Ch 31
Viewers 9k

Chapter 31 


“ရေခဲလုပ်ချပ်စ်ပြား ဝယ်ယူခြင်း”


စျေးကိုရောက်တော့ ဖူမင်ယိုက ရှယန်ရှီး၏လက်ကိုဆွဲကာ လှည့်ပတ်ကြည့်ရှုလိုက်သည်။


“ရှီးရှီး.. ဝယ်ချင်တဲ့ပစ္စည်းရှိလား”


ဖူမင်ယိုက သူ့ကိုကြည့်၍ ပြုံးကာ မေးလိုက်သည်။


ရှယန်ရှီးက ခေါင်းခါပြ၍ ပြန်ဖြေသည်။ “လောလောဆယ် ဝယ်စရာမရှိသေးဘူး…လျှောက်ကြည့်ရအောင်”


စျေးကိုမလာရတာ ကြာပြီမို့ သူ လျှောက်ကြည့်ချင်သည်။


“ရတာပေါ့ . ဖြည်းဖြည်းကြည့်”


ဖူမင်ယိုက ပြုံးလျက် ပြောလိုက်ပြီးမှ စျေးထဲက စားစရာများကို အာရုံစိုက်ကာ အနည်းအကျဥ်းဝယ်လိုက်၏။


နာရီဝက်ကျော်ကြာပြီးနောက်မှာ ဖူမင်ယိုက ပြုံးလျက်ဆိုသည်။ “ရှီးရှီး.. ကိုယ့်မှာ စီးပွားရေးလုပ်ငန်းတစ်ခုရှိတယ်.. ဦးလေးစိတ်ဝင်စားမလား မသိဘူး”


“စီးပွားရေးလုပ်ငန်းလား”


ရှီးရှီးက အနည်းငယ် ကြောင်အသွားပြီးမှ ပြောလာသည်။ “ဒါပေမယ့် အဖေက ထွေထွေထူးထူး ကျွမ်းကျင်တာမရှိဘူးလေ”


သူ့အဖေမှာ ကျွမ်းကျင်မှုအချို့ ရှိမည်ဆိုလျှင်ပင် မိသားစုနှင့် ခွဲထွက်မှာမဟုတ်ပေ။ အကြောင်းမှာကား သားကြီးဖြစ်သူ ခွဲထွက်သွားတာ ရှား၍ပင်။


“ကိုယ်ခုနက လှည့်ပတ်ကြည့်ရင်း ဦးလေးနဲ့ အဒေါ်လုပ်နိုင်မယ့် စားစရာတစ်ခုတွေ့ခဲ့တယ်”


ဖူမင်ယိုက ပြုံးကာပြောလိုက်ပြီးမှ သူ့လက်ထဲရှိ မုန့်များကို လှုပ်ယမ်းပြလိုက်သည်။ “ပြန်ကြရအောင်… ကိုယ် စိတ်ကူးကောင်းတစ်ခုရလာတယ်”


ရှယန်ရှီးက ခေါင်းညိတ်ပြလိုက်၏။ ဖူမင်ယိုက စျေးဝယ်ဖို့ထက် သူ့အဖေ ဘယ်လိုစီးပွားရေးမျိုးလုပ်ချင်လဲ ပိုစိတ်ဝင်စားနေတာလား။


အပြန်နွားလှည်းစီးလာပြီးနောက် ဖူမင်ယိုက ရှယန်ရှီးကို အရင်ပြန်ပို့ပေးပြီးမှ အိမ်ပြန်၍ပစ္စည်းသွားယူသည်။


သူသည်ကား ရှမိသားစုအား လုပ်စေချင်တာ နှစ်ခုရှိပြီး တစ်ခုက ခေါက်ဆွဲအေးဖြစ်ကာ တစ်ခုမှာတော့ အအေးဖြစ်သည်။


“ဖေးစဲ.. မင်းမှာ ရေခဲလုပ်ချပ်စ်ပြားရှိလား”



ဖူမင်ယိုက သူ့အခန်းသူပြန်လာပြီး ဒိုင်မန်းရှင်းစနစ်ကိုဖွင့်ကာ ဖေးစဲအမည်ရှိ စနစ်ပိုင်ရှင်ကို မက်ဆေ့တန်းပို့လိုက်သည်။


သူနှင့် ဖေးစဲက အလုပ်များစွာ လုပ်ခဲ့ဖူးသည်။ တစ်ဖက်လူသည် အရင်က သူ့ကို ရေခဲလုပ်ချပ်စ်ပြား အကြုံပြုဖူးပြီး ဤပစ္စည်းက အဆိပ်အတောက်လုံးမဝရှိဘဲ ရေထဲရှိ အပူအားလုံးကို စုပ်ယူနိုင်ကာ ရေခဲအာနိသင်ကို ရရှိစေသည်ဟုဆိုသည်။


