Chapter 37
“လင်းဖူကျစ်”
ယခုရက်ပိုင်းတွင် ရှမိသားစုသည် နေ့တိုင်းစောစောထွက်ကာ နောက်ကျမှပြန်ရောက်သောကြောင့် ရွာသူရွာသားများ သတိထားမိနေတာ ကြာပြီပင်။ အိမ်ဟောင်းမှလူများသည်လည်း ရှမိသားစုမှာ ကြွယ်ဝချမ်းသာမည့် နည်းလမ်းတစ်ခုခုကို ရှာတွေ့နေပြီဟူ၍ ခန့်မှန်းလျက်ရှိသည်။
သို့သော် ယခုတစ်ကြိမ်တွင် အဘွားရှက ပိုမိုဉာဏ်ကောင်းသောကြောင့် သူတို့အိမ်သို့ချက်ချင်းမသွားဘဲ ရှလီရမ်နှင့် သူ့ဇနီးနောက်သိို့ ခိုးကြောင်ခိုးဝှက် လိုက်သွားခဲ့လေသည်။
“အေး ကောင်းပေရော့.. လင်မယားနှစ်ယောက်လုံးက ပိုက်ဆံရှာပြီး မိဘကို သိတတ်ရမှန်းတောင် မသိကြဘူး”
လူများစွာက သူတို့ဆီမှာ ပစ္စည်းအများအပြားဝယ်နေသည်ကို အဘွားရှ တွေ့ခဲ့ရပြီး သူမမျက်လုံးထဲတွင် တွက်ချက်လိုသည့် အရိပ်အယောင််တစ်ခု လျှပ်ခနဲပေါ်လာခဲ့သည်။
ထိုမျှများပြားသော လူများက ပစ္စည်းဝယ်နေကြသည်ဖြစ်ရာ ဒင်္ဂါးတစ်ပြားတန်ဖြစ်လင့်ကစား တစ်နေ့လျှင် ငွေရာကျော်ရမှာသေချာသည်သာ။
“အမေ..ဒါဆို ကျွန်မတို့အခု ဘာလုပ်ကြမလဲ”
ဒုတိယအဒေါ်ရှသည်လည်း မနာလိုဖြစ်နေသည်။ အကြီးဆုံးသားက လုပ်ငန်းလေးတစ််ခု စနေမည်ဟု သူ မထင်ထားပေ၊ ၎င်းမှာ ဖူမင်ယို၏အကြံသာဖြစ်ရမည်။
အဘွားရှက မျက်လုံးများမှေးကျဥ်းလျက် ပြောလိုက်သည်။ “သွားမယ်.. အရင် ပြန်လိုက်ကြမယ်”
ပိုက်ဆံအများကြီးရှာနိုင်ပြီဆိုတော့ မိဘကို သိတတ်ဖို့ အချိန်ကျပြီလေ။
ထိုအချိန်တွင် ပစ္စည်းများရောင်းချနေသော လင်မယားသည် အဘွားကြီး၏အကြံကို သိမနေသော်လည်း ကံအားလျော်စွာ သူတို့သည်လည်း အလွယ်တကူလက်ခံတတ်သည့် အားနည်းသူများမဟုတ်ကြပေ။
ဖူမင်ယိုသည် ဤနှစ်ရက်အတွင်း သတင်းအချက်အလက်များစွာကို စုံစမ်းခဲ့သည်။ ထို့နောက် ပစ္စည်းအချို့ပြင်ဆင်၍ ဆရာသခင်လင်း၏အိမ်သို့ တိုက်ရိုက်သွားခဲ့သည်။
