Chapter 23
မုလေးက ခေါင်းညိတ်ပြလိုက်သည်။ “ဖူမင်ယိုက အရည်အချင်းရှိတဲ့သူပါ.. သူနဲ့ပူးပေါင်းမယ်ဆိုရင် ဆိုးကျိုးထက် ကောင်းကျိုးပိုရလိမ့်မယ်”
မုလေးက လူတွေကိုကြည့်တတ်သည့် သူ့အမြင်ကိုယုံကြည်သည်။ ဖူမင်ယိုက ဤမျှသေးငယ်သော ကျေးရွာတွင် ကျေနပ်နေမည့်သူမဟုတ်ပေ။
“ဦးလေးငယ်.. ဘယ်တော့ပြန်လာမှာလဲ.. အဘိုးနဲ့အဘွားက ဦးလေးငယ်ကို အရမ်းသတိရနေတာ”
မုရှင်းကျိုးက ထိုသူ ကိရိယာများ သုတ်နေသည်ကိုကြည့်ရင်း
တိုးတိုးလေးဆိုသည်။
မုလေးက ထရပ်လိုက်ပြီး အခန်းထဲမှ ပစ္စည်းတချို့ယူလာ၍ တည့်တိုးပြောသည်။ “မင်း ဒီပစ္စည်းတွေကို အဘိုးနဲ့အဘွားဆီ ယူသွားပေး” မုရှင်းကျိုးက တစ်ဖက်လူကိုကြည့်ရင်း ခေါင်းညိတ်၍မေးလိုက်သည်။ “ဦးလေး.. အခုထိ မပြန်သေးဘူးလား”
သူ အိမ်မပြန်တာ သုံးနှစ်ကြာပြီဖြစ်၏။ ဒီလိုရွာသေးသေးလေးမှာ သူ့ဦးလေး ဘယ်လောက်တောင် ဒုက္ခခံခဲ့ရလဲ ဘုရားပဲသိလိမ့်မယ်..
မုလေးက ခေါင်းခါပြလိုက်၏။ “မင်း အရင်ပြန်ပါ.. အချိန်တန်ရင် ငါ့ဘာသာငါ ပြန်လာပါ့မယ်”
တစ်ဖက်လူမှာ ကိုယ်ပိုင်အတွေးရှိသောကြောင့် မုလေးက ဆက်လက်စည်းရုံးခြင်းမပြုတော့ဘဲ သူပေးသော ပစ္စည်းများကိုယူကာ ထွက်လာခဲ့သည်။
ပစ္စည်းအားလုံးကို မြင်းလှည်းပေါ်တင်ပြီးနောက်မှာ ဖူမင်ယိုက မုရှင်းကျိုး ထွက်သွားတာကို ကြည့်ပြီး စိတ်သက်သာရာရသွားသည်။
နောက်တစ်ဆင့်က အရေးကြီးကိစ္စလုပ်ရန် အချိန်ကျလေပြီ။
နောက်တစ်နေ့တွင် ဖူမင်ယိုသည် သကြားတစ်ပေါင်၊ အသားတစ်ပေါင်၊ မုန့်ပဲသရေစာတစ်ပေါင်နှင့် ကြေးဒင်္ဂါးငါးပြားတိတိယူကာ မြို့ပေါ်ရှိ နာမည်အကြီးဆုံး အောင်သွယ်တော်ဆီသို့ တန်းသွားခဲ့သည်။
ဖူမင်ယိုက ဓလေ့ထုံးတမ်းများကို သေချာမသိသော်လည်း ၎င်းသည် ရှယန်ရှီးကို တန်ဖိုးအမြင့်ဆုံးလက်ဆောင်များဖြင့် စေ့စပ်ကြောင်းလမ်းခြင်းမှ မတားဆီးနိုင်ခဲ့။
“ဖူသခင်လေး… စိတ်မပူပါနဲ့.. ငါ မင်းအတွက် ဒီကိစ္စကို သေချာလုပ်ပေးမှာပါ”
အောင်သွယ်တော်ဝမ်က ဖူမင််ယိုပေးသော လက်ဆောင်များကို ယူပြီး ဤကိစ္စကို အောင်မြင်အောင်လုပ်ပေးမည်ဟု ချက်ချင်းပြောလိုက်၏။
