသို့ လိုက်လံရှာဖွေရင်း အဆုံးမှာ မီးအိမ်များရောင်းချသော ကမ္ဘာတစ်ခုကို တွေ့ရှိခဲ့သည်။
ဖန်သား၏ အမြတ်အစွန်းက ပိုများသော်လည်း ဖူမင်ယိုက ဤမီးအိမ်များ၏ အမြတ်အစွန်းကို ပိုများမည်ဟု ယုံကြည်၏။
ဖူမင်ယို: “မင်္ဂလာပါ.. ငါက ရှေးခေတ်ကမ္ဘာက ဖူမင်ယိုပါ.. မင်းတို့ဆီမှာ ဘယ်လိုမီးအိမ်အမျိုးအစားတွေရှိလဲ?”
ဤအချိန်သည် ယခုခေတ်အချိန်နှင့် တိုင်းတာလျှင် ၇နာရီခွဲကျော်ကျော်သာ ရှိသေးသည်။
တစ်ဖက်ခြမ်းမှ လူက ချက်ချင်းပြန်ဖြေလာသည်။ “မင်္ဂလာပါ.. ဖူမင်ယို၊ ငါက ချန်ပါ.. ငါ့အိမ်မှာ မီးအိမ်အမျိုးအစား အများကြီးရှိတယ်.. ဓာတ်ပုံတွေနဲ့ တစ်ခုချင်းမိတ်ဆက်ပေးပါမယ်”
ဖူမင်ယို: “ကောင်းပြီ..ကျေးဇူးပါ.. ဒါပေမယ့် နေရောင်ခြည်နဲ့ အားသွင်းလို့ရတဲ့ ဆိုလာမီးအိမ်တွေပဲ လိုချင်ပါတယ်.. ဒီမှာက လျှပ်စစ်မီးမရှိတော့ နေရောင်ခြည်နဲ့ အားသွင်းလို့မရရင် အသုံးဝင်မှာမဟုတ်ဘူး”
ရှေးခတ်မှာ လျှပ်စစ်မီးမရှိသလို သူကိုယ်တိုင်ကလည်း လျှပ်စစ်မီးတီထွင်ဖို့ နည်းလမ်းမရှိသောကြောင့် ၎င်းအချက်မှာ သူ၏ အကြီးမားဆုံးသော အခက်အခဲဖြစ်သည်။
သို့သော် ဤအခက်အခဲကို နောင်လာမည့်မျိုးဆက်များက ဖြေရှင်းနိုင်မည်ဟု ယုံကြည်သည်။
ချန်က သဘောတူလိုက်ပြီးနောက် နေရောင်ခြည်ဖြင့် အားသွင်းနိုင်သော မိးအိမ်များကို ဓာတ်ပုံများဖြင့် မိတ်ဆက်ပေးလာသည်။
ဖူမင်ယိုက အမျိုးအစားတစ်ခုစီကို ကြည့်ရှုလိုက်၏။ မည်သည့်အမျိုးအစားဖြစ်စေ ၎င်းတို့မှာ ကိုယ်ပိုင်အားသာချက်ရှိသော်လည်း နေရောင်ခြည်ဖြင့်သာ အားသွင်းနိုင်လေသည်။
ဖူမင်ယို: “ကျေးဇူးတင်ပါတယ်.. နံပါတ်တစ် အမျိုးအစား ၁၀၀၀၊ နံပါတ်နှစ်ကနေ ငါးအထိ ၅၀၀၊ နံပါတ်ခြောက်ကို ၃၀၀စီ လိုချင်ပါတယ်”
နံပါတ်တစ်က အလွယ်ဆုံးဖြစ်ပြီး လူချမ်းသာများ ဝယ်နိုင်သောအမျိုးအစားဖြစ်၏။
နံပါတ်နှစ်ကနေ ငါးအထိ အမျိုးအစားမှာ အနည်းငယ်ပို၍ ရှုပ်ထွေးသော်လည်း ပိုမိုသေသပ်လှပပြီး စျေးနှုန်းမှာလည်း အနည်းငယ်ပိုများသည်။
နံပါတ်ခြောက်အမျိုးအစားသည် ကြမ်းပြင်မျက်နှာကြက်ဆက် မီးအိမ်ဖြစ်ပြီး အလွန်လှပကာ လူအုပ်စုတစ်ခုကိုသာ ရည်ရွယ်သည့်အတွက် အလုံးသုံးရာသာမှာယူခဲ့ခြင်းဖြစ်၏။
ချန်: “ရပါတယ်.. ငါ မနက်ဖြန် ပစ္စည်းတွေလွှဲပေးလိုက်မယ်”
ဖူမင်ယို: “ဟုတ်ပြီ.. ဒါဆို မင်းကရော ဘာနဲ့လဲချင်လဲ”
သူ၏ ပင်မစာမျက်နှာ(Homepage)တွင် ပစ္စည်းများစွာ ရှိခဲ့သော်လည်း အများစုသည် ယခင်ကမ္ဘာမှာ ရောင်းချပြီးသားဖြစ်၏။
အစိတ်ပိုင်းအနည်းငယ်ကိုမူ ဤကမ္ဘာသို့ရောက်ရှိလာမှ စတင်ရောင်းချခဲ့ခြင်းဖြစ်၏။
ချန်: “ဂျင်ဆင်းတစ်မြစ်လိုချင်တယ်.. မင်း အရင်က ရောင်းဖူးပေမယ့် ငါ လုဝယ်ဖို့ အချိန်မရှိခဲ့ဘူး.. ဒါပေမယ့် အရင်ရောင်းခဲ့တာထက် သက်တမ်းပိုကြာတဲ့ အမြစ်ကို လိုချင်တယ်”
