(16)
နေ့ခင်းဘက် အချိန်တွင် ကျင်းရန်တစ်ယောက် သူ့မေးစေ့ကို လက်တစ်ဖက်နှင့်ထောက်ကာ အခြားလက်တစ်ဖက်ဖြင့် အကြွေစေ့ကိုလှည့်၍ ကစားနေခဲ့သည်။ စာသင်ခန်းထဲမှ မထွက်ခင် ဆယ်မိနစ်အလိုတွင်တော့ သူ မတတ်နိုင်တော့ဘဲ သမ်းဝေလာခဲ့ပြီး ငါးဆားနယ်တစ်ကောင်၏အချိန်ကို စတင်ခဲ့တော့သည်။
ဘေးတွင်ရှိနေသည့် ရှန်ကျစ်ရှောင်းကတော့ သူ့၏ခေါင်းကို ငုံ့ကာ အရူးအမူးစာရိုက်နေခဲ့လေ၏။ ကျင်းရန် သူ့ပုခုံးကို တွန်းတိုက်ပြီး တီးတိုးမေးလိုက်သည်။
“မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ၊ ဒီအတန်းစကတည်းကပြောနေတာ ဘယ်တော့မှ မရပ်သွားဘူး”
ရှန်ကျစ်ရှောင်းက ခေါင်းမော့မကြည့်ဘဲ ပြောလာသည်။
“နတ်ဘုရားမနဲ့”
ကျင်းရန် အံ့သြသွားရသည်။
“မင်းရဲ့ နတ်ဘုရားက လင်းချီလင်းမဟုတ်ဘူးလား”
“ဒါက ဥပဒေဌာနက မိန်းကလေးလေ၊ သူမက ငါတို့ အန်နီမေးရှင်းကလပ်ကို ရောက်လာပြီး တွေ့ခဲ့တာ၊ ငါ မင်းကို သူ့ပုံ ပြမယ်”
ရှန်ကျစ်ရှောင်းက တစ်ဖက်လူ၏ cosplay ဓာတ်ပုံကို ဆွဲထုတ်လိုက်ပြီး ကျင်းရန်ကို ပြသလာသည်။
“မင်းဘယ်လိုထင်လဲ?”
ကျင်းရန်: “လှတယ်”
ရှန်ကျစ်ရှောင်း ကျေနပ်သွားသည်။
“ငါ သူမကိုတွေ့လိုက်ရတာနဲ့ သူမရဲ့ ပါးချိုင့်လေးမှာ ရစ်မူးသွားတာ- ဒါနှင့် ညဘက် ဘာစားမလဲ?”
ကျင်းရန်: “ငါ ညနေဘက် အပြင်ကိုထွက်စရာရှိတယ်၊ ဘယ်အချိန်ကျမှ ပြန်လာရမလဲဆိုတာ မသိဘူး၊ ဒီတော့ မင်းကိုယ့်ဘာသာကိုယ် စားလိုက်တော့”
ရှန်ကျစ်ရှောင်းကတော့ သူ၏ နတ်ဘုရားမ “ cos အောင်မြင်မှု” အကြောင်း စကားပြောခန်းတွင် နှစ်မြှုပ်နေဆဲဖြစ်သည်။
ကျင်းရန် သမ်းဝေလိုက်မိချိန်တွင် သူ့၏နောက်ကျောဘက်တွင်ထိုင်နေသော မိန်းကလေးနှစ်ယောက် ရုတ်တရက် စိတ်လှုပ်ရှားစွာ ပြောလာချေသည်-
“အဲဒါ ရန်ချင်းလင် မဟုတ်ဘူးလား”
“တကယ် သူပဲ! သူ ဘယ်သူကိုစောင့်နေတာလဲ”
“ဘာပဲဖြစ်ဖြစ် ငါ့ကိုစောင့်ဖို့ ရောက်နေတာတော့ မဟုတ်ဘူး၊ ဓာတ်ပုံအရင်ရိုက်ထားရအောင်”
ကျင်းရန် ခေါင်းကိုမော့ပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည်။
ရန်ချင်းလင်က အဖြူရောင်တီရှပ်ပေါ်တွင် အနက်ရောင် ဂျင်းဂျာကင်အင်္ကျီကို ဝတ်ထားပြီး စင်္ကြံဘေးတွင် ရပ်ကာ လက်ကိုင်ဖုန်းကို ဆော့ကစားနေခဲ့သည်။