ဤဖူသခင်လေးက ကိစ္စပြီးသွားလျှင် သူမအား ငွေငါးတေးလ် ထပ်ပေးမည်ဟုလည်း ပြောခဲ့သည်။
သူမသည် ယခင်က အလုပ်တစ်ခုအတွက် အများဆုံးသုံးတေးလ်မှ ငါးတေးလ်အထိသာ ရသော်လည်း ယခု သူမမှာ တစ်ပြိုင်နက်တည်း ဆယ်တေးလ်ရလာသည့်အပြင် ထိုလူ ယူလာသော အသားများဖြင့်ဆိုလျှင် အမြတ်အစွန်းက များလွန်းနေသည်။
ဖူမင်ယိုက ပြုံး၍ခေါင်းညိတ်ပြ၏။ “ဒါဆိုလည်း အဒေါ်ဝမ်ကိုပဲ ဒုက္ခပေးရတော့မယ်”
“အေး…ရပါတယ် ရပါတယ်”
အဒေါ်ဝမ်က ပြုံးလိုက်ပြီး ဖူမင်ယို စိတ်ဝင်စားသော ကောလေးသည် အလွန်ထူးချွန်သူဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။
လပြည့်ခြောက်လပိုင်း၏ ရှစ်ရက်မြောက် နေ့ထူးနေ့မြတ်တွင် အောင်သွယ်တော်ဝမ်က ဖူမင်ယို ဝယ်ထားသော ပစ္စည်းများကို ယူဆောင်လျက် ရှမိသားစုဆီသို့ တန်းတန်းမတ်မတ်ရောက်လာခဲ့သည်။
“ညီမလေး.. ငါ့မှာ ဝမ်းသာစရာသတင်းပါလာတယ်”
အမေရှကိုမြင်သောအခါ အောင်သွယ်တော်ဝမ်က ချက်ချင်းပင် ရင်းရင်းနှီးနှီး ပြောဆိုလိုက်၏။
ရှကျားရွာမှ လူအချို့သည် အောင်သွယ်တော်ဝမ်ကို သိကြသည်။ တစ်ဖက်လူသည် မြို့ပေါ်ရှိ နာမည်အကြီးဆုံး အောင်သွယ်တော်ဖြစ်၏။ ရှယန်ရှီးအား မည်သူလာရောက်စေ့စပ်သည်ကို သိလိုစိတ်ဖြင့် လူတိုင်းက ရှလီရမ်၏အိမ်အပြင်မှာ စုရုံးနေကြလေသည်။
“အောင်သွယ်တော်ဝမ်… ဒါကဘာလဲ”
အမေရှသည်လည်း အောင်သွယ်တော်ဝမ်ကို သိ၏။
အောင်သွယ်တော်ဝမ်က ပြုံးလျက်ပြောသည်။ “ညီမလေး.. နင်အရမ်းကံကောင်းတာပဲ.. ဒီနေ့ ငါက ဖူသခင်လေးကိုယ်စား နင်တို့ ကောလေး ရှယန်ရှီးကို စေ့စပ်ကြောင်းလမ်းဖို့ လာခဲ့တာပါ”
“ဘုရားရေ! ဖူရှောင်ကျစ်က ရှမိသားစုရဲ့ ကောလေးကို လာတောင်းနေတာလား”
“အိုက်ယား.. ဒီရှလီရမ်တို့မိသားစုက ကံကောင်းလိုက်တာ”
“ဒီဖူရှောင်ကျစ်က လူတော်လေး.. ပြီးတော့ ရှမိသားစုရဲ့ ကောလေးကလည်း လူတော်လေးပဲဆိုတော့ သူတို့နှစ်ယောက်က တော်တော်လိုက်ဖက်တယ်”
အမေရှက တခဏမျှ ကြောင်သွားပြီးနောက် မလှမ်းမကမ်းရှိ ဖူမင်ယိုကို အံ့အားတကြီး ကြည့်လိုက်၏။ “လာလာ.. အိမ်ထဲမှာ စကားပြောရအောင်”
