Ch 26
Viewers 9k

Chapter 26 


“မုလေးကို အကူညီတောင်းခြင်း”



ဖူမင်ယိုက ပြုံး၍ပြောလိုက်သည်။ “ဒါကို လေးမြှားလို့ခေါ်တယ်.. အဝေးရော အနီးပါပစ်လို့ရတယ်.. အရမ်းလည်းအဆင်ပြေတယ်.. ကျွန်တော့်လက်ထဲမှာ အသုံးမဝင်ပေမယ့် အစ်ကိုကြီးမုက အမဲလိုက်သမားဆိုတော့ ဒီပစ္စည်းကအဆင်ပြေပါတယ်”




မည်သို့ပင်ဖြစ်စေ သူ သုံးမှာမဟုတ်၍ ရင်းရင်းနှီးနှီး ကျေးဇူးတင်ခံလိုက်တာ ပိုကောင်းသည်။ အကြောင်းမှာ သူသည်လည်း တစ်ဖက်လူဆီက အကူအညီလိုချင်၍ပင်။



“ကျေးဇူးပါ”



မုလေးက ငြင်းပယ်ခြင်းမရှိ။ တစ်ဖက်လူက သူ့ဆီ ရောက်လာပြီဆိုကတည်းက တစ်ခုခုမျှော်လင့်နေတာ သေချာသည်။



ဖူမင်ယို ရေတစ်ငုံသောက်ပြီးနောက် ပြုံး၍ပြောလိုက်၏။ “အစ်ကိုကြီးမုက ယဥ်ကျေးလွန်းနေပါပြီ… ဒီနေ့က လေးမြှားလာပို့တာအပြင် အစ်ကိုကြီးမုကို အကူအညီတောင်းစရာတစ်ခုရှိတယ်”


ဖူမင်ယိုက တောင်းရမ်းပစ္စည်းပေးခြင်းနှင့် စေ့စပ်လက်ဆောင်ပေးခြင်း လုပ်ထုံးလုပ်နည်းအကြောင်းကို အောင်သွယ်တော်ဝမ်ဆီမှာ အနည်းငယ်လေ့လာပြီးဖြစ်၏။



လက်ထပ်ရမည့်သူက အမျိုးသမီးဖြစ်ပါက လုပ်ထုံးလုပ်နည်းသည် ရှုပ်ထွေးပြီး အဓိကခြောက်ခုကို တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်ရန် လိုအပ်သည်။ သို့သော် ကောဖြစ်နေသောကြောင့် အနည်းငယ် ရိုးရှင်းလေသည်။



သို့သော် ဖူမင်ယိုက ရှယန်ရှီးကို အကောင်းဆုံးပေးချင်သောကြောင့် ဤလက်ဖွဲ့များက သာမန်အတိုင်း ရိုးရှင်းမည်မဟုတ်။


ဖူမင်ယို ယနေ့ မုလေးကို လာရှာခြင်းသည် တောဝက်တစ်ကောင် သို့မဟုတ် တခြားကောင်ကြီးတစ်ကောင်ကို အမဲလိုက်ရန် ကူညီပေးစေလိုသောကြောင့် ဖြစ်၏။



သူ တစ်ယောက်တည်း အမဲလိုက်ဖို့ မတွေးဖူးတာတော့ မဟုတ်ပေမယ့် အရင်နှစ်ခေါက်က အာရုံစူးစိုက်မှု အများကြီးရခဲ့သဖြင့် ယခုတစ်ကြိမ်မှာ မုလေးရှိနေလျှင် လူတိုင်းက သာမန်ပဲဟု ယူဆလိမ့်မည်။



သူသည် ရှလီရမ်ထံမှ စုံစမ်းခဲ့ဖူးသည်။ ဤမုလေးက ရှကျားရွာမှာ နေထိုင်သော်လည်း ဤဇာတိတော့မဟုတ်ခဲ့။ သူတို့သည် တစ်ဖက်လူအား မုဆိုးတစ်ယောက်ဟုသာ သိကြပြီး မုလေးနှင့် သူ့ညီအစ်ကိုအသင်းအပင်းများ၏ ဇစ်မြစ်ကို မသိကြပေ။



ဖူမင်ယိုက နှစ်အတော်ကြာအောင် စီးပွားရေးလုပ်ခဲ့ဖူးသဖြင့် လူရွေးချယ်တတ်သော ပညာရှိသည်။




ဤမုလေးက သာမန်လူတစ်ယောက်မဟုတ်တာ သေချာသည်။ ထို့အပြင် သူ မုရှင်းကျိုးနှင့်လည်း တွေ့ဖူး၏။ မုရှင်းကျိုးက မြို့တော်ကဖြစ်၍ မုလေးသည်လည်း မြို့တော်ကလူ ဖြစ်ဖို့များသည်။

 


“ညီလေးဖူက ငါ့ကို ဘာလုပ်စေချင်တာလဲ”




မုလေး အနည်းငယ် အံ့အားသင့်သွား၏။ တစ်ဖက်လူလိုချင်တာကို သူမသိဘူးလေ..


