Chapter 30
“စေ့စပ်ပွဲ”
မုမိသားစုကိစ္စက မည်သို့ပင်ရှိစေကာမူ ရှကျားရွာရှိ ဖူမင်ယိုသည် လိုအပ်သည့် ပစ္စည်းများကို ပြင်ဆင်ပြီးနောက် ချက်ချင်းပင် အောင်သွယ်တော်အား ခေါ်ကာ သွားရောက်တောင်းရမ်းခဲ့သည်။
ထိုလုပ်ငန်းစဥ်က မြန်ဆန်ခဲ့သည်။ မိသားစုနှစ်ခုက ကြိုတင်ညှိနှိုင်းထားပြီးဖြစ်တာကြောင့် ယခုတစ်ကြိမ်သည် လုပ်ထုံးလုပ်နည်းကို လိုက်နာရုံမျှသာဖြစ်၏။
ဖူမင်ယိုက မိဘမဲ့ဖြစ်သောကြောင့် ဤတစ်ကြိမ်တွင် သူကိုယ်တိုင် လာရောက်တောင်းရမ်းခဲ့သည်။
ယနေ့ ရှကျားရွာက အထူးစည်းကားနေပြီး အဓိကအားဖြင့် ဖူမင်ယို၏ သွားရောက်တောင်းရမ်းခြင်း ကိစ္စကြောင့်ဖြစ်သည်။
လူတိုင်းကို ဆွဲဆောင်သွားတာကတော့ ထိုကိစ္စမဟုတ်ဘဲ ဖူမင်ယို ပြင်ဆင်ထားသည့် တောင်းရမ်းပစ္စည်းများက အလွန်ကြွယ်ဝနေခြင်းပင် ဖြစ်၏။
“ညီမလေး... ဒီလိုမျိုး သားမက်ကောင်းတစ်ယောက်ရတဲ့အတွက် ဂုဏ်ပြုပါတယ်နော်.. နောက်ဆို ပျော်ရွှင်တဲ့ဘဝကိုပဲ စောင့်မျှော်ခံစားရတော့မှာ”
အောင်သွယ်တော်ဝမ်က အမေရှကို ရင်းနှီးချစ်ခင်စွာ ဆွဲလိုက်သည်။
အချိန်တိုအတွင်းမှာ အောင်သွယ်တော်ဝမ်သည် ဖူမင်ယို၏ ရက်ရောမှုနှင့် ကြွယ်ဝချမ်းသာမှုကို သိရှိသွားခဲ့သည်။
သာမန်မိသားစုအတွက် ငွေငါးတေးလ်ရှိရုံဖြင့် အလွန်ကောင်းမွန်နေပြီ ဖြစ်သော်လည်း ဤဖူမင်ယိုကတော့ ငွေတေးလ်ငါးဆယ်အပါအဝင်ံ ငွေဆံထိုး၊ ငွေလက်ကောက်၊ မီးအိမ်နှင့် ဝဝဖြိုးဖြိုး တောဝက်ကြီးတစ်ကောင်ကို ပြင်ဆင်ခဲ့၏။ ဤတောင်းရမ်းပစ္စည်းများသည် အမှန်တကယ်ပင် အံ့သြစရာကောင်းလှသည်။
“ကလေးတွေ ပျော်ရွှင်နေဖို့အရေးကြီးပါတယ်.. ကျွန်မတို့ ပျော်ရွှင်မှုကို ခံစားရတာ မခံစားရတာက နောက်ကိစ္စပါ”
အမေရှက အပြုံးလေးဖြင့်ဆိုသည်။ ရှယန်ရှီးနှင့် ဖူမင်ယိုက ပျော်ပျော်ရွှင်ရွှင် နေထိုင်နေသရွေ့ သူမ ကျေနပ်နေမည်။
“ဦးလေးနဲ့အဒေါ်.. ကျွန်တော် ရှီးရှီးကို သေချာဂရုစိုက်ပါ့မယ်”
ဖူမင်ယိုက သူတို့နှစ်ယောက်ဆီသို့ လက်ခုပ်ချီ၍ အရိုအသေပေးကာ ညင်သာစွာ ပြောလိုက်၏။
