Ch 25
Viewers 9k

Chapter 25 


“သုံးရက်ပြည့်ရင် စေ့စပ်ပွဲ”






ဖူမင်ယိုသည် သူပြင်ဆင်ထားသော စေ့စပ်ကြောင်းလမ်း လက်ဆောင်များကို ယူလာ၍ အမေရှနှင့် ရှလီရမ်ကိုကြည့်ကာ ပြောလိုက်သည်။ “ဦးလေးနဲ့အဒေါ်.. ကျွန်တော် သုံးရက်အတွင်း တောင်းရမ်းပစ္စည်းတွေ လာပို့ပေးပါမယ်”



အောင်သွယ်တော်ဝမ်က ပြုံးလျက်ဆိုသည်။ “ဂုဏ်ပြုပါတယ်.. မွေးသက္ကရာဇ် စာရွက်ကိုလဲလှယ်ရအောင်.. နောက်နှစ်လဆိုရင် နေ့ကောင်းရက်မြတ်ပဲ.. ရှင်တို့ရဲ့ မင်္ဂလာပွဲကို စောင့်မျှော်နေပါ့မယ်”



“ကောင်းပါပြီ.. အဲ့အခါကျရင် အစ်မကြီး သေချာပေါက်လာရမယ်နော်”


အမေရှက ရယ်ရယ်မောမောပြောရင်း ဖူမင်ယိုကို ကြည့်လိုက်သည်။ “ရှောင်ဖူက တွေးပေးတတ်တယ်.. နောက်သုံးရက်နေရင် တောင်းရမ်းပစ္စည်းတွေပေးဖို့ လာခဲ့ပါ”



ရှကျားရွာတွင် စေ့စပ်ကြောင်းလမ်းခြင်းနှင့် တောင်းရမ်းပစ္စည်းကို ခွဲခြားထားလေ့ရှိ၍ ပုံမှန်အားဖြင့် လက်ဆောင်ပစ္စည်း နှစ်ခါခွဲပေးရတတ်သည်။



ဖူမင်ယိုက ပြုံးလျက် သဘောတူလိုက်၏။ သူ့မှာ မိဘမရှိသောကြောင့် ရှယန်ရှီးနှင့် မွေးသက္ကရာဇ်စာရွက် လဲလှယ်ပြီးနောက်မှာ တစ်ဖက်လူ၏ စာရွက်ကို ချက်ချင်းသိမ်းဆည်းထားလိုက်သည်။



ရှယန်ရှီးက ကောဖြစ်သောကြောင့် အခန်းထဲကနေ အားလုံးကြားရသော်လည်း အပြင်ထွက်လို့မရပေ။ သို့ပေမယ့် သူ့ရင်ထဲမှာတော့ ပျော်ရွှင်နေသည်။


ဖူမင်ယိုနှင့် လက်ထပ်ရခြင်းကြောင့်သာမက၊ တစ်ဖက်လူသည် သူ့အား အဘွားရှနှင့် တခြားသူများရှေ့၌ ကာကွယ်ပြောဆိုပေးခဲ့သည်။



ထိုအချိန်မှာ အဘွားရှက မကျေမနပ်အိမ်ပြန်ရောက်လာသည်။ သူမ အိမ်ပြန်ရောက်သည်နှင့် အဘိုးရှက သူမကို စူးစူးဝါးဝါးကြည့်လာ၏။ “ရှောင်ရှီးရဲ့ မင်္ဂလာပွဲကို ဖျက်ဆီးဖို့ မင်းကိုဘယ်သူပြောလဲ ဟမ်”



ရွာသားတွေဆီကနေ အဘွားရှအကြောင်းကို ကြားရတာ ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ ဘုရားပဲသိလိမ့်မယ်.. သူတို့ရဲ့ လှောင်ပြောင်နေတဲ့ မျက်လုံးတွေကို သူ မေ့လို့တောင်မရဘူး….


အဘွားရှက သူ့ကိုကြည့်ရင်း ဆိုသည်။ “အဲ့ဒီဖူရှောင်ကျစ်ကို ဟွမ်ဟွမ်နဲ့ လက်ထပ်ပေးချင်လို့ပေါ့.. ဒါမှ ကျွန်မတို့မှာ ငွေအများကြီးရှိလာမှာ.. ဒါက မိသားစုအတွက် လုပ်ပေးနေတာ မဟုတ်လို့လား”


အဲ့ဒီဖူရှောင်ကျစ်ကိုက အမြင်မရှိတာ… ကောအာကိုမှ ကြိုက်ရတယ်လို့..



သူတို့အိမ်က ဟွမ်ဟွမ်က မကောင်းလို့လား.. ဘယ်လောက်တောင်လှလိုက်လဲ.. တကယ် အမြင်မရှိတာပဲ….



