Ch 7
Viewers 3k

(7)လက်ထပ်လက်စွပ်


ကျင်းရန်တို့နှစ်ယောက် အိပ်ဆောင်အခန်းထဲသို့ ပြန်ရောက်ချိန်တွင် ခယ့်ရန်နှင့် ကျိယွမ်ရှီးတို့က ပြန်မလာသေးချေ။


ရှန်ကျစ်ရှောင်းက လေအေးပေးစက်ကို အလျှင်အမြန်ဖွင့်လိုက်ပြီး လေထွက်ပေါက်မှ လေများကို ပြင်းပြင်းထန်ထန် မှုတ်ထုတ်စေလိုက်သည်။ 


ကျင်းရန်ကတော့ ရေချိုးရန်အတွက် ရေချိုးခန်းဆီသို့သာ တည့်မတ်စွာ ဝင်သွားခဲ့ပြီး လန်းဆန်းစွာပြန်ထွက်လာပြီးသည့်နောက်တွင် ရှန်ကျစ်ရှောင်းနှင့်အတူ နှစ်ယောက်တွဲဂိမ်းကစားရန် ဝင်လိုက်သည်။


ရှန်ကျစ်ရှောင်းက C တည်နေရာအား ရွေးချယ်ခဲ့ပြီး သူ့ကို carryလုပ်ပေးရန် တောင်းဆိုလာခဲ့သည်။ ကျင်းရန်က သူ့အား နို့နည်းနည်းတိုက်ပေးခဲ့သော်လည်း  C တည်နေရာတွင် ရှိနေသည့်အပေါ်မှာ ဒေါသထွက်နေခဲ့သောကြောင့် သူ့လက်နှင့် သေနတ်ကို ရိုးရှင်းစွာ ထုတ်ယူလိုက်ပြီး ဂိမ်းထဲတွင် အကောင်းဆုံးသော လှပသည့် triple kill ဖြင့် အဆုံးသတ်ကာ ပြန်ထွက်လာခဲ့သည်။


ရှန်ကျစ်ရှောင်း : “ဖာ့ခ်! ကျင်းရန်  မင်းငါ့ကို ဘာလို့နို့မပေးတာလဲ!”


ကျင်းရန်၏ လေသံက ပေါ့ပါးနေခဲ့သည်။


“ငါသာ အမြန်သတ်နိုင်သရွေ့ ငါ့အသင်းဖော်တွေက ငါ့ဆီကနို့ကို မလိုတော့ဘူး”


ရှန်ကျစ်ရှောင်းက နားကြပ်ကို ချွတ်လိုက်ပြီး စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ သူ့အနေနဲ့ လက်ရှိတွင် ဒေါသထွက်နေခဲ့သောကြောင့် ဆက်လက်ဆော့ကစားချင်စိတ်မရှိဘဲ ခဏမျှ ရပ်တန့်ချင်နေခဲ့သည်။


ထိုအခိုက်တွင် အောက်ထပ်မှ ဆူညံသံများကြားရပြီး ထိုနေရာတွင် အလွန်သက်ဝင်လှုပ်ရှားနေပုံရသည်။


“ကျင်းရန်၊ ကျင်းရန်!”


ကျင်းရန် သူ့၏ နားကြပ်ကို ချွတ်လိုက်ပြီး ပြန်မေးခဲ့သည်။


“ဘာလဲ”


ရှန်ကျစ်ရှောင်းက လသာဆောင်ဘက်သို့ လက်ညှိုးထိုးပြလာခဲ့သည်။


“အပြင်ဘက်မှာ တစ်ခုခုကစားနေကြတဲ့ပုံပဲ”


ကျင်းရန်သည်ကား ပျော်ရွှင်စရာပွဲများတွင် ပါဝင်ရသည်ကို ကြိုက်နှစ်သက်ခြင်း မရှိသူဖြစ်သောကြောင့် ထူးမခြားနားစွာဖြင့်သာတုံ့ပြန်ခဲ့ချေသည်။


“အိုး” 