ရှလီရမ်က တစ်ဖက်လူအား တစ်ချက်ကြည့်လိုက်သော်လည်း လူအများရှေ့မှာမို့ မျက်နှာသာပေး၍ ရိုးရိုးလေးပဲ ပြောလိုက်၏။ “ကောင်းပြီ.. မင်း ရှီးရှီးကို အနိုင်ကျင့်ရင်တော့ ငါ အလွတ်ပေးမှာမဟုတ်ဘူး”
“ရှောင်ဖူက ရှီးရှီးကို ကောင်းကောင်းဆက်ဆံမယ်ဆိုတာ ကျွန်မယုံတယ်”
အမေရှက ပြုံးလိုက်ပြီးမှ ရှောင်ပေါင်အား ရှယန်ရှီးကို ခေါ်ထုတ်လာဖို့ စေခိုင်းလိုက်သည်။ ခဏကြာလျှင် နေ့လည်စာစားရတော့မှာ ဖြစ်၏။
စေ့စပ်ပွဲဖြစ်သောကြောင့် ရှမိသားစုက လူတချို့ကို ဖိတ်ခေါ်ခဲ့ပြီး ၎င်းထဲတွင် အိမ်ဟောင်းမှလူများလည်းပါဝင်သည်။
နှစ်ဖက်ကြားဆက်ဆံရေးက သိပ်မကောင်းသော်လည်း ရှလီရမ်က အဘိုးရှနှင့် သူ့ဇနီးတို့၏ သားဖြစ်နေတာကို ပြောင်းလဲ၍မရချေ။
ရှမိသားစု အိမ်ဟောင်းမှလူများသည် ပင်မစားပွဲပေါ်၌ ထိုင်နေကြသည်။ အကြောင်းမှာ သူတို့က ရှယန်ရှီး၏ ဆွေမျိုးများဖြစ်ပြီး ရှောင်လွှဲ၍မရသောကြောင့်ပင်။
ယခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စကြောင့် အဘွားရှသည် ဖူမင်ယိုအား မကျေမနပ် ကြည့်နေသော်လည်း နံဘေးရှိ အဘိုးကြီးကမူ ပြုံးရယ်ပြနေသည်။
“ရှောင်ဖူ.. မင်း ရှီးရှီးကို ကောင်းကောင်းဆက်ဆံရမယ်နော်”
အဘိုးရှက ဖူမင်ယိုကို ကြည့်ကာ အပြုံးလေးဖြင့် ပြောသည်။
ဖူမင်ယိုက အဘိုးရှအား အမူအရာမပြောင်းဘဲလျက် ကြည့်လိုက်သော်လည်း စိတ်ထဲမှာတော့ ဝေဖန်နေမိသည်။ ဒီအဘိုးကြီးက တကယ်ကို ပါးနပ်တဲ့သူပဲ.. နှစ်တွေအကြာကြီး စီးပွားရေးမှာ ကျင်လည်ခဲ့ဖူးတဲ့ ဖူမင်ယိုက ဒီအဘိုးကြီး လူကောင်းမဟုတ်မှန်း ကောင်းကောင်းသိတာပေါ့.. ဒီလူက ဟန်ဆောင်ကောင်းတဲ့သူပဲ…
“ဒါပေါ့ဗျာ.. ဒီဘဝမှာ ရှီးရှီးကလွဲပြီး တခြားဘယ်သူ့ကိုမှ စိတ်မဝင်စားပါဘူး”
ဖူမင်ယိုက တစ်ဖက်လူကိုကြည့်ကာ အလေးအနက်ထား၍ ပြောလိုက်သည်။
အဘိုးကြီးလက်ထဲက အရက်ခွက်သည် ခဏမျှရပ်တန့်သွားသော်လည်း သူက အလျင်အမြန်ဖုံးဖိလိုက်လေသည်။ “ကောင်းတယ်. ကောင်းတယ်”
ယနေ့စေ့စပ်ပွဲ၏ ဟင်းလျာများက စုံလင်လှပြီး ဖူမင်ယို ယူလာသော တောဝက်သား အကုန်လုံးနီးပါးကို စားသုံးပြီးပြီဖြစ်၏။
သို့ပေမယ့် ယခုက ရာသီဥတုပူနေ၍ တောဝက်ကို ကြာကြာထားလို့မရချေ။ ဖူမင်ယို၏ ရွှေလက်ချောင်းကြောင့်သာ မဟုတ်ပါက တောဝက်က ပုပ်သိုးနေတာကြာပြီဖြစ်၏။
