Ch 17
Viewers 3k

(17)


“ရွှယ်ကျန်း”


ကျင်းရန် သူ့ခေါင်းကို မော့လိုက်ပြီး ရန်ချင်းလင်၏ လက်ထဲမှ နို့လက်ဖက်ရည်ကို တွေ့တော့ သူ့မျက်လုံးတွေက တောက်ပလာခဲ့ရသည်။ 


“ကျေးဇူးပဲ၊ ဒီမှာပဲ သောက်ပြီး ခဏလောက် အနားယူရအောင်”


ရန်ချင်းလင် ကျင်းရန်၏ဘေးတွင် ဝင်ထိုင်လိုက်ကာ တစ်ဖက်လူမှ နို့လက်ဖက်ရည်တစ်ကျိုက်ကို စိတ်အားထက်သန်စွာသောက်နေခဲ့သည်ကိုကြည့်နေခဲ့ချေသည်။  


ကျင်းရန်၏နှုတ်ခမ်းများတွင် အဖြူရောင်ခရမ်အလွှာများစွန်းထင်းနေခဲ့ပြီး နို့ကြောင်လေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။


“ရွှယ်ကျန်း၊ ရွှယ်ကျန်းရဲ့ နှုတ်ခမ်းထောင့်မှာ စွန်းထင်းနေပြီ”


ကျင်းရန် သူ၏ ပါးစပ်ထောင့်တွေကို လျှာနှင့် သပ်လိုက်သည်။


“ကျန်နေသေးလား?”


“ရှိသေးတယ်”


ကျင်းရန်၏ လှုပ်ရှားမှုက နောက်တစ်ကြိမ် စတင်လာခဲ့ပြန်သည်။


“နောက်ထပ်ကျန်သေးလား?”

   

ရန်ချင်းလင် သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ကျင်းရန်၏ ပါးစပ်ထောင့်စွန်းကို ညွှန်ပြလိုက်တော့ ကျင်းရန်က နောက်ဆုံးကျန်ရှိနေသည့် နို့ခရမ်ကို လျှာဖြင့် သပ်ယူလိုက်သည်။


ရန်ချင်းလင် သူ့လက်ကိုပြန်ဆုတ်ခွာလိုက်ကာ ခေါင်းကိုငုံ့ကိုင်းပြီး သူ့၏ရွှယ်ကျန်း ပါးစပ်ထောင့်မှ နို့လက်ဖက်ရည်နှင့် အရသာတူညီသည့် နို့လက်ဖက်ရည်တစ်ငုံကို စုပ်ယူသောက်လိုက်သည်။ သူ့၏ နှုတ်ခမ်းထောင့်ကတော့ ကွေးညွတ်နေလျှက် မေးလာသည်။


“ရွှယ်ကျန်း၊  ရွှယ်ကျန်း တကယ်ကြီး အနားယူဖို့ နေရာကောင်းကောင်း ရှာတွေ့ခဲ့တာပဲ “


သတိရှိရှိနှင့် သူ့ကိုယ်သူ အပ်နှံထားခဲ့တယ်။


ကျင်းရန် ပိုက်ကိုကိုက်ရင်းနှင့် ဝေဝေဝါးဝါး ပြောလာသည်။


“ငါက  ငတုံးမဟုတ်ဘူးလေ၊  ဆိုဖာနဲ့ထိုင်လို့ရတဲ့နေရာကို သေချာပေါက် ရွေးမှာပေါ့”


သူတို့နှစ်ယောက်၏ ဘေးတွင် သူတို့၏ အသက်အရွယ်ခန့်ရှိပြီးဖုန်းကစားနေသည့် ကောင်လေးတစ်ယောက်ရှိသည်။ 


ဖုန်းကစားနေသည်ဟုဆိုသော်လည်း သူတို့ရှိရာဘက်သို့ တစ်ချိန်လုံး ကြည့်နေခဲ့ကာ သူတို့ အာရုံမရှိသည့်အချိန်မျိုးတွင် သူတို့နှစ်ယောက်၏ ပုံအနည်းငယ်ကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူနေခဲ့သည်။


ကျင်းရန်မှာ နို့လက်ဖက်ရည်ကိုသာ အစွဲအလမ်းကြီးစွာ သောက်နေခဲ့ပြီး မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်ခဲ့ချေ။ ရန်ချင်းလင်ကတော့ သိရှိနေခဲ့သော်လည်း မည်သည့်စကားကိုမှ ပြောမလာခဲ့။


