Ch 18
Viewers 9k

Chapter 18 


“မဝံ့မရဲခံစားချက်”



“ရှီးရှီး.. အမေ အထဲဝင်လာလို့ရလား?”



အမေရှက တံခါးခေါက်ပြီး အထဲကလူကို တိုးတိုးလေးလှမ်းခေါ်လိုက်သည်။



အထဲမှ ရှယန်ရှီးက သူ့အမေစကားကို ကြားသည်နှင့် ချက်ချင်းပင် အသက်ပြင်းပြင်းရှုလိုက်ပြီး တည်ငြိမ်စွာ ပြန်ထူးလိုက်၏။ “အမေ..ဝင်ခဲ့ပါ”




အခန်းထဲဝင်လာသော အမေရှက ကုတင်ပေါ်မှာ ထိုင်နေသော ရှယန်ရှီးကိုကြည့်ကာ ပြုံးလိုက်သည်။ “ဘာဖြစ်လို့လဲ.. ရှီးရှီး”



ရှယန်ရှီးက တခဏမျှ တုံ့ဆိုင်းသွားပြီး အပြုံးလေးဖြင့် ခေါင်းခါလိုက်သည်။ “ဘာမှမဟုတ်ပါဘူး”



အမေရှက သူ့သားကို မသိဘဲနေပါ့မလား။ သူမက သားဖြစ်သူကိုကြည့်၍ နဖူးကို အသာတို့ထိလိုက်၏။ “မင်းကတော့လေ ဘာပဲဖြစ်ဖြစ် ရင်ထဲမှ မျိုသိပ်ထားရမှကျေနပ်တာ”



“မဟုတ်ပါဘူးဗျာ”



ရှယန်ရှီးက သူ့နဖူးကို မကျေမနပ် ပွတ်သပ်လိုက်ပြီးမှ ပြောသည်။ “ဒါနဲ့ ကျွန်တော်ပြန်လာတုန်းက အဖေ့ကို ဘာလို့မတွေ့တာလဲ?”



သူတို့ထွက်သွားချိန်မှာ အဖေအိမ်မှာ ရှိနေသေးတယ်မဟုတ်လား။



အမေရှက ပြန်ဖြေသည်။ “မင်းအဖေက လယ်ထဲမှာ ပေါင်းသင်ဖို့သွားတယ်.. ရှီးရှီး.. အမေ မင်းကို မေးခွန်းတစ်ခုမေးမယ်.  အမှန်အတိုင်းဖြေရမယ်နော်”


ရှယန်ရှီးသည် မိခင်၏ တည်ကြည်လေးနက်သော မျက်နှာထားကို နားမလည်နိုင်စွာကြည့်၍ ပြောလိုက်သည်။ “အမေ.မေးလေ”



“ရှီးရှီး… မင်း ဖူရှောင်ကျစ်ကို သဘောကျလား”


အမေရှက သူမ၏ကောလေးကိုကြည့်၍ တိုးတိုးလေးမေးလိုက်သည်။



ရှယန်ရှီးက ထိုမေးခွန်းမျိုးကို မမျှော်လင့်ထားပေ။ သူ့မျက်နှာက ရုတ်တရက်နီရဲလာပြီး တိုးတိုးလေးရေရွတ်လိုက်သည်။ “အမေ..ဘာလို့ ဒီမေးခွန်းမျိုးမေးတာလဲ”



သူမသား၏ အခြေအနေကိုကြည့်၍ မိခင်ဖြစ်သူက နားမလည်ဘဲမနေ။ သူမက ကူကယ်ရာမဲ့ပြုံးကာ ပြောလိုက်သည်။ “အမေကတော့ ဖူရှောင်ကျစ်ကို လူကောင်းတစ်ယောက်လို့ မြင်တယ်.. သူ မင်းရဲ့အိမ်ထောင်ဖက်ဖြစ်လာရင် အမေ စိတ်ချမ်းသာရမှာအမှန်ပဲ”



