Chapter 10
Viewers 317

အပိုင်း (၁၀)


    "ရှန်လင်း"လို့ ရှန်ဖန်အော်လိုက်ပါတယ်။


    "သား ဒီမှာရှိပါတယ်"


    အသက်၄၀နည်းနည်းကျော်မယ့် အနိမ့်ပိုင်းမှာထိုင်နေသူ လူလတ်ပိုင်းတစ်ယောက်ဟာ အရိုအသေပေးရင်း ပြောလိုက်ပါတယ်။


    "မင်းက သားရဲတွင်းကို ကြီးကြပ်ဖို့တာဝန်ရှိတဲ့လူပဲ။အဲ့ဒီနေ့မှာ ဘာတွေ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို ရှင်းပြစမ်း"ဟု ပြောရင်း ရှန်ဖန်ဟာ ရှန်လင်းအား တည်ကြည်စွာ ကြည့်ရင်း ပြောလိုက်ပါတယ်။ထိုပညာဉာဏ်ရှိပြီး ရည်ရှည်ကိုမြင်တတ်သော အကြည့်တွေထဲမှာ သားအဖကြားက ပျော့ပြောင်းမှုကိုမတွေ့ရဘဲ ခေါင်းဆောင်တစ်ယောက်ရဲ့ ပုံစံကိုသာ မြင်ရပါတယ်။


    ရှန်ယုမရှိတော့တဲ့အတွက် သားလေးယောက်အနက် အငယ်ဆုံးဖြစ်သော ရှန်လင်းဟာ အတင်းပြုံးလိုက်ရပါတယ်။ရှန်ယုနဲ့ယဉ်လျှင်တော့ စာပေနဲ့အတိုက်အခိုက်မှာ သူက ပိုနိမ့်ကျပါတယ်။သာမန်နေ့ရက်တွေမှာ သူဟာ ရှန်ဖန်အတွက် ဘာမှ အလေးထားစရာလူမဟုတ်ပါဘူး။ဒီတစ်ခါဖြစ်ခဲ့တဲ့ ပြဿနာကတော့ သူကြီးကြပ်နေရတဲ့နေရာမှာ ဖြစ်ပျက်ခဲ့ပါပြီ။


    "မိသားစုခေါင်းဆောင်ကို ပြန်တင်ပြရမယ်ဆိုလျှင်တော့ အဲ့ဒီနေ့မှာ ကျွန်တော်ဟာ ကိစ္စတစ်ချို့အတွက် အိမ်တော်မှာမရှိဘဲ အပြင်ကိုထွက်သွားခဲ့ပါတယ်။ကျွန်တော့လက်အောက်ကတပည့်သုံးယောက်ဖြစ်တဲ့ အစောင့်တပ်ဖွဲ့ဝင်တွေက သားရဲတွင်းကို စောင့်ကြပ်ခဲ့ကြတာပါ။ကျွန်တော်ပြန်ရောက်လာချိန်မှာတော့ သားရဲတွင်းထဲကို တစ်ယောက်ယောက် ဝင်ရောက်ကျူးကျော်ခဲ့တယ် ဆိုတာကို သူတို့ကသတင်းပို့ခဲ့ပါတယ်"လို့ပြောရင်း ရှန်လင်းဟာ ချွေးစေးတွေကို သုတ်လိုက်ပါတယ်။သားရဲတွင်းထဲကို ကျူးကျော်ဖြတ်သန်းမှုဟာ ပြဿနာလေး မဟုတ်ပေမယ့်လို့ သားရဲတွင်းထဲက မှော်သားရဲတွေဟာ ပိုထိတ်လန့်ဖို့ ကောင်းလို့ပါ။အဲ့ဒီနေ့မှာပဲ ဇာမဏီမိသားစုရဲ့ ထိပ်တန်းတပ်ဖွဲ့တွေရဲ့ အသက်ပေါင်း တစ်ရာလောက် ရင်းနှီးပြီးမှသာ ထိုသားရဲတွေကို ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။


    အချက်အလက်အရဆိုလျှင်တော့ ထိုကိစ္စကို သိသူဟာ ရှန်ဖန်နဲ့ရှန်လင်းနှစ်ဦးသာ ရှိပါတယ်။ရှန်ဖန်အနေနဲ့ သားရဲတွင်းထဲကို ရှန်ယန်ရှောင် ကျူးကျော်ဝင်ရောက်တဲ့ ကိစ္စကိုအခုလိုမျိုး အစည်းအဝေးကြီးလုပ်ကာ မေးမြန်းနေရခြင်းဟာလည်း အဲ့အတွက်ပဲဖြစ်ပါတယ်။ရှန်ဖန်ကို တွေဝေစေတာက အဲ့ကိစ္စဟာ ဇာမဏီမိသားစုဝင်တွေအနေနဲ့ လုပ်ရဲမယ်မထင်ထားလို့ပါ။


    "အဲ့နေ့ကစောင့်ကြပ်ရတဲ့လူ အခုရှိသလား"လို့ ရှန်ဖန်မေးလိုက်ပါတယ်။


    ရှန်ဖန်အဲ့လို မေးလိုက်တာနဲ့တစ်ပြိုင်နက် အဆောင်အတွင်းက လူတွေအားလုံးကို ကြောင်တောင်တောင်ဖြစ်သွားစေပါတယ်။


