Chapter 17
“မုဆိုးခေါင်းဆောင်မုလေး”
သို့သော် ကျောက်ခဲက ရစ်ငှက်ကို ထိမသွားဘဲ ဆန့်ကျင်ဘက်အားဖြင့် လန့်ပြီး ထွက်ပြေးသွားစေခဲ့သည်။
“လောက်လေးခွကောင်းတစ်လက် အလကားဖြစ်သွားတာ နှမြောစရာပဲ”
ထိုအချိန်တွင် ဘေးဘက်မှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။
ဖူမင်ယို၏ မျက်လုံးများ မှေးကျဥ်းသွားပြီး မလှမ်းမကမ်းရှိ အမျိုးသားကို သတိရှိရှိဖြင့် လှည့်ကြည့်လိုက်သည်။
ထိုအမျိုးသားသည် အစောပိုင်းက မုဆိုးခေါင်းဆောင်ဖြစ်၏။
“ဒီအစ်ကိုကြီးက ဘယ်သူပါလဲ”
ဖူမင်ယိုက ထိုလူဘက်ကို လှည့်ကြည့်လျက် နားမလည်ဟန်ဆောင်လိုက်၏။
ဤလူက သူ့အနားသို့ တိတ်တိတ်လေး ရောက်လာသည့်အပြင် သူ၏ ဟန်ပန်အသွင်အပြင်နှင့် ကြံ့ခိုင်သန်မာသော ကြွက်သားများကို ထည့်သွင်းစဥ်းစားလိုက်လျှင် သာမန်လူတစ်ဦးမဟုတ်လောက်ချေ။
သို့သော် ၎င်းတို့က သူနဲ့မဆိုင်ပေ။ သူသည် ရှကျားရွာရှိ သာမန်ရွာသားတစ်ယောက်သာဖြစ်ပြီး အသစ်ရောက်လာသူဖြစ်သောကြောင့် တစ်ဖက်လူကိုမသိသည်မှာ သဘာဝကျသည်။
ထိုလူက ပြုံးကာ ပြောလာသည်။ “ငါ့နာမည်က မုလေးပါ.. ရွာထဲက မုဆိုးတစ်ယောက်ပါ”
ဖူမင်ယိုက ခေါင်းညိတ်ပြပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ “ဟုတ်ကဲ့.. အစ်ကိုကြီးမု.. ကျွန်တော်က ဖူမင်ယိုပါ.. ရွာကို အခုမှရောက်တာပါ”
မုလေးက ခေါင်းညိတ်ပြပြီး သူ့လက်ထဲက လောက်လေးခွကိုကြည့်ကာ ပြောသည်။ “ညီလေးဖူရဲ့ လောက်လေးခွက
တော်တော်ကောင်းတာပဲ”
“အစ်ကိုကြီးမုကြိုက်ရင် လက်ဆောင်ပေးပါမယ်”
ဤလောက်လေးခွမှာ သာမန်မျှသာဖြစ်၍ ကံကောင်းသွားသည်ဟု ဖူမင်ယို တွေးလိုက်သည်။ မဟုတ်လျှင် တစ်ခုခု ရိပ်မိသွားနိုင်သည်။
ဤနေရာ၌ လူတွေအပေါ် သူ့အမြင်သည် လုံးဝမှားစရာမရှိပေ။
သူ့ရှေ့က ဤလူသည် သာမန်လူတစ်ယောက် လုံးဝမဟုတ်ပေ။
မျက်နှာချင်းဆိုင်မှ မုလေးက အနည်းငယ်အံ့အားသင့်သွားသည်။ “ညီလေးဖူက တကယ်ရက်ရောတာပဲ”
သူသည် ယခုလေးတင် တွေ့ဆုံခဲ့သော သူစိမ်းတစ်ယောက်ဖြစ်သော်လည်း သူ့ပစ္စည်းကို ပေးကမ်းဖို့ ဆန္ဒရှိနေသည်။
ဖူမင်ယိုက ပြုံးလိုက်သော်လည်း စကားမပြောဘဲ လက်ထဲရှိ လောက်လေးခွကို တစ်ဖက်လူထံ တိုက်ရိုက်ပစ်ပေးလိုက်၏။
“လောက်လေးခွကောင်းလေးပဲ”