ဤဖူရှောင်ကျစ်က ဤမျှမြန်မြန်လှုပ်ရှားမည်ဟု သူမ မထင်ထားခဲ့ပေ။ ပြောရလျှင် သူမက အနည်းငယ် နှမြောတသဖြစ်နေခဲ့သည်လေ။
သူတို့မိသားစု၌ ကောလေးတစ်ယောက်သာရှိ၍ သူမနှင့် ခင်ပွန်းဖြစ်သူက ငယ်ငယ်လေးတည်းက ချစ်ပေးခဲ့ကြသည်။
မိသားစုက ဆင်းရဲသော်လည်း ပျော်ရွှင်မှုရှိသည်။
ယခု ကောလေးလည်း အရွယ်ရောက်ပြီဆိုတော့ အိမ်ထောင်ပြုသင့်ပြီဖြစ်၏။
“ဖူကောကောက သားရဲ့ ယောက်ဖဖြစ်လာတော့မှာလား”
ရှောင်ပေါင်က ဖူမင်ယိုအား ဝမ်းသာအားရကြည့်ပြီး နို့သံလေးဖြင့် မေးလိုက်သည်။
ဖူမင်ယိုက သူ့ကို ချီပြီး ရှက်သွေးဖြာနေသော ရှယန်ရှီးကိုကြည့်လျက် ပြန်မေးလိုက်၏။ “အင်း.. ရှောင်ပေါင် ပျော်လား”
“ပျော်တယ်”
ရှောင်ပေါင်က ဖူမင်ယို၏ လည်ပင်းကို ဖက်တွယ်၍ ဆိုသည်။ “ကောကောလည်း သေချာပေါက် သဘောကျမှာ”
ရှယန်ရှီးက ထိုစကားကြားသောအခါ သူ့ညီငယ်လေးကို မျက်စောင်းထိုး၍ မေးလိုက်သည်။ “သုံးနှစ်တောင်ရှိပြီ.. အခုထိ လူကို ချီခိုင်းနေတာ မရှက်ဘူးလားဟမ်”
“မရှက်ပါဘူး”
ရှောင်ပေါင်က နှုတ်ခမ်းစူ၍ နှာမှုတ်ပြသည်။
ဤကာလအတွင်း ကောင်းကောင်းစားခဲ့ရသောကြောင့် ရှောင်ပေါင်က သိသိသာသာ ဖြူဖွေးနူးညံ့လာပြီး ပို၍ပင် ချစ်စရာကောင်းလာလေသည်။
“သွားရအောင် ရှီးရှီး… အိမ်ထဲဝင်ကြစို့”
ဖူမင်ယိုက ရှယန်ရှီးကိုကြည့်ပြီး ပြုံးရယ်လျက် ပြောလိုက်သည်။
ပါဝင်ပတ်သက်သူတစ်ဦးအနေဖြင့် ရှယန်ရှီးက သူ့နောက်လိုက်သွားလို့ မဖြစ်၍ သူ့အခန်းသို့သာ ပြန်သွားလိုက်သည်။
မိခင်နှင့် အောင်သွယ်တော်ရှေ့မှာဆို ရှယန်ရှီး ရှက်သည်လေ။
အမေရှက အောင်သွယ်တော်ဝမ်ကို အိမ်မကြီးဆီသို့ခေါ်လာပြီး လက်ဖက်
ရည်တစ်ခွက်ထည့်ပေးကာ ပြောလိုက်သည်။ “အစ်မဝမ်.. လက်ဖက်ရည်သောက်ပါ”
အောင်သွယ်တော်ဝမ်က ပြုံးလျက် ဖူမင်ယို ပြင်ဆင်ပေးသော ပစ္စည်းများကို ထုတ်ရင်း တိုက်ရိုက်ပြောလိုက်သည်။ “ဖူသခင်လေးက လူတော်လေးဆိုတာ ရွာထဲကလူတိုင်းသိမယ်ထင်တယ်.. ရှမိသားစုကကောလေး သူ့နောက်လိုက်မယ်ဆိုရင် ဒုက္ခမရောက်စေရဘူးလို့ ယုံကြည်တယ်.. နင်တို့သားလေးကလည်း အရမ်းလိမ္မာတော့ နောင်အနာဂတ်မှာ နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတဲ့အခါ မိဘတွေဖြစ်တဲ့ နင်တို့လည်း စိတ်အေးရပြီပေါ့”