ဖေးစဲက ချက်ချင်းပြန်ဖြေသည်။ “ရှိတယ်..အများကြီးရှိတယ်.. မင်း ဘယ်လောက်လိုချင်လဲ”


ဖူမင်ယိုက ခဏစဥ်းစားပြီးနောက် ပြောလိုက်သည်။ “မင်းရဲ့ ရေခဲလုပ်ချပ်စ်ပြားက ရေခဲတုံးကုဗမီတာ ဘယ်လောက်ထုတ်နိုင်လဲ”


သူသည် ရေခဲလုပ်ချပ်စ်ပြား မည်မျှလဲလှယ်မည်ကို မဆုံးဖြတ်ခင် သေချာစဥ်းစားရမည်။


ဖေးစဲက ပြောလာသည်။ “ရေခဲလုပ်ချပ်စ်ပြားက ရေခဲကုဗမီတာ တစ်တုံးလောက်ထုတ်နိုင်တယ်.. ဒါပေမယ့် ရေအပူချိန်အပေါ် မူတည်ပြီး ဒသမနည်းနည်းလေးတော့ လျော့နိုင်တယ်”


တစ်ဖက်လူ၏စကားကို ကြားသောအခါ ဖူမင်ယိုက စိတ်ထဲတွင် အကြံတစ်ခုရရှိသွားသည်။


ဖူမင်ယို: “ကောင်းပြီလေ.. ငါ့ကို အခုတစ်ရာပေးလိုက်ပါ.. မလောက်ရင် နောက်မှဆက်သွယ်လိုက်မယ်”


ဖေးစဲ: “ဟုတ်ပြီ.. ငါ မင်းတို့ဘက်က ရွှေနဲ့ငွေတွေကို လိုချင်တယ်.. လေ့လာနိုင်ဖို့အတွက်ပါ”


ဖူမင်ယို: “ရပါတယ်”


သူ အရင်က ရောင်းခဲ့သော ရွှေနဲ့ငွေများ ရှိနေသေးသည်။ ၎င်းတို့က ရှေးခတ်ရွှေနဲ့ငွေဖြစ်ကြောင်း သေချာသည်။ ခေတ်သစ်ရွှေနဲ့ငွေကိုတော့ သူ ဖေးစဲကို အရင်က ပေးပို့ဖူးသည်။


သူတို့နှစ်ဦး ရောင်းဝယ်ပြီးသွားသောအခါ ဖူမင်ယိုက တစ်ဖက်လူပေးသော ရေခဲလုပ်ချပ်စ်ပြားကို ယူပြီး ရှမိသားစုအိမ်ဘက်သို့ လျှောက်သွားလိုက်သည်။


“ရှောင်ဖူ… မင်းရောက်လာတာအတော်ပဲ.. နေ့လည်စာကို အဒေါ်တို့အိမ်မှာစားလိုက်၊ ဖက်ထုပ်လုပ်ဖို့ ပြင်ထားတယ်”


အမေရှက ဖူမင်ယို ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပြောလိုက်သည်။


မနေ့ကကျန်သော အသားများ မကုန်သေး၍ အလဟဿမဖြစ်စေရန် အမေရှက ဖက်ထုပ်လုပ်စားဖို့ ဆုံးဖြတ်ခဲ့သည်။


ကျေးလက်ဒေသမှာ ဖက်ထုပ်တစ်နပ်စားရခဲသည်။ ဂျုံနုနှင့် ခေါက်ဆွဲကို သုံးရသောကြောင့် မည်သူမှမတတ်နိုင်၍ပင်။


ဖူမင်ယိုက အပြုံးလေးဖြင့် ပြန်ဖြေသည်။ “ဟုတ်ကဲ့ပါ..အဒေါ်.. ဒါဆို ကျွန်တော် အားမနာတော့ဘူးနော်”


အမေရှက ပြုံးသည်။ “ဒါပေါ့ အဒေါ်နဲ့ဆို အားနာဖို့မလိုပါဘူး”


ဖူမင်ယိုက ပြုံးလိုက်ပြီးနောက် သူ့ပစ္စည်းကိုထုတ်ယူကာ ပြောလိုက်သည်။ “အဒေါ်.. ဦးလေးဘယ်သွားလဲ? ကျွန်တော် ဦးလေးနဲ့ပြောစရာရှိလို့ပါ”


“သူက နောက်ဖေးခြံထဲမှာ ရှောင်ပေါင်အတွက် ကစားစရာလုပ်နေတယ်.. သွားရှာကြည့်လေ”


