Ch 34
Viewers 9k

Chapter 34 


{ရေခဲသစ်သီးဖျော်ရည်ရောင်းခြင်း}


“ရှီးရှီးနဲ့ ရှောင်ဖူ ပြန်လာပြီလား.. ပင်ပန်းနေမှာပေါ့.. ရေသောက်လိုက်ကြဦး”


အမေရှက သူတို့နှစ်ယောက် ပြန်လာတာကို မြင်သောအခါ ချက်ချင်းကြိုဆိုလိုက်ပြီး နှစ်ယောက်လုံးအတွက် ရေတစ်ခွက်စီ ငှဲ့ထည့်ပေးလိုက်၏။


ရှယန်ရှီးက အပြုံးလေးဖြင့် ခေါင်းခါယမ်းကာ မေးလိုက်၏။ “မပင်ပန်းပါဘူး.. အဖေ ပြန်မလာသေးဘူးလား”


ရှရှောင်ပေါင်က တစ်ဖက်လူနှင့်အတူ ရွာထိပ်က လက်သမားအိမ်ကို လိုက်သွားသည်။ ယခုလောက်ဆို ပြန်ရောက်သင့်သည်။


အမေရှက ပြန်ဖြေတော့မည့်ဆဲဆဲတွင် ရှောင်ပေါင်၏အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။


“အမေ…သားတို့ပြန်လာပြီ”


ရှောင်ပေါင်က ခြေတံတိုလေးများဖြင့် လှမ်းလာရင်း နို့သံလေးဖြင့် ဆိုလေ၏။


အမေရှက သားအဖနှစ်ယောက် ပြန်လာသည်ကို မြင်သောအခါ ပြုံးလိုက်လေ၏။ “ဘယ်လိုလဲ.. ပြီးသွားပြီလား”


လက်သမားအိမ်က ပစ္စည်းများက အသင့်ရှိပြီးသားဖြစ်၍ အနည်းငယ် ပြုပြင်ဖို့သာလိုသည်။


“ပြီးသွားပြီ”


ရှလီရမ်က ခေါင်းညိတ်ပြပြီး မေးလိုက်၏။ “ရှီးရှီးတို့ ပြန်ရောက်ပြီလား”


“အဖေ… ကျွန်တော်တို့ ပြန်ရောက်ပြီ”


ရှယန်ရှီးက အိမ်ပြင်ထွက်လာပြီး သူတို့နှစ်ယောက်အတွက် ရေတစ်ခွက်စီထည့်ပေးလိုက်သည်။ “အဖေ…ရှောင်ပေါင်..ရေသောက်လိုက်ဦး”


နှစ်ယောက်သား ချွေးထွက်နေပြီး အလွန်အမင်း ပူလောင်နေပုံရသည်။


ယခုက နေရာသီဖြစ်၍ နေက ပူလောင်လွန်းသောကြောင့် နည်းနည်းလေး နေပူခံမိရုံနဲ့ မျက်နှာတစ်ခုလုံး နီရဲသွားနိုင်သည်။


“အသီးနဲ့ လှည်းပါ ရပြီဆိုတော့ ညကျရင် အသီးတွေကို မပျက်စီးအောင် ခဲထားလိုက်မယ်.. နက်ဖြန်မနက်မှ ဖျော်ရည်လုပ်ကြတာပေါ့”


(**ရိုးရိုးဖျော်ရည်မဟုတ်ဘဲ သီးနှံတွေနဲ့ smoothie လုပ်တာပါ)


ရာသီဥတုက အလွန်ပူပြင်းသောကြောင့် မနက်ပိုင်း သစ်သီးများကို အသင့်ပြင်ပြီးလျှင် မြို့ပေါ်မှာ ချက်ချင်းယူရောင်းရမည်။


ဖူမင်ယို ဝယ်ထားသော နွားလှည်းကလည်း ရောက်လာပြီဖြစ်၍ အတော်လေး အဆင်ပြေနေသည်။


ရှလီရမ်က တခဏမျှစဥ်းစားပြီးနောက် 

ချက်ချင်း သဘောတူလိုက်သည်။


နောက်နေ့မနက်မှာ ရှမိသားစုက စောစောထပြီး အလုပ်ခွဲဝေလိုက်ကြ၏။


ရှယန်ရှီးနှင့် အမေရှက အသီးဆေးကြောခြင်းနှင့် အခွံနွှာခြင်းကို တာဝန်ယူထားသည်။ ရှောင်ပေါင်သည်ကား သစ်သီးများကို တစ်လုံးချင်းစီ ဆုံထဲထည့်နေပြီး ရှလီရမ်က ထိုအထဲတွင် အသီးများကို ကြိတ်ချေပေးနေသည်။


