Ch 33
Viewers 9k

Chapter 33


“ထျန်းရီပြောတဲ့လူလား”



ဖူမင်ယိုနှင့် ရှယန်ရှီးက တောင်းကို ကျောပိုးလျက် တောင်ပေါ်သို့ လျှောက်လာကြသည်။


“အစ်ကိုကြီးမု?”


ဖူမင်ယိုနှင့် ရှယန်ရှီး တောင်ပေါ်တက်လာစဥ် မုလေးကို တွေ့လိုက်ရပြီး ထိုသူက အမဲလိုက်နေပုံရသည်။


မုလေးက နှစ်ယောက်သားကို ခေါင်းညိတ်ပြလိုက်၏။ “မင်းတို့လည်း တောင်ပေါ်တက်လာတာလား”


ဖူမင်ယိုက ပြုံး၍ခေါင်းညိတ်ပြသည်။ “ဟုတ်တယ်.. ရှီးရှီးနဲ့ တောရိုင်းအသီးအနှံတွေ ခူးမလို့”


မုလေးက ခေါင်းညိတ်ပြပြီး လမ်းဖယ်ပေးကာ သူတို့ကို အရင်သွားဖို့ အချက်ပြလိုက်သည်။


ဖူမင်ယိုလည်း အားနာမနေတော့ဘဲ ရှယန်ရှီးကိုဆွဲကာ တောင်ပေါ် ဆက်လျှောက်သွားလိုက်သည်။


ထွက်သွားသောနှစ်ယောက်၏ အရိပ်ကိုကြည့်ရင်း မုလေး၏ မျက်ဝန်းထဲမှာ ထူးဆန်းသောအရိပ်တစ်ခု ပေါ်လာသည်။


သူ အရင်တုန်းက ကြားခဲ့ရသည်မှာ

ဤဖူမင်ယိုအား ရှယန်ရှီးက ကယ်တင်ခဲ့ပြီး ဖူမင်ယိုကမူ တောင်ပေါ်ဓားပြများနှင့် တွေ့ခဲ့သည်ဟု အပြင်လူများအား ပြောထားသည်။


သို့ပေသိ ဤနေရာ၌ ဓားပြများ ပေါ်မလာနိုင်သည်ကို မုလေး ကောင်းကောင်းသိသည်။ ပေါ်လာသည့်တိုင် သူ ရှင်းလင်းထားလို့ ပျောက်သွားတာ ကြာလောက်လေပြီ။


ထို့ကြောင့် ဖူမင်ယို လိမ်ပြောခဲ့ခြင်းသာ ဖြစ်၏။


ထို့အပြင် ဖူမင်ယိုသည် အခါအားလျော်စွာ အံ့ဖွယ်ပစ္စည်းတချို့ကို ထုတ်ပြတတ်သည့်အတွက် မုလေးက သူ တိုင်းတပါးမှလာသည်ဟု ခန့်မှန်းနေခဲ့သည်။ အကြောင်းမှာ လီတိုင်းပြည်ကို တိုင်းတပါးသားများ လာဖူး၍ပင်။


သို့သော် လီတိုင်းပြည်သို့ လာရောက်သော တိုင်းတပါးသားများမှာ အလွန်နည်းပါးပြီး ထိုမျှများပြားသောပစ္စည်းများ ရှိနိုင်သည့်သူ မရှိသလောက်ပင်။ ဒီဖူမင်ယိုမှာ အထူးလမ်းကြောင်း တစ်ခုခုရှိနေတာလား။


မုလေးက ဤသံသယများကို စိတ်ထဲ၌သာသိမ်းထားပြီး မေးမြန်းစုံစမ်းခြင်း ပြုလုပ်မည်မဟုတ်ချေ။


သူသည်ကား ဖူမင်ယိုနှင့် ဆက်ဆံရေးကောင်းချင်သည့်အတွက် တစ်ဖက်လူအား စိတ်အနှောင့်ယှက်ဖြစ်စေမည့် အရာမျိုးကို စမ်းသပ်မည်မဟုတ်။