အမေရှက ပြုံးပြပြီး တစ်နေရာကိုညွှန်ပြကာ ပြောလိုက်၏။


ဖူမင်ယို ခေါင်းညိတ်ပြ၍ တံခါးလေးမှတစ်ဆင့် အနောက်ဘက်သို့ လျှောက်သွားလိုက်သည်။


နောက်ဖေးခြံက အများအားဖြင့် ဝက်နှင့်ကြက်မွေးဖို့ နေရာဖြစ်၏။ ရှမိသားစုမှာ ဝက်တွေမရှိဘဲ ကြက်မကြီးအနည်းငယ်သာရှိ၏။ ၎င်းတို့မှာ ရှမိသားစု၏ ရတနာများဖြစ်သည်။


“ဖူကောကော”


ရှရှောင်ပေါင်က ရှလီရမ်ဘေးမှာ ထိုင်နေလျက် ဖူမင်ယိုကို တွေ့သောအခါ ခုန်ပေါက်ကာ ပြေးသွားလေ၏။


ဖူမင်ယိုက သူ့ကို ကောက်ချီကာ နဖူးပေါ်မှချွေးကို သုတ်ပေးရင်း မေးလိုက်သည်။ “ရှောင်ပေါင် ပူနေလား”


“ပူတယ်”


ရှရှောင်ပေါင်က မျက်နှာရဲရဲလေးဖြင့် ခေါင်းညိတ်ပြ၏။


ဖူမင်ယို ပြုံးပြလိုက်ပြီးနောက် သူ့နံဘေးရှိ ရှလီရမ်ကိုကြည့်ကာ ဆိုသည်။ “ဦးလေး.. ကျွန်တော် ဦးလေးနဲ့ ပြောစရာရှိလို့ပါ”


“လာ.. အထဲအရင်ဝင်ကြမယ်”


ရှလီရမ်က ရှောင်ပေါင်ကို ပွေ့ချီပြီး မျက်နှာကိုဖျစ်ညှစ်ကာ ပြောလိုက်၏။ “ဒီကလေးလေး.. ခုနက မင်းကို ကစားစရာလုပ်ပေးတဲ့သူကို မှတ်မိသေးရဲ့လား ရှောင်ဖူလာတာနဲ့ တန်းပြေးသွားတော့တာပဲ”


ရှရှောင်ပေါင် တခစ်ခစ်ရယ်မောလျက် အဖေကို ဖက်ထားလိုက်သည်။ “မှတ်မိပါတယ်.. ကစားစရာလုပ်ပေးတာ အဖေပါ”


ဖူမင်ယိုက မနာလိုဖြစ်နေသော ဖခင်အိုကြီး၏ပုံစံကို မမြင်ချင်ယောင်ဆောင်ကာ တစ်ခြမ်းစောင်းပြုံးလျက် ရှေ့မှလျှောက်သွားလိုက်၏။


“ဦးလေး… ကျွန်တော် ဒီတစ်ခါလာတာ အလုပ်ကိစ္စတစ်ခုအတွက်ပါ”


ဖူမင်ယိုက ဘေးမှာထိုင်ကာ ရေတစ်ငုံသောက်ပြီး ဆက်ပြောလိုက်၏။ “ကျွန်တော့်မှာ ငွေရှာလို့ရမယ့် အလုပ်တစ်ခုရှိတယ်.. ဦးလေးစိတ်ဝင်စားမလား မသိဘူး”


ရှလီရမ် မျက်မှောင်ကြုတ်လျက် ပြောသည်။ “အလုပ်ရှိရင် မင်းကိုယ်တိုင်လုပ်လေကွာ၊ နောက်ဆို မင်းက ရှီးရှီးနဲ့ လက်ထပ်တော့မှာ ကိုယ်တိုင် ငွေရှာဖို့လိုတယ်”


ဒီလုပ်ငန်းက ငွေရှာလို့ရတယ်ဆိုရင် ဖူမင်ယိုကိုယ်တိုင်ပဲ လုပ်သင့်တာလေ…


ဖူမင်ယိုက ခေါင်းခါပြ၍ ပြောသည်။ “မလိုပါဦး.. ဦးလေး.. ကျွန်တော့်မှာက လုပ်ငန်းတစ်ခုရှိပါတယ်.. အရင်က ကျွန်တော့်အိမ်ကိုလာတဲ့ မုသခင်လေးနဲ့ စီးပွားရေးလုပ်ငန်းလုပ်တာ၊ ငွေပြားရာဂဏန်းလောက် ရပြီးပါပြီ”


“ဘယ်…ဘယ်လောက်”