ဤနေရာ၌ တစ်ခါသုံးခွက်မရှိသည့်အတွက် ဖူမင်ယိုက တောင်ပေါ်တက်ကာ ဝါးများခုတ်ယူပြီး ခွက်ပြုလုပ်ပေးခဲ့သည်။ ယင်းမှာ သန့်ရှင်းပြီး သုံးရအဆင်ပြေလေ၏။


နေမင်းကြီး ကောင်းကင်ထဲ၌ မြှင့်တက်လာသောအခါ အားလုံး မြို့ပေါ်သို့ ဦးတည်ထွက်သွားလိုက်ကြသည်။


“ဦးလေးနဲ့ ရှီးရှီး..ဒီနေရာဆိုအဆင်ပြေပါပြီ”


ဖူမင်ယိုက လှမ်းကြည့်လိုက်ရာ အနီးအနားတွင် တည်းခိုခန်းကောင်းကောင်းတစ်ခု၊ ထောင့်ချိုးတွင် အလှကုန်ဆိုင်တစ်ဆိုင်နှင့် ညာဘက်မှာ လက်ဝတ်ရတနာဆိုင်ရှိနေ၏။


အနားတစ်ဝိုက်မှာ ဟင်းသီးဟင်းရွက်ရောင်းချသော ဦးလေးနှင့် အဒေါ်များလည်းရှိသည်။ ဤနေရာသည် အလယ်ကျသောကြောင့် ဘေးပတ်ဝန်းကျင်မှလူများ၏ စီးပွားရေးကို မထိခိုက်စေဘဲ ထိုသူတို့၏ ရောင်းအားကိုပင် မြှင့်တင်ပေးနိုင်ဖွယ်ရှိသည်။


ရှလီရမ်က ရိုးသားသူဖြစ်၍ ခေါင်းညိတ်ပြပြီးနောက် ဘေးနားတွင်ရပ်ကာ ပြောလိုက်သည်။ “ဒါဆို ဒီမှာရောင်းကြမယ်လေ”


ရှယန်ရှီးက ခေါင်းညိတ်၍ သူ့အဖေဘေးမှာ ရပ်ကာ အသင့်ပြင်ဖို့ စောင့်နေပုံရသည်။


၎င်းကိုမြင်သော် နံဘေးရှိ ဖူမင်ယိုက အတန်ငယ် အံ့အားသင့်သွားပြီး ပြုံးလိုက်မိသည်။


ဤနှစ်ယောက် စျေးမရောင်းဖူးတာကို သူမေ့သွားသည်။


“ဦးလေးနဲ့ ရှီးရှီး… ကျွန်တော်လုပ်တာကိုကြည့်”


ဖူမင်ယိုက အသင့်ဖျော်ရည်ကို ဝါးခွက်ထဲထည့်ကာ အသက်ပြင်းပြင်းရှူ၍ အော်လိုက်သည်။ “အသီးဖျော်ရည် အေးအေးလေးတွေရောင်းတယ်.. အသီးဖျော်ရည် အေးအေးလေးတွေရောင်းတယ်..”


ယခင်ဘဝတွင် သူသည် မျိုးရိုးကြီးမှ လူငယ်တစ်ဦးဖြစ်သော်လည်း ဤကဲ့သို့သော လုပ်ငန်းမျိုးကိုလည်း လုပ်ခဲ့ဖူး၍ စီးပွားရေးလုပ်နည်းကို ကောင်းကောင်းနားလည်သည်။


တစ်ဖက်လူ၏ ပုံစံကိုမြင်သောအခါ ရှယန်ရှီးက နားလည်သွားပြီး ရှက်စိတ်ကို ခဝါချ၍အော်လိုက်သည်။ “အရသာရှိတဲ့ ဖျော်ရည်အေးအေးလေးတွေရမယ်.. စျေးလည်းသက်သာတယ်.. ရေခဲလည်းပါတယ်ဗျို့”


နှစ်ယောက်သား၏ အသံများက လူတိုင်း၏အာရုံကို ဖမ်းစားသွားသည်။ လူတိုင်းက အံ့သြနေကြပြီး လူအများက လက်ညိုးထိုးလျက် ဆွေးနွေးနေကြသည်။


“ဟာကွာ… ဒီသုံးယောက်က ရူးနေတာလား.. နွေရာသီမှာ ရေခဲဖျော်ရည်က ဘယ်လိုရမှာလဲ”



“အေးလေ.. လိမ်မယ်ဆိုလည်း မသိသာအောင် လိမ်ပေါ့.. ရေခဲဖျော်ရည် ဘယ်လိုရနိုင်မှာလဲ”


“တကယ်ကြီး ရေခဲဖျော်ရည်များလား”


