(8)
“ဒီလက်စွပ်က အန်တီရွေးပေးလိုက်တာလေ”
ရန်ချင်းလင် ပြောလာသည်။
“ဒါကိုကြိုက်လား?”
ကျင်းမားမား၏ ခံစားသိမြင်နိုင်မှုများမှာ အမြဲတမ်းကောင်းမွန်လှသည်။ သူမ ရွေးချယ်ခဲ့သည့် အမျိုးသားဝတ်လက်စွပ်သည်ကားပလက်တီနမ်ဖြင့် ပြုလုပ်ထားကာ ရိုးရှင်းပြီး အံဝင်ခွင်ကျဖြစ်နေခဲ့သည်။
လက်စွပ်ကို လေးထောင့်ဖြတ်စိန်များဖြင့် အလှဆင်ထားခဲ့ပြီး ကျင်းရန်၏ လက်ပေါ်တွင် ဝတ်ဆင်လိုက်သည်တွင် တောက်ပပြီး လိုက်ဖက်ညီစွာနှင့် လှပနေခဲ့သည်။
ကျင်းရန် သတိပြန်ဝင်လာသည့်နောက်တွင် ရန်ချင်းလင်၏ ဘယ်ဘက်လက်ကို တစ်ချက်ကြည့်လိုက်သည်။
- ဘာမှ မရှိနေခဲ့ဘူး။
ကျင်းရန် လက်စွပ်အား အလျှင်အမြန်ချွတ်လိုက်ကာ သူမ၏ အိတ်ကပ်ထဲတွင် ဝှက်ထားလိုက်သည်။
“ မင်း လက်စွပ်ကို ကောင်းကောင်းလေး မပေးနိုင်ဘူးလား၊ ဘာလို့ ပိုးဖလံတွေလိုမျိုး မီးထဲကိုဝင်ဖို့တက်ကြွနေရတာလဲ”
“လက်ဆောင်ကို ဘယ်လိုမျိုး ကောင်းကောင်းပေးသင့်တာလဲ”
ရန်ချင်းလင်က ဖော်မပြနိုင်သော အဓိပ္ပါယ်ဖြင့် ပြုံးလိုက်ပြီး ညင်သာစွာ ပြောလာခဲ့ချေသည်။
“ဒူးတစ်ဖက်ထောက်ပြီး ပန်းစည်းတွေကို ရွှယ်ကျန်းရဲ့လက်ထဲကို အရင်ထည့်ပေးသင့်တာလား”
ကျင်းရန် ရန်ချင်းလင်အား နောက်ထပ် လက်ခလယ် ထောင်ပြလိုက်ချင်သော်လည်း မတိုင်ခင်ကအခြေအနေကို ပြန်တွေးကြည့်လိုက်ကာ သူ့လက်ချောင်းကို မထုတ်နိုင်တော့ချေ။ ကျင်းရန်တစ်ယောက် သူ့တွင် အရိပ်မည်းကြီးတစ်ခုရှိသွားလောက်ပြီဟုတောင် သံသယဖြစ်မိရသည်။
သူ့တစ်ဘဝလုံး လက်ခလယ်မထောင်ရဲတော့တာတောင် ဖြစ်သွားနိုင်တယ်!
“အဲဒီလိုစိတ်ကူးယဥ်ဆန်တဲ့ကိစ္စမျိုးကို ဘယ်သူမှန်းမသိတဲ့ မိန်းကလေးအတွက် ချန်ထားလိုက်စမ်းပါ”
ကျင်းရန် ရယ်မောလိုက်သည်။
“မင်းရဲ့ ကျင်းပါးပါးက မစားရသေးဘူး၊ တခြားကိစ္စရှိသေးလား၊ မရှိရင် ငါ အခု ထွက်သွားတော့မယ်”
ရန်ချင်းလင်၏ ပျင်းရိနေဟန်ရှိသည့်အသံက တိုးဖွစွာ ထွက်ပေါ်လာခဲ့သည်။
“ကောင်းသောညပါ ရွှယ်ကျန်း”
ကျင်းရန် စကားတစ်ခွန်းမှ ပြန်မပြောတော့ဘဲ ခြေလှမ်းနှစ်လှမ်းခန့် အရှေ့သို့ လှမ်းသွားလိုက်သည့်။
သို့သော်လည်း သူ့ရဲ့ ရင်ဘတ်ထဲတွင် တစ်စုံတစ်ခုက ပိတ်ဆို့နေသကဲ့သို့ ခံစားနေခဲ့ရသည်။ သူ သည်းခံပြီးရင်း သည်းခံနေသော်လည်း အဆုံးတွင်တော့ တောင့်မခံနိုင်ခဲ့တော့ဘဲ ရုတ်တရက် အနောက်ကို ပြန်လှည့်ကြည့်လိုက်မိတော့သည်။
ရန်ချင်းလင်က ထိုနေရာတွင် ရပ်နေဆဲဖြစ်ပြီး ကျင်းရန်အနောက်ဘက်သို့ ပြန်လှည့်ကြည့်လာသည်ကို တွေ့လိုက်ချိန်၌ အနည်းငယ် အံ့သြသွားခဲ့သည်။
ကျင်းရန် တ၀်ဖက်လူကိုကြည့်ကာ ပြင်းထန်သည့် ကျိန်စာကို ဆိုလိုက်သည်။
“မနက်ဖြန် သေချာပေါက် မိုးမရွာနိုင်ဘူး! စစ်ရေးလေ့ကျင့်မှုတွေ မပြီးဆုံးခင်အထိ မိုးရွာမှာ မဟုတ်ဘူး! မင်းတို့တွေ သေလောက်အောင် ပူလောင်နေရလိမ့်မယ်!”
