Ch 22
Viewers 9k

Chapter 22 


“မုရှင်းကျိုးနှင့် မုဆိုးမုလေးတို့၏ ပတ်သက်မှု”


ဖူမင်ယို ပေးပို့ခဲ့သည့် ရစ်ငှက်အပြင် အရင်က မကုန်သေးသော ဝက်သားများရှိနေသဖြင့် နေ့လယ်တွင် ရှလီရမ် ပြန်ရောက်သောအခါ ဟင်းလျာများစွာကိုကြည့်ပြီး ပြုံးမိသွား၏။ “ဒီနေ့ဟင်းတွေ များလှပါလား”


“အဖေ.. ဖူကောကောက ရစ်ငှက်ရယ် မီးအိမ်ရယ် ယူလာပေးတယ်”



ရှောင်ပေါင်က ခုန်ပေါက်ရင်း ပြောဆိုသည်။


ရှလီရမ်က မျက်ခုံးပင့်လျက် ဖူမင်ယိုအား အသာစွေကြည့်လိုက်သည်။ “ရှောင်ဖူ… မင်း အိမ်လည်းဆောက်ပြီးပြီဆိုတော့ ကိုယ့်ဘာသာချက်စားသင့်ပြီလေ”



“ဦးလေး.. ကျွန်တော်က ယောကျာ်းကြီးဆိုတော့ ချက်ပြုတ်တဲ့လက်ရာက တကယ်မကောင်းလို့ပါ. မဟုတ်ရင် ဦးလေးတို့အိမ်မှာ ညစာလာစားနေမှာမဟုတ်ဘူး”


ဖူမင်ယိုက ပွင့်လင်းရိုးသားစွာဖြင့် ပြုံးပြီး ပြောလိုက်သည်။


ရှလီရမ်က သူ့ကို မျက်စောင်းထိုးလိုက်၏။ ဤလူက သူ့ကောလေးကို သိမ်းသွားတော့မည်ကို သိလိုက်ချိန်မှစ၍ သူသည် ဖူမင်ယိုအား အမြင်မကြည်တော့။



“အေးပါ..အေးပါ. စားရအောင်လေ”


အမေရှက ရှလီရမ်၏ပခုံးကို အသာပုတ်ပြီးမှ ဖူမင်ယိုအားကြည့်ကာ ပြောလိုက်သည်။ “ရှောင်ဖူက အဒေါ်ချက်တာကို ကြိုက်မှတော့ အားမနာဘဲသာ လာစားလှည့်”


ဖူမင်ယိုက ပြုံး၍လက်ခံလိုက်သည်။ ဒါပေါ့.. နေ့တိုင်းတော့ ဘယ်လာလို့ရမလဲ…


ထမင်းစားပြီးနောက် ဖူမင်ယိုသည် ရှယန်ရှီးအား အပြင်ထွက်လမ်းလျှောက်ရန် ချိန်းဆိုခဲ့သည်။ အဓိကအကြောင်းမှာ ဗိုက်နည်းနည်းပြည့်နေ၍ဖြစ်ပြီး တစ်ဖက်လူ၏ သူ့အပေါ်အမြင်ကို သိချင်၍လည်းဖြစ်သည်။


“ရှီးရှီး.. မင်းကိုယ့်ကို ဘယ်လိုမြင်လဲ”


ဖူမင်ယိုသည် အမြဲတမ်းပွင့်လင်းသော လူတစ်ယောက်ဖြစ်ခဲ့သည်။ ဤအတောအတွင်း ရှယန်ရှီးက အင်မတန်ကောင်းသည်ဟု သူယူဆခဲ့သည်။ အမျိုးသားတစ်ယောက်က ကြီးလာလျှင် လက်ထပ်ရမှာဖြစ်သလို ကောတစ်ယောက်ကလည်း အရွယ်ရောက်လာလျှင် လက်ထပ်ရမည်။