ရှန်ကျစ်ရှောင်း သူ့ကို ဂိမ်းခုံပေါ်ကနေ ဆွဲထုတ်လိုက်သည်။


“လာစမ်းပါ  ၊ သွားကြည့်ကြစို့”


ဤသို့ဖြင့် နှစ်ယောက်သား လသာဆောင်သို့ ရောက်လာသောအချိန်တွင် အိပ်ဆောင်၏ အောက်ထပ်၌ လူအများအပြားစုဝေးနေသည်ကို တွေ့လိုက်ရသည်။


“မဟုတ်သေးပါဘူး၊ ထပ်လာပြန်ပြီလား!” 


ရှန်ကျစ်ရှောင်း ညည်းညူလာသည်။


“ဒီကောင်တွေက ဝန်ခံတဲ့အချိန်တွေမှာ အသစ်အဆန်းတစ်ခုခုကို မတွေးတောနိုင်ဘူးလား? ဖယောင်းတိုင်တွေ ထွန်းပြီးပုံဖော်တာ ဒါမှမဟုတ် မီးလုံးတွေနှင့် အလှဆင်တာကလွဲရင် ဘာမှ မတတ်ကြတော့ဘူးလား? ငါကတော့ ဒါတွေကို တစ်နှစ်ပတ်လုံးမြင်နေရတာ တော်တော်ပျင်းနေပြီ”


ကျင်းရန်: “ကောင်လေးတွေလုပ်တာ မဟုတ်ဘူး၊ ဒါက ကောင်လေးတွေရဲ့ အိပ်ဆောင်လေ”


“ဟုတ်သားပဲ၊ ဘယ်မိန်းကလေးကများ ဒီလောက်တောင်အထိန်းအကွပ်မဲ့တာပါလိမ့်”


ရှန်ကျစ်ရှောင်း ခေတ္တရပ်လိုက်ပြီး ဆက်ပြောခဲ့သည်။


“ဒါက ဂျပန်မေဂျာက ပန်းလေးက ရန်ချင်းလင်ကို ဝန်ခံတာများဖြစ်နေမလား”


ကျင်းရန် ခေါင်းခါလိုက်သည်။


“ဖယောင်းတိုင်တွေနှင့်  ပုံဖော်ထားတဲ့ပုံသဏ္ဍာန်ရှိလား သေချာကြည့်လိုက်”


ရှန်ကျစ်ရှောင်းက ခေါင်းကို ငုံ့ကာ ခဏလောက် လေ့လာပြီး မအောင့်အီးနိုင်စွာ ပြောလာပြန်သည်။


“ဒါက ဘယ်လိုသောက်ကျိုးနည်းလဲ? ဒါဆို  ဒါကဘာတွေလုပ်နေကြတာလဲ...”


“မသိဘူး.”


ထိုအခိုက်တွင် ကျင်းရန်တစ်ယောက် သူ့၏အိတ်ကပ်အတွင်းမှ ဖုန်းက တုန်ခါသွားသည်ကို ခံစားလိုက်ရသောကြောင့် ဖုန်းကို ထုတ်ယူ၍ ကြည့်လိုက်သည်။


.R: [ရွှယ်ကျန်း  ခေါင်းမော့ကြည့်လိုက်]


ကျင်းရန် သူ့၏ခေါင်းကို သတိလက်လွတ်ဖြင့် အလိုအလျောက် မော့ကြည့်လိုက်ချိန်တွင် ဆန့်ကျင်ဘက်အဆောင်၏ လသာဆောင်၌ လူနှစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။


နေရာက အလွန်မှောင်လွန်းနေသောကြောင့် ကျင်းရန် သူတို့၏မျက်နှာများကို ရှင်းလင်းစွာ မမြင်နိုင်သော်လည်း အရပ်ရှည်သောကောင်လေးမှာ ရန်ချင်းလင်း၏ပုံသဏ္ဍာန်နှင့် တူညီနေခဲ့သည်။


ကျင်းရန်ရန်ရန် : [?]


.R:[?]


