Ch 20
Viewers 9k

Chapter 20 


“ရှကျားရွာမှာ မီးအိမ်သွားကြည့်ခြင်း”




ဖူမင်ယိုနှင့် တန်ဖိုးကြီးဝတ်စုံဝတ်ထားသော သခင်လေးတို့သည် အပေါ်ထပ်ရှိ သီးသန့်ခန်းကို သွားပြီးနောက် ဆိုင်ရှင်က သူတို့နှစ်ဦးအတွက် လက်ဖက်ရည်နှင့် မုန့်များချပေးခဲ့သည်။



“ဒီအစ်ကိုကြီးကို ဘယ်လိုခေါ်ရမလဲမသိဘူး?”



တန်ဖိုးကြီးဝတ်စုံနှင့် အမျိုးသားက ယပ်တောင်ခပ်ရင်း မေးလိုက်၏။ 



ဖူမင်ယိုက လက်ခုပ်ချီ၍ ဖြေလိုက်သည်။ “ကျွန်တော်က ဖူမင်ယိုပါ”




တစ်ဖက်လူက ပြုံးပြီး ပြန်ဖြေသည်။ “ကျွန်တော်က မုရှင်းကျိုးပါ”



မုရှင်းကျိုးက ဖူမင်ယိုကို ကြည့်လိုက်ပြီး လက်ဖက်ရည်တစ်ငုံသောက်ကာ မေးလိုက်၏။ “ဖူသခင်လေးရဲ့လက်ထဲမှာ ကုန်ပစ္စည်းဘယ်လောက်ရှိလဲ သိချင်ပါတယ်”



ဖူမင်ယိုက ပြန်ဖြေ၏။ “ဒီလိုပစ္စည်းမျိုးက ကျွန်တော့်ဆီမှာဆိုရင် အနိမ့်စားလို့ပဲ သတ်မှတ်လို့ရပါတယ်.. ကျွန်တော့်မှာ အရည်အသွေးမြင့်ပစ္စည်းတွေ အများကြီးရှိသေးတယ်.. မုသခင်လေးက ဒီပစ္စည်းတွေအားလုံးကို ဝယ်နိုင်လားပဲမသိတာ”



“သြော်..  ဟုတ်လား?”



မုရှင်းကျိုးက မျက်လုံးမှေးကျဥ်းလိုက်ပြီး ပြုံးကာ ပြောလိုက်၏။ “ဘယ်လောက်ရှိရှိ အကုန်ယူမယ်”




အခုနက မြင်ခဲ့ရတာက အနိမ့်စားထဲမှာ ပါတယ်ဆိုရင် အရည်အသွေးမြင့် ပစ္စည်းတွေက ဘယ်လိုပုံစံမျိုးလဲဆိုတာ သူ တကယ်စူးစမ်းချင်တယ်…



ဖူမင်ယိုက ပြုံးကာ ပြောလိုက်သည်။ “ကျွန်တော့်မိသားစုက ရှကျားရွာကပါ.. မုသခင်လေး လာကြည့်ပြီးမှ ဆုံးဖြတ်တာကောင်းမယ်”


သူ့နေရာ၌ ပစ္စည်းအများအပြားရှိ၍ သူတောင်းမည့်စျေးသည်လည်း နည်းမှာမဟုတ်ပေ။




ဤမုသခင်လေးက ကြွယ်ဝချမ်းသာပုံရသော်လည်း ထိုမျှများပြားလှသော ပစ္စည်းများကို တစ်ကြိမ်တည်း ဝယ်နိုင်မလားဆိုတာကို ပြောရခက်သည်။



မုရှင်းကျိုးက စိတ်ဝင်စားသွားပြီး ပြောလိုက်၏။ “ဆိုရိုးတောင်ရှိသေးတယ်မလား.. ဒီနေ့ပဲရွေးချယ်လိုက်… နောက်နေ့ အချိန်မဆွဲနဲ့တဲ့.. ဒီတော့ အားနာနာနဲ့ပဲ ဖူသခင်လေးကို လိုက်ပြခိုင်းရတော့မယ်”