အတန်းပြီးသည့် ခေါင်းလောင်းသံကိုကြားသည်နဲ့ သူ့၏လက်ထဲမှ ဖုန်းကိုဖယ်လိုက်ပြီး စာသင်ခန်းထဲကို လှမ်းကြည့်လာလေ၏။
ကျင်းရန် ချင်းချင်းဆိုသလို သူထံမှ အဝေးသို့ အမြန်အကြည့်လွှဲကာ ရှန်ကျစ်ရှောင်းအား လှမ်းပြောခဲ့သည်။
“ငါ အခု အပြင်ကိုထွက်တော့မလို့ ၊ ငါ့ စာအုပ်ကို အိပ်ဆောင်ခန်းထဲကို ပြန်ယူသွားပေးဦး”
လူအုပ်ကြားထဲတွင် ရန်ချင်းလင်က ကျင်းရန်ကို အကြည့်တစ်ချက်ဖြင့် တွေ့မြင်ခဲ့သည်။
ကျင်းရန် ဝတ်ဆင်ထားသည့် အပြာရောင်ဆွယ်တာပေါ်တွင်”အိပ်ရေးမဝဘူး” ဟူသော စာလုံးရိုက်နှိပ်ထားခဲ့ပြီး ထိုစကားလုံးက ယနေ့ ကျင်းရန်၏အခြေအနေအတွက် အလွန်သင့်လျော်နေခဲ့သည်။
သူ့၏ခေါင်းပေါ်တွင်လည်း ဆံပင်နှစ်ချောင်းက ထောင်နေခဲ့ကာ အလွန်အိပ်ငိုက်နေသည့်ပုံပေါက်နေသည်ပင်။
ရန်ချင်းလင် မျက်ခုံးပင့်လိုက်မိသည် - ကောင်းပြီ၊ ဒီနေ့လည်း သူ့ရဲ့ရွှယ်ကျန်းက အတော်လေး ချစ်စရာကောင်းနေတုန်းပဲ။
“ဘယ်မှာသွား ဝယ်မှာလဲ?”
ကျင်းရန် ပျင်းရိစွာ ပြောလာသည်။
“စန်းလီကိုသွားမှာလား ဒါမှမဟုတ် ယင်ထိုင်းစင်တာကိုသွားမှာလား၊ ငါတို့ မြေအောက်ရထား စီးသွားမှာလား?”
ရန်ချင်းလင် သူ့လက်ထဲမှ ကားသော့ကို ဝှေ့ရမ်းပြလိုက်သည်။
“ကားနှင့်သွားမယ်”
ရန်ချင်းလင်၏ကားက အနက်ရောင် Cayenne အမျိုးအစားဖြစ်ပြီး အတော်လေး သိုသိုဝှက်ဝှက်ဖြစ်ပုံရသည်။ ကျင်းရန်တစ်ယောက် တွဲဖက်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ရုတ်တရတ် မေးခွန်းတစ်ခုကို တွေးတောမိသွားရသည်။
“မင်း ယာဉ်မောင်းလိုင်စင် ရထားတာ ဘယ်လောက်ကြာပြီလဲ။”
ရန်ချင်းလင်: “နှစ်လကျော်လောက်ရှိပြီ”
ကျင်းရန် ခဏမျှ တိတ်ဆိတ်သွားခဲ့ရသည်။
“မင်းမောင်းနိုင်ပါ့မလား”
“ရွှယ်ကျန်းက ဘယ်လိုထင်လို့လဲ”
ရန်ချင်းလင်၏မျက်နှာက ပြုံးယောင်သန်းလာခဲ့သည်။
“ကျွန်တော့်ရဲ့ ကားနောက်ဘက်မှာ အခုထိ အမောင်းသင်နေဆဲ ဆိုတဲ့ ဆိုင်းဘုတ်တစ်ခု ရှိနေတုန်းပဲ”
ကျင်းရန် ထိုင်ခုံခါးပတ်ကို တင်းတင်းကြပ်ကြပ် ပတ်လိုက်ပြီး သူ့၏ခန္ဓာကိုယ်ကလည်း အလွန်စည်းကမ်းတကျဖြင့် ဖြောင့်မတ်စွာ ထိုင်လာခဲ့သည်။
“ဖြည်းဖြည်းမောင်းဦး၊ တကယ်လို့ အချိန်မီပြန်မရောက်နိုင်ရင် လူပြောင်းပြီး မောင်းရအောင်”