ဖူမင်ယိုက ပြုံး၍ပြောသည်။ “အစ်ကိုကြီးမုသိပါတယ်.. အစ်ကိုက အမဲလိုက်ရာမှာတော်တယ်.. ဆိုတော့ မနက်ဖြန်တောင်ပေါ်တက်တဲ့အခါ ကျွန်တော့်ကို ခေါ်သွားစေချင်တယ်.. တောင်းရမ်းပစ္စည်းအတွက် တောဝက် ဒါမှမဟုတ် တခြား တောကောင်ကြီးကို အမဲလိုက်ချင်လို့ပါ”



“သြော်..ညီလေးဖူက လက်ထပ်တော့မှာလား”


မုလေး အနည်းငယ် အံ့အားသင့်လျက်။ သူ သိရသလောက် ဖူမင်ယို ဒီနေရာကိုရောက်တာ လအနည််းငယ်ပဲ ရှိသေးတယ်မလား။ ဒီလောက်မြန်မြန် လက်ထပ်တော့မှာလား။


ဖူမင်ယိုက အပြုံးလေးဖြင့် ခေါင်းညိတ်ပြ၏။ “ဟုတ်တယ်.. အဲ့ဒီအချိန်ကျရင် အစ်ကိုကြီးမုကို မင်္ဂလာအရက်သောက်ဖို့ ဖိတ်ပါ့မယ်”


“သေချာပေါက်လာရမှာပေါ့”


မုလေးက ပြုံးလိုက်သည်။ တစ်ဖက်လူ ဤမျှသွက်မည်ဟု မထင်ထားပေ။


မုလေးနှင့် စကားပြောပြီး ဖူမင်ယို အိမ်ပြန်လာသည်။


တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ပြီးနောက်မှာ သူက ဒိုင်မန်းရှင်းစနစ်ကို ဖွင့်ပြီး တခြားကမ္ဘာမှ စာများရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။



ပြန်းကျိဟွင်း: “လောင်ဖူ.. မင်းရဲ့ အင်တာဖေ့စ်က ဘာလို့ပြောင်းသွားတာလဲ… ဘယ်လိုလုပ် ရှေးခတ်ဖြစ်သွားရတာလဲ”



ဤပြန်းကျိဟွင်းက ဖူမင်ယို ပထမဆုံးအရောင်းအဝယ်လုပ်ခဲ့သူဖြစ်ပြီး အတန်ကြာ အဆက်အသွယ်ရှိခဲ့သူလည်းဖြစ်၏။ တစ်ဖက်လူက အကျိုးအမြတ်ကို အရေးပေးသူဖြစ်၍ ဖူမင်ယိုကို အလေးထားဆက်ဆံသည်။ ထိုသူက သူ့အတွက် အကျိုးအမြတ်များစွာ သယ်ဆောင်ပေးခဲ့ဖူးသည်။




ဖူမင်ယို: “ပြောရရင် အရှည်ကြီးပဲ.. မင်း ဘာလဲချင်တာလဲ.. ငါ့ဆီမှာ ရှိချင်မှရှိမှာ”




ပြန်းကျိဟွင်း: “အာ.. ငါ မင်းရဲ့ အရင်အင်တာဖေ့စ်မှာ ဂျင်ဆင်းရောင်းတာတွေ့ခဲ့တယ်.. ရှိသေးလား”



ဖူမင်ယို: “အဲ့တစ်ခုတော့ ကုန်သွားပြီ”



သူ အရင်က တူးထားသော တစ်မြစ်ကိုတော့ သူကိုယ်တိုင်အတွက် သိမ်းထားတာဖြစ်လို့ ရောင်းဖို့စိတ်ကူးမရှိဘူး။



အဲ့ဒါအပြင် ပြန်းကျိဟွင်းရဲ့ ပစ္စည်းအားနီးပါးက ဒီမှာ အသုံးပြုလို့မရတဲ့ နည်းပညာမြင့် ပစ္စည်းတွေချည်း ဖြစ်နေတယ်။



ပြန်းကျိဟွင်း: “နှမြောစရာပဲကွာ.. မင်း ထပ်တွေ့ရင် ငါ့ကိုပြောဦးနော်.. ပျိုးပင်လေးဖြစ်နေရင်တောင် ငါစျေးကြီးပေးဝယ်ပါ့မယ်ကွာ”



တကယ်က ပစ္စည်းက အရမ်းကောင်းတဲ့အပြင် သူ့မှာလည်းမရှိတော့ ဖူမင်ယို ရောင်းတာကို တွေ့လိုက်ပေမယ့် နောက်ကျသွားပြီလို့ မထင်လိုက်မိဘူးလေ..


