Ch 24
Viewers 9k

Chapter 24 


“ပြဿနာအိုး ရောက်လာခြင်း”



“အမေ.. ဘာလို့ ဒီရောက်နေတာလဲ”


အမေရှက တစ်ဖက်လူကိုကြည့်ရင်း ခပ်အေးအေးလေသံနှင့် ယဥ်ယဥ်ကျေးကျေး မေးမြန်းလိုက်သည်။



အဘွားရှက သူ့ကိုစိုက်ကြည့်ရင်း ပြောလာသည်။ “အဖေတောင် ပြန်မရောက်သေးဘူးမလား.. နင်က အမေတစ်ယောက်ဖြစ်ပြီး လက်ထပ်ပွဲကို ချက်ချင်းသဘောတူလိုက်တာက သင့်လျော်ရဲ့လား”


အမေရှက မျက်လုံးများ မှေးကျဥ်းလျက် တစ်ခုခုပြောခါနီးတွင် အောင်သွယ်တော်ဝမ်က ပြုံးကာ ပြောလာသည်။ “အဘွားရှ စိတ်မပူပါနဲ့.. ဖူသခင်လေးက သေချာပေါက် ခင်ပွန်းကောင်းဖြစ်လာမှာပါ”


အဘွားရှက နှာမှုတ်လိုက်ပြီး ဖူမင်ယိုကိုကြည့်ကာ သူမဘေးရှိ ရှဟွမ်ဟွမ်ကို ဆွဲလျက်ပြောလိုက်၏။ “ဖူရှောင်ကျစ်.. မင်း ငါ့မြေးမလေးကို မတွေ့သေးဘူးမလား၊ ဒါက ဟွမ်ဟွမ်တဲ့.. ဒုတိယသားရဲ့ အကြီးဆုံးသမီး.. ရှီးရှီးရဲ့ ညီမလေး”


“အဒေါ်.. ကျွန်တော် လူလွှတ်ပြီး ဦးလေးကို ခေါ်ခိုင်းထားပါတယ်.. သိပ်မကြာခင် ရောက်တော့မှာပါ”


ဖူမင်ယိုက အဘွားရှကို လုံးလုံးလျစ်လျူရှုပြီး လက်ခုပ်ချီ၍ ပြောလိုက်သည်။ “အဒေါ်.. ရှီးရှီးကို ကျွန်တော့်လက်ထဲ စိတ်ချလက်ချအပ်လိုက်ပါ.. ကျွန်တော့်မိဘတွေကို တိုင်တည်ပါတယ်.. ရှီးရှီးတစ်ယောက်တည်းကိုပဲ တစ်ဘဝလုံး သစ္စာရှိသွားပါ့မယ်”


သူ တတ်မြောက်ထားသော ပညာရေးကြောင့် ဖူမင်ယိုက မယားများစွာယူခြင်းကို လက်မခံနိုင်ပေ။ သူ ရှယန်ရှီးအပေါ်မှာ စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်၍ တစ်သက်လုံး ထိုသူနှင့်သာအတူရှိပြီး လုံးဝမခွဲခွာဘဲ ထိုသူကိုသာ ချစ်မြတ်နိုးမည်။


“တစ်သက်လုံးအတွက် တစ်ယောက်တည်းတဲ့.. ဘယ်လောက်တောင်လှလိုက်တဲ့စကားလဲ”


“ဖူရှောင်ကျစ်က တကယ့်ကို ပညာတတ်တစ်ယောက်ပါပဲ”


“တကယ်ပါပဲ.. ဆိုရိုးစကားတောင်ရှိတယ်မလား.. အောင်သွယ်တော်ရဲ့စကားကို မိဘတွေကတောင် သဘောတူတာ.. အဘွားကြီးက ဘာဝင်ရှုပ်တာလဲ”


“အမယ်လေး… နင်ကခုမှရောက်တာကိုး..  ဒီအဘွားရှက ဖူရှောင်ကျစ်ကို သူ့မြေးမလေးနဲ့တောင် မိတ်ဆက်ပေးနေတာ.. တခြားရည်ရွယ်ချက်ရှိပုံပါပဲ”



“ဟယ်တော်…..”