ရန်ချင်းလင်၏ အပြုံးက တစ်ဝက်လောက်မှာ ရပ်တန့်သွားရပြီး ကားကို၀က်နှိုးလာခဲ့သည်။
“ကောင်းပါပြီ”
ယခုကဲ့သို့ နေ့လည်ခင်းအချိန်များတွင် လမ်းအခြေအနေကောင်းမွန်ပြီး ရှုပ်ထွေးခြင်းမရှိသလို ရန်ချင်းလင်ကလည်း ပြဿနာကြီးကြီးမားမားမရှိဘဲ အလွန်တည်ငြိမ်စွာဖြင့် မောင်းနှင်ခဲ့သည်။
သို့သော်လည်း ကုန်တိုက်သို့ရောက်သောအချိန်တွင်တော့ ကားပါကင်တွင် ပြဿနာတစ်ခုဖြစ်လာခဲ့သည်။ မြေအောက်ကားပါကင်က ကားများ ပြည့်လုနီးပါးဖြစ်နေခဲ့ပြီ။
သူတို့နှစ်ယောက်အချိန်အတော်ကြာသည်အထိ ခက်ခက်ခဲခဲဖြင့် ရှာဖွေပြီးမှသာ အလွန်ခက်ခဲမှုမြင့်မားသော ကားပါကင်နေရာကို ရှာတွေ့နိုင်ခဲ့သည်။
ထိုကားပါကင်နေရာမှာ ဘေးနှစ်ဖက်တွင် SUV ကားနှစ်စီးရပ်ထားသဖြင့် နေရာကအကန့်အသတ်ရှိနေခဲ့ပြီး ရန်ချင်းလင်၏ Cayenne သည်လည်း သေးငယ်သောကားမဟုတ်ခဲ့ပါချေ။
ကျင်းရန် :”ငါ အောက်ကိုဆင်းပြီး မင်းကို လမ်းညွှန်ပေးရမလား”
“မလိုဘူး”
ရန်ချင်းလင်က စတီယာရင်ဘီးကို လက်တစ်ဖက်တည်းကို ကိုင်ပြီး ပြောင်းပြန်ဂီယာနှင့် လီဗာကို တချိချိန်တည်းထိန်းချုပ်ကာ ကျွမ်းကျင်စွာ လှည့်လိုက်ပြီး ကားပါကင်နေရာ၏ အလယ်ဗဟိုတွင် တိကျစွာရပ်တန့်လိုက်သည်။
ကျင်းရန် အနည်းငယ် စိတ်ရှုပ်သွားရသည်။
သိပ်မကွာသေးမီအချိန်တုန်းက Douyin ပေါ်တွင် လက်တစ်ဖက်တည်းဖြင့် စတီယာရင်ဘီးကို ထိန်းချုပ်နေသော ယောက်ျားလေးများ၏ ဗီဒီယိုအတိုလေးတွေကို ရိုက်ကူးကာ တင်လာခြင်းတွေက အထူးတလည်ရေပန်းစားခဲ့သည်။
ကျင်းရန်သည်လည်း သူတို့ထဲက တချို့ဗီဒီယိုအတိုများကို မြင်ဖူးခဲ့သော်လည်း ရန်ချင်းလင်၏ လက်ရှိ လုပ်ရပ်လောက်တော့ မည်သူကမှ ပိုပြီး ကြည့်ကောင်းနေခြင်း မရှိခဲ့ပါချေ။
ရန်ချင်းလင်၏လက်ချောင်းများမှာ သွယ်လျပြီး ကောင်းစွာထုဆစ်ထားပုံပေါ်ထားသော အရိုးအဆစ်များရှိကာ လက်သည်းများသည်လည်း သန့်ရှင်းသပ်ရပ်စွာရှိနေခဲ့သည်။ သူ့၏ လက်ကောက်ဝတ်တွင်လည်း အနက်ရောင်လက်ပတ်နာရီကို ဝတ်ဆင်ထားကာ အလွန် လိုက်ဖက်စွာရှိနေခဲ့သည်။
ကျင်းရန်တစ်ယောက် မထိန်းချုပ်နိုင်ဘဲ နောက်ထပ် အကြိမ်အနည်းငယ်ခန့် လှမ်းကြည့်လိုက်မိသည်။
ရန်ချင်းလင်:?