ဖူမင်ယို မျက်ခုံးပင့်လိုက်၏။ တစ်ဖက်လူ၏ တောင်းဆိုချက်က ထိုမျှနိမ့်ပါးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ “ကောင်းပါပြီ.. မနက်ဖြန်လွှဲပေးလိုက်မယ်”
သူ့မှာ ဒိုင်မန်းရှစ်စနစ်ရှိ၍
ဂျင်ဆင်းများကို ရှာဖွေစစ်ဆေးနိုင်သည်။
သူ မနက်ဖြန်မနက်စောစော တောင်ပေါ်သွားရတောမယ့်ပုံပဲ…
နှစ်ယောက်သား စကားပြောပြီးသွားသောအခါ ဖူမင်ယိုက စားပွဲရှေ့ထိုင်ချပြီး စာရွက်ပေါ်မှာ ပုံကြမ်းရေးဆွဲလိုက်၏။
သူ့အိပ်ခန်းအတွင်းရှိ ပရိဘောဂများမှာ ခေတ်မီပရိဘောဂများဖြစ်ပြီး သာမန်လူများက ပုံမှန်လို လိုက်လုပ်နိုင်မှာမဟုတ်၍ သူ စိတ်မပူပေ။
ယခု သူက မီးအိမ်ရောင်းဖို့ ဆုံးဖြတ်ပြီးသောကြောင့် ဆက်လုပ်ရမည့်အရာများကို သေချာစီစဥ်ဖို့လိုသည်။
မည်သို့ပင်ဖြစ်စေ သူသည်ကား စီးပွားရေးလုပ်ဖူးသူဖြစ်ရာ ဤကဲ့သို့သော အသုံးချပုံနှင့် စီမံပုံများကို ကောင်းစွာလုပ်ဆောင်နိုင်သည်။
နောက်နေ့မနက်မှာ ဖူမင်ယို စောစောအိပ်ရာထလာသည်။
နံနက်စာစားပြီး အနည်းငယ် ပြင်ဆင်ပြီးသည်နှင့် တောင်ပေါ်ကို တန်းသွားလိုက်၏။
ဖူမင်ယို၏အမြင်တွင် ရှကျားရွာ အမှီပြုထားသော ဤတောင်သည် တကယ့် ရတနာတောင်တစ်လုံးဖြစ်သည်။ အပြင်ဘက်တွင် ဘာမှမရှိသော်လည်း အတွင်း၌မူ ပစ္စည်းများစွာရှိသည်။
အတွင်းဘက်သို့ ဝင်ရောက်သွားသောအခါ ဖူမင်ယို စကင်န်ဖတ်လိုက်ရုံဖြင့် ဂျင်ဆင်းမြစ် တချို့ကို ရှာတွေ့သွားသည်။ သူသည် လောဘမကြီးဘဲ နှစ်မြစ်ကိုသာ တူးခဲ့ပြီး တစ်မြစ်က ကုန်သွယ်ရန်နှင့် တစ်မြစ်ကတော့ နောင်တစ်ချိန် အရေးပေါ် အခြေအနေအတွက်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ တောင်ထဲသို့ ရောက်နေပြီဖြစ်သောကြောင့် ဖူမင်ယိုက တောင်ပတ်လည်ကို လှည့်လည်ကြည့်ရှုခဲ့ရာ မုဖိုးတစ်ဖွဲ့ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။
ဖူမင်ယိုက လူသစ်ဖြစ်၍ တစ်ဖက်အဖွဲ့က သူ့ကို မသိပေ။ သူသည် တခဏမျှ ကြည့်ရှုပြီးနောက် ထွက်သွားလိုက်သည်။
“ဒါက ရွာကို အခုမှရောက်လာတဲ့ လူသစ်လေးလား?”
ဖူမင်ယိုကို မြင်ပြီးနောက် သူတို့မှာ စပ်စုချင်စိတ်ဖြစ်လာ၏။
သူတို့သည် အမဲလိုက်မုဆိုးများဖြစ်သောကြောင့် အိိမ်ဆောက်စဥ်က သွားရောက်မကူညီပေးခဲ့ရပေ။ ထို့အပြင် ရှလီရမ်၏ မိသားစုနှင့်လည်း သိပ်မရင်းနှီးသောကြောင့် ယခုမှသာ ဖူမင်ယိုကို တွေ့ဖူးခြင်းဖြစ်သည်။
ခေါင်းဆောင်ဆိုသူက မျက်လုံးအသာမှေးကျဥ်းလိုက်ပြီး လေးနက်သောအသံဖြင့်ဆိုသည်။ “ထားလိုက်.. အမဲလိုက်ဖို့ပဲအာရုံစိုက်”
သို့သော် သူကတော့ ဖူမင်ယိုဘက်သို့ အကြာကြီး ကြည့်နေခဲ့သည်။
ဖူမင်ယိုက ထိုကိစ္စကို ဂရုမစိုက်၊ အားလုံး၏မြင်ကွင်းရှေ့မှ ထွက်ခွာသွားပြီးနောက် သူ၏လက်ကောက်ဝတ်(နေရာလွတ်)ထဲမှ လောက်လေးခွတစ်လက်ကို ထုတ်ယူလိုက်သည်။
သူသည် မြေပြင်မှ ကျောက်ခဲစလေးများကို ကောက်ယူကာ မလှမ်းမကမ်းရှိ ရစ်ငှက်တစ်ကောင်ကို ချိန်ရွယ်လိုက်၏။