မကြာခင် ဈေးဝယ်ပြီးသွားသော မိန်းကလေးများက သူတို့၏  ချစ်သူကောင်လေးများကို တစ်ယောက်ပြီးတစ်ယောက် လာခေါ်သွားခဲ့ကြကာ တချို့သော မိန်းကလေးများကတော့ သူတို့၏  ချစ်သူကောင်လေးများကို ဤနေရာတွင် စောင့်ဆိုင်းရန် အပ်နှံ ပို့ဆောင်လာခဲ့ကြသည်။  


ထို့နောက် အချိန်သိပ်မကြာခင်တွင် ရှည်လျားဖြောင့်စင်းသော အနက်ရောင်ဆံပင်တို့ကိုပိုင်ဆိုင်သည့် မိန်းကလေးတစ်ယောက် ရောက်ရှိလာခဲ့ပြီး သူတို့၏  ဘေးတွင်ထိုင်နေသည့် ကောင်လေးဆီသို့ လျှောက်လာခဲ့ကာ ချစ်စနိုးဟန်ပန်ဖြင့် ပြောလာသည်။


“အိုး .. ကျွန်မရဲ့ချစ်သူကောင်လေး ဒီနေရာမှာ ရှိနေသေးတာလား၊  ကျွန်မ အခု အိမ်ကိုပြန်ခေါ်သွားဖို့  ရောက်လာပြီ!”


ထိုကောင်လေးက ကောင်မလေးဆီမှ စျေးဝယ်အိတ်များကို ယူလိုက်သည်။


“ဟုတ်တယ်၊ မင်း ကိုယ့်ကို ဒီနေရာမှာ နာရီဝက်လောက်တောင် ထားခဲ့တာ၊ ဒီအတွက် အနမ်းတစ်ပွင့်နှင့် ပေးချေရမှာနော်”


ကောင်မလေးက ကောင်လေး၏ မျက်နှာဆီကို အားပါးတရ နမ်းပေးလိုက်သည်။


“ရပြီလား~”


သူတို့နှစ်ယောက် လက်ခြင်းချိတ်ပြီး ထိုအခန်းထဲမှ ထွက်သွားခဲ့ကြသည်။  


ကျင်းရန်တစ်ယောက် တစ်ကိုယ်လုံး ကြက်သီးတွေ ထလာခဲ့ရပြီး တီးတိုးပြောလာချေသည်။


  “ချစ်မိသွားတဲ့သူတွေက ကြောက်စရာကောင်းလိုက်တာ”


ရန်ချင်းလင်က နို့လက်ဖက်ရည်ကို ချလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။


“ရွှယ်ကျန်း၊ ကျွန်တော် တစ်ခုခုသွားဝယ်ဦးမလို့၊ ရွှယ်ကျန်း ကျွန်တော့်ကို ဒီမှာ စောင့်နေမှာလား”


ကျင်းရန် ပျင်းရိစွာ ပြောလာခဲ့သည်။


“အမ်” 


ရန်ချင်းလင်က မကြာခင်က ထွက်ခွာသွားသည့် စုံတွဲနောက်သို့  အမှီလိုက်သွားသည်။


“ဒီက အတန်းဖော်” 


ထိုစုံတွဲနှစ်ယောက်က သူတို့၏ ခေါင်းကို  အတူတကွ လှည့်ကြည့်လာခဲ့ကြပြီး  ကောင်လေးကတော့ ရန်ချင်းလင်ကို မြင်သောအချိန်တွင် အနည်းငယ် အပြစ်ရှိသည့်အမူအရာရှိနေသည်မှာ သိသာထင်ရှားနေခဲ့သည်။


ကောင်မလေးကတော့  အံ့အားသင့်သွားပုံရသည်။


“ငါ  မင်းကို  ကျောင်းဖိုရမ်မှာ မြင်ဖူးသလိုပဲ၊ မင်းက ကွန်ရက်အင်ဂျင်နီယာကျောင်းသားတစ်ယောက်မလား”


ရန်ချင်းလင် ခေါင်းအနည်းငယ်ညိတ်ပြလိုက်သည်။


  “မင်္ဂလာပါ ရွှယ်ကျဲ”


ထိုကောင်မလေးက တောက်ပစွာပြုံးလာခဲ့သည်။


“မင်္ဂလာပါ၊ မင်း ဘာလိုချင်လဲ”


ရန်ချင်းလင်: “ ဒီဘက်က ရွှယ်ကျန်းက ခုနတုန်းက ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ ဓာတ်ပုံတချို့ကို ရိုက်ထားခဲ့တယ်၊ ကျေးဇူးပြုပြီး အဲဒီဓာတ်ပုံတွေကို ဖျက်ပေးပါဦး၊  ကျေးဇူးတင်ပါတယ်”


တစ်ဖက်မှမိန်းကလေးက သူ့ချစ်သူကောင်လေးဆီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


“တကယ်လား? ရှင် ဘာလို့ တခြားလူတွေရဲ့ပုံတွေကို ဓာတ်ပုံရိုက်နေရတာလဲ...”