.R :[ ရွှယ်ကျန်း  ကျွန်တော့်ကို မတွေ့ဘူးလား ?]


ကျင်းရန်ရန်ရန်: [အဲဒီဘက်မှာ လူတွေအများကြီးရှိတယ်၊ ငါက သေချာပေါက် မင်းကို မမြင်နိုင်ဘူးပေါ့]


.R: [ ရွှယ်ကျန်း၊ ရွယ်ကျန်းရဲ့မျက်လုံးတွေက မကောင်းဘူးလား?]


ကျင်းရန်ရန်ရန်:[ မင်း ပါးရဲ့မျက်လုံးနှစ်ဖက်လုံးက အမြင်အာရုံက 1.2 တောင်ရှိတယ်!  မင်းကသာ တည်ရှိမှုပျောက်ကွယ်နေတာ]


.R: [အခုရော]


ကျင်းရန်ရန်ရန်: [?]


ကျင်းရန် ဆန့်ကျင်ဘက်သို့ မျှော်ကြည့်လိုက်ချိန်တွင် ရန်ချင်းလင်ရှိနေသော လသာဆောင်မှ မီးရောင်ကို မြင်လိုက်ရလေသည် -  ရန်ချင်းလင်က ဖုန်းတွင်ရှိသည့် ဓာတ်မီးကို ဖွင့်လိုက်ခြင်း ဖြစ်ချေသည်။


“…”


ကျင်းရန်ရန်ရန်: [ မြင်ပြီ၊ လောင်ကျစ်အတွက် အမြန်ပိတ်လိုက်တော့!]


ဆန့်ကျင်ဘက်တွင်ရှိနေသည့် အလင်းရောင်မှာ ပြန်လည် ပိတ်ဆို့သွားခဲ့ချေပြီ။ သူ့၏ ဘေးတွင်ရှိနေသည့် ရှန်ကျစ်ရှောင်းသည်ကတော့ လူအုပ်စုက မည်သည့်အရာများလုပ်နေသည်လဲဟူသည်ကို သိချင်နေလျက်ရှိနေဆဲပင်။


ကျင်းရန်ရန်ရန်:[ အောက်ထပ်မှာ ဘာတွေဖြစ်နေတာလဲဆိုတာ သိလား]


.R: [မကြာသေးခင်ကတည်းက ရာသီဥတုက အရမ်းပူလာတာလေ၊   လူတော်တော်များများက စစ်ရေးလေ့ကျင့်မှုထဲမှာသည်းမခံနိုင်ကြတော့ဘူး]


ကျင်းရန်ရန်ရန် : [စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ဒါက ငါ့ကိစ္စမဟုတ်ဘူး. Jpg]


.R: [==]


.R :[ သူတို့က မိုးရွာလာမယ်ဆိုရင် စစ်ရေးလေ့ကျင့်စရာ မလိုဘူးလို့ပြောနေတာကို ကြားခဲ့ကြတယ်လေ၊ ဒါကြောင့် မိုးရွာလာအာင်လို့ မိုးခေါ်ဖို့လုပ်နေကြတာ]


ကျင်းရန်ရန်ရန်: [အနက်ရောင် မေးခွန်းအမှတ်အသား.jpg]


.R: [ဒီဖုန်းရွှေဖွဲ့စည်းပုံကို အင်တာနက်ပေါ်မှာ တွေ့ခဲ့တာတဲ့]


ကျင်းရန်ရန်ရန်: [အောက်စီဂျင်ပိုက်တပ်ထား.jpg]


ကျင်းရန်တစ်ယောက် အောက်ထပ်တွင် ရှိနေသည့် စစ်ရေး ယူနီဖောင်းကိုဝတ်ဆင်ထားကြသည့် ကျောင်းသားလေးများကို ကြည့်ကာ မပြေဘဲ မနေနိုင်ခဲ့ပါချေ။


“အောက်ခြေစည်းကိုတောင်  ပျောက်သွားကြပြီ”