မုလေးသည် တစ်ချက်ကြည့်ရှုရုံမျှဖြင့် မျက်ဝန်းထဲ၌ အံ့အားသင့်မှုအရိပ်အယောင် ဖြတ်ပြေးသွားပြီး သူ့ခါးမှ ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ ဆိုလိုက်၏။ “ဒီလောက်လေးခွအတွက် ကျေးဇူးတင်လက်ဆောင်ပေါ့ကွာ”
မုလေးက ပြောပြီးသည်နှင့် ချက်ချင်းထွက်သွားသည်။
ဖူမင်ယိုက သူ့လက်ထဲရှိ ဓားမြှောင်ကိုကြည့်ပြီး မျက်ခုံးပင့်လိုက်၏။
သူ လူကို မှားမမြင်ခဲ့တာ သိသာသည်။ ဤမုလေးဆိုသူမှာ သာမန်လူမဟုတ်။
သူ့လက်ထဲရှိ ဓားမြှောင်က သံကို ရွံ့ကဲ့သို့ အလွယ်တကူ ဖြတ်တောက်နိုင်ပြီး အပြင်ဘက်ရှိ ဓားအိမ်ကပင် တန်ဖိုးကြီးမားလှသည်။
ဤအရာသည် ရွာသေးသေးလေးမှ သာမန်မုဆိုးတစ်ဦးမှာ ရှိသင့်သည့်အရာမဟုတ်ပေ။
သို့ပေသိ ဖူမင်ယိုက ပစ္စည်းတစ်ခုကို တခြားတစ်ခုနှင့် လဲလှယ်ခဲ့ခြင်းဖြစ်၍ တရားမျှတမှုရှိသည်။
ဖူမင်ယို လှည့်လည်ပြီးနောက် ဘာမျှမရခဲ့သဖြင့် တောင်ပေါ်မှ တန်းတန်းမတ်မတ်ဆင်းလာသည်။
သူ အိမ်ပြန်ရောက်သောအခါ ရှယန်ရှီးကို အချိန်ကိုက် မြင်တွေ့လိုက်ရ၏။
“ဖူတာ့ကော..ပြန်လာပြီ”
ရှယန်ရှီးက လက်တစ်ဖက်ဖြင့် ဟင်းသီးဟင်းရွက်တောင်းကို သယ်လာပြီး တစ်ဖက်ဖြင့် ရှောင်ပေါင်ကို ဆွဲထားသည်။
ဖူမင်ယိုက ညီအစ်ကိုနှစ်ယောက်ကိုကြည့်၍ ပြုံးကာ ပြောလိုက်သည်။ “လာ အထဲဝင်ပြီး စကားပြောရအောင်”
“ဖူကောကော မနက်က ဘာလို့မရှိတာလဲ?”
ရှောင်ပေါင်က ဖူမင်ယိို၏နောက်မှ လိုက်လာရင်း ခပ်ချွဲချွဲအသံဖြင့် ပြောသည်။
သူနှင့် သူ့အစ်ကို မနက်စာစားပြီး ရောက်လာသောအခါ ဖူမင်ယို အိမ်မှာမရှိသည်ကို တွေ့လိုက်ရပြီး လက်ဖက်ရည်တစ်ခွက် ကုန်ခါနီးထိစောင့်ပြီးမှ တစ်ဖက်လူအား မြင်လိုက်ရသည်။
ဖူမင်ယိုက သူ့ဆံပင်ကို လှမ်းပွတ်သပ်ပေးပြီး မနက်ကလက်ကျန် ပေါက်စီများကို ပြန်နွေးလိုက်သည်။ “လာ..ရှောင်ပေါင်.. ပေါက်စီစား”
ရှယန်ရှီးက ဟင်းသီးဟင်းရွက်တောင်းကို ဘေးချထားပြီး ပြောလိုက်၏။ “ဖူတာ့ကော..အမေကပြောခိုင်းလိုက်တယ်.. အိမ်မှာ စားစရာမရှိရင် ကျွန်တော်တို့အိမ်မှာ လာယူပါတဲ့”
ဖူမင်ယိုက တစ်ဖက်လူအတွက် သကြားရေတစ်ခွက် ငှဲ့ထည့်ပေးပြီး စားပွဲပေါ်မှာ မုန့်နှစ်ပန်းကန်တင်ပေးလိုက်သည်။ “ကျေးဇူးပါ..ရှီးရှီး၊ ဒါပေမယ့် အခုက အိမ်မှာ ဟင်းသီးဟင်းရွက် လောက်လောက်ငှငှရှိတယ်..
