Chapter 36
“စာအတူတူသင်မယ်”
ဖူမင်ယိုက ပြုံးကာပြောလိုက်သည်။ “စိတ်မပူပါနဲ့.. မြို့ပေါ်မှာ လူချမ်းသာတွေရှိပါသေးတယ်.. ကြေးဒင်္ဂါးပြားနည်းနည်းလေးက သူတို့အတွက် ဘာမှမဟုတ်ဘူး”
ယခင်ရေခဲဖျော်ရည်နှင့်ယှဥ်လျှင် ဤရေခဲချောင်းက ပါဝင်ပစ္စည်းပိုများသည်။ ထို့အပြင် ၎င်းက ယခင်ရေခဲဖျော်ရည်ထက် ပိုအဆင်ပြေပြီး ကိုင်စားလို့ရသည်။
“ဒါလည်းမှန်တာပဲ” ရှယန်ရှီးက ပြုံးကာ ဆိုသည်။ “ဒါဆို နက်ဖြန် ဒီပစ္စည်းရောင်းမယ်လေ.. ရောင်းကောင်းလောက်ပါတယ်”
ဖူမင်ယိုက ခေါင်းညိတ်ပြပြီး ပြုလုပ်ပုံကို တစ်ဖက်လူအား ရှင်းပြလိုက်သည်။
ဒီကလူတွေက နို့မသောက်နိုင်ကြတဲ့အတွက် ရွာထဲမှာက နို့မရှိဘူး.. မဟုတ်ရင် ဖူမင်ယိုက ပိုကောင်းတဲ့ ရေခဲမုန့်လုပ်လိုက်မှာပဲ..
အများကြီးမထုတ်နိုင်ပေမယ့်လည်း ရှယန်ရှီးနဲ့ ရှောင်ပေါင်တို့ စားဖို့အတွက် နည်းနည်းတော့လုပ်လို့ရတယ်…
“ရှီးရှီး.. ကိုယ်တို့ရွာအနီးတစ်ဝိုက်က ဘယ်သူ့အိမ်မှာ နို့စားနွားတွေရှိလဲ”
ဖူမင်ယိုသည် တစ်ဖက်လူ၏မျက်နှာကိုကြည့်ပြီး ရှရှောင်ပေါင်ကိုလည်း ကြည့်လိုက်သည်။ နို့သောက်ခြင်းက လူ့ခန္ဒာကိုယ်အတွက်ကောင်းပြီး အာဟာရဖြစ်စေသည်။
ထိုစကားကြားသော် ရှယန်ရှီးက တခဏစဥ်းစားပြီး ပြောလာ၏။ “ဘေးက လီကျားရွာမှာ နို့စားနွားတစ်ကောင်ရှိတဲ့ အိမ်ကိုတော့သိတယ်.. ဖူတာ့ကောက နို့သောက်ချင်လို့လား”
ထိုအရာ၏အနံ့က အနည်းငယ်ဆိုးရွားသောကြောင့် သာမန်လူတွေက သိပ်မသောက်ကြ။
ဖူမင်ယိုက ပြုံးပြီး ခေါင်းခါပြသည်။ “အဲ့ဒါကို ရေခဲချောင်းလုပ်လို့ရတယ်…အရသာအရမ်းရှိတယ်.. မင်းတို့စားဖို့ လုပ်ပေးချင်လို့ပါ”
သူ့စနစ်သည် လိုရမည်ရ ရေခဲမုန့် သိုလှောင်ထားသော်လည်း သူက ၎င်းကိုမထုတ်ဘဲ ကိုယ်တိုင်လုပ်ကြည့်ဖို့ စဥ်းစားလိုက်၏။
“ဖူကောကော.. အဲ့ဒါက တကယ်အရသာရှိတာလား”
ရှရှောင်ပေါင်က ထိုစကားကြားလိုက်သည်နှင့် မျက်လုံးများလက်လာသည်။
ဖူမင်ယိုက ခေါင်းညိတ်ပြပြီး တစ်ဖက်လူ၏ ဆံပင်ကို ပွတ်သပ်လိုက်၏။ “မနက်ဖြန် မင်းကို မြည်းစမ်းခိုင်းမယ်”
အခုက နောက်ကျနေပြီမို့ နက်ဖြန်မှပဲ သွားဝယ်ကြမယ်..
