Ch 19
Viewers 9k

Chapter 19 


“ဝတ်ကောင်းစားလှနှင့် သခင်လေး”




သူ့ရှေ့မှ “ရတနာစုစည်းရာနန်းတော်”ဟု အမည်ရသည့် ဆိုင်ကိုကြည့်ကာ ဖူမင်ယိုက မျက်ခုံးပင့်၍ ဤဆိုင်သည် အမည်နှင့် လိုက်ဖက်ပါ့မလားဟု တွေးနေသည်။



ဖူမင်ယိုက တည့်တည့်လျှောက်ဝင်သွား၏။ သူဝင်လိုက်သည်နှင့် ရတနာစုစည်းရာနန်းတော်၏ ဆိုင်ရှင်မှ နွေးထွေးစွာ ကြိုဆိုလာသည်။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူ၏ ဝန်ဆောင်မှုက သူ့အား အလွန်ကျေနပ်စေခဲ့သည်။



“သခင်လေး.. ဘာများ ဝယ်ယူလိုပါသလဲ”



ဆိုင်ရှင်က ဖူမင်ယို၏ သာမန်ဝတ်စားဆင်ယင်မှုကို ဂရုစိုက်ပုံမရချေ။ အကြောင်းမှာ ရှကျားရွာကို ရောက်လာပြီးနောက် သူသည် ဒေသဓလေ့ထုံးထမ်းများကို လိုက်နာ၍ ပိတ်ချည်ဖြင့် ရက်လုပ်ထားသော အဝတ်အစားကိုသာ ဝတ်ဆင်ခဲ့သည်။ ကံအားလျော်စွာ သူ၏ စိတ်နေစိတ်ထား ကောင်းမွန်သောကြောင့် ရိုးရိုးပိတ်ချည်ဝတ်ရုံကပင် သူ၏ မြင့်မြတ်သော ဂုဏ်ရောင်ကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။



ဖူမင်ယိုက ပြုံးကာ ပြောလိုက်၏။ “ကျေးဇူးပါ.. အရင်ဆုံး လှည့်ပတ်ကြည့်လိုက်ပါဦးမယ်”



ရတနာစုစည်းရာနန်းတော်ကို အစမှအဆုံး စေ့စေ့စပ်စပ်ကြည့်ပြီးနောက်မှာ ဖူမင်ယိုက ပြုံးလိုက်မိသည်။ ဤဆိုင်ရှိ ပစ္စည်းများက သူ ထင်ထားသလို မဟုတ်ပေ။




“သခင်လေး?”




ဖူမင်ယို၏ ပုံစံကို ကြည့်ရသည်မှာ ပစ္စည်းတစ်ခုမျှပင် သဘောကျပုံမရသဖြင့် ဆိုင်ရှင်အား အနည်းငယ် အံ့အားသင့်သွားစေသည်။



သူတို့ ရတနာစုစည်းရာနန်းတော်သည် လင်းရွှေမြို့တွင် အကောင်းဆုံးပစ္စည်းများရှိသည့် ဆိုင်ဖြစ်၏။



ဖူမင်ယိုက အပြုံးပါးလေးဖြင့် ခေါင်းခါယမ်းကာ ပြောလိုက်သည်။ “အားနာပါတယ်.. ကျွန်တော်ကြိုက်တဲ့ပစ္စည်းမျိုး ဒီဆိုင်မှာမရှိဘူးလို့ ထင်လို့ပါ”



“ဒီသခင်လေးက သတ္တိရှိလိုက်တာ.. ဘယ်လိုပစ္စည်းမျိုးကိုမှ သဘောကျတာပါလဲခင်ဗျ?”