“ကျွန်တော့်ရဲ့ လက်ပေါ်မှာ တစ်ခုခုရှိနေလို့လား”
“မဟုတ်ဘူး”
ကျင်းရန် အပြစ်ရှိစိတ် အနည်းငယ်ပါဝင်သည့် အသိစိတ်နှင့် ပြောလိုက်သည်။
“ဒီကားရဲ့ စတီယာရင်ဘီးက တော်တော်လေးလှတယ်လို့ ထင်လို့”
သူတို့နှစ်ယောက် ကုန်တိုက်ထဲသို့ ဝင်ရောက်သွားပြီးနောက်တွင် တခြားသောကိစ္စရပ်များကို လှည့်ကြည့်ခြင်းမရှိခဲ့ဘဲ အဓိက အကြောင်းအရာဆီသို့ ဦးတည်သွားခဲ့ကြသည်။
ရန်ချင်းလင်က သူ့အမေအတွက် အလှကုန်ပစ္စည်း တစ်ဆက်စာ၊ သူ့အဖေအတွက် ဆေးလိပ်နှင့် ဝိုင် စသည်ဖြင့် အထုတ်နှစ်ထုတ်ဝယ်ခဲ့ပြီး နောက်ဆုံးတွင်တော့ ငှက်သိုက်နှင့် ဂျင်ဆင်းကဲ့သို့သော ဖြည့်စွက်ဓာတ်စာအချို့ကို ရွေးချယ်ဝယ်ယူခဲ့သည်။
ကျင်းရန်ကတော့ ကတ်ကိုပွတ်ဆွဲရန်တာဝန်တစ်ခုကိုသာ ယူထားပြီး သူ့နောက်မှလိုက်နေခဲ့ရချေသည်။
ကျင်းရန် ရန်ချင်းလင်အား မေးမြန်းခဲ့သည်။
“မင်း ပြုစုပျိုးထောင်ခံနေရတယ်လို့များ စိတ်ထင်ယောင်ထင်မှားဖြစ်နေသေးလား”
ရန်ချင်းလင် ခေါင်းညိတ်ပြလာသည်။
“အမ်”
ကျင်းရန်တစ်ယောက် ထိုစကားကြောင့် သဘောကျပျော်ရွှင်သွားရသည်။
“ဒီတော့ မင်းဘယ်လိုခံစားရလဲ”
“အရမ်းမိုက်တယ်!”
ရန်ချင်းလင် ပြန်ဖြေခဲ့သည်။
“ရွှယ်ကျန်းက ကျွန်တော်ကို နောက်ထပ် အကြိမ်နည်းနည်းလောက် အခုလိုထပ်ပြီး ဂရုစိုက်ပေးဖို့ မျှော်လင့်မိတယ်”
“မေ့လိုက်တော့၊ ဒီရွှယ်ကျန်းက အဲလောက်ထိ မတတ်နိုင်ဘူး”
“အဲလို မဟုတ်ဘူး၊ ကျွန်တော်က အရမ်းစျေးပေါပါတယ်၊ တစ်လကို ယွမ် ၅၀၀ဆိုရင် ကျွန်တော့်ကို ပျိုးထောင်လို့ရပြီ၊ ရွှယ်ကျန်း စဉ်းစားပေးမလား”
“ဖာ့ခ်! မင်းက သရုပ်ဆောင်ဖို့ကို တကယ်ကြီး စွဲလန်းနေတာပဲ...”