ညီအစ်ကိုနှစ်ယောက်လုံးက မျှော်လင့်နေကြသဖြင့် ဖူမင်ယိုက အိမ်ပြန်ပြီး လုပ်နည်းကြည့်ဖို့ စဥ်းစားလိုက်သည်။
သူတို့နှစ်ယောက်နှင့် ခဏနေပြီးနောက်မှာ ဖူမင်ယိုက သူ ဝယ်ထားသောစာအုပ်ကို ချက်ချင်းယူလာပြီး ပြောလိုက်သည်။ “ရှောင်ပေါင်နဲ့ ရှီးရှီး.. လာ.. မင်းတို့ကို စာလုံးတွေဖတ်တတ်အောင် သင်ပေးမယ်”
သုံးလုံးတွဲဂန္ထဝင်ကျမ်းလောက်ကတော့ ဖူမင်ယိုအတွက် ပြဿနာမရှိ။
“ဝိုး.. ဖူကောကောက စာဖတ်တတ်တာလား.. ရှောင်ပေါင် တကယ်သင်လို့ရလား”
ရှရှောင်ပေါင်က စိတ်လှုပ်ရှားနေပြီး တစ်ဖက်လူကိုကြည့်ကာ မေးသည်။
“ရတာပေါ့”
ဖူမင်ယိုက အပြုံးလေးဖြင့် ခေါင်းညိတ်ပြသည်။ “ရှီးရှီး၊ မင်းလည်းပါတယ်.. အတူတူသင်ကြမယ်”
ရှယန်ရှီးက အားရပါးရ ခေါင်းညိတ်ပြသည်။ လူသုံးယောက်က ဖြည်းဖြည်းချင်းသင်ယူနေကြ၏။ “လူတွေက မွေးတုန်းက သဘာဝအတိုင်းကောင်းပေမယ့်….”
ဖူမင်ယိုက ချက်ချင်းကြီး တတ်သွားအောင် မကြိုးစားဘဲ ဖြည်းဖြည်းချင်း လုပ်ဆောင်နေခဲ့သည်။
မွန်းလွဲပိုင်း နေမဝင်သေးခင်မှာ အမေရှနှင့် သူ့ခင်ပွန်းပြန်ရောက်လာ၏။ “အဖေ..အမေ”
သူတို့နှစ်ယောက်ကို မြင်သောအခါ ရှယန်ရှီးနှင့် ရှရှောင်ပေါင်က ချက်ချင်းပင် နှုတ်ဆက်လိုက်၏။
ရှလီရမ်က ကလေးနှစ်ယောက်ကိုကြည့်ရင်း ပြုံးကာပြောလိုက်၏။ “အဖေတို့ပြန်လာပြီ”
“အဖေနဲ့အမေ ခဏနားလိုက်ပါ.. ကျွန်တော် ထမင်းဟင်းတွေပြင်ထားပါတယ်” ရှယန်ရှီးက အပြုံးလေးဖြင့်ဆိုသည်။
ရှရှောင်ပေါင်သည်လည်း ခုန်ဆွခုန်ဆွ လျှောက်လာပြီး ပြောလိုက်သည်။ “အမေ၊အဖေ.. ဒီနေ့ ဖူကောကောက သားနဲ့ကောကောကို စာရေးတာသင်ပေးခဲ့တယ်”
၎င်းကိုကြားသော် ရှလီရမ်က ဖူမင်ယိုကို မှင်တက်အံ့သြလျက် ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ဖူရှောင်ကျစ်.. မင်းကို အများကြီးကျေးဇူးတင်ပါတယ်ကွာ.. လိုအပ်တာတစ်ခုခုရှိလား”
တစ်ဖက်လူက ရှောင်ပေါင်ကို စာသင်ပေးဖို့ ဆန္ဒရှိမယ်လို့ သူ မထင်ထားဘူး.. ဒါက စာတတ်တာလေ… ဘယ်လောက်တောင်ကောင်းလိုက်လဲ…
သိရသလောက်ဆိုရင် ရွာထဲမှာ စာဖတ်တတ်တဲ့သူ သိပ်မရှိဘူး.. ရှောင်ပေါင်သာ စာလုံးနည်းနည်းလောက် မှတ်မိမယ်ဆိုရင် အနာဂတ်အတွက် ကောင်းကျိုးရှိမှာပဲ..