“အစ်ကိုကြီး.. အစ်ကို ဘယ်သူ့ကိုရှာနေတာလဲ”
ဖူမင်ယိုက ဆရာသခင်လင်း၏အိမ်ကို သွားခဲ့ရာ ၎င်းမှာ ရှကျားရွာတွင် အတော်အသင့်ကောင်းမွန်သည့် အိမ်ဟု သတ်မှတ်လို့ရပြီး အုတ်အိမ်လည်းဖြစ်လေသည်။
သူ တံခါးခေါက်လိုက်ချိန်တွင် ဖူမင်ယို၏ ပေါင်လုံးအမြင့်သာရှိသော ကလေးလေးတစ်ဦးက တံခါးလာဖွင့်ပေးပြီး နားမလည်သောမျက်လုံးများဖြင့် သူ့အားကြည့်လာသည်။
ဖူမင်ယိုက ပြုံးကာ ပြောလိုက်သည်။ “မင်္ဂလာပါ..ငါက မင်းတို့ရဲ့ ဆရာသခင်လေးကို လာရှာတာပါ”
“အဘိုး..အဘိုး.. အဘိုးကိုရှာဖို့ လူတစ်ယောက်ရောက်နေတယ်”
ကလေးငယ်သည် မျက်တောင်ပုတ်ခတ်လိုက်ပြီး အထဲသို့ပြေးဝင်သွားကာ သူ့အဘိုးကိုခေါ်လိုက်သည်။
အိမ်ထဲမှာ စာဖတ်နေသော လင်းဖူကျစ်သည် သူ့မြေးလေး၏အသံကိုကြား၍ မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း နားမလည်နိုင်စွာ မေးလိုက်လေ၏။ “တာကျစ်.. အဘိုးကို ဘယ်သူလာရှာတာလဲ”
(*လင်းဖူကျစ်=ဆရာသခင်လင်း)
တာကျစ်က ခေါင်းခါပြ၍ပြောသည်။ “မသိဘူး.. အရပ်အရမ်းရှည်တဲ့ အစ်ကိုကြီးတစ်ယောက်ပဲ”
လင်းဖူကျစ်သည် ရွာ၏အစွန်းနားတွင် နေထိုင်ပြီး ဖူမင်ယိုကို မမြင်ဖူးသောကြောင့် သူ့ကို မသိခြင်းသည် ပုံမှန်သာဖြစ်သည်။
ဖူမင်ယိုက စကားဝိုင်းကို နားထောင်ပြီး ပြုံးလိုက်သည်။ လင်းဖူကျစ် အပြင်ထွက်လာတာကို တွေ့သောအခါ သူသည် လက်ခုပ်ချီ ဦးညွတ်လျက် ပြုံးကာပြောလိုက်သည်။ “လင်းဖူကျစ် မင်္ဂလာပါ.. ကျွန်တော်က ဖူမင်ယိုပါ”
လင်းဖူကျစ်က ဖူမင်ယိုအကြောင်းကို ကြားဖူးသည်။ “ဖူသခင်လေး..အထဲဝင်ပါဦး.. ဒီလူအိုကြီးကို ဘာလို့လာရှာရတာလဲ”
ဖူမင်ယိုက နောက်ကလိုက်ဝင်သွားပြီးမှ ဘေးမှာရပ်ကာ လက်ခုပ်ချီ၍ ပြောလိုက်သည်။ “လင်းဖူကျစ်..ကျွန်တော် ဒီကိုလာတာက အင်ပါယာစာမေးပွဲအတွက် ဆရာ့ဆီမှာသင်ယူချင်လို့ပါ”
“မင်း…မင်း ဘာပြောလိုက်တယ်?”