ကျင်းရန်တစ်ယောက် သူ့၏  ဘေးနားတွင်ရှိနေသည့် ရှန်ကျစ်ရှောင်းအား ထိုကျောင်းသားသစ်လေးများမှာ မိုးရွာဖို့အတွက် ဆုတောင်းပွဲလုပ်နေခြင်းဖြစ်ကြောင်း ပြောပြခဲ့သည့်တွင် ရှန်ကျစ်ရှောင်းက တုံးအသည့်အရာကိုမြင်တွေ့လိုက်ရသည့်မျက်နှာထားဖြင့် ပြောလာခဲ့သည်။


“ဖာ့ခ်! သူတို့တွေ အဆင်ရောပြေကြရဲ့လား! ဒီကျောင်းသားလေးတွေက အရမ်းကစားလွန်းနေတာ မဟုတ်ဘူးလား၊ ဒါက အယူသီးလွန်းတယ်”


ကျင်းရန် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


“မင်းက သိပ္ပံပညာတစ်ခုတည်းကိုပဲသိတာလား၊ သူတို့တွေက အယူသီးနေတာ မဟုတ်ဘူး၊ သူတို့ရဲ့ စိတ်နှလုံးထဲက ပင်ပန်းမှုကို ပျော်ပျော်ပါးပါးကစားရင်း နှစ်သိမ့်ဖို့ ကြိုးစားနေကြတာ”


ရှန်ကျစ်ရှောင်းမှ တိတ်တဆိတ် ပြန်ပြောလာခဲ့သည်။


“ဒါက ကိုးနှစ်တာမသင်မနေရပညာရေးထဲမှာ သင်ယူခဲ့ရတာပဲလေ၊ ဒါပေမယ့်   သူတို့က ဘာလို့ ဒီလောက်တောင် ကစားနည်းတွေ သိနေကြတာလဲ”


ဤကဲ့သို့ ကစားနည်းက ချစ်ကြောင်းကြိုက်ကြောင်း ဝန်ခံဖို့ ဖယောင်းတိုင်များထွန်းညှိခြင်းထက် ပို၍စိတ်ဝင်စားစရာကောင်းနေသောကြောင့် ရှန်ကျစ်ရှောင်းတစ်ယောက် သူ၏  ခြေထောက်ကိုရွှေ့လျားဖို့ အဆင်သင့်ဖြစ်နေပြီ။


“အောက်ကိုဆင်းပြီး ပျော်စရာပွဲမှာပူးပေါင်းလိုက်ရအောင်”


သို့သော်လည်း ကျင်းရန်က ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ချလိုက်လေ၏။


“မသွားဘူး၊ အပြင်မှာ အရမ်းပူတယ်”


ရှန်ကျစ်ရှောင်း၏လက်မှာ တံခါးလက်ကိုင်ကို ကိုင်ထားပြီးဖြစ်ကာ ကျင်းရန်၏စကားကိုကြားသည်တွင် လက်ကို ပြန်ရုတ်လိုက်လေသည်။


“မင်း ပြောတာမှန်တယ်”


ကျင်းရန်တစ်ယောက် နောက်ထပ်ဂိမ်းပွဲတစ်ခု စတင်တော့မည့်အချိန်တွင် ရန်ချင်းလင်ဆီမှ နောက်ထပ် မက်ဆေ့ခ်ျတစ်ခုကို ရရှိခဲ့ပြန်သည်။


.R: [ရွှယ်ပါ့ အခုအားလား]


ကျင်းရန်ရန်ရန်: [မအားဘူး]


.R : [အောက်ထပ်ကို ဆင်းခဲ့လိုက်လေ]


ကျင်းရန်ရန်ရန်: [...]


သူဆီမှာ အခု အချိန်တွေ  ပေါများလွန်းနေတာဖြစ်ရမယ်။ ဟုတ်တယ်မလား?