ဤမျှကြာအောင် ဆက်ဆံပြီးနောက် အမေရှ၏ လူအကဲခတ်နိုင်စွမ်းက မှန်ကန်ကြောင်းသိသာသည်။ ထိုသူမှာ အမှန်တကယ်ပင် လူတိုင်း ယုံကြည်အားကိုးထိုက်သူဖြစ်၏။




ရှယန်ရှီးက မိခင်ကို ရှက်ကိုးရှက်ကန်း တစ်ချက်ကြည့်ပြီး ပြောလိုက်၏။ “အမေ.. ကျွန်တော် အခု အိမ်ထောင်မပြုချင်သေးဘူး”



နောက်နှစ်အနည်းငယ်လောက် အိမ်မှာ နေချင်သေးသည်။ သူ့ညီလေးက ငယ်ငယ်လေးဖြစ်ပြီး မိဘများတွင်လည်း အလုပ်များစွာရှိသည်။ ထို့အပြင် အိမ်ဟောင်းဘက်မှ ရံဖန်ရံခါ ကိစ္စများကြောင့် သူ အိမ်ကထွက်သွားလျှင် ဤမိသားစု၌ အလုပ်လုပ်ပေးမည့်လူ ရှိတော့မည်မဟုတ်။



ဖူမင်ယိုကြောင့် မိသားစု၏ ငွေကြေးအခြေအနေ အနည်းငယ် တိုးတက်လာနိုင်သော်လည်း သူ ထိုင်ပြီး စားသောက်နေ၍တော့ မဖြစ်ချေ။



“အမေက မေးကြည့်ရုံပါပဲ”



အမေရှက ပြုံးပြီးပြော၏။ “ကောလေးက လက်မထပ်ဘဲ ဘယ်လိုနေလို့ရမလဲ.. ဖူရှောင်ကျစ်ကို အမေသဘောကျတယ်.. ဒီနေ့ သူ ရှောင်ပေါင်ကို ဖြေလိုက်တဲ့စကားကို ကြည့်ရင် သူ မင်းကို စိတ်ဝင်စားနေတာ အမေသိတယ်.. ဒါပေမယ့် ဒီကိစ္စကို မင်းကိုယ်တိုင် ထုတ်မပြောဘဲ ရှောင်ဖူက လာပြောရမယ်”


ရှယန်ရှီးက မိခင်၏ဆိုလိုရင်းကို နားလည်သော်လည်း ယုံကြည်ချက်သိပ်မရှိပေ။ “အမေ.. အမေ အတွေးလွန်နေတာ ဖြစ်ပါလိမ့်မယ်.. ဖူတာ့ကောက ကျွန်တော့်ကို မျက်နှာမပျက်စေချင်ရုံပါ”



ကောလေးတစ်ယောက်၏ ဂုဏ်သိက္ခာက အလွန်အရေးကြီးသောကြောင့်ပင်။



အမေရှက ပြုံးပြီး သူ့လက်ဖမိုးကို ပုတ်ကာ နှစ်သိမ်ပေးသည်။ “အမေ လူကဲခတ်တာ အမြဲတမ်းမှန်တယ်.. ကဲပါ.. လာ အမေနဲ့အတူ ဟင်းသီးဟင်းရွက် သွားခူးရအောင်.. အိမ်မှာ အသားတွေလည်း မကုန်သေးဘူး..  နေ့လည်စာအတွက် ဖက်ထုပ်တွေလုပ်ကျွေးမယ်”



မနေ့က ဖူမင်ယိုသည် အိမ်သစ်တက်ပွဲအတွက် အသားအများကြီးဝယ်ခဲ့ရာ တစ်ဝက်ခန့်က ပိုနေသောကြောင့် သူတို့မိသားစုအား တိုက်ရိုက်ပေးပစ်ခဲ့သည်။