တံခါးအပြင်ဘက်မှ လူတိုင်းက တီးတိုးဆွေးနွေးနေ၏။ အဘွားရှနံဘေးရှိ ရှဟွမ်ဟွမ်သည် ဖူမင်ယိုကိုကြည့်နေလျက် သူ့မျက်နှာက ရှက်သွေးဖြာနေသည်။ တစ်ဘဝလုံးစာ တစ်ယောက်တည်းပဲတဲ့.. ဘယ်လောက်တောင် လှလိုက်တဲ့စကားလုံးလဲ…


“ဖူသခင်လေး…ရှင်က တကယ်ပဲ အစ်ကိုရှီးရှီးကို လက်ထပ်ချင်တာလား”


ရှဟွမ်ဟွမ်က ဟန်ဆောင်ပန်ဆောင် ဦးညွတ်အရိုအသေပေးကာ တိုးတိုးလေးမေးလိုက်၏။


ဖူမင်ယိုက သူမ၏ အရိုအသေပေးမှုကို လျစ်လျူရှုလျက် တည့်ပြောလိုက်သည်။ “ဒီဘဝမှာ ရှီးရှီးနဲ့ပဲ တစ်သက်လုံးလက်တွဲသွားချင်တယ်”



ရှဟွမ်ဟွမ်က အခက်အခဲကြုံနေသလို ဟန်ဆောင်ကာ ပြောလာသည်။ “ကောတွေက ကိုယ်ဝန်ရဖို့ခက်တာ ရှင်မသိဘူးလား.. ပြီးတော့ ရှီးရှီးက ငယ်ငယ်လေးတည်းက ရန်ဖြစ်ရတာကြိုက်တယ်.. ရှင်က ဒီကိုခုမှရောက်တာဆိုတော့ သိပ်မသိသေးဘူးထင်တယ်”


အောင်သွယ်တော်ဝမ်တင်မကဘဲ ဘေးနားရှိ အမေရှပါ ဒေါသထွက်မတတ်ဖြစ်နေ၏။


ဒီနေ့လို မင်္ဂလာရှိတဲ့နေ့မျိုးမှာ ဒုတိယအိမ်တော်နဲ့ အဘွားကြီးက သေချင်နေတာပဲ.. သူ့ကောလေးရဲ့ ကံကြမ္မာကောင်းကို ဖျက်ဆီးရင်တော့ သူ ရိုင်းပြတာကိုလည်း လာအပြစ်မတင်နဲ့တော့..


“ရှီးရှီးက ကြမ်းတမ်းလားတော့မသိပေမယ့် ဒီမိန်းကလေး စကားအပြောမတတ်တာတော့ သိတယ်”


ဖူမင်ယိုက ရှဟွမ်ဟွမ်ကို အေးအေးလူလူကြည့်လျက် တည့်တိုးပြောလိုက်၏။ “ငါသိတဲ့ရှီးရှီးက ရဲရင့်ပြီး ကြင်နာတတ်တယိ.. မိဘတွေကိုချစ်ပြီး ညီငယ်လေးကိုလည်း ဂရုစိုက်တတ်တဲ့ ကလေးကောင်းတစ်ယောက်.. ပြီးတော့ အခက်အခဲဒုက္ခကိုမကြောက်ဘဲ တက်တက်ကြကြွရှိတဲ့ ကောလေးတစ်ယောက်ပဲ”


“စိတ်ရင်းကောင်းပြီး စာနာတတ်သလိုလိုနဲ့ တကယ်တမ်းကျတော့ ရက်စက်တတ်တဲ့ တချို့လူတွေနဲ့မတူဘူး”



ဖူမင်ယိုက ရှဟွမ်ဟွမ်၏ လှည့်ကွက်လေးများကို အများကြီးမြင်ဖူးသည်။ သူမက တကယ့်ကို လက်ဖက်စိမ်းတစ်ယောက်ဖြစ်၏။


တံခါးအပြင်ဘက်ရှိ ရှလီရမ်က ဤစကားကြားသောအခါ သူ့မျက်လုံးများ နီရဲလာပြီး ချက်ချင်းပင် ပြောလိုက်သည်။ “မှန်တယ်”


“ငါ့ကောလေးက ရဲရင့်ပြီး ကြင်နာတတ်တယ်.. မိဘတွေကိုလည်းချစ်ပြီး ညီလေးကိုလည်း ဂရုစိုက်တယ်.. သူက အရမ်းလိမ္မာတဲ့ကောတစ်ယောက်ပဲ”