ဤစေ့စပ်ကြောင်းလမ်းမှုကိုကြည့်၍ အမြင်ရှိသူတိုင်းသည် သူတို့နှစ်ဦး မေတ္တာမျှနေပြီဖြစ်ကြောင်း သိနိုင်သည်။
အောင်သွယ်တော်ဝမ်သည်လည်း မလာခင်စုံစမ်းခဲ့သည်။ ဤဖူမင်ယိုက အရည်အချင်းရှိသူတစ်ဦးဖြစ်၍ မိသားစုများစွာက သူ့ကို မျက်စိကျနေကြသော်လည်း တစ်ဖက်လူက ရှမိသားစုကို ကိုယ်တိုင်လာရောက်တောင်းရမ်းမည်ဟု သူမ မထင်ထားခဲ့ပေ။
အမေရှက ဤအချက်ကို သဘောတူ၍ ပြုံးရင်း ပြောလိုက်သည်။ “ဖူရှောင်ကျစ်ကို ကျွန်မသိတယ်… ကျွန်မ ကောလေးကလည်း အရမ်းလိမ္မာတော့ နောက်ဆို သူတို့နှစ်ယောက် သေချာပေါက် ပျော်ရွှင်ကြလိမ့်မယ်လို့ ကျွန်မထင်တယ်”
မတိုင်ခင်က သူမသည် ဖူမင်ယိုနှင့် သူမကောလေး မည်သည့်အချိန်၌ အခြေတကျဖြစ်မည်ကို စဥ်းစားနေဆဲဖြစ်သည်။
မထင်မှတ်ထားသည်မှာ တစ်ဖက်လူက အံ့သြစရာကောင်းအောင် တိုက်ရိုက်ရောက်လာခြင်းပင်။
“ဟားဟား.. ဒါဆိုရင် ညီမလေးက ဒီလက်ထပ်ပွဲကို သဘောတူပြီပေါ့”
အောင်သွယ်တော်ဝမ်က ပြုံးလျက် ဆိုသည်။ “ဒါဆိုရင် မွေးသက္ကရာဇ် လဲလိုက်ကြရအောင်လေ၊ ရှစ်လပိုင်း ရှစ်ရက်နေ့က တကယ့် နေ့ကောင်းနေ့မြတ်ပဲ.. ငါ နင်တို့ရဲ့ မင်္ဂလာအရက်ကို မျှော်နေပါ့မယ်”
အမေရှက ရယ်မောလိုက်သည်။ “ဒါပေါ့ ကျွန်မ သဘောတူတယ်”
ဤလက်ထပ်ပွဲကို အစတည်းက သူမ သဘောတူခဲ့တာပင်။
“ငါ သဘောမတူဘူး”
ထိုအချိန်တွင် အဘွားရှ ရုတ်တရက်ရောက်လာပြီး သူတို့နှစ်ဦးအား ပြောလိုက်သည်။
အောင်သွယ်တော်ဝမ်က အနည်းငယ် လန့်သွားပြီး မေးလိုက်၏။ “ဒါက ဘယ်သူလဲ”
“ယောက္ခမပါ”
အမေရှ၏မျက်နှာပေါ်မှ အပြုံးသည် များစွာဖျော့တော့သွားသော်လည်း သူမက ယဥ်ယဥ်ကျေးကျေး မိတ်ဆက်ပေးလိုက်သည်။
အောင်သွယ်တော်ဝမ်က လူကဲခတ်ကျွမ်းသူဖြစ်ရာ အမေရှနှင့် ယောက္ခမဖြစ်သူကြားက ဆက်ဆံရေးမကောင်းသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ခဲ့သည်။