ရန်ချင်းလင်: “...”
*
ကျောင်းသားသစ်များ မိုးရွာဖို့ဆုတောင်းပွဲလုပ်နေသည့် တစ်ဝက်လောက်တွင် အဆောင်စောင့်အန်တီက ရေပုံးတစ်ပုံးကို ထမ်းပြီး ရောက်လာခဲ့သည်။
“ဖုန်းရွှေဖွဲ့စည်းပုံ”က ပျက်စီးသွားခဲ့ပြီး “မှော်ဆရာများ”ကတော့ အလွန်အကျူး ဝေဖန်ပြစ်တင်ခဲ့ရသည်။ ထို့အတူ မီးများအားလုံးကို ပိတ်လိုက်ရပြီး နေရာကို ပြန်လည်သန့်ရှင်းရတော့သည်။
သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကွန်ယက် အင်ဂျင်နီယာ ကျောင်းသားများ၏ မိုးရွာရန် ဆင့်ခေါ်မှုတစ်ခု တည်ထောင်ခဲ့ခြင်းမှာ မအောင်မြင်ခဲ့ပဲ လုံးလုံးလျားလျား ကျရှုံးသွားရတော့သည်။
အိပ်ခန်းထဲသို့ ပြန်ဝင်လာပြီးနောက် ကျင်းရန် လက်စွပ်ကို အံဆွဲထဲသို့ ပစ်ထည့်လိုက်ပြီး သူ့၏လက်ထပ်စာချုပ်နဲ့အတူ ထည့်ထားလိုက်ချေသည်။
နောက်တစ်နေ့တွင် ကောင်းကင်မှာ ကြည်လင်နေပြီး နေရောင်ခြည်က မြေပြင်ကို ပူလောင်စေခဲ့ကာ တိုက်ခတ်လာသည့်လေများကတောင် အပူလှိုင်းများကို သယ်ဆောင်လာခဲ့သည်။
ရှန်ကျစ်ရှောင်းမှာ အလွန်ပူလောင်လွန်းနေခဲ့ပြီး လသာဆောင်သို့ အဝတ်လှန်းရန် ခဏလောက်ထွက်သည့်အချိန်တွင် မူးလဲလုမတတ် ဖြစ်သွားရရှာသည်။
“သူတို့တွေ မိုးရေချိုးဖို့အတွက်တောင် အဝတ်တွေတောင် ချွတ်ပြီးနေပြီဆိုပေမဲ့ ရာသီဥတုက မနေ့ကထက်တောင် ဒီနေ့က ပိုပူလာပုံရတယ်၊ ငါတော့ ငါ့ရဲ့ ရွှယ်တိနှင့် ရွှယ်မေ့တို့အတွက် တစ်စက္ကန့်လောက် သနားမိသွားရပြီ”
ကျိယွမ်ရှီးသည်လည်း ကုတင်ပေါ်တွင် လှဲလျောင်းနေရင်းမှ ထိုင်းမှိုင်းစွာပြောလာချေသည်။
“ငါ့အသက်က အဲကွန်းရဲ့လက်ထဲမှာပဲရှိတော့တယ်၊ အခုလို ရာသီဥတုမျိုးနှင့်ဆိုရင် ငါ့ရည်းစားက ထွက်ပြေးသွားမယ်ဆိုရင်တောင် ငါတော့ လိုက်မဖမ်းနိုင်လောက်ဘူး”
ခယ့်ယန်ကတော့ စားပွဲဘေးတွင်ရပ်နေခဲ့ကာ စာကြည့်တိုက်သို့သွား၍ စာလေ့လာရမည်လား၊ သို့မဟုတ် အိပ်ခန်းထဲတွင် တစ်ရေးတစ်မောအိပ်စက်ရမည်လားကို တွေးတောနေပုံရသည်။
ကျင်းရန်၏ ကုဒ်ရိုက်နေသည့် လက်မှာ ခေတ္တမျှရပ်တန့်သွားခဲ့ပြီး ပြတင်းပေါက်အပြင်ဘက်ရှိ နေကိုလှမ်းကြည့်လိုက်မိကာ အကြောင်းတစ်ခုခုကြောင့် အနည်းငယ် အပြစ်ရှိသလို ခံစားနေခဲ့ရသည်။
…အပူချိန်မြင့်မားခြင်းဆိုတာက သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်သည်။