ရှလီရမ်၏အမြင်တွင် သူ့ကောလေးက အကောင်းဆုံးကောဖြစ်သော်လည်း သူ့မိခင်က ဤကောလေး၏ ပျော်ရွှင်မှုကို မမြင်ချင်ဘဲ ဤလက်ထပ်ပွဲကို ဖျက်ဆီးလိုသည်။ ၎င်းကို ရှာလီရမ် လုံးဝခွင့်မပြုနိုင်။


“ဦးလေး..ပြန်လာပြီလား” ဖူမင်ယိုက ရှလီရမ်ကိုမြင်သည်နှင့် ချက်ချင်းနှုတ်ဆက်လိုက်သည်။


ရှလီရမ်က ခေါင်းညိတ်ပြပြီး အမေရှ၏နံဘေးမှာ မတ်တပ်ရပ်ရင်း ပြောသည်။ “ကိုယ်ပြန်လာပြီ”


အမေရှက ခေါင်းညိတ်ပြလျက် အပြုံးလေးဖြင့် ဆိုသည်။ “အချိန်ကိုက်ပြန်လာတာပဲ”



သူ ပြန်မလာသေးလျှင် အခြေအနေက ကောင်းတော့မည်မဟုတ်။


သူမသည်ကား ယောက္ခမအား သူမကောလေး၏ လက်ထပ်ပွဲကို ဖျက်ဆီးခွင့်ပြုမည်မဟုတ်ချေ။


“အမေ.. ကျွန်တော် ဒီလက်ထပ်ပွဲကို သဘောတူတယ်”




ရှလီရမ်က အဘွားရှကို တည့်စိုက်ကြည့်၍ ဆက်ပြောလိုက်၏။ “ရှောင်ဖူရဲ့ အကျင့်စရိုက်ကို ဒီလတွေမှာ သေချာလေ့လာပြီးပြီ.. သူက တစ်သက်တာလုံးအတွက် အပ်နှံဖို့ ထိုက်တန်တဲ့သူပဲ.. ရှီးရှီးကို သူ့လက်ထဲအပ်ဖို့ စိတ်ချရတယ်”




အဘွားရှက သူ့ကို စူးစူးဝါးဝါးကြည့်ကာ ပြောလိုက်၏။ “သားကြီး.. မင်းက ငါ့ကို ဆန့်ကျင်နေတာလား”



ရှလီရမ်က ပြုံး၍ဖြေသည်။ “အမေ.. ကျွန်တော် အမေ့ကို ဆန့်ကျင်နေတာမဟုတ်ဘူး.. ဆိုရိုးစကားရှိတာပဲ.. အောင်သွယ်တော်ရဲ့စကားကို မိဘတွေက သဘောတူဖို့ပဲလိုတယ်.. ရှီးရှီးရဲ့ မင်္ဂလာကိစ္စက ကျွန်တော်တို့နဲ့ပဲဆိုင်တယ်” ဆိုလိုသည်မှာ အဘွားရှသည် ရှယန်ရှီးနှင့် မျိုးဆက်တစ်ဆက်ခြားသူဖြစ်၍ မြေးဖြစ်သူ၏ လက်ထပ်ပွဲကို ဝင်ရောက်စွက်ဖက်ရန် အရည်အချင်းမရှိပေ။



“လောင်ထိုက်ထိုက်.. ဒီလိုမျိုး မြေးသမက်ကောင်းလေးရတာ အဖွားဖြစ်တဲ့ရှင်က ပျော်သင့်ပါတယ်.. နောက်ဆို သူတို့နှစ်ယောက် လက်ထပ်တဲ့အခါလည်း ရှင့်အပေါ် ဝတ္တရားကျေဖို့ မေ့မှာမဟုတ်ဘူး”


(**လောင်ထိုက်ထိုက်က အဘွားပါပဲ.. သူစိမ်းတွေက သက်ကြီးရွယ်အိုတွေကို ခေါ်ဝေါ်တဲ့အသုံးအနှုန်းပါ)



အောင်သွယ်တော်ဝမ်က အဘွားရှကိုကြည့်ရင်း အပြုံးလေးဖြင့် ဆိုသည်။



အဘွားရှက အေးစက်စက် နှာမှုတ်ရင်း ပြောသည်။ “ငါက သူတို့ရဲ့ ဝတ္တရားသိတတ်မှုကို မျှော်နေရဦးမှာလား”