လူတိုင်း၏အတွေးက မတူကြသော်လည်း ဖူမင်ယိုသည် အဘိုးဖြစ်သူ၏ ရင်ခွင်ထဲမှာ လိမ်လိမ်မာမာ ဖက်တွယ်ထားသော ကလေးလေးအား ကြည့်၍ ပြောလိုက်သည်။ “ကလေးလေး.. ဦးလေးက မင်းကို ရေခဲဖျော်ရည်တိုက်မယ်.. ပိုက်ဆံမယူဘူးနော်”



အဘိုးအိုနှင့် မြေးဖြစ်သူနှစ်ယောက်လုံးက ဖာထေးထားသော အဝတ်အစားများကို ဝတ်ထားကြပြီး ပိန်လှီနေသည်။ အဘိုးအို၏ လက်သည်းခွံများတွင် ရွှံ့တွေပေနေသော်လည်း ကလေးငယ်လေးကတော့ အလွန်လိမ္မာရေးခြားရှိသည်။ သူသည်ကား စားချင်စိတ်ဖြင့် လျှာသပ်ကာ တံတွေးမျိုချလိုက်သော်လည်း စကားတစ်ခွန်းမဆိုခဲ့။


“ဒါက.. သခင်လေး.. ဒါမဖြစ်နိုင်ပါဘူး…တန်ဖိုးကြီးလွန်းပါတယ်”


အဘိုးအိုက အပူဒဏ်ကြောင့် ချွေးများထွက်နေသော်လည်း ထိုခွက်ကို မတောင်းဝံ့ခဲ့ပေ။


နံဘေးရှိ ရှယန်ရှီးက ပြုံးကာ ပြောလိုက်သည်။ “အဘိုး သောက်လိုက်ပါဗျာ၊ ရာသီဥတုပူတော့ အပူမရှပ်အောင်ပါ”


ဖူတာ့ကောက တကယ့်ကို လူကောင်းတစ်ယောက်ပဲ.. ဒီအဘိုးနဲ့မြေးကို သနားလို့ ဖျော်ရည်အေး တိုက်လိုက်တာပဲဖြစ်မယ်..


“သောက်ပါဗျာ.. ကလေးကိုတော့ ဖြည်းဖြည်းချင်းသောက်ခိုင်းပါ.. အရမ်းအေးတော့ မြန်မြန်သောက်ရင် ဝမ်းပျက်တတ်လို့ပါ”


ဖူမင်ယိုက ပြုံးကာ ပြောလိုက်၏။


အဘိုးအိုက ကမန်းကတန်း ကျေးဇူးတင်စကား ပြောဆိုနေခဲ့သည်။


အဘိုးအိုက ခွက်ကိုကိုင်ထားရင်း အေးမြသော ခံစားချက်ကို အမှန်တကယ်ရလိုက်သည်။ သူ့မျက်လုံးများတွင် အံ့အားသင့်မှုများ ပြည့်နေလျက်ပင်။ တကယ်ကြီး ရေခဲလား။


“ဝါး…အဘိုး..အရမ်းအေးတာပဲ.. ချိုလည်းချိုတယ်” ကလေးငယ်က မျက်လုံးအဝိုင်းသားဖြင့် ချက်ချင်းပြောလိုက်သည်။ “အဘိုး..အဘိုးလည်းသောက်…အဘိုးလည်းသောက်ပါ” 


အဘိုးအိုက ပြုံးသာပြပြီး ဆိုလိုက်သည်။ “အဘိုးကရေမဆာဘူး.. မြေးလေးပဲသောက်ပါ”


“အဘိုးလိမ်နေတာ..  အဘိုးမသောက်ရင် သားလည်းမသောက်တော့ဘူး”


ကလေးငယ်က မျက်ခုံးတွန့်ချိုးလျက် ရင်ဘတ်ရှေ့ လက်ပိုက်ကာ လူကြီးလေးတစ်ယောက်လို ပြုမူလိုက်သည်။


အဘိုးအိုက ချက်ချင်း ပြုံးကာ ပြောလိုက်၏။ “ဟုတ်ပါပြီဗျာ.. အဘိုး တစ်ငုံသောက်ပါ့မယ်”


ပြောပြီးနောက် တစ်ငုံသောက်လိုက်ရာ အေးမြချိုမြိန်သော ခံစားချက်ကို ရလိုက်သည်။


“တကယ်ပဲ ရေခဲလား…အရသာကောင်းလိုက်တာ”


အဘိုးအိုက ဖူမင်ယိုကိုကြည့်ကာ ချက်ချင်းပြောလိုက်သည်။ “သခင်လေးကို ကျေးဇူးတင်ပါတယ်”


ဖူမင်ယိုက ခေါင်းခါပြပြီးမှ အနီးအနားရှိ လှုပ်လှုပ်ရှားရှားဖြစ်နေသော လူတွေကို ကြည့်လိုက်သည်။ “အရသာရှိတဲ့ ဖျော်ရည်အေးအေးလေးရမယ်.. မအေးရင် ပိုက်ဆံပေးစရာမလိုဘူး!”