ရှလီရမ် လက်ဖက်ရည်သောက်ရင်း သီးလုမတတ်ပင်။


ဖူမင်ယိုက ရာဂဏန်းလောက်ရှိတဲ့ ငွေပြားတွေလို့ ဘာကြောင့် ပေါ့ပေါ့တန်တန် ပြောနိုင်ရတာလဲ။ အဲ့ဒါက သူတို့တစ်သက်လုံးရှာရင်တောင် မရနိုင်တဲ့ပမာဏလေ။


ဖူမင်ယိုက သူ့အိတ်ကပ်ထဲမှ ငွေစက္ကူကိုထုတ်လိုက်သည်။ “ဒါက ငွေပြားငါးရာပါ”


“မြန်မြန်..မြန်မြန်သိမ်းလိုက်”


ရှလီရမ်က လယ်သမားဖြစ်ပေမယ့် ငွေစက္ကူဆိုတာကိုတော့ သိတယ်။ ဖူမင်ယိုက မိဘမဲ့ဖြစ်ပေမယ့် သူတို့မိသားစုက အဆင့်မြင့်တဲ့သူကို လက်ထပ်ဖို့ ကြိုးစားနေသလိုမျိုး ဘာလို့ ခံစားလိုက်ရတာလဲ။


ထိုအချိန်တွင် ရှယန်ရှီးက မီးဖိုချောင်မှ ထွက်လာပြီး ဖူမင်ယိုကို မြင်သောအခါ ပြောလိုက်သည်။ “အဖေ.. ဖူတာ့ကော.. ခဏနေရင် ထမင်းစားလို့ရပြီ”


“ကောင်းပါပြီ”


ဖူမင်ယိုက ခေါင်းညိတ်လိုက်သော်လည်း ရှလီရမ်မှာ သတိပြန်မလည်လာသေး။ အချိန်အတော်ကြာမှ သူသည် ဖူမင်ယိုဘက်လှည့်ကာ မေးလိုက်သည်။ “မင်း ခုနကပြောတဲ့ လုပ်ငန်းကဘာလဲ”


ဖူမင်ယိုက ပြုံးလျက် စူးစမ်းလိုသော အမူအရာရှိသည့် ရှယန်ရှီးအား ကြည့်ရင််း ပြောလိုက်သည်။ “ရှီးရှီး.. ရေတစ်ဇလားယူလာပေးလို့ရမလား”


သူမလာခင်က ရေခဲလုပ်ချပ်စ်ပြားများကို ကြိတ်ချေခဲ့သည်။ အကြောင်းမှာ သူတို့၌ ကုဗမီတာတစ်ခုစာဆန့်သော ထည့်စရာပစ္စည်းမရှိ၍ပင်။


ရှယန်ရှီးက ချက်ချင်းခေါင်းညိတ်ပြကာ ပြောသည်။ “ဟုတ်ကဲ့ပါ.. ဖူတာ့ကော.. အခုသွားယူလိုက်မယ်”


ပြောပြီးနောက် သူက ရေတွင်းဆီသွားကာ ရေတစ်ဇလားခပ်ယူခဲ့သည်။


ရှကျားရွာရှိ အိမ်တိုင်းတွင် ရေတွင်းတစ်တွင်းစီရှိကြသည်။ ရှမိသားစု ဆင်းရဲခဲ့စဥ်ကပင် လက်သမားတစ်ယောက်ရှာကာ ရေတွင်းနက်တစ်ခု တူးခိုင်းခဲ့ကြသည်။


“ဖူကောကော.. ဒါကဘာလဲ”


ရှောင်ပေါင်က စူးစမ်းချင်စိတ်ဖြင့် ဖူမင်ယို၏နံဘေးသို့ ကပ်လာပြီး နို့သံလေးဖြင့် မေးလိုက်သည်။


တစ်ဖက်လူ၏ လက်ထဲမှာ ပုလင်းသေးလေးတစ်ခုရှိနေ၏။ ပုလင်းသေးလေးက ရှောင်ပေါင်မြင်ဖူးသမျှ ပုလင်းတွေထက် ပိုမိုလှပနေသည်။


(T/N ရေခဲလုပ်ချပ်စ်ပြားဆိုတာက ရေထဲထည့်လိုက်ရင် ရေခဲသွားတာမျိုးပါ၊ တစ်ပြားကို ကုဗဗီတာတစ်ခုထုတ်ပေးနိုင်တယ်၊ a cubic meter -1000 liters ရေခဲဆိုင်မှာရောင်းတဲ့ ဧရာမဆိုဒ်ပါ/ အပြင်မှာတော့ ရေခဲလုပ်ချပ်စ်ပြားဆိုတာ တကယ်မရှိပါဘူး)