ယနေ့ပွဲကို တက်ရောက်သူများသည် အားရပါးရ စားသုံးခဲ့ကြသည်။
ဖူမင်ယိုသည် မြန်မြန်စားပြီးနောက် ရှယန်ရှီးနှင့် ရှောင်ပေါင်တို့အား ထမင်းစားရာတွင် ဂရုစိုက်ပေးလိုက်သည်။
အမေရှက ဖူမင်ယို၏ လှုပ်ရှားမှုများကို ကျေကျေနပ်နပ်ကြည့်နေသည်။
ရှောင်ပေါင်က မည်သည်ကိုမှ မသိနားမလည်သော်လည်း ရှယန်ရှီးကတော့ သူတို့နှစ်ယောက်စေ့စပ်ပြီးသည့်တိုင် အနည်းငယ် ရှက်နေသေးသည်။
မျက်နှာချင်းဆိုင်မှ အဘွားရှသည် ဖူမင်ယို၏ လုပ်ရပ်များကိုကြည့်၍ မျက်လုံးလှန်ပစ်လိုက်သည်။
ဤတစ်ကြိမ် စေ့စပ်ပွဲမှာ ဖူမင်ယိုက မုလေးတို့ကိုပါ ဖိတ်ကြားခဲ့သည်။ သူတို့သည် ဖူမင်ယိုအား ကူညီပေးခဲ့သည့်အပြင် ဖူမင်ယိုမှာလည်း အသိအကျွမ်း သိပ်မရှိသည့်အတွက် သူတို့က သူ့ဘက်ကနေ ထိုင်ခုံဖြည့်ပေးလို့ရသည်။
“ညီလေးဖူ… ဂုဏ်ပြုပါတယ်”
မုဟန်က ဖူမင်ယိုကိုကြည့်ကာ ပြုံးလျက်ဆိုသည်။ “ဘယ်တော့ မင်္ဂလာပွဲကျင်းပမှာလဲ”
ယခု စေ့စပ်ပြီးပြီဆိုတော့ မင်္ဂလာပွဲ မကြာခင်လာတော့မည်။
ဖူမင်ယိုက ပြုံးလျက်ပြောသည်။ “နောက်နှစ်လကြာရင်ပါ.. အချိန်ကျရင် အားလုံးလာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်”
“လာမှာပေါ့ကွ”
မုဟန်က ချက်ချင်းခေါင်းညိတ်ပြသည်။ သူတို့သည် မကြာသေးမီကမှ သိကျွမ်းခဲ့သော်လည်း မုလေးက လူအကဲခတ်တတ်၍ တစ်ဖက်လူအား မိတ်ဆွေဖွဲ့ထိုက်သည်ဟု ထင်သည်။
အားလုံးပြန်သွားပြီးနောက် ဖူမင်ယိုက ရှမိသားစုအိမ်မှာ အကြာကြီးမနေခဲ့။ သူသည်ကား ကူညီသိမ်းဆည်းပေးလိုသော်လည်း အမေရှနှင့် ရှယန်ရှီးက ငြင်းဆန်ခဲ့သော်ကြောင့် မတတ်သာစွာပင် ရှောင်ပေါင်နှင့် ခဏကစားပြီးနောက် ပြန်လာခဲ့ရသည်။
ယနေ့မှာ ဖူမင်ယိုသည် အရက်နည်းနည်းသောက်ခဲ့သော်လည်း အရက်က သိပ်မပြင်းသောကြောင့် ဖူမင်ယိုအတွက် မမူးပေ။
ခွက်တစ်ထောင်သောက်နိုင်သည်ဟုပြောလျှင် ချဲ့ကားလွန်းရာကျမည် ဖြစ်သော်လည်း ရှေးခတ်အရက် ဆယ်ဂဏန်းလောက် သောက်ရုံကတော့ ဖူမင်ယိုအတွက် မပြောပလောက်။ သူ့ကိုယ်ပိုင်အရက်နှင့်ယှဥ်လျှင် အများကြီးကွာသည်။