တစ်ဖက်လူက ထိုသို့ပြောလာသည့်အတွက် မုရှင်းကျိုး စူစမ်းချင်မိသည်။


ဒီလောက်များတဲ့ပစ္စည်းတွေကို သူမဝယ်နိုင်မှာ စိုးရိမ်နေတာလား။




နှစ်ယောက်သား အောက်ထပ်ဆင်းလာပြီးနောက် မုရှင်းကျိုးက ဆိုင်ရှင်အား မြင်းလှည်းပြင်ဆင်ခိုင်းပြီး သူ၏ နောက်လိုက်ကိုခေါ်ကာ ရှကျားရွာသို့ တိုက်ရိုက်ထွက်ခွာသွားလေသည်။




ရှကျားရွာ၌ နွားလှည်းသည်ပင် အတော်အတန် အင်အားကြီးလှပြီဖြစ်ရာ အလွန်တရာ ခမ်းနားလှပသော မြင်းလှည်းဆိုလျှင် ပြောစရာပင်မလိုချေ။



“သခင်လေး….ဖြည်းဖြည်း”


နောက်လိုက်ငယ်သားက မုရှင်းကျိုးအား အောက်ဆင်းရာတွင် ကူညီပေးပြီး သူ့ရှေ့က ချိုင့်ခွက်များသောလမ်းကိုကြည့်ကာ တီးတိုးပြောလိုက်၏။




မုရှင်းကျိုးက သူ့ရှေ့ကအိမ်ကိုကြည့်ရင်း ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။ “ဒါ ဖူသခင်လေးရဲ့အိမ်လား.. ကြည့်ကောင်းတာပဲ”



တစ်ဖက်လူ၏ ခြံဝင်းက သိပ်မကြီးသော်လည်း အလွန်ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိပုံရသည်။ ရေစီးကြောင်းများနှင့် အဆောက်အဦးလေးများ ပါဝင်သောကြောင့် အလွန်အေးချမ်းပုံပေါ်လေသည်။


ဖူမင်ယိုက ပြုံးလိုက်ပြီး စပ်စုနေကြသော ရွာသားများကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။ “မုသခင်လေး…အထဲဝင်လာပါ”



မုရှင်းကျိုးက ခေါင်းညိတ်ပြလျက် သူ့နောက်ကနေ လိုက်ပါလာ၏။


လူသုံးဦး အထဲဝင််သွားသည့်အခါမှ အပြင်ကလူတွေ စကားစမြည်ပြောကြတော့သည်။


“အိုက်ယား… ခုနက သခင်လေးက လူချမ်းသာထင်တယ်နော်”


“ဒါဆို သခင်လေး ဖူရှောင်ကျစ်ရဲ့ အမျိုးများ ဖြစ်နေမလား?”




“ဒီမြင်းလှည်းကြီးက ခမ်းနားထည်ဝါလိုက်တာ”




“အမေ..အမေ.. သား မြင်းသွားကြည့်ချင်တယ်”



ရွာထဲသို့ သခင်လေးတစ်ယောက် ရောက်လာသောကြောင့် ရွာသားများအံအားသင့်သွားသည်။ 



မည်သို့ပင်ဖြစ်စေ ရွာသားများ မြင်ဖူးသမျှထဲတွင် ယဥ်ကျေးသိမ်မွေ့မှု အရှိဆုံးလူက ရွာထဲရှိ ဆရာသခင်သာဖြစ်သော်လည်း ဆရာသခင်လင်းက အပြင်ကို သိပ်မထွက်သောကြောင့် လူတွေက သူ့ကို တွေ့ရခဲသည်။



“မုသခင်လေး… လက်ဖက်ရည်သောက်ပါဦး”



ဖူမင်ယိုက မီးဖိုချောင်မှ လက်ဖက်ရည်သုံးခွက်ငှဲ့ထည့်ပြီး မုရှင်းကျိုးနှင့် သူ့နောက်လိုက်ကို ပေးလိုက်သည်။



မုရှင်းကျိုးက မငြင်းဘဲ လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး အံသြတုန်လှုပ်ဟန်ဖြင့် ပြောလာ၏။ “ဖူသခင်လေးရဲ့ လက်ဖက်ရည်က အရမ်းထူးခြားတာပဲ… သောက်ရတာ လန်းဆန်းပြီးချိုမြိန်တယ်.. တကယ်ကောင်းတယ်”