မူလက အမေရှ မလိုချင်သော်လည်း ဖူမင်ယိုက ရာသီဥတုပူနေ၍ သူတစ်ယောက်တည်း မစားနိုင်ဘဲ ပျက်သွားပါက အလဟဿဖြစ်မည်ဟု ဘွင်းဘွင်းပြောခဲ့သည်။



ဖူမင်ယို၏ သဘောထားကို နားလည်သဖြင့် အမေရှက ဆက်မငြင်းတော့ဘဲ မိသားစုအတွက် အရသာရှိသော နေ့လယ်စာပြင်ဖို့ရန် စဥ်းစားလိုက်၏။




အမေရှက နေ့လယ်စာအတွက် ဖက်ထုပ်များပြုလုပ်နေသောကြောင့် သူမ၏ ခွင့်ပြုချက်ဖြင့် ရှောင်ပေါင်သည် ဖူမင်ယိုအား နေ့လယ်စာအတူစားရန် သွားရောက်ဖိတ်ခေါ်ခဲ့သည်။ ၎င်းက ကျေးဇူးတုံ့ပြန်သည့် သဘောမျိုးလည်းဖြစ်၏။




ဖူမင်ယိုက အမေရှ၏ ဖိတ်ခေါ်မှုကို မငြင်းခဲ့ပေ။ သူ၏ ချက်ပြုတ်နိုင်စွမ်းမှာ သာမန်မျှသာဖြစ်၏။ အနည်းငယ် ချက်ပြုတ်နိုင်သော်လည်း ဗိုက်ပြည့်ရုံမျှသာဖြစ်ပြီး အရသာလုံးဝမရှိပေ။



“အဒေါ် ချက်တာ တကယ်ကောင်းတယ်.. ဖက်ထုပ်တွေက အရသာရှိနေရော”



ဖူမင်ယိုက ဖက်ထုပ်စားရင်း တစ်ဖက်လူ၏ ချက်ပြုတ်နိုင်စွမ်းက အတော်ကောင်းမွန်သည်ဟု ခံစားလိုက်ရ၏။




ထိုစကားကြားတော့ အမေရှက ပြုံး၍ပြန်ဖြေသည်။ “ဒီလောက်ကြီးလည်းမဟုတ်ပါဘူး.. ဒါပေမယ့် ဖက်ထုပ်ကို ရှီးရှီးကပဲ အများဆုံး အစာသွပ်ထားတာ.. အဒေါ်က ကူညီပေးရုံပဲ”


ကောလေး၏ လက်ရာသည် အမြဲတမ်းကောင်းမွန်လေ့ရှိပြီး မိခင်တစ်ဦးအဖြစ် သူမက ကောင်းကောင်းသိရှိထားသည်။




၎င်းကိုကြားတော့ ဖူမင်ယိုက ရှီးရှီးကိုကြည့်ကာ ပြုံးလိုက်၏။ “ရှီးရှီးက အရမ်းတော်တာပဲ”


ရှီးရှီး၏ မျက်နှာ နီရဲလာသည်။ “ဖူတာ့ကော သဘောကျရင် များများစားပါ”



မိခင်နှင့်ဆိုလျှင် အနည်းငယ် ရှက်ရွံ့တတ်သော်လည်း ယခု ဖူမင်ယိုနှင့် ရင်ဆိုင်နေရချိန်တွင် သူ၏ ရင်တွင်းခံစားချက်များကို တခြားသူက မြင်သွားမည်ကို စိုးရိမ်သဖြင့် အလွန်အကျွံ ရှက်ရွံ့မှုကို မပြရဲပေ။


ဖူမင်ယိုက သူ့အမူအရာကို ကြည့်ပြီး မျက်လုံးထဲမှ အပြုံးက ပို၍နက်ရှိုင်းလာသည်။



ရှလီရမ်က ဟန့်ခနဲအသံပြုကာ ဆို၏။ “ငါ့ကောလေးက တော်တာပေါ့”



အမေရှက သူ့ခင်ပွန်းကို မျက်စောင်းထိုး၍ ဖူမင်ယိုအား များများစားရန် တိုက်တွန်းလိုက်၏။