သူတို့နှစ်ယောက် အင်တာနက်ပေါ်တွင်နာမည်ကြီးကျော်ကြားသည့် နို့လက်ဖက်ရည်ဆိုင်ရှေ့မှဖြတ်သွားချိန်တွင် ရန်ချင်းလင်က မေးလာခဲ့သည်။
“ရွှယ်ကျန်း ၊ နို့လက်ဖက်ရည်သောက်ချင်လား”
ကျင်းရန် လူအတန်းလိုက်ဖြစ်နေသာလိုင်းကို ကြည့်လိုက်ပြီး အနည်းငယ် တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“လူများလွန်းတယ်”
“ရွှယ်ကျန်း တစ်နေရာမှာ ထိုင်စောင့်နေလိုက်လေ၊ ကျွန်တော် သွားပြီး တန်းစီလိုက်မယ်၊ ရွှယ်ကျန်း ဘာသောက်ချင်လဲ”
ကျင်းရန်:” မက်မွန်အရသာပိုထားတဲ့ နို့လက်ဖက်ရည်၊ ဒီတစ်ခါတော့ မမှားနဲ့”
ရန်ချင်းလင် ပြုံးလိုက်သည်။
“ကျွန်တော် ဒီတခေါက် မသောက်ထားဘူးလေ၊ ဒီတော့ မမှားနိုင်တော့ပါဘူး”
ကျင်းရန်တစ်ယောက် စျေးဝယ်အိတ်များနှင့်အတူ ခဏမျှ လမ်းလျှောက်လာခဲ့ရပြီး နောက်ဆုံးတွင်တော့ အနားယူရန် နေရာတစ်ခုကို ရှာဖွေနိုင်ခဲ့သည်။
ထိုနေရာမှာ ဆိုဖာတန်းများ၊ စားပွဲခုံများ၊ အားသွင်း ပလပ်ပေါက်များနှင့် အချိုရည်အရောင်းစက်များပါရှိသော အကန့်ငယ်လေးတစ်ခုဖြစ်ပေသည်။
ကျင်းရန် ထိုင်ခုံအလွတ်တစ်ခုကို ရှာ၍ ဝင်ထိုင်လိုက်သည်။ သူသည်က ဈေးဝယ်ထွက်ရခြင်းကို စိတ်အနှောင့်အယှက်ဖြစ်တတ်သူပင်။
ဘတ်စကက်ဘောကွင်းတွင် နှစ်နာရီကြာအောင် ပြေးနိုင်သော်လည်း သူ့အမေနဲ့ နာရီဝက်လောက်ကြာအောင် စျေးဝယ်ထွက်ရပြီးချိန်တွင်တော့ သူ့၏ခြေထောက်က ကျိုးလာတော့မည်ဟု ခံစားရတတ်သည်။
ယနေ့တွင် ရန်ချင်းလင်က ခပ်မြန်မြန် လှုပ်ရှားခဲ့ပြီး သူသည်လည်း လမ်းများများမလျှောက်ခဲ့ရသော်လည်း အလွန်အမင်းပင်ပန်းနေသကဲ့သို့ ခံစားနေရဆဲပင်။
ရန်ချင်းလင် နို့လက်ဖက်ရည်နှစ်ခွက်ကို ရရှိပြီးနောက် ကျင်းရန်ထံသို့ စာတစ်စောင်ပို့ခဲ့သည်။
[ရွှယ်ကျန်း ဘယ်မှာလဲ?]
ကျင်းရန်: [ဓာတ်ပုံ]
ကျင်းရန်ရန်ရန်: [ အဲဒီဆိုင်နား မှာပဲ]
ရန်ချင်းလင်က ထိုဓာတ်ပုံထဲမှ ဆိုင်ကို သူ၏မှတ်ဥာဏ်အတိုင်း လိုက်ရှာခဲ့ပြီးနောက် ကြောင်လေးတစ်ကောင်လို စားပွဲပေါ်မှာ ပျင်းရိလေးတွဲစွာ လှဲလျောင်းရင်း မျက်လုံးများကို တစ်ဝက်လောက်သာ ဖွင့်ထားခဲ့သည့် သူ့၏ ရွှယ်ကျန်းကို တွေ့လိုက်ရတော့သည်။
ရန်ချင်းလင် သူ့၏ ခေါင်းကို မော့လိုက်ပြီး ထို ထိုင်စရာနေရာလွတ် အကန့်၏ အပေါ်တွင် ချစ်စရာကောင်းလောက်အောင် ပန်းရောင်ဖြင့်ရေးသားထားသည့် စာလုံးကြီးငါးလုံးပါဝင်သော ဆိုင်းဘုတ်ကို တစ်ချက်ကြည့်လိုက်မိသည်။
ချစ်သူကောင်လေး အပ်နှံရာနေရာ။
**