အဘိုးရှက သူမကို ပြတ်သားသောအကြည့်ဖြင့် ပြောလေသည်။ “ဒါဆို မင်း အောင်မြင်ခဲ့လို့လား? မအောင်မြင်ဘူးမဟုတ်လား.. ဒီရက်ပိုင်းအပြင်မထွက်နဲ့တော့.. အရှက်ရအောင်မလုပ်နဲ့”


အဘွားရှက အပြင်မှာ မည်သို့ပင် အာဏာပြပါစေကာမူ၊ အိမ်ဟောင်းကိုပြန်ရောက်သည်နှင့် အဘိုးရှကပဲ ကိစ္စအားလုံးစီမံရတာပင်။


အဘိုးရှက ဂုဏ်သိက္ခာကို အလေးထားဆုံးဖြစ်၍ ယခုအခါ ရွာသားများ၏ လှောင်ပြောင်မှုကို ခံလိုက်ရသောအခါ သူ့စိတ်ထဲမှာ အတော်လေး မသက်မသာဖြစ်သွားသော်လည်း သားကြီးကို ဒေါသထွက်လို့မရ၍ အဘွားရှကိုသာ မကျေနပ်မှုတွေ ပုံချရတော့သည်။


အဘိုးဖြစ်သူ ထွက်သွားတာကိုကြည့်ရင်း ရှဟွမ်ဟွမ်သည် မျက်လုံးလှိမ့်ကာ နှုတ်ခမ်းစူလိုက်သည်။ ဒီမိသားစုထဲမှာ ကြောင်သူတော်အဆန်ဆုံးကို ပြပါဆိုရင် အဲ့ဒါက သူ့အဘွားမဟုတ်ဘဲ သူ့အဘိုးလို့ ပြောရမှာပဲ…


အပြင်လူတွေအမြင်မှာ သိမ်မွေ့ပြီး ကြင်နာတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်ဆိုပေမယ့် တကယ်တမ်းကျတော့ စိတ်ထားအရမ်းဆိုးဝါးလွန်းတယ်…


မိသားစုထဲက တစ်ယောက်ယောက်က ဖူမင်ယိုနဲ့ လက်ထပ်လိုက်ရင် ပိုက်ဆံတွေက သူတို့အတွက်ဖြစ်လာမယ်လို့ ပြောခဲ့တဲ့သူက သူမဟုတ်သလိုပဲ… 


ဒါကြောင့်ပဲ အဘွားရှက ဖူမင်ယိုကို ပစ်မှတ်ထားဖို့ ဆုံးဖြတ်ခဲ့တာလေ။



ထိုအချိန်တွင် ဖူမင်ယိုက မွေးသက္ကရာဇ်စာရွက်ကို ရရှိပြီးနောက် အိမ်ပြန်သွားသည်။


နောက်တစ်ခုကတော့ သူ တောင်းရမ်းပစ္စည်းပေးအပ်ရန် ပြင်ဆင်ရမည်။



ဤတောင်းရမ်းပစ္စည်းပေးအပ်ခြင်းအတွက် အောင်သွယ်တော်ဝမ်ကို မလိုအပ်တော့ဘဲ သူ ကိုယ်တိုင်ပေးအပ်နိုင်သည်။ သို့သော် သူသည် ယခုမှရောက်ခါစဖြစ်၍ လူအင်အားသိပ်မရှိသောကြောင့် အပိုဆောင်း ငွေတေးလ်အနည်းငယ်ပေးကာ အောင်သွယ်တော်ဝမ်အား သူနဲ့အတူလိုက်ခဲ့ရန် ပြောခဲ့သည်။



ထိုအချိန်တွင် အမေရှက ရှယန်ရှီးကို သွားတွေ့ပြီး ပြုံး၍ပြောလိုက်သည်။ “ရှောင်ဖူက လူကောင်းလေးပဲ.. နှစ်လအကြာမှာ နေ့ကောင်းနေ့မြတ်လည်းရှိတယ်.. မင်းလည်း မင်းမိသားစုအတွက် ပြင်ဆင်သင့်ပြီ”



ထို့နောက် အမေရှက ခေတ္တရပ်ကာ သက်ပြင်းချလိုက်၏။ “မျက်စိတစ်မှိတ်အတွင်းမှာ ငါ့ကောလေးက လက်ထပ်ရမယ့်အရွယ် ရောက်လာခဲ့ပြီပဲ”




တစ်ဖက်လူ၏ ဝမ်းနည်းနေသော အသံကို ကြားသောအခါ ရှယန်ရှီးက အမေရှ၏ကိုယ်ပေါ်မှာ မှီ၍ပြောလိုက်၏။ “ဒါဆို အိမ်မှာပဲ အမေနဲ့တူတူနေမယ်လေ.. နောက်မှလက်ထပ်တော့မယ်”