အိမ်ပြန်ရောက်တော့ ဖူမင်ယိုက ချက်ချင်းပင် ခဏအနားယူဖို့ပြင်လိုက်သည်။
သူသည် မနက်ဖြန်စျေးသွားကာ ဆရာသခင်လင်းကို မိမိ၏ဆရာဖြစ်ပေးဖို့ တောင်းဆိုရန်အတွက် သင်ကြားခအဖြစ် ပစ္စည်းတချို့ဝယ်ယူရန် စီစဥ်ထားသည်။
အင်ပါယာစာမေးပွဲဖြေဆိုရန် ဆုံးဖြတ်ထားသောကြောင့် ဆရာတစ်ဦးရှာဖွေဖို့လိုသည်။ သို့သော် မြို့ပေါ်တွင် သွားရောက်သင်ကြားလိုခြင်းမရှိ၍ ရွာထဲမှ ဆရာသခင်လင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်လေ၏။
ထို့အပြင် သူက စာဂျပိုးတစ်ဦးမဟုတ်။ လိုအပ်သောသင်ကြားရေးအပြင် စီးပွားရေးလည်း လုပ်ကိုင်ရမည်။ သို့သော် သူ ကိုယ်တိုင်ရှေ့မထွက်ဘဲ ရှလီရမ်တို့မှတစ်ဆင့် လုပ်ဆောင်လို့ရသည်။
အနားယူပြီးနောက် ဖူမင်ယိုက စာရွက်နှင့်ဘောပင်ကို ချက်ချင်းထုတ်ကာ စတင်ရေးဆွဲလိုက်၏။
ယခုက ဇူလိုင်လဖြစ်၍ မုရှင်းကျိုး ယူသွားသော မီးအိမ်များမှာ သေချာပေါက် ရောင်းထွက်မည် ဖြစ်သောကြောင့် စိတ်ပူစရာမလိုပေ။
သူလုပ်ရမှာက ရှမိသားစုအတွက် အသက်မွေးဝမ်းကြောင်း တစ်ခုရှာပေးရန် ဖြစ်သည်။
ယခုချိန်သည် နွေဦးပေါက်ဖြစ်၍ လူအများစုက အစာစားချင်စိတ် လျော့နည်းနေသည်။ မြို့ပေါ်မှာလည်း လူချမ်းသာများရှိသောကြောင့် အဆာပြေမုန့်လေးများ ပြုလုပ်ရောင်းချဖို့ သင့်တော်၏။
ဟိုဟိုသည်သည် စဥ်းစားပြီးနောက်မှာ ဖူမင်ယိုက ရောင်းရမည့်မုန့်ကို အကြမ်းဖျင်းစိတ်ကူးရလာသည်။
နောက်တစ်နေ့တွင် ဖူမင်ယို စောစောထလာသည်။ သူ တစ်ယောက်တည်းသွားခြင်းမဟုတ်ဘဲ ရှယန်ရှီးကို သူနှင့်အတူလိုက်ခဲ့ရန် ခေါ်ပြီး သူ ဝယ်ချင်သည့်ပစ္စည်း ရှိမရှိ ကြည့်ခိုင်းခဲ့သည်။
“ရှီးရှီး.. နွားလှည်းနဲ့သွားရအောင်”
ဖူမင်ယိုက နွားလှည်းတစ်စီးရောက်လာသည်ကို တွေ့လိုက်၍ ကြေးဒင်္ဂါးတစ်ပြား ထုတ်ကာ ရှယန်ရှီးကိုဆွဲပြီး နွားလှည်းပေါ်တက်လိုက်သည်။
ရှယန်ရှီးက သူ့လုပ်ရပ်ကိုကြည့်ပြီး မတားနိုင်ခင်မှာပင် တစ်ဖက်လူက ကြေးဒင်္ဂါးပြား ပေးလိုက်လေသည်။
“သေချာထိုင်ကြနော်”
နွားလှည်းမောင်းသော ဦးလေးကြီးက ကြာပွတ်တစ်ချက်ရိုက်လိုက်သောအခါ နွားလှည်းသည် ဖြည်းဖြည်းချင်း ရွေ့သွားလေတော့သည်။