လင်းဖူကျစ်သည် သောက်ပြီးသားလက်ဖက်ရည်ကို ပြန်အန်ထုတ်မတတ်ဖြစ်သွားပြီး ဖူမင်ယိုအား မယုံနိုင်သလို ကြည့်လိုက်လေသည်။
သူ နားကြားမှားတာလား.. အကြားအာရုံ ချို့ယွင်းနေတာလား။
ဖူမင်ယိုသည်း လင်းဖူကျစ် အံ့အားသင့်မည်ကို ကြိုတွေးထားပြီးဖြစ်သောကြောင့် ပြုံးကာ ပြောလိုက်တော့သည်။ “ကျွန်တော် လင်းဖူကျစ်နဲ့ သင်ယူချင်ပါတယ်.. ဒါကတော့ သင်ကြားခပါ”
သူ ယနေ့ရောက်လာပြီဖြစ်၍ တစ်ဖက်လူနှင့်အတူ သင်ယူရန် စိတ်ပိုင်းဖြတ်ထားသည်။
“ဖူသခင်လေး… မင်း အရွယ်ရောက်ပြီလား”
လင်းဖူကျစ်က သူ့ကိုကြည့်ပြီး တခဏမျှ နှုတ်ဆိတ်နေပြီးမှ မေးလိုက်သည်။
ဖူမင်ယိုက ခေါင်းခါပြီး ဖြေလိုက်သည်။ “နောက်နှစ်မှပါ”
သူ့ပုံစံက အသက်သုံးဆယ်အရွယ်နှင့်မတူဘဲ နှစ်ဆယ်မပြည့်သေးပုံပေါက်နေသည်။
လင်းဖူကျစ်က မုတ်ဆိတ်ပွတ်ကာ ပြောလိုက်သည်။ “အင်ပါယာစာမေးပွဲဖြေမယ့် လမ်းခရီးက အရမ်းခက်တာ မင်းသိတယ်မလား၊ အရွယ်ရောက်ခါနီးပြီဆိုတော့ တခြားသူတွေထက် အများကြီးနောက်ကျနေပြီ”
ဖူမင်ယို အဘယ့်ကြောင့် ရုတ်တရက် စာမေးပွဲဖြေချင်သည်ကို သူမသိပေ၊ ဤရက်ပိုင်း ရွာထဲက စကားအချို့ကိုသာ ကြားဖူးသည်။
ဖူမင်ယိုက ပြုံး၍ပြောလိုက်သည်။ “ကြိုးစားရင် မရှုံးနိမ့်ပါဘူး”
လင်းဖူကျစ်က တစ်ဖက်လူကိုကြည့်ပြီး ပြုံးကာပြောလိုက်သည်။ “ကောင်းပြီလေ..ဒီလိုဆိုလည်း နက်ဖြန်ကစပြီး လာသင်ယူတော့၊ လိုအပ်တဲ့ပစ္စည်းတွေကိုတော့ မင်း ဝယ်ပြီးပြီမလား”
အနှီလူသည်ကား ရိုးရှင်းသူမဟုတ်၊ လင်းဖူကျစ်က အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်တတ်သူမဟုတ်၍ တစ်ဖက်လူက သင်ယူလိုစိတ်ရှိပြီး စိတ်အားထက်သန်သရွေ့ အရာအားလုံးထက် ပိုကောင်းလေသည်။
ဖူမင်ယိုက ပြုံးရယ်လျက် လက်နှစ်ဖက်ယှက်၍ အရိုအသေပေးလိုက်သည်။ “ဆရာ.. နက်ဖြန် ဒီကျောင်းသား လာခဲ့ပါမယ်”
တစ်ဖက်လူ ထွက်သွားသောအခါ လင်းဖူကျစ်၏ဇနီးက အိမ်ပြင်ထွက်လာသည်။
“ချောလိုက်တဲ့ လူငယ်လေးပါလား”
လီသခင်မက ပြုံးကာ ဘေးတွင် ထိုင်လိုက်သည်။ “သူ စာသင်ချင်မယ်လို့ မထင်ထားဘူး”
ဤကာလအတွင်း သူတို့သည်ကား ရွာ၏ အတင်းအဖျင်းများမှ ဝေးကွာနေသော်လည်း စကားအချို့ကြားခဲ့ရသည်။ ဖူသခင်လေးက သာမန်လူမဟုတ်ကြာင်းလည်း သူတို့သိထားသည်။
“ဟွန်း… ငါ ငယ်ငယ်ကလောက် မချောပါဘူးကွာ”