ဤနေ့လည်စာကို ဖူမင်ယို အလွန်ကျေနပ်မိသည်။ သူက အကြာကြီးမနေတော့ဘဲ မိသားစုအား နှုတ်ဆက်စကားဆိုကာ ထွက်သွားသည်။



သူသည် နေ့လည်ဘက်တွင် မြို့ပေါ်ကိုသွား၍ အခြေအနေကို စုံစမ်းကြည့်မည်။ ယခု သူ့မီးအိမ်ကို လဲပြီးသားဖြစ်၍ သိုလှောင်ခန်းတွင် သိမ်းဆည်းထားသည်။



တစ်ချိန်တည်းမှာ ဂျင်ဆင်းကိုလည်း ချန်အား ပေးအပ်ပြီးပြီဖြစ်ရာ ငွေကြေးနှင့် ကုန်ပစ္စည်းကိစ္စ ပြေလည်သွားလေပြီ။




မြို့က အနည်းငယ်ဝေးသောကြောင့် ဖူမင်ယိုက လမ်းလျှောက်ဖို့ အစီအစဥ်မရှိဘဲ ရွာအဝင်ဝ၌ မြင်းလှည်းတစ်စီးငှားကာ တရွေ့ရွေ့စီးပြီး မြို့ပေါ်ဦးတည်လိုက်၏။



မြင်းလှည်းက ရိုးရှင်းသော်လည်း ကုန်ကျစရိတ်မများဘဲ အကြွေနှစ်စေ့သာ ပေးရသည်။




ဖူမင်ယိုမှာ ပိုက်ဆံရှိသဖြင့် ဤအကြွေနှစ်စေ့အား ဂရုစိုက်မနေမှာသေချာသည်။ သူ မြို့ပေါ်ကို လမ်းလျှောက်သွားလျှင် အင်မတန်ပင်ပန်းလိမ့်မည်။



လှည်းပေါ်တွင် ရှကျားရွာမှ လူများနှင့် အိမ်နီးချင်းရွာမှ လူများလည်းပါသည်။



ရှကျားရွာမှ ရွာသားများက ဖူမင်ယိုကို သိသော်လည်း သိပ်မရင်းနှီးသောကြောင့် စကားမပြောဖြစ်ခဲ့ကြပေ။



မြို့ပေါ်ရောက်ပြီးနောက် ဖူမင်ယိုသည် လမ်းသွားလမ်းလာများနှင့် ဆိုင်အကူအချို့ကို လိုက်လံမေးမြန်းရင်း မြို့ပေါ်ရှိ အကြီးဆုံးဆိုင်ကို ရှာတွေ့ခဲ့သည်။



ဤဆိုင်ရှိ ပစ္စည်းများသည် စျေးကြီးသော်လည်း အရောင်းအဝယ် အလွန်ကောင်း၏။



ရှကျားရွာမှ လူအများစု၏ အခြေအနေမှာ သာမန်မျှသာဖြစ်သော်လည်း မြို့ပေါ်ရှိ လူအများစု၏ အခြေအနေမှာ ကြွယ်ဝချမ်းသာကြ၍ ခရိုင်မြို့ရှိ လူများဆိုလျှင် ဆိုဖွယ်ရာမရှိတော့ချေ။



မည်သို့ပင်ဖြစ်စေ မြို့ပေါ်ကစျေးနှုန်းကို ဖူမင်ယို မကျေနပ်လျှင် ပို၍အပင်ပန်းခံကာ ခရိုင်မြို့သို့သွားရန် စဥ်းစားထားသည်။



ရှားပါးသောပစ္စည်းများက တန်ဖိုးရှိသည်။ သူ့မီးအိမ်မှာ ရှားပါးပစ္စည်းဖြစ်၍ တစ်ယောက်ယောက်တော့ စိတ်ဝင်စားမှာသေချာသည်။