ကိုယ့်အစား အဒေါ့်ကို ကျေးဇူးတင်တယ့်ပြောပေး.. ဟင်းသီးဟင်းရွက် မလောက်တော့ရင်တော့ အားနာမနေပါဘူး”
သူသည် တစ်ယောက်တည်းဖြစ်နေ၍ ဟင်းသီးဟင်းရွက်အများကြီး မစားနိုင်ပေ။ ၎င်းအပြင် သူ့ခြံထဲတွင်လည်း ဟင်းသီးဟင်းရွက်စိုက်ပျိုးရန် မြေကွက်တစ်ကွက်ရှိသော်လည်း တစ်ယောက်တည်းရှိနေ၍ စိုက်ပျိုးဖို့ အစီအစဥ်မရှိသေးပေ။
ရှောင်ပေါင်က မုန့်နှင့် ပေါက်စီစားနေသည်။ ဖူမင်ယိုက ရှယန်ရှီးကိုကြည့်၍ ပြောလိုက်သည်။ “ရှီးရှီး.. မင်းလည်းစားပါ.. ဒီမုန့်တွေက အရသာကောင်းတယ်”
ဤမုန့်များကို သူ စျေးမှဝယ်ယူလာခဲ့ခြင်းဖြစ်ပြီး ယခင်က သူ၏ နေရာလွတ်သိုလှောင်ခန်းထဲမှာ ထည့်ထားခဲ့သည့် အရာများလည်း ရောနှောပါဝင်သည်။
နေရာလွတ်သိုလှောင်ခန်းသည် လတ်ဆတ်အောင် ထိန်းထားနိုင်သော လုပ်ဆောင်ချက်ရှိပြီး မည်သည့်အချိန်တွင် ထည့်ထားသည်ဖြစ်စေ ပျက်စီးသွားမည်မဟုတ်။
ရှယန်ရှီးက ခေါင်းညိတ်ပြပြီး မုန့်များကို နည်းနည်းစီစားနေသည်။
ရှောင်ပေါင် စားပြီးသောအခါ မျက်တောင်ပုတ်ခတ်ပြပြီး ရုတ်တရက်ပြောလိုက်သည်။ “ဖူကောကော.. သားရဲ့ ယောက်ဖလုပ်ပါလားဟင်”
ရွာထဲမှ အဒေါ်များပြောသည်ကို သူ ကြားဖူးသည်။ ဖူကောကောက သူတို့သားမက် သို့မဟုတ် ယောက်ဖဖြစ်လာပါက ကောင်းကင်ပေါ်မှကျလာသော ကောင်းချီးမင်္ဂလာဖြစ်မည်တဲ့။
ရှောင်ပေါင်သည်လည်း ဤကဲ့သို့ ကောင်းမွန်သောအရာများ သူ့မိသားစုထံ ရောက်ရှိလာဖို့မျှော်လင့်သည်။
ထိုစကားကြားသောအခါ ဖူမင်ယို စကားမပြောနိုင်ခင်မှာ တစ်ဖက်က ရှယန်ရှီးသည် ချောင်ဟန့်ပြပြီး ပါးစပ်ထဲက မုန့်ကို မျိုချလိုက်သည်။ သူ့မျက်နှာက အနည်းငယ် နီရဲလာ၏။ “ရှောင်ပေါင်.. မင်းဘာတွေလျှောက်ပြောနေတာလဲ”
ဘေးဘက်မှ ဖူမင်ယိုက ခပ်ဖွဖွရယ်မောလိုက်ပြီး ရှယန်ရှီးအားကြည့်ကာ ပြောလိုက်သည်။ “ရှောင်ပေါင်ရဲ့တောင်းဆိုချက်က ကောင်းတယ်လို့ထင်မိတယ်”
ရှယန်ရှီး၏ ဖြူဖျော့နေသော မျက်နှာမှ နာရွက်ဖျားထိ ရဲတွတ်သွားသည်။ ဘေးက ရှောင်ပေါင်ကိုဖက်ရင်း ထွက်ပြေးတော့မလို ပြောလိုက်၏။ “ဖူတာ့ကော.. အိမ်မှာလုပ်စရာလေးရှိလို့ သွားလိုက်ပါဦးမယ်”