“ဖူတာ့ကော… တာ့ကောက မုဆိုးမုလေးနဲ့ ရင်းနှီးတာလား”


ရှယန်ရှီးက အနည်းငယ် အံ့အားသင့်နေလျက်။ ဖူမင်ယိုနှင့် မုလေးတို့ အရမ်းရင်းနှီးမယ်လို့ သူ မထင်ထားပေ။


ဖူမင်ယို ပြန်ဖြေလိုက်သည်။ “အရမ်းကြီးလည်းမဟုတ်ပါဘူး.. ကိုယ် သူ့ကို အကူအညီတစ်ခါလောက် တောင်းခဲ့ရုံပဲ”


ရှယန်ရှီးက ခေါင်းညိတ်လျက် ဆိုသည်။ “မုဆိုးမုလေးက ရှကျားရွာမှာနေတာ သုံးလေးနှစ်လောက်ရှိပြီ။ သူ့ညီအစ်ကိုတွေကလည်း ဒီမှာ အခြေချနေကြပြီ.. ဒါပေမယ့် ကျွန်တော်တော့ သူ့ကို ရိုးရှင်းတဲ့လူတစ်ယောက်လို့ မထင်ဘူး”


အဘယ်ကြောင့် ယခုလိုတွေးမိမှန်း မသိသော်လည်း မုလေးက ရှကျားရွာရှိ ရွာသားများနှင့် ကွာခြားသည်ဟု ထင်မိသည်။


ဖူမင်ယိုက တစ်ဖက်လူကိုကြည့်ပြီး ပြုံးကာ တစ်ဖက်လူ၏မျက်နှာကို လှမ်းဖျစ်လိုက်သည်။ “အများကြီးမတွေးနဲ့.. အရင်ဆုံးအသီးခူးကြမယ်”


တစ်ဖက်လူ၏ အလိုလိုသိစိတ်က အလွန်မှန်ကန်သည်။ ဤမုလေးက သာမန်လူမဟုတ်တာတော့ သေချာ၏။ အရင်က မုရှင်းကျိုး၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် မုလေးသည် မြို့ပေါ်ကလာသူဖြစ်နိုင်သည်ဟု ဖူမင်ယို ထင်မိသည်။


သို့သော်လည်း တစ်ဖက်လူက အဘယ်ကြောင့် ဤရွာလေးမှာ အချိန်အကြာကြီး တိတ်တဆိတ် နေထိုင်နေသည်ကို သူ မရှင်းပေ။


ယခုချိန်၌ လူနှစ်ဦး၏ စကားဝိုင်းခေါင်းစဥ်ဖြစ်နေသော မုလေးက ပြန်ရောက်လာပြီးနောက် မုဟန်နှင့် တခြားသူများက သူတို့ပစ္စည်းများကို ချက်ချင်းလွှဲယူလိုက်ကြသည်။


“ခေါင်းဆောင်ပြန်လာပြီ” လီဖန့်က မုလေးပြန်လာတာကို တွေ့သော် ချက်ချင်းနှုတ်ဆက်ပြီး သူ့လက်ထဲမှာ တောင်းကို ယူလိုက်သည်။


မုလေးက ခေါင်းညိတ်ပြပြီး လက်ဖက်ရည်နှစ်ငုံသောက်လျက် ဆိုသည်။ “ဒီပတ်ဝန်းကျင်မှာ လူစိမ်းရှိမရှိ စုံစမ်းပြီးပြီလား”



လီဖန့်က ခေါင်းခါ၍ပြောသည်။ “မတွေ့ပါဘူး.. ခေါင်းဆောင်.. အနီးနားက မြို့တွေကိုလည်း စုံစမ်းပြီးပါပြီ…. ကျွန်တော်တို့ရွာက ဖူမင်ယိုကလွဲရင် အပြင်လူမရှိပါဘူး”


“ခေါင်းဆောင်…. ဖူမင်ယိုက ဆရာတော်ထျန်းရီပြောတဲ့ လူများဖြစ်နေမလား”