“ရပါတယ်…ဦးလေးရာ”
ဖူမင်ယိုက နွေးနွေးထွေထွေး ပြုံးပြလိုက်၏။
မိသားစု ညစာစားပြီးနောက် ဖူမင်ယိုက ငွေရေတွက်သည့် အခန်းကဏ္ဍမှာ မပါတော့ဘဲ အိမ်တန်းပြန်သွားလိုက်သည်။
အိမ်ပြန်ရောက်တော့ ဖူမင်ယိုက ဒိုင်မန်းရှင်းစနစ်ကို ဖွင့်ပြီး သူနဲ့ ကုန်သွယ်ဖို့ တစ်ယောက်ယောက်က ရှာနေမလား စစ်ဆေးကြည့်လိုက်သည်။
သူ့နေရာလွတ်က ပြောင်းသွားလို့
သူနဲ့ကုန်သွယ်ဖို့ လူအများကြီးမရှိတော့တာလား မသိပေမယ့် ဖူမင်ယိုကတော့ ဂရုမစိုက်ပါဘူး..
နောက်ရက်အနည်းငယ်ကြာတော့ ရှလီရမ်နှင့် သူ့ဇနီးက မြို့ပေါ်မှာ ရေခဲချောင်းနှင့် ရေခဲဖျော်ရည် သွားရောင်းကြသည်။ မွန်းလွဲပိုင်းတစ်ရက်မှာတော့ သူတို့က ရုန်ဖန့်ဟိုင်တို့ မိသားစုသုံးယောက်ကို အိမ်ခေါ်လာကြသည်။
“ဝါး.. ဒီမှာ ညီလေးတစ်ယောက်ရှိတာပဲ”
ရုန်ဖန့်ဟိုင်၏ သားဖြစ်သူ ရုန်နန်နန်က သုံးနှစ်သားရှောင်ပေါင်ကိုကြည့်ပြီး မျက်လုံးများတောက်ပလာသည်။
ဤသည်မှာ သူ့ထက်ငယ်သောကလေးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။
“သခင်ကြီး.. ဒီအထိလာခိုင်းရလို့ အားနာပါတယ်ဗျာ.. ရေခဲချောင်းက ဒီလောက်လေးပဲကျန်တော့တာ၊ ပိုက်ဆံပေးစရာမလိုပါဘူး.. ယူစားလိုက်ပါ”
ရှလီရမ်က အိမ်မှာကျန်ခဲ့သော ရေခဲချောင်းအနည်းငယ်ကို ကြည့်ပြီး ပိုက်ဆံတောင်းဖို့ မတန်တော့ဟု ယူဆလိုက်၏။
ဤရက်ပိုင်းမှာ သူတို့ပစ္စည်းများက မြို့ပေါ်မှာ နာမည်ကြီးနေပြီး တစ်နေ့လျှင် ဒင်္ဂါးငါးရာခြောက်ရာခန့်ရသည်။ ၎င်းမှာ သူ အလုပ်ကြမ်းသမားအဖြစ် လုပ်ရသည့် တစ်ရက်စာထက် အများကြီးပိုလေသည်။
ရုန်ဖန့်ဟိုင်က ပြုံး၍ဆိုသည်။ “ဒါတော့မဖြစ်ဘူး. ပေးရမှာပေါ့”
ပြောပြီးနောက် သူက ရှလီရမ်အား ဒင်္ဂါးအနည်းငယ် ထိုးပေးလိုက်သည်။
ဖြစ်ချင်တော့ ဖူမင်ယိုက အပြင်ဘက်မှရောက်လာပြီး လူသုံးယောက်နှင့် အစေခံမိန်းကလေးတစ်ယောက်အား မြင်လိုက်ရသည့်အခါ အတန်ငယ် အံ့သြသွားခဲ့သည်။ ရှယန်ရှီးကတော့ သူ့ကို အချိန်ကိုက်ရှင်းပြပေးခဲ့၏။