တစ်ဖက်လူ၏ လက်ဖက်ရည်သည် သူ အရင်ကသောက်ဖူးသည့် မည်သည့်လက်ဖက်ရည်မျိုးနှင့်မဆို ကွဲပြားနေပြီး သူ့အတွက် အလွန်ထူးခြားနေ၏။



ဖူမင်ယိုက ပြုံးကာ ပြောလိုက်သည်။ “ဒါက ဂန္ဓမာလက်ဖက်ရည်ပါ.. ဒီရက်ပိုင်း ရာသီဥတုက ခြောက်သွေ့နေတော့ ဒီဟာက အပူဒဏ်ကို သက်သာစေတယ်လေ..”


ဤလက်ဖက်ရည်ကို ပြုလုပ်ထားသူမှာ ရှယန်ရှီးဖြစ်ပြီး တစ်ဖက်သူသည် အမှန်တကယ်ပင် လက်ရာကောင်းသော သူတစ်ယောက်ဖြစ်လေသည်။




လက်ဖက်ရည်သောက်ရင်း အနားယူပြီးနောက် ဖူမင်ယိုက မုရှင်းကျိုးအား မီးအိမ်ထားရှိရာ သိုလှောင်ခန်းသို့ တိုက်ရိုက်ခေါ်သွားလိုက်၏။



အမှန်မှာ သူသည် လက်ဖက်ရည်ငှဲ့ပေးနေသော အချိန်ကို အခွင့်ကောင်းယူကာ ဒိုင်မန်းရှင်းစနစ်ထဲမှ မီးအိမ်များကို တိုက်ရိုက်ထုတ်ယူခဲ့၍ ဂိုထောင်ထဲထည့်ထားခြင်း ဖြစ်၏။



“မုသခင်လေး.. ကြွပါ.. ဒါက ကျွန်တော့်ရဲ့ ပစ္စည်းတွေပါ.. ဒီမှာရှိတာက သုံးပုံတစ်ပုံပဲရှိပါသေးတယ်.. ကျန်တာတွေကို မထုတ်ဘဲ ဂိုထောင်ထဲမှာ သိမ်းထားပါတယ်”


ဖူမင်ယိုက တစ်ဖက်လူအား ခေါ်ဆောင်သွားပြီး မီးအိမ်တစ်လုံးကို တိုက်ရိုက်ဖွင့်ကာ တံခါးနှင့် ပြတင်းပေါက်အားလုံးကိုလည်း ပိတ်လိုက်သည်။


ချက်ချင်းဆိုသလိုပင် အခန်းတစ်ခုလုံးလည်း လင်းထိန်းသွား၏။



“လှလိုက်တာ”


မုရှင်းကျိုးက အခန်းထဲရှိ မီးအိမ်များကိုကြည့်ရင်း သူ့မျက်ဝန်းများ တောက်ပလာသည်။



“ဒါတွေကို မိတ်ဆက်ပေးဖို့ ဖူသခင်လေးကို တောင်းဆိုချင်ပါတယ်”




မုရှင်းကျိုးက များပြားလှသော မီးအိမ်များကိုကြည့်ရင်း ဝေခွဲရခက်နေသည်။ 



အခြေခံအားဖြင့် သူ မသိသည့်အရာ၊ မသုံးတတ်သည့်အရာဖြစ်၏။


သို့သော်လည်း တစ်ခုတော့ သူနားလည်သည်။ ဤပစ္စည်းများကို ဂုဏ်သရေရှိပုဂ္ဂိုလ်များ အကြိုက်တွေ့မှာသေချာသည်။



မည်သို့ပင်ဖြစ်စေ ဖယောင်းတိုင်မီးက အနည်းငယ် မှေးမှိန်သောကြောင့် ဤပစ္စည်းရှိလျှင် ညဘက်မှာစာလုပ်ဖို့ အခက်ခဲရှိတော့မှာမဟုတ်။