သူ့ကောင်မလေး၏ရှေ့တွင် ထုတ်ဖော်ခံလိုက်ရသောကြောင့် ထိုကောင်လေးက အနည်းငယ် ဒေါသထွက်သွားပုံရသည်။


“ငါက မင်းရဲ့ဓာတ်ပုံကိုရိုက်ရမှာလဲ?  ငါ့ဘာသာငါ selfie ရိုက်လို့ မရနိုင်ဘူးလား!”


“ဒါဆို ရွှယ်ကျန်းရဲ့ ဖုန်းကို ဖွင့်ကြည့်လိုက်ရင် ကျွန်တော်တို့ သိမှာပါ”


ရန်ချင်းလင်၏ လေသံက ယဉ်ကျေးမှုများရှိနေပြီး ထိန်းသိမ်းထားမှုများရှိကာ သူ့၏မျက်နှာပေါ်တွင် အပြုံးတစ်ခုတောင် ရှိနေသော်လည်း  ကောင်လေးကတော့ ထိတ်လန့်သွားရသည်။ 


သူက သူ့၏ဖုန်းကို ထုတ်ကာ ရန်ချင်းလင်၏ အကြည့်အောက်တွင် ဓာတ်ပုံများကို တစ်ပုံချင်း ဖျက်ပြလိုက်သည်။


“အခု မင်းကျေနပ်ပြီလား!”


ရန်ချင်းလင် အနည်းငယ် ပြုံးလိုက်သည်။


“အဆင်ပြေပါတယ်”


ကျင်းရန်တစ်ယောက် နို့လက်ဖက်ရည်တစ်ခွက် သောက်၍ ကုန်ခါနီးတွင်  ရန်ချင်းလင်မှ ပြည်ကြီးငါးကင်နှစ်ချောင်းဖြင့် ပြန်လာခဲ့သည်။


သူက ထိုအကင်ချောင်းနှစ်ချောင်းလုံးကို ကျင်းရန်ဆီသို့ ပေးလာခဲ့သည်။


“ရွှယ်ကျန်း စားကြည့်လေ၊ ဒါက မစပ်ဘူး”


  

ကျင်းရန်က အလွန်ပျော်ရွှင်စွာ စားခဲ့သည်။


ရန်ချင်းလင် နို့လက်ဖက်ရည်သောက်လျှက် သူ့၏ ရွှယ်ကျန်းကိုကြည့်ကာ ယနေ့အကြောင်းအရာများကို တွေးတောကြည့်နေခဲ့သည်။


ချစ်သူကောင်လေးနှင့် စျေးဝယ်ထွက်မည်ဆိုပါက ချစ်သူကောင်လေးအား ဤနေရာတွင်  ချန်ထားခဲ့ရုံနှင့် ပြီးစီးမည်မဟုတ်ဘဲ သူ့ကို အရသာရှိသည့် အစားအသောက်များကိုလည်း ကျွေးမွေးရလိမ့်မည်။ သို့မှသာ ချစ်သူကောင်လေးမှ သူနှင့်အတူ ဈေးဝယ်ထွက်ရန် လိုလိုလားလားရှိလာလိမ့်မည်။


သူတို့နှစ်ယောက် ရှော့ပင်းမောလ်တွင် ဂျပန်အစားအစာများ ဝင်စားခဲ့ကြပြီး ကျောင်းကိုပြန်ရောက်တော့ မှောင်စပျိုးနေခဲ့ပြီ။


သူတို့နှစ်ယောက် လမ်းမခွဲခင် ရန်ချင်းလင်က ပြောလာခဲ့သည်။


“ကျွန်တော် မနက်ဖြန် မနက်ဆယ်နာရီလောက်မှာ ရွှယ်ကျန်းကို လာခေါ်ရမလား?”