ထိုစဥ် တန်ဖိုးကြီးဝတ်စုံနှင့် လူတစ်ယောက်က ယပ်တောင်တစ်ချောင်းကိုင်လျက် အောက်ထပ်ဆင်းလာသည်။


လင်းရွှေမြို့က မသေးဘဲ လူချမ်းသာများပြားသော်လည်း ဤကဲ့သို့ ပိုးထည်ဝတ်ရုံဝတ်ဆင်ပြီး လက်ထဲရှိ ယပ်တောင်၌ ကျောက်စိမ်းဆွဲသီး ချိတ်ဆွဲထားသည့် သခင်လေးမျိုးကိုမူ တွေ့ရခဲပေသည်။


ဖူမင်ယို၏ မျက်လုံးများ တစ်ချက်လက်သွားပြီးနောက် သူက ပြုံးလိုက်သည်။ “ဘာလို့လဲဆိုတော့ ဒီကပစ္စည်းတွေက ရှားပါးပစ္စည်းတွေမဟုတ်ဘူးလေ.. ကျွန်တော့်လက်ထဲကပစ္စည်းရဲ့ ဆယ်ပုံတစ်ပုံတောင်မရှိဘူး”





တန်ဖိုးကြီးဝတ်စုံဝတ်ထားသည့် ထိုလူက စိတ်မဆိုးသွားဘဲ တစ်ဖက်လူအား စိတ်ဝင်တစားကြည့်ကာ မေးသည်။ “ဒီသခင်လေးက ဒီလိုပြောလာမှတော့ ခင်ဗျားပြောတဲ့ပစ္စည်းကို ကျွန်တော် ကြည့်ခွင့်ရှိမလား”





အနောက်ဘက်ရှိ ဆိုင်ရှင်မှာ သူ့မျက်နှာပေါ်ရှိ ချွေးစေးများကို သုတ်နေသည်။ မျက်နှာချင်းဆိုင်မှလူသည် အခြေအနေကို စုံစမ်းရန် ရောက်ရှိလာသည်မှာ ထင်ရှားသည့်အပြင် သူဌေးကလည်း ယနေ့မှာ လင်းရွှေမြို့သို့ ရောက်နေခြင်းသည် တိုက်ဆိုင်မှုမဟုတ်ဘဲ အမှန်တကယ် ကံမကောင်းသည့်ကိစ္စဖြစ်၏။




ဖူမင်ယိုက ပြုံးလိုက်ပြီး ထိုသူကို ကြည့်ကာ ပြောသည်။ “သခင်လေး ကြည့်ချင်ရင်တော့ ကျွန်တော် ပြလိုက်ပါမယ်”



သူသည် တစ်ဖက်လူအား အနုပညာလက်ရာစစ်စစ်ကို နားလည်အောင်ပြသလိုသည်။



ထိုအပြောနှင့်အတူ ဖူမင်ယိုက သူ၏ခြင်းတောင်းကို အောက်ချကာ အထဲမှ ပြင်ဆင်လာသော မီးအိမ်ကို ထုတ်ယူလိုက်သည်။



သူ မလာခင်က ဖူမင်ယိုသည် မြေအောက်ခန်းရှိ မီးအိမ်များကို ဒိုင်မန်းရှင်းစနစ်ရှိ သိုလှောင်ခန်းအတွင်းသို့ သိမ်းဆည်းထားပြီးဖြစ်၏။ ယခုချိန် ခြင်းတောင်းထဲမှ ထုတ်ယူလိုက်သော မီးအိမ်များသည် နံပါတ်တစ်မှ သုံးအထိသာဖြစ်၏။



“ဒါက?”



ဖူမင်ယို ထုတ်လိုက်သော ပစ္စည်းများကို မြင်သောအခါ တန်ဖိုးကြီးဝတ်စုံနှင့် ထိုသူသည် ယပ်တောင်ကို ချက်ချင်းရုတ်လိုက်ပြီး တစ်ဖက်လူ၏ လက်ထဲမှ မီးအိမ်ကို မျက်တောင်မခတ်တမ်းကြည့်ကာ အာမေဋိတ်ပြုလိုက်သည်။ “ဒါကဘာတွေလဲ.. ဘာလို့ ဒီလောက်တောင် လှနေရတာလဲ?”