မုဟန်က မုလေးကိုကြည့်ကာ ပြောလိုက်၏။


မုလေးက မျက်လုံးမှေးကျဥ်းလျက် ဆိုသည်။ “မင်းတို့တွေ ဒီရက်ပိုင်းမှာ ရှမိသားစုရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ထား”


ဖူမင်ယိုက ဆရာတော်ထျန်းရီပြောတဲ့သူသာ ဖြစ်မယ်ဆိုရင် မုလေးက သူနဲ့ ဆက်ဆံရေးပိုကောင်းဖို့ လိုတယ်.. ဘာလို့လဲဆိုတော့ တစ်လောကလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်နေလို့ပဲ.. 


မုဟန်တို့သုံးယောက်က ချက်ချင်းခေါင်းညိတ်ပြပြီး ရှမိသားစု၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။


ထိုအချိန်မှာ ဖူမင်ယိုနှင့် ရှယန်ရှီးက တောရိုင်းသစ်သီးများ ခူးပြီးသွားသည်။ ဤတောရိုင်းသစ်သီးများက အချိုရည်လုပ်ဖို့ အကောင်းဆုံးဖြစ်ကြောင်း သိထားသည့်အတွက် အရည်ရွှမ်းသော သစ်သီးများကို ပိုခူးခဲ့သည်။


သို့သော် တောင်ပေါ်မှာ သစ်ပင်အများအပြားရှိသောကြောင့် တစ်ခါတစ်ရံမှာ နေရောင်ခြည်သည် ကြီးမားသောသစ်ပင်များနှင့် ကွယ်နေပြီး မြေသြဇာလည်း မရှိသောကြောင့် တောရိုင်းသစ်သီးများ၏ အရွယ်အစားက သိပ်မကြီးပေ။


သူတို့ တောရိုင်းသစ်သီးများ ခူးပြီးသောအခါ ရှလီရမ်ကလည်း ရှောင်ပေါင်ကိုခေါ်၍ စျေးသို့တွန်းသွားနိုင်မည့် တွန်းလှည်းလေးတစ်စီးကို သွားမှာခဲ့သည်။


“ဖူရှောင်ကျစ်.. မင်းအိမ်မှာ ဧည့်သည်ရောက်နေတယ်နော်”


ဖူမင်ယိုနှင့် ရှယန်ရှီးတို့ ပြန်အလာတွင် ရွာလူကြီး၏ဇနီးက ဖူမင်ယိုကို တွေ့သောအခါ အပြုံးလေးဖြင့် ချက်ချင်းပြောလိုက်သည်။


သူမသည်ကား ဖူမင်ယို၏ အိမ်ရှေ့မှ ဖြတ်လာစဥ် ဖူမင်ယိုကို တစ်ယောက်ယောက်က စောင့်ဆိုင်းနေသည်ကို တွေ့ခဲ့ရသည်။


ဖူမင်ယိုက တစ်ခုခုကို သတိရသွားပြီး ချက်ချင်းပင် အပြုံးလေးဖြင့် ပြောလိုက်သည်။ “ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် အဒေါ်.. ကျွန်တော်နားလည်ပါပြီ”


ရှယန်ရှီးက ပျော်နေပုံရသော တစ်ဖက်လူကို ကြည့်၍ တစ်ခုခုကို သတိရသွားပြီး ချက်ချင်းမေးလိုက်၏။ “ဒီအချိန်ကြီး ဘယ်သူလာတာလဲ”


ဖူမင်ယို ပြန်ဖြေသည်။ “ကိုယ် ဒီမနက်မြို့ပေါ်သွားတော့ နွားလှည်းရုံက နွားလှည်းတစ်စီးမှာခဲ့တယ်”


ဖူမင်ယိုသည် မြင်းလှည်းလိုချင်သောလည်း မြင်းလှည်းက ကျေးလက်တွင် ထင်ပေါ်လွန်းသဖြင့် ဒုတိယရွေးချယ်မှုဖြစ်သည့် နွားလှည်းကိုသာ မှာယူခဲ့သည်။


“နွားလှည်း”


ရှယန်ရှီး မျက်လုံးအဝိုင်းသားဖြင့် မေးလိုက်၏။ “နောက်ဆို နေ့တိုင်းမြို့ပေါ်သွားဖို့ စီစဥ်ထားတာလား”


မဟုတ်ရင် နွားလှည်းဖို့ ဘာလုပ်ဖို့ဝယ်မှာလဲ?