ရုန်းကန်မှုများကို စွန့်လွှတ်ခဲ့ပြီဖြစ်သည့် ကျင်းရန်အတွက်သို့ မည်သည့်အချိန်ဖြစ်စေ ထူးခြားမှုအရှိတော့သည့်အတွက် ခေါင်းညိတ်ပြလိုက်သည်။


“မနက်ဖြန် မင်းမိဘတွေနဲ့အတူ ညစာစားမှာလား”


ရန်ချင်းလင်က သာမန်ကာလျှံကာဖြင့် ပြောလာသည်။


“အဲလိုဖြစ်လောက်တယ်”


ကျင်းရန် လက်ကိုမြှောက်ပြီး မျက်ခုံးမွှေးကို ကုတ်ခြစ်လိုက်မိသည်။


“ကောင်းပြီ မနက်ဖြန်မှတွေ့မယ်”


ကျင်းရန် ထွက်သွားခါနီးတွင် ရန်ချင်းလင်ထံမှ  နောက်တစ်ကြိမ် အတားခံလိုက်ရပြန်သည်။


“ရွှယ်ကျန်း ၊  မနက်ဖြန် လက်စွပ်စွပ်လာဖို့ မမေ့နဲ့နော်”


ကျင်းရန်: “...”


နောက်နေ့မနက်တွင်တော့  ကျိယွမ်ရှီးနှင့် ခယ့်ယန့်တို့က အစောကြီးကတည်းက အိပ်ဆောင်ခန်းထဲမှ ထွက်သွားခဲ့ကြသည်။ ရှန်ကျစ်ရှောင်းက သူ့ခရီးဆောင်အိတ်ကို ထုပ်ပိုးနေရင်းဖြင့် ကျင်းရန်ထံသို့ မေးလာခဲ့သည်။


“မင်း တကယ် ငါနဲ့ အိမ်ကို မလိုက်တော့ဘူးလား”


ကျင်းရန်က မှန်ကိုကြည့်နေခဲ့ကာ သူ့၏ခေါင်းပေါ်ရှိ ထောင်နေသော ဆံပင်များကို ဖိနှိပ်ရန် ကြိုးစားနေခဲ့ရင်း ပြန်ဖြေလိုက်၏။ 


“မလိုက်တော့ဘူး”


“ဒါဆို မင်း အားလပ်ရက်ကို ဘယ်လိုဆင်နွှဲမလဲ၊ အိပ်ခန်းထဲမှာ တစ်ယောက်တည်း အထီးကျန်ပြီး အေးခဲနေမှာလား”


ရှန်ကျစ်ရှောင်းက သူနှင် ရန်ချင်းလင်၏ အိမ်ထောင်ရေး ဆက်ဆံရေးအကြောင်းကို သိထားခဲ့ပြီး သူ့ကို ပြောပြပါကလည်း ကိစ္စမရှိကြောင်းကို ကျင်းရန် သိသည်။  

သို့သော်လည်း ကျင်းရန်က ဤအကြောင်းကိုပြောရန်အတွက် ပါးစပ်ကို မဖွင့်ဟနိုင်ပါချေ။


သူ့အနေနှင့် အားလပ်ရက်မှာ ရန်မိသားစုအိမ်ကို သွားမည့်အကြောင်းကို ရှန်ကျစ်ရှောင်းအား ပြောပြပါက နောက်တစ်ကြိမ်တွင် ရှန်ကျစ်ရှောင်းက ဤသီချင်းအားဆိုလာလိမ့်မည်ဟု ကျင်းရန် သံသယဝင်မိသည်: 


“ဘယ်ဘက်လက်ထဲက ကြက်တစ်ကောင်၊ ညာဘက်လက်ထဲမှာတော့ ဘဲတစ်ကောင်ကိုကိုင်မယ်၊  သူ့ရဲ့ ပုခုံးပေါ် မှာတော့ ဝဝတုတ်တုတ်ကလေးလေးတစ်ယောက်ရှိနေခဲ့တယ်....” 


ဤပုံရိပ်က သူ၏ဦးနှောက်နှင့် တွေးတောမိရုံသာဖြစ်သော်လည်း ကျင်းရန်၏  နားထင်ကြောများမှာ သိသိသာသာ ခုန်ပေါက်သွားရသည်။


သို့နှင့် သူ့၏ ပါးစပ်ကိုဖွင့်ဟ၍သာ  လိမ်ညာခဲ့လေ၏။


“ငါ့ရဲ့ E-Sports ကလပ်က သူငယ်ချင်းတွေနဲ့ Summoner’s Canyon ရဲ့တာဝါကို သုံးရက်လုံးသွားဖို့ စီစဥ်ထားတယ်”


“မင်း ငါ့အိမ်ကို ကွန်ပြူတာ ယူလာလို့ မရလို့လား”


“မင်းအိမ်မှာ ဒီလိုလေထုအငွေ့အသက်မျိုး မရှိဘူး၊ အဲဒါက  ငါ့ရဲ့စွမ်းဆောင်ရည်ကို ထိခိုက်စေတယ်”