ဖူမင်ယိုက ထိုသူကိုကြည့်ကာ ကိစ္စတစ်ဝက်ပြီးမြောက်ပြီဆိုတာကို သိလိုက်သည်။ သူက ပြုံး၍ ပြန်ဖြေလိုက်သည်။ “ဒါက မီးအိမ်ပါ.. ဆိုင်ရှင်ရေ.. လိုက်ကာလေးတွေ ဆွဲပိတ်ပေးပါဦးဗျ” ဆိုင်ရှင်က အနည်းငယ်ကြောင်အသွားသော်လည်း သူဌေး၏ အချက်ပြမှုအောက်တွင် တံခါးနှင့် ပြတင်းပေါက်လိုက်ကာများကို ဆွဲပိတ်ပေးလိုက်သည်။



ဆိုင်ရှင်က မီးထွန်းဖို့ ပြင်နေတုန်းမှာ ဖူမင်ယိုက မီးအိမ်ခလုတ်ကို တန်းဖွင့်လိုက်သည်။



လဲလှယ်စဥ်က ချန်သည် ဖူမင်ယိုအား ပြောပြခဲ့သည်။ ဤမီးအိမ်မှာ အားအပြည့်ရှိ၍ တစ်ကြိမ်လျှင် တစ်လအသုံးပြုနိုင်ပြီးနောက် နေရောင်အောင်တွင် သုံးရက်ကြာ ပြန်လည်အားသွင်းရန် လိုအပ်သည်။



“ဒါဘာလဲ”



တန်ဖိုးကြီးဝတ်စုံနှင့် အမျိုးသားက အမှန်တကယ် အံ့အားသင့်သွားသည်။ ဤပစ္စည်းမှ ထွက်လာသော အလင်းရောင်သည် ဖယောင်းတိုင်ထက် ပိုမိုလင်းထိန်နေသည်။



ဖူမင်ယိုက အပြုံးလေးဖြင့် ရှင်းပြသည်။ “ဒါကို ဖန်မီးအိမ်လို့ခေါ်ပါတယ်.. ဖယောင်းတိုင်လိုပဲ သုံးလို့ရပေမယ့် ဖယောင်းတိုင်ထက် ပိုလင်းတယ်”


ဤပစ္စည်းက လှပရုံတင်မက အလွန်လင်းထိန်သည်။ ဤပစ္စည်းတစ်ခုရှိရုံဖြင့် စတုရန်းမီတာ နှစ်ဆယ်ပတ်လည်နေရာကိုပင် လင်းထိန်စေသောကြောင့် ဖယောင်းတိုင်ထက် အများကြီးသာလွန်၏။


“ဒီက အစ်ကိုကြီး**..  ကျွန်တော့်ကို ကြည့်ရှုခွင့်ပေးနိုင်မလား.. ကျွန်တော် သေချာကိုင်တွယ်ပါ့မယ်”


(**ဒီအစ်ကိုကြီးက ရွယ်တူတွေကို ယဥ်ကျေးအောင်ခေါ်တဲ့ အသုံးအနှုန်းပါ)



တန်ဖိုးကြီးဝတ်စုံဝတ်ထားသည့် သခင်လေးက သူ၏ သိချင်လိုစိတ်ကို မထိန်းနိုင်တော့ဘဲ ဖူမင်ယိုအားကြည့်ကာ မေးလိုက်သည်။



ဖူမင်ယိုက ပြုံး၍ပြန်ဖြေသည်။ “ဒါပေါ့.. ကြည့်လို့ရပါတယ်.. ဒီနေ့ ကျွန်တော်လာတာက ရတနာစုစည်းရာနန်းတော်နဲ့ စီးပွားရေးလုပ်ဖို့ပါ”



ထိုစကားကြားသော် တစ်ဖက်လူ၏ မျက်လုံးများ တောက်ပလာပြီး ချက်ချင်းဆိုသလို ပြောလိုက်၏။ “ဆိုင်ရှင်လီ.. အခန်းပြင်ဆင်ပေးပါ.. ဒီအစ်ကိုကြီးနဲ့   ကျွန်တော် သေချာစကားပြောရမယ်” 