ဒါက သူ့ရဲ့မနေ့ညတုန်းက ကျိန်စာနှင့်တော့ မသက်ဆိုင်လောက်ပါဘူး။ ဟုတ်တယ်မလား။ မဟုတ်ဘဲ သူ့မှာသာ ဒီလောက်ကောင်းမွန်တဲ့ ပါးစပ်တွေရှိရင် ဘယ်လိုလုပ်ပြီး သူဖတ်တဲ့ စာအုပ်တွေက စုတ်ပြဲနေမှာလဲ။ထိုအချိန်တွင် ကျင်းရန်၏ဖုန်းထဲသို့ အမေကျင်း၏ WeChat မက်ဆေ့ခ်ျတစ်စောင်ရောက်ရှိလာခဲ့သည်။
ဘော့စ်မား : [ မင်း လက်စွပ်ကို ရခဲ့ပြီမလား]
ကျင်းရန်ရန်ရန်: [ရပြီ]
ဘော့စ်မား : [ မင်း ကြိုက်လား၊ အဲဒါကို ချင်းလင်နှင့် မားတို့ အချိန်အကြာကြီးရွေးလာခဲ့တာ 【နှာခေါင်းရှုံ့ပြီး အနံ့ခံနေ】]
ကျင်းရန်ရန်ရန်: [?]
ကျင်းရန်ရန်ရန် : [မားဒါကို ရန်ချင်းလင်နှင့် သွားရွေးခဲ့တာလား]
ဘော့စ်မား: [ မား သူ့အတွက် စတိုင်တချို့ကို ရွေးပေးခဲ့တာလေ၊ နောက်ဆုံးတော့ သူက ဒါကို ရွေးလိုက်တယ်၊ မင်း မကြိုက်ဘူးလား? ]
ကျင်းရန်ရန်ရန်: [ဟုတ်လား၊ ကျွန်တော် သေသေချာချာ မကြည့်ရသေးလို့ မသိဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်ာ်လည်း ဝတ်ထားမှာမှမဟုတ်တာ ဒီတော့ ဂရုမစိုက်ဘူး]
ဘော့စ်မား : [ ဒီလိုဆိုရင်တောင် မင်း အဲဒါကို သေသေချာချာသိမ်းထားရမယ်၊ အဲဒါကို မပျောက်သွားစေနဲ့၊ ဘာပဲဖြစ်ဖြစ် အဲဒီလက်စွပ်က တစ်သန်းကျော်တန်တယ်နော်၊ မင်းလက်ထပ်တဲ့အချိန် သုံးလို့ရတယ်]
ကျင်းရန် မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီကျိုးနေတဲ့လက်စွပ်က တစ်သန်းကျော်တောင် တန်ဖိုးရှိနေတာလား? ဒီစာသင်နှစ်အတွက် သူ့ရဲ့မုန့်ဖိုးက နှစ်သိန်းပဲရှိတယ်လေ။
တစ်သန်း! ဒီပမာဏနဲ့ဆိုရင် သူဖိနပ်ဘယ်နှစ်ရံလောက်တောင် ဝယ်နိုင်မလဲ။
ကျင်းရန် သူ၏ အံဆွဲကို ကြည့်ကာ အတွေးများပျောက်ဆုံးသွားရသည်။
ကျင်းရန်ရန်ရန်: [မား လက်ထပ်လက်စွပ်က အတွဲလိုက်ဖြစ်သင့်တာမလား? ဒါဆို မား ရန်ချင်းလင်အတွက် လက်စွပ်ကိုလည်း ဝယ်ပေးခဲ့တာလား]
ထိုသူက သူ့၏ မိသားစုထဲမှ တစ်သန်းကို တစ်လုပ်တည်းနှင့် မျိုချလိုက်သည်။ ဤမျိုးရိုးအမည်ရန်၏ နှလုံးသားက နက်မှောင်လွန်းနေသည်ပင်။
သူ စျေးသက်သာတဲ့ အမျိုးအစားကို မရွေးနိုင်ဘူးလား။
ဘော့စ်မား:[ မဟုတ်ဘူး၊ လက်စွပ်နှစ်ကွင်းအတွက် ပိုက်ဆံက ရန်ချင်းလင်ဆီကပဲ]
ကျင်းရန် အံ့အားသင့်သွားရသည်။