ဖူမင်ယိုက ရှကျားရွာကို ရောက်ခါစဖြစ်၍ မြေမဝယ်ရသေးသဖြင့် နွားလှည်းနှင့် လယ်ထွန်ဖို့မလိုပေ။


“တစ်ခါတစ်လေ လိုအပ်လို့ပေါ့”


ဖူမင်ယိုက ပြုံးလိုက်ပြီး တောင်းလွယ်ကာ အိမ်သို့ လျှောက်သွားလိုက်သည်။


အိမ်ရှေ့ရောက်သောအခါ ဖူမင်ယိုက အိမ်ရှေ့မှာ နွားတစ်ကောင်နှင့် အတူထိုင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။


“ဖူသခင်လေး”


ဖူမင်ယိုကို မြင်သောအခါ ထိူလူက ချက်ချင်းပင် အပြုံးလေးဖြင့် လျှောက်လာလေ၏။


ဖူမင်ယိုက ခေါင်းညိတ်ပြ၍ ပြော၏။ “ကျွန်တော်က ဖူမင်ယိုပါ.. ဆိုင်ရှင်လီ လွှတ်လိုက်တာထင်တယ်.. ခဏစောင့်ပါဦး.. ကျွန်တော် အခန်းထဲမှာ ပိုက်ဆံသွားယူလိုက်မယ်”


“ရပါတယ်.. ဖြည်းဖြည်းလုပ်ပါ…မလောပါနဲ့”


ထိုလူက ချက်ချင်းပင် အပြုံးလေးဖြင့် ပြောလိုက်သည်။ 


သူတို့နွားလှည်းရုံကို ဘယ်သူကများ နွားလှည်းပို့ခိုင်းသလဲဆိုပြီး အံ့သြနေတာ.. ဘာလို့ဆို ကြေးဒင်္ဂါးပြားအပိုနှစ်ဆယ်တောင် ပေးရတာလေ။ ဒါပေမယ့် ဖူမင်ယိုရဲ့အိမ်ကိုမြင်တော့ သူ သိသွားတာပဲ..


ဒီလူက ငွေလိုလောက်တဲ့သူ မဟုတ်ဘူးဆိုတာကိုပေါ့…


ဖူမင်ယိုက ငွေငါးတေးလ်နှင့် အကြွေပြားသုံးဆယ် ထုတ်ပေးကာ ပြောလိုက်သည်။ “လာပို့ပေးလို့ ကျေးဇူးတင်ပါတယ် ညီလေး.. အိမ်မှာ ကိစ္စလေးတွေရှိလို့ အထဲဝင်ထိုင်ဖို့တော့ မဖိတ်တော့ဘူးနော်”


“ရပါတယ်..ရပါတယ်ဗျာ..”


ထိုလူက ပိုက်ဆံယူပြီး ပြုံးလိုက်ရာ မျက်လုံးများပင် မမြင်ရတော့လောက်အောင် ဖြစ်သွား၏။


ဒီနွားလှည်းက ငွေငါးတေးလ်တန်တယ်။ အကြွေနှစ်ဆယ်ကတော့ ပို့ဆောင်ခဖြစ်ပြီး ကျန်အကြွေတစ်ဆယ်ကတော့ သူ့အတွက်ပေးတာ.. ဒီတစ်ခေါက်လာပို့ရတာ တန်လိုက်တာ..


ထိုလူ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ဖူမင်ယိုက နွားလှည်းကို နောက်ဖေးခြံထဲ သွင်းလာပြီးမှ ရှယန်ရှီးနှင့်အတူ ရှအိမ်တော်ဆီသို့ အသီးများ သယ်လာခဲ့သည်။