ဖူမင်ယို ခေါင်းညိတ်၍ပြန်ဖြေသည်။ “ကောင်းပြီ. ရှိရင် မင်းကိုပြောမယ်”



ဂျင်ဆင်းပျိုးပင်လေးတွေတော့ ရှိပေမယ့် ဖူမင်ယိုက အဲ့ဒါတွေကိုရောင်းဖို့ စိတ်ကူးမရှိဘူး.. ကြီးလာအောင် ပျိုးပြီးမှ နောက်မျိုးဆက်တွေအတွက် ချန်ထားခဲ့ချင်တယ်..



ပြန်းကျိဟွင်းနှင့် စကားပြောပြီးနောက်မှာ ဖူမင်ယိုက တခြားလဲလှယ်သူများနှင့် စကားပြောပြီး ပစ္စည်းများဝယ်ယူလိုက်၏။ ယခု သူ ရှေးခတ်ရောက်နေသောကြောင့် ပစ္စည်းအများစုကို ရောင်းလို့မရပါချေ။


ခဏစဥ်းစားပြီးနောက် ဖူမင်ယိုသည် မိတ်ဆက်အချက်အလက်ကို ပြောင်းပြီး သူ ရောင်းချသော ပစ္စည်းအားလုံးကို ဤရှေးခတ်မှ ပစ္စည်းများအဖြစ် ပြောင်းလဲလိုက်သည်။


သူ့မှာ ပစ္စည်းတချို့ ကျန်သေးသော်လည်း ထိုပစ္စည်းများက တန်ဖိုးရှိ၏။ သို့ဖြစ်၍ ဖူမင်ယိုက အမှန်တကယ် လဲမှဖြစ်မည့် အခြေအနေကို မရောက်မချင်း လက်ကျန်ပစ္စည်းများကို လဲလှယ်ဖို့ စိတ်ကူးမရှိချေ။


နောက်နေ့မနက်တွင် ဖူမင်ယိုသည် မုလေးနှင့်အတူ တောင်ပေါ်လိုက်သွားသည်။ တစ်ချိန်တည်းမှာ မုလေးက သူ မမြင်ဖူးသည့် လူတစ်အုပ်နောက်က လိုက်ပါလာ၏။


“ညီလေးဖူ.. ဒီလူတွေက ညီအစ်ကိုအသင်းအပင်းတွေပါ.. မင်းနဲ့မိတ်ဆက်ပေးမယ်”


မုလေးက ဖူမင်ယို ရောက်လာတာကိုတွေ့ပြီး ချက်ချင်းပြောလိုက်၏။



ဖူမင်ယိုက အပြုံးလေးဖြင့် တုံ့ပြန်ကာ သူ့ကိုယ်သူ အရင်မိတ်ဆက်ပေးလိုက်သည်။ “အားလုံးပဲ..မင်္ဂလာပါ.. ကျွန်တော်က ဖူမင်ယိုပါ”



“ဟားဟား.. ခေါင်းဆောင် မိတ်ဆက်စရာမလိုပါဘူး.. ကျွန်တော်တို့ကိုယ်တိုင်ပဲ မိတ်ဆက်လိုက်ပါမယ်”



ပညာရှင်ကျောင်းသားတစ်ယောက်လို သိမ်မွေ့နူးညံ့သော လူငယ်လေးတစ်ယောက်က ပြုံးပြီး ရင်ဘတ်ပုတ်ကာ ပြောလာသည်။ “ငါ့နာမည်က လီဖန့်ပါ”



“ငါက မုဟန်”



“ငါကတော့ ချန်ရှ”



သုံးယောက်သား မိတ်ဆက်ပြီးနောက် မုလေးက ဖူမင်ယိုကိုကြည့်ကာ ဆိုသည်။ “အမဲလိုက်သွားရအောင်”



ဖူမင်ယိုက ယဥ်ကျေးမနေတော့ဘဲ သူ့ကျောပေါ်က ဓားကြီးကိုချပြီးဆိုသည်။ “သွားမယ်”



လီဖန့်တို့သုံးယောက်က ဖူမင်ယိုလက်ထဲရှိ ဓားကြီးကိုကြည့်ကာ အံ့အားသင့်သွားသည်။ ဤဓားကြီး၏ အရည်အသွေးက သူတို့ထက် များစွာကောင်းသေးသည်။



ဖူမင်ယိုသည်လည်း လူတိုင်း၏အကြည့်ကို သတိထားမိပေမယ့် ဂရုမစိုက်။ ယနေ့ ရည်ရွယ်ချက်က တောဝက်တစ်ကောင် သို့မဟုတ် တခြားတစ်ခုခုကို အမဲလိုက်ဖို့ပင်။




အဖွဲ့လိုက် တောင်ပေါ်သို့ ဦးတည်သွားလိုက်ကြ၏။ မုလေးတို့ရှိနေသောကြောင့် ဤတစ်ကြိမ်တွင် ဖူမင်ယိုသည် သူတို့နောက်သို့လိုက်ကာ တောင်ပေါ်တက်သွားခဲ့သည်။