ကျင်းရန်ရန်ရန်:[ ရန်ချင်းလင်က ကောလိပ်ကျောင်းသားတစ်ယောက်မဟုတ်ဘူးလား၊ သူမှာ ဒီလောက် ပိုက်ဆံအများကြီး ဘယ်ကရောက်လာတာလဲ]
ဘော့စ်မား:[ ချင်းလင်က သူအရွယ်ရောက်ပြီးကတည်းက ရန်မိသားစုရဲ့ အစုရှယ်ယာရှင်တစ်ဦးဖြစ်လာပြီး လတိုင်းအမြတ်ဝေစုတွေ အများကြီး ရနေခဲ့တယ်တဲ့၊ သူ့အမေရဲ့ ပြောစကားအရဆိုရင် ငွေရေးကြေးရေး စီမံခန့်ခွဲရေးကိစ္စတွေကို သူကိုယ်တိုင် လုပ်နေတာဆိုပဲ]
ကျင်းရန်ကတော့ အတော်လေး ချဉ်နေပြီ။
သူများတွေက အမြတ်ဝေစုတွေရရှိနေချိန်မှာ သူကတော့ မုန့်ဖိုးရမဲ့အချိန်ကိုစောင့်နေရတယ်။ တကယ်ကို လူတွေရဲ့ ကံကြမ္မာ မတူညီကြဘူး။
ကျင်းရန်ရန်ရန်: [ဒါပေမဲ့ သူ ဒီအတွက် ပိုက်ဆံအကုန်လုံးကို မပေးသင့်ဘူး၊ ကျွန်တော်တို့မိသားစုက သူ့ဆီကနေ ပိုက်ဆံအများကြီး ယူနေသလိုဖြစ်နေတယ်]
ဘော့စ်မား :[ စိတ်မပူပါနဲ့ မား မင်းရဲ့ပါးနဲ့ ဆွေးနွေးပြီးပြီ ၊ မားတို့က သူတို့ရဲ့မိသားစုက ဘာကိုမှ အလကားသက်သက် မယူပါဘူး ]
ကျင်းရန် အံကိုတင်းတင်းကြိတ်ပြီး စာရိုက်လိုက်သည်:
[ ဒီနှစ်တွေအတွင်းက ကျန်တော့်ရဲ့နှစ်သစ်ကူးအကြို ပိုက်ဆံတွေကို ယူသွားပြီး သူ့ကို လက်ဆောင်အတွက် ပြန်ပေးတဲ့အနေနဲ့ နာရီတစ်လုံး ဒါမှမဟုတ် တစ်ခုခုကို ဝယ်ပေးလိုက်လေ]
ဘော့စ်မား: [ 【ထိတ်လန့်】 သားလေး၊ မင်း တကယ်ကြီး အလေးအနက်ပြောနေတာလား]
ကျင်းရန်ရန်ရန်: [ဟုတ်တယ်]
သူနှင့်ရန်ချင်းလင်တို့အတွက် အရာအားလုံးကို ရှင်းရှင်းလင်းလင်းလုပ်ထားပါက ပိုကောင်းလိမ့်မည်။ ဤသို့ဆိုလျှင် ကွာရှင်းသည့်အချိန်၌ ငွေကြေးကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်လာမည်မဟုတ်ချေ။
သူ့အမေနှင့် စကားပြောပြီးသည့်နောက်တွင် ကျင်းရန် သူ၏ ကုဒ်ကို ဆက်ရိုက်နေခဲ့သည်။ ဘေးနားတွင်ရှိနေသာ ခယ့်ယန်သည်လည်း ရွေးချယ်မှုတစ်ခုကို ပြုလုပ်နိုင်သွားခဲ့ပြီး စာကြည့်တိုက်ကိုသွားရန်အတွက် ကျောင်းလွယ်အိတ်ကို နောက်ကျောမှာလွယ်လိုက်တော့သည်။
သူထွက်သွားချိန်၌ သူ့နောက်ကျောမှာ အလွန် သနားစဖွယ်ဖြစ်နေခဲ့ပေသည်။
ရှန်ကျစ်ရှောင်း နားမလည်နိုင်စွာ ခေါင်းခါလိုက်မိသည်။
“ရွှယ်ပါ့တွေက အရမ်းကြောက်စရာကောင်းတာပဲ”
ကျိယွမ်ရှီးသည်လည်း သဘောတူကြောင်း ခေါင်းညိတ်လာသည်။
“ဒီနေ့တော့ ဘယ်သူကမှ ငါ့ကို အိပ်ခန်းထဲကနေ ဆွဲထုတ်နိုင်မှာမဟုတ်ဘူး! ဘယ်သူမှပဲ!”