“ဒီလိုတော့ ဘယ်ဖြစ်မလဲ”


အမေရှက သူ့ကို တစ်ချက်ကြည့်ပြီးနောက် သူ့ပါးလေးကို ဖျစ်ညှစ်လျက် ဆိုသည်။ “မင်း အိမ်မှာပဲ သေချာပြင်ဆင်ထားပါ..  ရှောင်ဖူက သုံးရက်နေရင် မင်းကို တောင်းရမ်းပစ္စည်းလာပေးတော့မှာ.. မင်္ဂလာကိစ္စအတွက် ပြင်ဆင်ရတော့မယ်”


ရှယန်ရှီး ခေါင်းညိတ်ပြလိုက်ပြီး သူ့စိတ်ထဲမှာတော့ မကြာခင် အလုပ်များတော့မည်ဟု တွေးလိုက်သည်။



ဖူမင်ယိုသည် တောင်းရမ်းပစ္စည်းများ ပေးအပ်ရန်အတွက် လိုအပ်သည့်ပစ္စည်းများကို ရွာလူကြီး၏ ဇနီးအား အထူးတလည်မေးမြန်းခဲ့သည်။ အောင်သွယ်တော်ဝမ်ဆီမှလည်း စုံစမ်းခဲ့ပြီးနောက် သူ အများကြီးပြင်ဆင်ခဲ့လေသည်။




ရွာ၌ သိကျွမ်းသူသိပ်မရှိသော်လည်း တောင်းရမ်းပစ္စည်းပေးရာတွင် လူများလျှင်ပိုကောင်းမည် ဖြစ်သောကြောင့် စဥ်းစားပြီးနောက်မှာ ဖူမင်ယိုက သူ၏ ဒိုင်မန်းရှင်းစနစ်ထဲမှ လေးမြှားတစ်လက်ထုတ်ကာ မုလေးထံသို့ ချက်ချင်းသွားရောက်လိုက်သည်။



တခြားသူနှစ်သက်သောအရာကို ပေးကမ်းရမှန်း ဖူမင်ယို ကောင်းကောင်းကြီးသိသည်။



ထိုအချိန်တွင် မုလေးက အိမ်မှာရှိနေသည်။ ဖူမင်ယိုကို မြင်သောအခါ သူ အနည်းငယ် အံ့အားသင့်သွား၏။



“ညီလေးဖူ.. ဒါက?”


မုလေးက သူ့လက်ထဲကပစ္စည်းကို ကြည့်ပြီး အံ့သြမှုအရိပ်အယောင်ပေါ်လာသည်။



ဖူမင်ယိုက ပြုံးလိုက်ပြီး ထိုပစ္စည်းလှမ်းပေးလိုက်သည်။ “အရင်က အစ်ကိုကြီးမု လောက်လေးခွကို စိတ်ဝင်စားတာတွေ့ခဲ့ရတယ်.. အခုလည်း ကျွန်တော် ပစ္စည်းတွေထုပ်ပိုးရင်းနဲ့ ဒါကို တွေ့လို့ ကျွန်တော့် လက်ထဲမှာ အသုံးမလိုဘူးလို့ထင်တာနဲ့ အစ်ကိုကြီးဆီ လာပေးတာပါ”



မုလေးက ငြင်းဆန်ခြင်းမရှိ ချက်ချင်းယူကြည့်၍ အကြိမ်အနည်းငယ် ကိုင်တွယ်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုအပြည့်ပင်။ ဤအရာက အမှန်တကယ်ကောင်းမွန်ပြီး ယန္တရားကို အင်မတန်ပါးနပ်စွာ တပ်ဆင်ထားသည်။



“လာ..အထဲဝင်ထိုင်ပါဦး”


မုလေးက တစ်ဖက်လူအား ရေတစ်ခွက်ငှဲ့ပေးပြီးနောက် ပြောလိုက်၏။ “ဒီပစ္စည်းနာမည်ကဘာလဲ.. တကယ်အသုံးဝင်တယ်”


သူ ဤပစ္စည်းမျိုးကို တစ်ခုမှမမြင်ဖူး၍ ယင်းမှာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။


ကြည့်ရတာ ဖူမင်ယိုက သူ ထင်ထားသလို ရိုးရှင်းတဲ့လူမဟုတ်တဲ့ပုံပဲ.. ဒီလိုမှမဟုတ်ရင် ဒီလောက်ပစ္စည်းအများကြီးအပြင် အရင်ကပေးခဲ့တဲ့မီးအိမ်ကလည်း ဒီလောက်ကောင်းနေပါ့မလား။ သူ မြို့ပေါ်မှာ ရှိခဲ့တုန်းကတောင် ဒီလိုပစ္စည်းတွေကို မမြင်ခဲ့ဖူးဘူးလေ