ရှမိသားစုမှ ဤကောသည် အရွယ်ရောက်နေပြီဖြစ်သော်လည်း မည်သူမျှ လာရောက်တောင်းရမ်းခြင်း မရှိသေးသောကြောင့် လက်ထပ်ရန် အခက်အခဲရှိနိုင်သည်ဟု အကြိမ်များစွာ ကြားခဲ့ဖူးသည်။


ငြင်းဆိုမရတာကတော့ ရှယန်ရှီးအား တောင်းရမ်းခြင်းမရှိသေး၍ ဖူမင်ယို စိတ်သက်သာရာရခဲ့တာပင်။


တစ်ဖက်လူ၏စကားကို ကြားသောအခါ ရှယန်ရှီး၏ မျက်နှာမှာ ရုတ်တရက် နီရဲသွားသည်။ သူက ခေါင်းငုံ့လျက် တိုးတိုးလေးပြောလိုက်၏။ “ဖူတာ့ကောက အရမ်းကောင်းပါတယ်.. ကျွန်တော် တွေ့ဖူးသမျှလူတွေထဲမှာ အကောင်းဆုံးပဲ”


တစ်ဖက်လူက ကောင်းလွန်းလှသဖြင့် တစ်ခါတစ်ရံ သူသည် အနည်းငယ် နိမ့်ကျနေသည်ဟုပင် ခံစားခဲ့ရသည်။


သို့ပေသိ ရှယန်ရှီးက ထိုလူစားမျိုးမဟုတ်။ သေချာစဥ်းစားပြီးနောက် သူ့ရင်ထဲရှိ နိမ့်ကျသည်ဟူသော ခံစားချက်လေး ပျောက်ကွယ်သွားခဲ့သည်။


တစ်ဖက်လူမှာ သူ့ကိုယ်ပိုင်အားသာချက်ရှိသော်လည်း ရှယန်ရှီးသည်လည်း ထူးချွန်သူတစ်ဦးဖြစ်၏။


ဖူမင်ယိုက နှုတ်ခမ်းကိုကွေးညွတ်လျက် ပြုံးကာ ရှယန်ရှီး၏လက်ကို လှမ်းကိုင်ရင်း ပြောလိုက်သည်။ “ရှီးရှီး… ကိုယ် မင်းကိုသဘောကျတယ်.. မင်းရော?”


သူ ရှီးရှီးကို သဘောကျသည်။ မြင်မြင်ချင်း ချစ်မိသွားသည်ဟု မပြောဝံ့ဘဲ အချိန်ကြာလာသည်နှင့်အမျှ ခံစားချက်များ တိုးလာခဲ့ခြင်းပင်။


သူသည်ကား တစ်ဖက်လူ၏မျက်နှာပေါ်မှ တောက်ပသောအပြုံးကို သဘောကျသည်။ တစ်ခါတစ်ရံမှာ ပင်ပန်းနွမ်းနယ်နေသော်လည်း တောင့်ခံ၍ကြိုးစားနေပုံကို သဘောကျသလို တစ်ခါတစ်ရံမှာ ရှက်သွေးဖြာနေသည့်ပုံစံကိုလည်း သဘောကျသည်။



“ကျွန်တော်လည်း ဖူတာ့ကောကို သဘောကျတယ်”


ရှယန်ရှီးက တစ်ဖက်လူအား မော့ကြည့်ကာ သူ့အင်္ကျီစကို ဖျစ်ထားလျက် စိုးရိမ်တကြီး ပြောလိုက်၏။ “ဖူတာ့ကောက အရမ်းတော်တယ်.. ကျွန်တော်လည်း ပိုတော်အောင် ကြိုးစားပါ့မယ်”


ဖူမင်ယိုက အလားအလာရှိသဖြစ်ကြောင်း လူများစွာက ပြောဆိုနေကြသည်ကို သူ တိတ်တိတ်ကလေး နားထောင်ခဲ့ဖူးသည်။


“ရှီးရှီးက အခုလည်း တော်ပြီးသားပါ”