.R: [ ရွှယ်ကျန်းရဲ့ အမေက ရွှယ်ကျန်းအတွက် ပစ္စည်းတစ်ခု ထည့်ပေးလိုက်တယ်] 


ကျင်းရန် တုံ့ဆိုင်းသွားပြီး  ရှန်ကျစ်ရှောင်းအား လှမ်းပြောခဲ့သည်။


“ငါ အောက်ကို ဆင်းလိုက်ဦးမယ်”


ရှန်ကျစ်ရှောင်း သူ့ကိုမယုံကြည်နိုင်စွာကြည့်ရင်း ပြောလာသည်။


“ရာသီဥတုက ပူလွန်းလို့ အောက်ကိုဆင်းရမှာ ပျင်းစရာကောင်းလွန်းတယ်လို့ မင်းတွေးနေတာမဟုတ်ဘူးလား”


“ငါက အပူဒဏ်ခံနိုင်တယ်” 


ကျင်းရန် အခန်းတံခါးဆီသို့ လျှောက်သွားခဲ့ပြီးမှ နောက်သို့ပြန်လှည့်လာခဲ့ကာ ဘေ့စ်ဘောဦးထုပ်ကို ကောက်ကိုင်ပြီး ဆောင်းလိုက်သည်။


“သွားပြီ”


ရှန်ကျစ်ရှောင်းတစ်ယောက် သူ့ရဲ့ခေါင်းကို ကုတ်လိုက်မိချေသည်။


“ဘယ်လောက်တောင်  ထူးဆန်းလိုက်သလဲ”


အခန်း၏အပြင်ဘက်မှာ မီးဖိုကဲ့သို့ တူညီလောက်အောင် ပူပြင်းလွန်းနေခဲ့သည်။ ကျင်းရန် အောက်ထပ်သို့ဆင်းသွားခဲ့ပြီး အကယ်၍ ရန်ချင်းလင်သာ သူ့ကို လှည့်စားခဲ့သည်ဆိုပါက နံရံဆီသို့ တွန်းထုတ်ပြီး ရိုက်နှက်လိုက်မည်ဟု တွေးတောနေခဲ့သည်။ ဤသို့ဆိုလျှင် တစ်ဖက်လူက တွန်းထုတ်နိုင်မည်မဟုတ်တော့။


အောက်ထပ်တွင်တော့ မိုးရွာဖို့အတွက် စိတ်ရင်းမှန်နဲ့ ဆုတောင်းနေကြသည့် ကျောင်းသားလေးများအပြင် အပျော်သဘောနှင့် ပွဲလာကြည့်နေသည့် စီနီယာတန်းမှ လူတွေလည်း အများအပြားရှိနေခဲ့သည်။


ကျင်းရန် လူအုပ်ကြားထဲမှ ရန်ချင်းလင်အား တစ်ချက်ကြည့်ရုံနှင့် တွေ့မြင်ခဲ့သည်။


ထိုလူငယ်လေးမှာ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး လမ်းမီးတိုင်အောက်တွင် ဓာတ်ပုံပိုစတာရိုက်ကူးနေသကဲ့သို့ ပေါ့ပေါ့ပါးပါးဖြင့် ရပ်နေခဲ့သည်။


ကျင်းရန်ကို မြင်သည်နှင့် ရန်ချင်းလင်က ပြုံးရွှင်စွာ နှုတ်ဆက်လာခဲ့သည်။


“ရွှယ်ကျန်း”


ကျင်းရန် သူ၏ အေးစက်စက်အမူအရာကို အမြင့်ဆုံးအခြေအနေ၌ထိန်းထားကာ မေးမြန်းခဲ့သည်။


“ငါ့ရဲ့မားက မင်းကိုပစ္စည်းပေးဖို့အတွက် ဘာလို့ မင်းဆီကို ပို့ပေးခဲ့ရတာလဲ”