လင်းဖူကျစ်က မကျေမနပ်ဖြစ်ကာ မုတ်ဆိတ်ကို ပွတ်သပ်လိုက်သည်။ ငါ ငယ်ငယ်တုန်းက သူမ ဘာလို့ ငါ့ကို ဒီလိုမျိုး မချီးကျူးဖူးတာလဲ
လီသခင်မက သူ့ကို ကူကယ်ရာမဲ့စွာ ကြည့်ပြီး
ဖူမင်ယိုယူလာသော ခြင်းတောင်းကို ဆွဲလိုက်ရာ ချက်ချင်းပင် တောင့်တင်းသွားခဲ့သည်။ “အဘိုးကြီး.. ရှင့်ကျောင်းသားက ပစ္စည်းတွေအများကြီးပေးလိုက်တယ် ထင်တယ်”
ကိုင်လိုက်တော့ အလေးကြီးဖြစ်နေသည်လေ။
“ဝါး.. အဘွား.. အသားတွေအများကြီးပါတာပဲ” တာကျစ်သည် ခြင်းတောင်းပေါ်ရှိ အဝတ်ကိုလှန်လိုက်ပြီး အလွန်အံ့အားသင့်သွားခဲ့သည်။
လင်းဖူကျစ်တို့ ဇနီးမောင်နှံကလည်း အလွန်အမင်း အံ့အားသင့်သွားလေ၏။ ထိုသူက ဤမျှများပြားသော ပစ္စည်းများကို ပို့သွားမည်ဟု မထင်ထားခဲ့ကြပေ။
အသားကြီးသုံးလေးပေါင်ခန့်ရှိပြီး သကြား၊ မုန့်နှင့် ကြက်ဥများလည်းပါသည်။
ဤပစ္စည်းအားလုံးသည် ဒင်္ဂါးတစ်ရာထက်မနည်း တန်ဖိုးရှိသည်။
“အို အများကြီးပါပဲလား..နက်ဖြန်ကျမှ သူ့ကို ပြန်ယူသွားခိုင်းလိုက်မယ်”
ပစ္စည်းအများကြီးကို မြင်သောအခါ လင်းဖူကျစ်က ချက်ချင်းဆိုသည်။
သူသည်ကား ရိုးသားဖြောင့်မတ်သူတစ်ဦး ဖြစ်၍ ဤမျှများပြားသော ပစ္စည်းများကို သင်ကြားခအဖြစ် လက်ခံမည်မဟုတ်ပေ။
“ပြန်ပေးလိုက်ရင် စိတ်မကောင်းဖြစ်သွားမှာပေါ့.. နောက်ကျမှ စာသင်တဲ့အခါ ပိုအားထုတ်ပေးလိုက်ပါ. . ပြီးတော့ ဖူရှောင်ကျစ်မှာ ဒီပစ္စည်းတွေမရှားလောက်ပါဘူး”
လီသခင်မက သဘောမတူ။ ထိုသူအား ကျောင်းသားအဖြစ်လက်ခံရန် ပြောပြီးပြီဖြစ်၍ ပြန်ပေးလိုက်လို့မကောင်းပေ။
ထို့အပြင် ဖူမင်ယို ကိုယ်တိုင်ကလည်း ချို့တဲ့သူတစ်ယောက်မဟုတ်။ ရက်ရက်ရောရော ပေးကမ်းခြင်းဖြစ်သောကြောင့် စေတနာကိုလက်ခံပြီး အလေးအနက်သင်ကြားပေးလိုက်တာ ပိုကောင်းပေသည်။
စဥ်းစားပြီးနောက် လင်းဖူကျစ်သည် ဘေးနားကနေ လောဘတကြီးကြည့်နေသော မြေးဖြစ်သူအား ကြည့်ကာ မုန့်တစ်တုံးယူ၍ ပေးလိုက်တော့သည်။ “ကြည့်ပါဦး.. မင်း ဘယ်လောက်တောင် စားချင်နေတာလဲ”
ပြောရလျှင် ဤမုန့်က အမှန်တကယ် စားလို့ကောင်းသည်။
အရေးကြီးကိစ္စတစ်ခု လုပ်ပြီးသွားသော ဖူမင်ယိုကတော့ ချက်ချင်းအိမ်ပြန်သွားခဲ့သည်။
နောက်ပိုင်းတွင် သူသည် ကြိုးကြိုးစားစားသင်ယူဖို့ ပြင်ရတော့မည်။ ရှလီရမ်၏ စီးပွားရေးလုပ်ငန်းလေးမှာလည်း အဆင်ပြေနေသောကြောင့် သူ လုံးဝ စိတ်ပူဖို့မလိုအပ်ပေ။