အာ..အာ့..အာ.. ဖူတာ့ကောက သူ ဘာပြောနေလဲရော သိရဲ့လား။
ရှောင်ပေါင်က စားသောက်ပြီးခါစဖြစ်၍ သူ့အစ်ကို၏ ပွေ့ချီခံလိုက်ရသောအခါ မသက်မသာပြောလိုက်လေသည်။ “ကောကော.. ရှောင်ပေါင်..ဗိုက်အဆင်မပြေဘူး”
ရှယန်ရှီးက သဘောပေါက်သွားပြီး သူ့ကို ချက်ချင်းချပေးကာ ကျောကို ပွတ်ပေးလိုက်၏။ “ရှောင်ပေါင်.. အခုရော အဆင်မပြေဖြစ်သေးလား”
ရှရှောင်ပေါင်က အသက်ပြင်းပြင်းရှူကာ ခေါင်းခါပြလျက် တိုးတိုးလေးပြောလိုက်သည်။ “ကောကော..ဘာလို့ မျက်နှာက နီရဲနေတာလဲ”
သူ့အစ်ကိုမျက်နှာမှာ အနီရောင်တစ်ခုခုပေနေတာလား?
ဒါပေမယ့် မလာခင်ကတော့ နီမနေပါဘူး..
ရှယန်ရှီးက ထိုကလေး၏ ကြည်လင်သော မျက်လုံးများကိုကြည့်လျက် အံကြိတ်ကာ သူ့မျက်နှာသေးသေးလေးကိုသာ ဖျစ်ညှစ်လိုက်တော့သည်။ “ဒီကလေးဆိုးလေးကတော့”
သူ့ကို အရှက်ခွဲနေတော့တာပဲ..
အိမ်ပြန်ရောက်သောအခါ အမေရှက နီရဲနေသော ရှယန်ရှီး၏မျက်နှာကိုကြည့်ပြီး ဘာဖြစ်ခဲ့မှန်း နားမလည်ဖြစ်နေ၏။ သို့သော် သူမ၏ သားကြီး အခန်းထဲပြေးဝင်သွားသည်ကို မြင်သောအခါ အလွန်အံ့အားသင့်သွားပြီး သားငယ်ကို မေးကြည့်လိုက်သည်။ “ရှောင်ပေါင်.. သားအစ်ကိုဘာဖြစ်လာတာလဲ”
ရှရှောင်ပေါင်က ဖူမင်ယို၏ အိမ်မှာ ဖြစ်ပျက်ခဲ့တာကို ပြောပြလိုက်၏။
ဖြူစင်သော သူမသားငယ်လေးကို ကြည့်ရင်း အမေရှက ချောင်းဟန့်ပြီး ဘာမှမပြောတော့ဘဲ
သူ့ပါးလေးကိုသာ ဖျစ်ညှစ်လိုက်၏။ “ဟုတ်ပါပြီ..သွားကစားတော့”
ရှောင်ပေါင်က ငယ်သေးသဖြင့် သူ့စကားများက မည်သို့အဓိပ္ပါယ်ကို ရည်ညွှန်းမှန်း နားမလည်ပေ။
သို့သော် ပြောပြသူက ရည်ရွယ်ချက်မရှိသော်လည်း နားထောင်သူက အဓိပ္ပါယ်ကောက်ပြီး ဖူမင်ယို၏ စကားများကိုပါ ပေါင်းစပ်လိုက်ရာ အမေရှ၏ မျက်ဝန်းထဲတွင် အပြုံးတစ်ခုပေါ်လာပြီး ရှယန်ရှီး၏ အခန်းထဲသို့ လျှောက်သွားလိုက်သည်။
ရှယန်ရှီးက ထိုင်ခုံပေါ်မှာထိုင်နေလျက် မျက်နှာအုပ်ကာ အကြိမ်အနည်းငယ် အော်ဟစ်နေသည်။
ရှက်ဖို့ကောင်းလိုက်တာ… ရှောင်ပေါင့်အပြစ်တွေပဲ..