ဤပစ္စည်းကို သူပိုင်ဆိုင်ပါက ရေပန်းစားလာမှာ သေချာသည်။



ကံအားလျော်စွာ သူသည် ယနေ့တွင် တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့ပြီး ကံကောင်းခြင်းနှင့် တွေ့ဆုံရမည်ဟု မထင်ထားခဲ့ပေ။ တကယ်ကို အံ့သြစရာကောင်း၏။




အရေးကြီးဆုံးမှာ သူသာ ယနေ့ရောက်မလာလျှင် ဤပစ္စည်းများကို လင်းရွှေမြို့၏ တစ်နေရာရာမှာ ရောင်းချခဲ့လောက်သည်။ သူ့လက်အောက်ခံများက ခွင့်ပြုချက်တောင်းမည် ဖြစ်သော်လည်း ဤနေရာမှာ ရောင်းချခြင်းက အဖိုးတန်ပစ္စည်းများကို အလဟဿဖြစ်စေနိုင်သည်။




ဆိုင်ရှင်က ခေါင်းညိတ်ပြပြီး ချက်ချင်းပင် ဆိုင်အကူကို တံခါးနှင့် ပြတင်းပေါက်များ ဖွင့်ခိုင်းလိုက်သည်။ ထို့နောက် လူနှစ်ဦးအား အပေါ်ထပ်သို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်သွားပြီး လက်ဖက်ရည်နှင့် မုန့်များ ချပေးလိုက်၏။



ယနေ့ ရတနာစုစည်းရာနန်းတော်တွင် တခြားဧည့်သည်များလည်း ရှိနေသည်။



“ဆိုင်ရှင်လီ.. ခုနက သခင်လေးယူလာတဲ့ ပစ္စည်းကို ရတနာစုစည်းရာနန်းတော်မှာ ရောင်းမှာလား”


“အဲ့ဒီပစ္စည်းကို ဖန်မီးအိမ်လို့ခေါ်တာလား… နာမည်နဲ့လိုက်တာပဲ”



“အဲ့ဒီပစ္စည်းက အရမ်းလှတယ်.. ကျွန်တော် တစ်ခုလောက်တော့ မဖြစ်မနေ ဝယ်ရမယ်”


ဧည့်သည်များက ဆိုင်ရှင်လီကို ဝန်းရံ၍ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။



ဆိုင်ရှင်လီက အားလုံးကို အလျင်အမြန် နှစ်သိမ့်ပေးလိုက်သော်လည်း စိတ်ထဲတွင် ယုံကြည်ချက်သိပ်မရှိပေ။ ထိုပစ္စည်းများက အလွန်ကောင်းမှန်း သူ နားလည်သည်။ သူဌေးက အကုန်လုံးကို မြို့တော်သို့သာ ပိုဆောင်မှာ သေချာ၏။



အလားတူပစ္စည်းက လင်းရွှေမြို့နှင့် မြို့တော်မှာ စျေးနှုန်းနှစ်မျိုး ကွာခြားနေပေလိမ့်မည်။




ထို့ကြောင့် ဤပစ္စည်းကို လင်းရွှေမြို့မှာ ရောင်းချနိုင်မည်လား ဆိုတာကိုတော့ ဆိုင်ရှင်လီ တကယ်မသိပေ။





သူသည်ကား ဆိုင်ရှင်သာဖြစ်၍ သူဌေးကသာ ဤကိစ္စမျိုး၌ ဆုံးဖြတ်မှာဖြစ်သည်။


—----------------



(T/N ဒီNovel က etrans မရှိပါဘူး။ အဓိကအားဖြင့် MTL ကပြန်တာဆိုတော့ T/N တွေအားလုံးက မင်မင်လေ့ထားသမျှပါပဲ၊ MTL ဆိုပေမယ့် အခေါ်အဝေါ်တွေ၊ အသုံးနှုန်းတွေအားလုံးကို OG Chinese ကနေ ကြည့်ပြီးပြန်ပေးထားပါတယ်၊ အမှားပါတယ်ထင်ရင် ထောက်ပြပေးနော်။ ကျေးဇူးတင်ပါတယ်)