ရှန်ကျစ်ရှောင်း  ပခုံးတွန့်လိုက်သည်။


“ကောင်းပြီ မင်းပျော်ရင် ပြီးတာပဲ”


ရှန်ကျစ်ရှောင်းလည်း ထွက်သွားပြီးနောက် ကျင်းရန်တစ်ယောက်တည်းသာ အိပ်ဆောင်ခန်းထဲတွင်သာ ကျန်ရစ်ခဲ့တော့သည်။ 


သူက ဗီရိုကိုဖွင့်ပြီး လှည့်ပတ် ကြည့်နေခဲ့ကာ သူ ပို၍ကြည့်လေလေ ပို၍စိုးရိမ်လာလေလေဖြစ်နေခဲ့ရသည်။


ကျင်းရန်၏ ဝတ်စားဆင်ယင်မှုပုံစံက  စိတ်အေးလက်အေးရှိစေပြီး ပေါ့ပေါ့ပါးပါးဝတ်ဆင်မှုပုံစံသာဖြစ်ပြီး တစ်ခါတရံတွင် ဟာသဆန်သည့် အဝတ်အစားများကိုလည်း သဘောကျတတ်သည်။  သို့သော်လည်းသော်လည်း အကြီးအကဲများဖြင့် ပထမဆုံးတွေ့ဆုံချိန်တွင်တော့ ပို၍တရားဝင်ဆန်သည့်ဝတ်စုံဖြစ်သင့်သည်ပင်။


“အိပ်ရေးမဝသေးဘူး” ၊ “မင်းအဖေက ဒီမှာ”၊ “C က အကောင်းဆုံးဘာသာစကားပဲ” နဲ့ တခြား ထိုကဲ့သို့ ပုံနှိပ်ထားသည့် အ၀တ်အစားများက ဝတ်ဆင်သွား၍  မရပါချေ။   ဟောင်ကောင်စတိုင်လ်သည်လည်း ပယ်ချသင့်သည်၊ Marvel ကာတွန်းဇာတ်ဝင်ခန်းတွေက အလွန်နုံအလွန်းသည်...


အဖြောင့်ယောက်ျားတစ်ယောက်အနေဖြင့် ကျင်းရန်မှာ သူ၏ဘ၀တွင် ပထမဆုံးအကြိမ် သက်ပြင်းချ၍တွေးမိခဲ့သည်:


ငါ့မှာဝတ်စရာအဝတ်အစား လုံးဝ ရှိမနေဘူး!


ကျင်းရန်တစ်ယောက် ဝတ်စုံအနည်းငယ်လောက်ကို ကြိုးစားဝတ်ဆင်သော်လည်း စိတ်တိုင်းမကျဖြစ်နေခဲ့ရသည်။ ထိုအချိန်တွင် ရန်ချင်းလင်ဆီမှ WeChat မက်ဆေ့ခ်ျတစ်စောင် ပေးပို့လာခဲ့ချေသည်။


.R: [ရွှယ်ကျန်း၊ ရွှယ်ကျန်း ဒီဆယ်မိနစ်အတွင်းမှာ ဝရံတာကို ဝင်လိုက်ထွက်လိုက်လုပ်နေတာ သုံးခါရှိနေပြီ]


ကျင်းရန်ရန်ရန်:...


အိပ်ဆောင်ခန်းထဲမှ တစ်ခုတည်းသောမှန်က ဝရံတာဆောင်ဘက်တွင်ရှိနေခဲ့ပြီး ကျင်းရန်သာ မှန်ကိုကြည့်ချင်ပါက ဝရံတာဆီသို့ မဖြစ်မနေ သွားရလိမ့်မည်။


ကျင်းရန်ရန်ရန် : [မင်းအဖေကိုချောင်းကြည့်နေတာလား [ငါ့ရဲ့ မီတာငါးဆယ်လောက်ရှိတဲ့ ဓားကြီးကို ခံစားကြည့်လိုက်.jpg]]


.R : [ကျွန်တော် အဝတ်တွေ ရုတ်နေတာ]


ကျင်းရန် တစ်ဖက်သို့ လှမ်းကြည့်လိုက်ရာ ရန်ချင်းလင်တစ်ယောက်  လက်ထဲမှာ အဝတ်လှန်းစင်တစ်ခုကို ကိုင်ထားပြီး ဝရံတာတွင် ရပ်နေသည်ကို တွေ့လိုက်ရလေ၏။


ကျင်းရန် ဒေါသတကြီး ပြန်လှည့်လိုက်ပြီး လိုက်ကာများကိုပါ 

ပိတ်ဆို့လိုက်တော့သည်။


**