“ဦးလေးနဲ့အဒေါ်.. ကျွန်တော် ခုနက တောင်ပေါ်သွားတော့ ရစ်ငှက်တစ်ကောင် ဖမ်းလာခဲ့တယ်.. ညစာချက်စားကြမယ်”
သတိလစ်နေလျက် ကြိုးချည်ခံထားရသော ရစ်ငှက်ကို ဖူမင်ယိုက လက်ထဲမှာ ကိုင်ထားပြီး ပြုံးကာ ပြောလိုက်လေသည်။
“ဖူကောကောက အရမ်းတော်တာပဲ.. ရှောင်ပေါင်လည်း အမဲလိုက်တာသင်ချင်တယ်”
ရှောင်ပေါင်က ယခုမှ အိမ်ကိုရောက်လာသော အစ်ကိုသေးသေးလေးအကြောင်းကို စိတ်မဝင်စား။ ရွာထဲမှာ ကစားဖော်များစွာရှိသောကြောင့် သူ့အတွက်တော့ အထူးအဆန်းဖြစ်မနေပေ။
သို့ပေသိ ဖူမင်ယို အမဲလိုက်တာကတော့ အင်မတန်အင်အားကြီးသည်ဟု သူ့အား ခံစားရစေသည်။
ဖူမင်ယိုက လက်လှမ်းပြီး တစ်ဖက်လူ၏ မျက်နှာလေးကို ဖျစ်ညှစ်၍ ပြောလိုက်သည်။ “အမဲလိုက်တာက ပင်ပန်းတယ်နော်. ရှောင်ပေါင်က သင်ချင်လို့လား”
“ဟုတ်.. ဟူကျစ်ကောကောလည်း သင်ချင်မှာပဲ”
ရှောင်ပေါင်က နို့သံလေးဖြင့် ခေါင်းညိတ်လိုက်ရာ နံဘေးရှိ အမေရှက ခေါင်းတခါခါဖြင့်သာ ကြည့်နေလိုက်ရတော့သည်။
နံဘေးရှိ ရုန်ဖန့်ဟိုင်သည် သာလွန်ထူးခြားသော ဟန်ပန်ရှိသည့် ဖူမင်ယိုအား ကြည့်ပြီး အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “အစ်ကိုကြီးရှ. ဒါကဘယ်သူလဲ”
“ရုန်သခင်ကြီး… ဒါက ဖူမင်ယိုပါ… ကျွန်တော့်ကောလေးနဲ့ စေစပ်ထားတဲ့သူပါ”
ရှလီရမ်က ပြုံးလိုက်ပြီး ဖူမင်ယိုကိုကြည့်ကာ ပြောလိုက်သည်။
ဖူမင်ယိုကတော့ ခေါင်းညိတ်ပြပြီး စကားတစ်ခွန်းမှမဆို။
ရုန်ဖန့်ဟိုင်က အချိန်အခါကို သိနားလည်သူဖြစ်၍ ကြာကြာဆက်မနေခဲ့ပေ။
ဖူမင်ယိုက လူအကဲခတ်သည့်နေရာမှာ ကျွမ်းကျင်နေဆဲပင်။ ဤမိသားစုသုံးယောက်က မရိုးရှင်းဟု သူခံစားရသော်လည်း တစ်ဖက်လူက ရေခဲချောင်းလာဝယ်သည်ဟု
ပြောသည့်အတွက် သူ စကားအပိုမပြောတော့ပေ။
End