ရန်ချင်းလင်: “ကျွန်တော့်ရဲ့မားက လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်တုန်းက ကွမ်းကျိုးကိုသွားခဲ့တယ်လေ၊ အဲဒီတုန်းက ရွှယ်ကျန်းရဲ့မားက ကျွန်တော့်ရဲ့မားနှင့် ပစ္စည်းတစ်ခု ပေကျင်းကိုထည့်ပေးခဲ့တာ၊ ဒီတော့ ကျွန်တော့်ရဲ့မားပြန်ရောက်လာတော့ ရွှယ်ကျန်းရဲ့မားပေးလိုက်တဲ့ပစ္စည်းကို ကျွန်တော့်ဆီကိုပေးခဲ့လို့၊ ကျွန်တော်က ကျွန်တော့်ရဲ့မားကတဆင့် ရွှယ်ကျန်းရဲ့မားပေးလိုက်တဲ့ ပစ္စည်းကို ရွှယ်ကျန်းဆီကိုယူလာပေးတာ”


“ငါ့ရဲ့မား .. ဘာလဲ...” 


ကျင်းရန် ရှုပ်ထွေးသွားရသည်။


“စကားကို သောက်ကျိုးနည်းဘယ်လိုပြောနေတာလဲ”


လမ်းမီးအိမ်၏အလင်းရောင် ခပ်မှိန်မှိန်အောက်တွင် ရန်ချင်းလင်တစ်ယောက် ကျင်းရန်၏ မျက်နှာပေါ်မှ စိတ်မရှည်မှုများကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖမ်းဆုတ်နိုင်လိုက်သည် ။


သူက  ကျင်းရန်၏အနီးသို့ ခြေတစ်လှမ်း တိုးကပ်လိုက်သည်။


“ရွှယ်ကျန်း၊ ကြည့်ရတာ ရွှယ်ကျန်း ကိုယ့်ကိုယ်ကိုယ် မည်းအောင်လုပ်ထားတာက အချည်းနှီးဖြစ်သွားပုံရတယ်”


ကျင်းရန် ယုန်တစ်ကောင်ကဲ့သို့  သတိအနေအထား ဖြစ်သွားခဲ့သည်။


-လာပြီ! ရန်ချင်းလင်ရဲ့စည်းလွတ်ဝါးလွတ်စကားတွေ  မကြာခင်လာတော့မယ်!


ရန်ချင်းလင်က သူ၏ မျက်လုံးများကို အောက်သို့စိုက်ကြည့်လိုက်ကာ ကျင်းရန်၏ ခြေသလုံးကြွက်သားဆီသို့ စိုက်ကြည့်လာသည်။


“ရွှယ်ကျန်း၊ အခုဆို ဖြူဖွေးပြီး ရှည်လျားနေတာပဲ”


ထင်တဲ့အတိုင်းပဲ!


ကျင်းရန် သူ့၏လက်ကို ရန်ချင်းလင်ဆီသို့ တုံ့ဆိုင်းမှုမရှိ မြှောက်လိုက်ချေသည်။


  သို့သော်လည်း သူ့၏လက်က ခရီးဆုံးအထိမရောက်ခင် ရန်ချင်းလင်ဆီမှာ  ဖမ်းဆုတ်ခံလိုက်ရတော့သည်။


ရန်ချင်းလင်၏လက်ချောင်းများမှာ သွယ်လျပြီး သန်မာလှကာ လက်ရှိတွင် အနည်းငယ်အေးစက်နေခဲ့သည်။


ကျင်းရန်တစ်ယောက် တောင့်တင်းသွားခဲ့ရသည်။


“မင်း သောက်ကျိုးနည်း...”


ရန်ချင်းလင်က ကျင်းရန်၏ လက်သီးဆုတ်ထားသည့် လက်ဖဝါးကို ပြန်ဖြန့်ပေးလိုက်သည်။


“မလှုပ်နဲ့”


မကြာခင် အေးစက်သော အရာတစ်ခုက ကျင်းရန်၏ လက်ခလယ်ဆီသို့  ချော်ဝင်လာခဲ့ပြီး လေးထဲတွင် အလင်းရောင်ဖြတ်ခနဲ လင်းလက်သွားခဲ့သည်။


“ရွှယ်ကျန်း  ၊ ဒါက ကျွန်တော်တို့ရဲ့ လက်ထပ်လက်စွပ်လေ”