တစ်ဖက်လူ၏ တောက်ပသော မျက်လုံးများကို မြင်သော် ဖူမင်ယိုက ပြုံးလိုက်မိပြီးမှ လက်ကိုဆွဲကိုင်ထားလျက် ပြောလိုက်၏။ “ရှီးရှီးက ကိုယ်တွေ့ဖူးသမျှ ကောတွေထဲမှာ အကောင်းဆုံးပဲ”


တစ်ဖက်လူ၏စကားကို ကြားသောအခါ ရှယန်ရှီးက ပြုံးကာ ပြန်ဖြေ၏။ “တာ့ကောပြောသလောက်လည်း မဟုတ်ပါ့ဘူး”


ဖူမင်ယိုက အားပါးတရ ခေါင်းညိတ်ပြ၏။ “ရှီးရှီးက တကယ်ကို အကောင်းဆုံးပါ”


ရှယန်ရှီးသည် တစ်ဖက်လူ၏ မျက်ဝန်းထဲမှ စိတ်ရင်းအမှန်ကို မြင်ပြီး သူ့နားရွက်ဖျားလေးတွေ နီရဲလာသည်။


နှစ်ယောက်သား အချိန်အတော်ကြာ လမ်းလျှောက်ခဲ့ကြပြီး ရှီးရှီးကို အိမ်ပြန်ပို့ပြီးနောက် ဖူမင်ယို စိတ်ထဲကျေနပ်သွား၏။


နေ့လည်ပိုင်းတွင် မုရှင်းကျိုးက ပစ္စည်းသယ်ရန် လူတွေခေါ်လာသည်။


“အဟမ်း…ဟိုလေ… ဖူသခင်လေး”


မုရှင်းကျိုးက ဖူမင်ယိုအား မဝံ့မရဲကြည့်ကာ ချီတုံချတုံပြောသည်။ “ဒီမနက်တွေ့ခဲ့တဲ့ ဟိုလူကြီးမင်းနဲ့ ဖူသခင်လေးက ရင်းနှီးလား”


ဤမျှသေးငယ်သော ရွာကလေးမှာ မုရှင်းကျိုးက သူ့ဦးလေးငယ်ကို တွေ့ဆုံရမည်ဟု မထင်ထားခဲ့ပေ။


သူ့ဦးလေးငယ် မြို့တော်မှ ထွက်ခွာသွားပြီးနောက် သူတို့တစ်မိသားစုလုံး သတင်းအစအန မရခဲ့ကြပေ။ သူ့အဘိုးအဘွားတွေက ပုံမှန်ဆိုလျှင် ထိုအကြောင်းမပြောကြသော်လည်း အနှီလူအား လွမ်းဆွတ်နေကြဆဲပင်။


၎င်းကိုကြားသော် ဖူမင်ယိုက ပြုံး၍ဆိုသည်။ “အစ်ကိုကြီးမုကို ပြောတာလား? သူက ဒီရွာက မုဆိုးလေ.. ဒါပေမယ့် ကျွန်တော်လည်း ခုမှ ဒီကိုရောက်တာဆိုတော့ သူ့ကို နှစ်ကြိမ်ပဲတွေ့ဖူးသေးတယ်.. သိပ်မရင်းနှီးဘူး”


သူသည် မုလေး၏အကြောင်းကို သိပ်မသိသော်လည်း သူ့ရင်ထဲမှာတော့ ဤမုရှင်းကျိူးနှင့် မုလေးက အမျိုးတော်စပ်နေသလားဟူ၍ အတွေးတစ်ခုတော့ရှိ၏။



အကြောင်းမှာ နှစ်ယောက်လုံးမှာ မျိုးရိုးအမည်မုရှိနေ၍ပင်။


“ဒီတော့ သူက မုဆိုးပေါ့”


မုရှင်းကျိုးက တခဏမျှစဥ်းစားပြီး သူ၏ အခြွေအရံများနှင့် လက်အောက်ငယ်သားများကို အလုပ်ဆက်လုပ်စေသည်။ “ဖူသခင်လေး.. အဲ့ဒီမုဆိုးရဲ့အိမ်ကို ဘယ်လိုသွားရမလဲသိလား”