    ဒီကိစ္စကို အနှစ်ချုပ်လိုက်ရင် ရှန်ယန်ရှောင် ခိုးဝင်ခဲ့လို့ဖြစ်ခဲ့ရတာလေ။အကျိုးသင့်အကြောင်းသင့်ဆိုရင် ရှန်ဖန်အနေနဲ့ ရှန်ယန်ရှောင်ကို ပြစ်ဒါဏ်သတ်မှတ်လိုက်ရင် ပြီးပြီလေ။


     မမျှော်လင့်ဘဲ ရှန်ဖန်ဟာ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းမှန်ကို မသိရဘဲနဲ့ အဆုံးသတ်တော့မှာ မဟုတ်ဘဲ အားလုံးကို စုံစမ်းတော့မယ့်ပုံပါပဲ။ဒီကိစ္စက သံသယဝင်စရာလည်း ကောင်းပါတယ်။လူတိုင်းတွေးမိနေတာက ရှန်ယန်ရှောင်က ဘယ်လိုလုပ်သားရဲတွင်းထဲကို ခိုးဝင်နိုင်မှာလဲဆိုတာကိုပါ။


    ရှန်ကျီယီနဲ့ရှန်ကျီဝေတို့နှစ်ယောက်မျက်နှာဟာ လူသေကဲ့သို့ဖြူဖွေးသွားကာ ကြောက်ရွံ့နေကြပါတော့တယ်။သူတို့နှစ်ယောက်ဟာ ဒီကိစ္စအပေါ်မှာ ရှန်ဖန်အနေနဲ့ အတွင်းကျကျ စစ်ဆေးသွားမယ်လို့ မတွေးခဲ့မိကြပါဘူး။အဲ့ဒီနေ့မှာ ရှန်ယန်ရှောင်အား သားရဲတွင်းထဲကို လှည့်စားကာဝင်ရောက်စေဖို့ အစောင့်တာဝန်ကျသုံးယောက်ကို အဲ့မှာမရှိအောင် သူတို့လုပ်ဆောင်ထားခဲ့ကြတာပါ။အဲ့ဒါမှသာ ငတုံးမကို လှည့်ဖျားပြီး သားရဲတွင်းထဲကို ဝင်ခိုင်းလို့ရမှာကိုး။


    ဒီလိုအချိန်မှာပဲ ရှန်ဖန်က အစောင့်သုံးယောက်ကို မေးခွန်းတွေမေးမယ်လုပ်နေတယ်လေ။တစ်ကယ်လို့သာ အစောင့်တွေက သူတို့အကြောင်းကို ပြောပြလိုက်မယ်ဆိုရင်အဖိုးဖြစ်သူရဲ့ ဉာဏ်ထက်မြက်မှုအရ ဘယ်လိုဖြစ်မယ်ဆိုတာကို ရှန်ဖန်ခန့်မှန်းနိုင်သွားမှာပါ။အဲ့လိုဆိုရင် သူတို့နှစ်ယောက်အတွက် ပြဿနာဖြစ်ပါပြီ။


    ဒီအချိန်မှာတော့ ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ နှစ်ယောက်လုံးဟာ အဖိုးဖြစ်သူ ရှန်ဖန်အနေနဲ့ သားရဲတွင်းကိစ္စကို ဒီလောက်အထိ အရေးထားမယ်ဆိုတာ မတွေးမိခဲ့တဲ့အတွက် အလွန်ပဲ နောင်တရနေပါတော့တယ်။သူတို့ထင်ထားခဲ့တာက ရှန်ယန်ရှောင်ပါးစပ်ပိတ်ထားဖို့ ပြောပြီးတာနဲ့ ပြီးပြီလို့ထင်ခဲ့ကာ ဘာမှစိုးရိမ်မနေခဲ့ပါဘူး။အခုကျတော့ ရှန်ဖန်က ဒီလိုမေးလိုက်မယ်လို့ ဘယ်တွေးခဲ့မိပါ့မလဲ။


    သူတို့မျက်နှာပေါ်က ဝံ့ကြွားမှုတွေအကုန်ပျောက်လို့ ထိတ်လန့်စိုးရိမ်နေမှုတွေပဲ ရှိပါတော့တယ်။


    ရှန်ကျီယီနဲ့ရှန်ကျီဝေရှေ့တွင်ထိုင်နေတဲ့ သက်လတ်ပိုင်းအရွယ် ရှန်ယူတစ်ယောက် သူ့သားသမီးနှစ်ယောက်ရဲ့ ပုံစံကြောင့် ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာကို အကြမ်းဖျဉ်း ခန့်မှန်းမိလိုက်ပါတယ်။မျက်မှောင်ကြုံ့လိုက်မိပေမယ့် ဘာမှတော့ မပြောခဲ့ပါဘူး။


    သားရဲတွင်းကို စောင့်ဖို့တာဝန်ကျတဲ့ လက်ရွေးစင်အစောင့်တပ်ဖွဲ့ဝင် သုံးယောက်ကို ရှန်ဖန်ရှိရာသို့ ခေါ်ဆောင်လာခဲ့ကြပါတယ်။အစောင့်သုံးယောက်စလုံး ဒူးထောက်အရိုအသေ ပေးကာ ခေါင်းဆောင်မေးမြန်းလာမှာကို စောင့်နေကြပါတယ်။