သို့သော်လည်း တစ်စုံတစ်ယောက်ကတော့ သေချာပေါက် ဆွဲထုတ်နိုင်ခဲ့ချေသည်။
ရာသီဦတုက အလွန်အမင်း ပူပြင်းလွန်းလှချေသည်။ ကျောင်းဝန်း၏ခေါင်းဆောင်များမှာ ကျောင်း၏စစ်ရေးလေ့ကျင့်မှု ခေါင်းဆောင်များလောက် ရက်စက်ကြမ်းကြုတ်မှုမရှိကြသောကြောင့် အလွန်ပူပြင်းသော နေရောင်အောက်တွင် ကျောင်းသားငယ်များကို အအေးဓာတ် အနည်းငယ်ထားပေးရန် ဆုံးဖြတ်လိုက်ကြသည်။
ကျောင်းက သူတို့၏အိတ်ထဲမှ ပေးချေခဲ့ပြီး ကျောင်းကန်တင်းမှ သကြားညို ရေခဲဂျယ်လီအခု ၃၀၀ ကျော်ကို မှာယူခဲ့ကာ ထိုနေရာသို့ ပို့ဆောင်ပေးရန် စီစဉ်ခဲ့သည်။
ကျင်းရန်မှာ ထိုပို့ဆောင်ပေးရမည့်လူစာရင်းထဲတွင် ပါဝင်ရန် စီစဉ်ခံလိုက်ရတော့သည်။
ဒုတိယနှစ်ကျောင်းသား groupထဲတွင် ကျင်းရန် မေးခွန်းထုတ်နေခဲ့သည်။
ကျင်းရန် : [ဘာလို့ ထပ်ပြီး ကျွန်တော် ပါသွားရပြန်ပြီလဲ? ? ?]
အတိုင်ပင်ခံ: [မင်းက ငါတို့တက္ကသိုလ်အတွက် မျက်နှာစာအဖြစ်အဖိုးထိုက်တန်တဲ့ တာဝန်ရှိသူပဲလေ၊ ကျောင်းသူလေးတွေက မင်းဆီက ရေခဲဂျယ်လီရဖို့အတွက် အိပ်မက်မက်နေကြတာ]ကျင်းရန်: [အပြုံး]
ရှန်ကျစ်ရှောင်းနှင့် ကျိယွမ်ရှီးတို့ကတော့ တစ်ပါးသူ၏ဆင်းရဲဒုက္ခအတွက် အလွန်ပျော်ရွှင်နေခဲ့ကြသည်။
“အမှန်ပဲ! မင်း အဲဒီမှာထိုင်ပြီး ဘာလုပ်နေတာလဲ၊ မြန်မြန်လေး ထပြီး အိပ်မက်တွေကို အမြန်သွားဖြည်းဆည်းပေးလိုက်တော့! ငါတို့ကျောင်းက မိန်းကလေးကို အချိန်အကြာကြီးမစောင့်နေရစေနဲ့!”
“ပေဂျင်းက ကြိုဆိုပါတယ်! အိပ်မက်ရှိတဲ့လူတိုင်းက အရမ်းကို ပြီးကျယ်ခမ်းနားတဲ့__”
ကျင်းရန် သူ၏ ခွေးအခန်းဖော် ခွေးနှစ်ကောင်ကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။
ကျင်းရန်: [အတိုင်ပင်ခံ၊ ကျွန်တော့်ကို ကူညီပေးဖို့ နှစ်ယောက်လောက် အတူခေါ်သွားလို့ ရမလား]
**