ဖူမင်ယိုက ခပ်ဖွဖွပြုံးပြ၍ ခေါင်းညိတ်ကာ တစ်ဖက်လူအား တစ်ခုစီ ရှင်းပြလိုက်၏။




အခန်းထဲတွင် မီးအိမ်နှစ်လုံးသာ ဖွင့်ထားသော်လည်း အလွန်တရာ လင်းထိန်နေသည်။



မီးအိမ်တစ်ခုစီကို မိတ်ဆက်ပေးတိုင်း ဖူမင်ယိုသည် တစ်ဖက်လူအား ဖွင့်ပြပေးပြီး မုရှင်းကျိုးကိုယ်တိုင်ကိုလည်း ဖွင့်စေသည်။




“ဒီပစ္စည်းတွေရဲ့သက်တမ်းက ဘယ်လောက်လဲ?”



မုရှင်းကျိုးက ပစ္စည်းများစွာကိုကြည့်ရင်း ရုတ်တရက် မေးခွန်းတစ်ခုကို သတိရလိုက်သည်။


တစ်ခါဝယ်ပြီးမှ ဤပစ္စည်းကို တစ်ကြိမ်သာ သုံးလို့ရမည်ဆိုလျှင် အရှုံးပေါ်သွားမှာကို စိုးရိမ်မိသည်။



ဖူမင်ယိုက သူ့မေးခွန်းကို နားလည်၍ အေးအေးလူလူ ရှင်းပြလိုက်သည်။ “ဒီပစ္စည်းကို အနည်းဆုံးသုံးနှစ်ကနေ ငါးနှစ်အထိ သုံးနိုင်ပါတယ်… တစ်ခါသုံးရင် နှစ်လသုံးလလောက်ခံတယ်.. မလင်းတော့ရင် နေရောင်အောက်မှာ သုံးရက်လောက်လှန်းပြီး ပြန်သုံးလို့ရတယ်”



“ပစ္စည်းကို သုံးလို့မရတော့ဘူးဆိုရင် အထဲမှာ အလွတ်ကြီးဖြစ်သွားလိမ့်မယ်.. အဲ့အချိိန်ကျရင် သုံးလို့မရတော့ဘူးဆိုတာကို အလိုလိုသိနိုင်ပါတယ်”



ဖူမင်ယိုက ဤပစ္စည်းအပေါ် ယုံကြည်မှုရှိသည်။ ပုံမှန်အားဖြင့် ပစ္စည်းအရည်အသွေးက အလွန်ကောင်းမွန်ပြီး အရည်အသွေးနိမ့်ပါက ဒိုင်မန်းရှင်းဆန်းစစ်ချက်ကို ဖြတ်မကျော်နိုင်သည့်အတွက် တခြားသောဒိုင်မန်းရှင်းစနစ်ပိုင်ရှင်များထံ ရောက်နိုင်မည်မဟုတ်ပေ။



၎င်းကိုကြားသော် မုရှင်းကျိုးက သက်ပြင်းချပြီး ပြောလိုက်သည်။ “ဒီပစ္စည်းတွေက အရမ်းကောင်းပါတယ်.. ဒါဆို ဖူသခင်လေး စျေးနှုန်းသာပြောပါတော့”



သူသည်ကား ပိုက်ဆံမရှိသူမဟုတ်ပေ။ ဤပစ္စည်းများကို မြို့တော်သို့ ယူဆောင်သွားပြီးနောက် ငွေအမြောက်အများ ရှာနိုင်တော့မှာသေချာသည်။ 




ဖူမင်ယိုပြသော ဖန်မီးအိမ်ကို မြင်ပြီးနောက် မုရှင်းကျိုးက ဤပစ္စည်းကို ဤနေရာ၌ ရောင်းချရန် အစီအစဥ်မရှိ။


ဤပစ္စည်းစျေးနှုန်းသည် ဤနေရာ၏ စီးပွားရေးအခြေအနေအရဆိုလျှင် ဝယ်နိုင်သူ များများစားစားရှိမည်မဟုတ်။




ဖူမင်ယိုက တစ်ဖက်လူအား ပြုံးပြပြီး မီးအိမ်များကိုပိတ်ကာ အသေးစိတ်ဆွေးနွေးရန်အတွက် ဧည့်ခန်းသို့ ခေါ်သွားလိုက်လေ၏။