ဖူမင်ယိုက ဤအရာကို အမှန်တကယ် သိရှိထား၍ ပွင့်လင်းစွာပြောပြလိုက်သည်။ “အရှေ့ဘက်ကိုသွား… တောင်ခြေနားက အိမ်နားမှာ အစ်ကိုကြီးမုရဲ့အိမ်ရှိတယ်”


မုရှင်းကျိုးက ခေါင်းညိတ်ပြလျက် သူ၏ နောက်လိုက်များနှင့်အတူ ထိုဘက်သို့ တန်းသွားလိုက်သည်။


ဖူမင်ယိုက ပိုင်းခြားသိမြင်နိုင်သူဖြစ်၍ အများကြီးမမေးခဲ့။ ဤသည်မှာ သူများကိစ္စဖြစ်၍ သူက သူ့အလုပ်ကို ဂရုစိုက်ဖို့သာလိုသည်။


ဤတစ်ကြိမ်တွင် သူသည် မုရှင်းကျိုးအား နံပါတ်တစ် မီးအိမ်ရှစ်ရာ၊ နံပါတ်နှစ်မှ ငါးအထိ မီးအိမ်လေးရာစီနှင့် နံပါတ်ခြောက်မီးအိမ် နှစ်ရာ့ရှစ်ဆယ်ပေးခဲ့သည်။


တွက်ချက်ကြည့်ပါက သူ ဤတစ်ကြိမ်တွင် ငွေအများကြီးရရှိပေမည်။


သို့သော်လည်း မုရှင်းကျိုးက ငွေသားအများကြီးပါမလာသဖြင့် ငွေတေးလ်တစ်ထောင်နှင့် ငွေတေးလ်သုံးသောင်းတန် ငွေစက္ကူကိုသာ ပေးခဲ့သည်။ ကျန်ငွေအားလုံးကို ကြွေးမြီး စာချုပ်ချုပ်လိုက်ပြီး ရတနာစုစည်းရာနန်းတော်မှ တစ်လအတွင်း လာပို့ပေးမှာဖြစ်၏။


တစ်ဖက်လူ ပစ္စည်းခိုးသွားမှာကိုတော့ ဖူမင်ယိုမကြောက်။ သူ ထိုလူနှင့် စီးပွားရေးလုပ်ရဲလျှင် ကတိဖျက်မှာကိုလည်း မကြောက်ပေ။


အကယ်၍ ထိုလူက ကတိဖောက်ဖျက်ခဲ့လျှင်ပင် ကြွေးမြီးစာချုပ်များ ရှိနေသေးသည့်အတွက် ထိုလူ လုံးဝထွက်ပြေးနိုင်မှာမဟုတ်ပေ။


ယခုချိန်တွင် မုရှင်းကျိုးက မုလေး၏အိမ်သို့ တည့်တည့်လျှောက်သွားလိုက်သည်။


ခြံဝင်းထဲ၍ ကိရိယာများ ရှင်လင်းနေသော မုလေးက တစ်ဖက်လူအား မြင်သောအခါ မျက်လုံးပင့်လျက် ပြောသည်။ “ရောက်လာမှတော့ တန်းဝင်လာခဲ့လေ”


မုရှင်းကျိုးက တစ်ဖက်လူကို ကြည့်ကာ ခေါ်လိုက်၏။ “ဦးလေးငယ်”


မုလေးက ခေါင်းညိတ်ပြပြီးမှ တစ်ဖက်လူအား ထိုင်ရန် လက်ဟန်ပြလိုက်သည်။ “ရှကျားရွာကို ဘာလို့လာတာလဲ”


မုရှင်းကျိုးက မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ ဖူမင်ယိုနှင့် စီးပွားရေးလုပ်ခဲ့သည့် အကြောင်းအရာများကို ပြောပြလိုက်သည်။