“ဒီရေခဲဖျော်ရည်ကို ဘယ်လိုရောင်းတာလဲ”


လူအများ ချီတုံချတုံဖြစ်နေစဥ်တွင် ချွေးများရွှဲနေသော လူသန်ကြီးတစ်ယောက်က နဖူးပေါ်မှ ချွေးကိုသုတ်ရင်း မေးလာသည်။


ထိုလူသည် အလုပ်ကြမ်းသမားဖြစ်ပြီး နွေရာသီတွင် အပူဒဏ်အခံရဆုံးဖြစ်သည်။ ယနေ့မှာ ရေခဲဖျော်ရည်ရောင်းသော လူတစ်ယောက်နှင့် ဆုံရမည်ဟု မထင်ထားခဲ့ချေ။


“အစ်ကိုကြီး… ဒီမှာ ဖျော်ရည်သုံးမျိုးရှိပါတယ်.. ပထမတစ်မျိုးက သစ်သီးဖျော်ရည်၊ အဲ့ထဲမှာ သစ်သီးတစ်ဝက်ထည့်ထားပါတယ်.. တစ်ခွက်ကို ကြေးဒင်္ဂါးသုံးပြားပါ.. နောက်တစ်မျိုးက ဖျော်ရည်နည်းနည်းပါပါတယ်..တစ်ခွက်ကို ကြေးဒင်္ဂါးနှစ်ပြား.. တတိယတစ်မျိုးကတော့ ရိုးရိုးရေခဲရေပါ ဖျော်ရည်မပါပါဘူး.. သူကတော့ ကြေးဒင်္ဂါးတစ်ပြားပါ.. သုံးမျိုးလုံးက ချိုပါတယ်”


ရှယန်ရှီးက ချက်ချင်းပင် ပါးပါးနပ်နပ်ဖြေလိုက်၍ ဖူမင်ယိုက အပြုံးလေးဖြင့် ခေါင်းညိတ်ပြသည်။


လူသန်ကြီးက တခဏစဥ်းစားပြီး ပြောသည်။ “တစ်ပြားတန် တစ်ခွက်ရယ် နှစ်ပြားတန် တစ်ခွက်ရယ်ပေးပါ”


သူသည် တစ်နေ့လျှင် ကြေးဒင်္ဂါးပြားသုံးဆယ်ရပြီး ထမင်းဟင်းအတွက် ငွေမကုန်သည့်အတွက် ဒင်္ဂါးသုံးပြားလောက်က နည်းပါးသော ပမာဏသာဖြစ်၏။


ထိုမှသာ ရှလီရမ်က တုံ့ပြန်လာတော့သည်။ သူက တစ်ဖက်လူအား နှစ်ခွက်ထည့်ပေးကာ ပြောလိုက်၏။ “ရော့”


ရှမိသားစုမှ လူတိုင်းက ရိုးသားသူများဖြစ်၍ ဖျော်ရည်အများကြီးထည့်ပေးလိုက်ပြီး အသီးဖတ်တွေမှာလည်း သောက်ချင်စဖွယ်ဖြစ်သည်။


လူသန်ကြီးက ဝါးခွက်ကိုယူကာ တစ်ငုံသောက်ပြီးနောက် သက်ပြင်းချလိုက်၏။ “နှစ်ပြားတန်တစ်ခွက် ထပ်ပေးပါ”


တကယ်ပဲ ရေခဲဖြစ်နေမယ်လို့ မထင်ထားဘူး..အထဲမှာရေခဲပါသလို အဖတ်တွေလည်း အများကြီးပါလို့ အရသာလည်းရှိတယ်..  


နံဘေးမှလူများက ၎င်းကိုမြင်သော် ချက်ချင်းပင် ဝယ်ယူဖို့ ရှေ့တိုးလာကြသည်။


ရှယန်ရှီးက ဝါးခွက်များ အမြန်ကုန်တော့မည်ကိုသိ၍ ကိုယ့်ခွက်ကိုယ်အသုံးပြုပါက တစ်ပြားလျှော့ပေးမည်ဖြစ်ကြောင်း ပြောလိုက်လေသည်။


ဖူမင်ယိုက တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။ ပြောရလျှင် သူ၏ လက်မထပ်ရသေးသော ခင်ပွန်းလေးသည်လည်း စီးပွားရေးဉာဏ် အတော်ရှိ၏။