“ဖူရှောင်ကျစ်… ငါ မင်းကို ဟွမ်ဟွမ်နဲ့ပေးစားရင်း မင်းက ရှီးရှီးဆိုတဲ့ကောကို လက်ထပ်ဦးမှာလား”


ကောတွေရဲ့ မျိုးပွားနှုန်းက မိန်းကလေးတွေထက်နိမ့်လို့ လူအများစုက ကောတွေကို လက်ထပ်ဖို့ ဆန္ဒမရှိကြဘူးမလား။


သူမစကားကို ကြားလိုက်ရသော် အမေရှက သေလုမတတ် ဒေါသထွက်သွား၏။ သူမ စကားမပြောနိုင်ခင်မှာ ဖူမင်ယိုက ပြောလာသည်။


“လောင်ထိုက်ထိုက်… ခင်ဗျားက အသက်ကြီးလာလို့ မျက်စိမှုန်ပြီး နားလေးသွားတာလား.. ကျွန်တော်ပြောတာကို နားမလည်သေးရင် ထပ်ပြောလိုက်မယ်.. ကျွန်တော်လက်ထပ်ချင်တာ ရှယန်ရှီးဆိုတဲ့ ရှကောအာပဲ.. ခင်ဗျားရဲ့မြေးမကတော့ ဘယ်သူနဲ့ပဲ လက်ထပ်ချင်ချင် ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး.. နားလည်ပြီလား”


အဘွားရှက သားငယ်၏ မိသားစုကို ဘက်လိုက်ကြောင်း ဖူမင်ယို ကြားဖူးသော်လည်း သူ့မြေးလေး၏ လက်ထပ်ပွဲကိုပင် ဝင်ရောက်စွက်ဖက်မည်ဟု မထင်ထားခဲ့ပေ။


ဖူမင်ယိုသည် တစ်ဖက်လူ၏ စိတ်ထဲမှာရှိတာကို နားလည်နိုင်ခဲ့သည်။


ဒီအဘွားကြီးက သူ့မှာ အရည်အချင်းနဲ့ ငွေရှိတယ် ထင်လို့ မြေးမလေးကိုသုံးပြီး သူတို့အိမ်ဟောင်းကို ကြည့်ရှုစောင့်ရှောက်စေချင်နေတာမလား။



အဘွားရှက ထိုစကားကြားသော် သေတော့မတတ် ဒေါသထွက်သွားသော်လည်း စကားပြန်မပြောနိုင်ခဲ့ပေ။


အခု ဒီကောင်က လက်ထပ်ဖို့ နားလာဖောက်ရုံရှိသေးတယ်.. သားမက်တောင်မဖြစ်သေးဘဲ သက်ကြီးရွယ်အိုကို အရိုအသေမဲ့နေတာ လွန်သွားပြီ။


တံခါးအပြင်ဘက်ရှိ ရွာသားများမှာ ဖူမင်ယို၏စကားကို ဂရုမစိုက်ကြဘဲ အဘွားရှ၏စကားများကို ဆွေးနွေးနေကြသည်။


လောင်ထိုက်ထိုက်က ဒီလောက်ဘက်လိုက်မယ်လို့ မထင်ထားဘူး.. အရင်က သားငယ်မိသားစုကို ဘက်လိုက်တာကထားပါတော့.. အခု မြေးဖြစ်သူရဲ့ လက်ထပ်ပွဲကိုပါ ဖျက်ချင်နေတာ.. ကြားတောင်မကြားဖူးပါ….


ဖူမင်ယို၏စကားကို ကြားသောအခါ ရှဟွမ်ဟွမ်က အလွန်ဒေါသထွက်လာသည်။ ရွာသားများ၏ အကြည့်များကို မြင်သောအခါ ငိုတော့မတတ် ပြောလိုက်လေ၏။ “အဘွား.. ကျွန်မတို့ပြန်ရအောင်.. ကျွန်မ ဖူသခင်လေးကို မလိုချင်ပါဘူး”


ဆက်နေရင် သူ့ဂုဏ်သိက္ခာ မြောင်းထဲရောက်တော့မှာပဲ.. 


အဘွားရှက ရှလီရမ်၏အိမ်မှာ မကျေမနပ် ထွက်သွားသည်။ တစ်ဖက်လူ၏ ထွက်ခွာမှုကြောင့် အိမ်ကြီးက ရုတ်တရက် သက်ဝင်သွားလေတော့သည်။