အပိုင်း (၉)
ပင်မဆောင်အတွင်းထဲမှာတော့ ဆိတ်ငြိမ်နေပါတယ်။ဝင်ပေါက်ကို မျက်နှာမူထားတဲ့ အသက်၆၀ရှိ ရှန်ဖန်ရဲ့မျက်လုံးအစုံဟာ မီးလင်းနေသလိုတောက်ပနေပြီး ထိုင်ခုံပေါ်တွင်ခန့်ညားစွာ ထိုင်နေပါတယ်။မီးခိုးရောင်ဆံပင်တွေက သူ့အားမကြီးရင့်တဲ့ပုံပေါက်နေစေသလို ဖိအားတစ်မျိုးကိုလည်း ထူးဆန်းစွာခံစားစေရပါတယ်။
သူ့ရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီတွင် ထိုင်နေကြသူတွေက ဒုတိယမျိုးဆက်များဖြစ်ပါတယ်။အများစုဟာ အသက်၄၀ကျော်တွေဖြစ်ကာ သူတို့ထဲကမည်သူမဆိုဟာ အပြင်လောကတွင် ရှားပါးထူးချွန်သူတွေပါ။ရှန်ဖန်၏ရှေ့တွင်တော့ ဘယ်သူမှ အထာမကိုင်ရဲပေ။
သူတို့၏နောက်တွင် ရပ်နေသူတွေကတော့ တတိယမျိုးဆက်တွေဖြစ်ကာ ဇာမဏီမိသားစုရဲ့ အနာဂါတ်ကြယ်ပွင့်တွေဖြစ်တာကြောင့် သူတို့ရဲ့မျက်နှာတွေမှာ ဝံ့ကြွားမှုတွေအတိုင်းသားနဲ့ပါ။ချုပ်၍ပြောရလျှင် ဒီအခန်းထဲရှိသူတွေအကုန်လုံးဟာ ဇာမဏီငှက်မိသားစုရဲ့ ဂုဏ်ယူရသူတွေပါပဲ။ဘာအစွမ်းအစမှမရှိသူတွေအားလုံးကိုတော့ ရှန်ဖန်ကိုယ်တိုင် မိသားစုကနေ ကန်ထုတ်ထားပြီး သူတို့ထိုက်သူတို့ကံ အဖြစ်သတ်မှတ်ထားပါတယ်။သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်အနောက်မှာရပ်နေတဲ့ ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ဟာ မျက်လုံးပင့်ကာသူမကို လှမ်းအကဲခတ်လိုက်ပါတယ်။
ခန်းကျယ်တစ်ခုလုံးက မျက်လုံးတွေဟာလည်း သူမဆီကိုရောက်ရှိလာပါတော့တယ်။ဘယ်လိုပဲဆိုဆို ဒီလို ကိုယ်စွမ်းကိုယ်စ ဘာမှမရှိတဲ့သူတစ်ယောက်ဟာ ဇာမဏီမိသားစုနဲ့ လားလားမှမအပ်စပ်ပါဘူး။တစ်ကိုက်စာပင်မရှိတဲ့ ကိုယ်လုံးကိုယ်ပေါက်အပြင် ဆိုးရွားစွာ ကြည့်ရှုနေကြတဲ့ တတိယမျိုးဆက်အားလုံးရဲ့ ဆိုးရွားတဲ့အကြည့်တွေကို ဘာမှမသိတဲ့ပုံစံနဲ့ပဲ သူမနေနေပါတယ်။
ရှန်ယန်ရှောင်အား ဆင့်ခေါ်ပြီးမကြာခင်မှာပဲ ဒုတိယမျိုးဆက်တွေဟာ မနာလိုဝန်တိုမှုနဲ့လက်သင့်မခံလိုစိတ်တွေဖြစ်ပေါ်လာပါတယ်။အကြောင်းကတော့ သူမနဲ့ သူမ မိဘတွေဟာ လုံးဝခြားနားနေလို့ပါပဲ။
ရှန်ယန်ရှောင်ဖခင်ဖြစ်သူ ရှန်ယုဟာ အငယ်ဆုံးသခင်လေးပါ။လူတွေသူ့ကို ဖော်ညွှန်းကြတာက သူ့ချောမောခန့်ညားမှုဟာ ကျောက်စိမ်းနဲ့တူပြီး သူ့လှုပ်ရှားမှုတိုင်းဟာ ကျက်သရေရှိစွာထည်ဝါနေတယ်လို့ပြောကြသလို မိန်းကလေးတွေဟာလည်း သူ့ကိုအလွန်အမင်း ရူးသွပ်ခဲ့ကြပါတယ်။ဒါ့အပြင် သူ့မှော်အစွမ်းကလည်း မြင့်မားလှပါတယ်။သူ့ခေတ်အခါတုန်းက ဇာမဏီမိသားစုအတွင်းမှာ ထူးချွန်တဲ့လူငယ်တွေအများအပြားရှိတဲ့ထဲက သူက ပိုထူးချွန်ခဲ့သလို ရှန်ဖန်ကလည်း အရေးပေးဆုံးခံရသူပါ။သူ့မိန်းမဖြစ်သူဟာလည်း အဲ့ခေတ်တုန်းက လောင်းရွှမ်နိုင်ငံအတွင်း အလှပိုင်ရှင်တစ်ဦးဖြစ်သလို သူမအလှကို စာဖွဲ့နှိုင်းယှဉ်စရာ မရှိခဲ့သူပါ။သူမလက်မထက်ခင်တုန်းကဆို သူမနောက်ကို သခင်လေးတွေအများအပြား လိုက်လံနောက်ပိုးခံခဲ့ရပါတယ်။သူမအပြုံးကို မြင်တွေ့ခွင့်ရဖို့အတွက် ထိုလူတွေဟာ မိသားစုပိုင်ဆိုင်မှုတွေကို အဆုံးရှုံးခံဖို့ ဝန်မလေးခဲ့ကြပါဘူး။
အဲ့လိုရွှေရောင်မိဘနှစ်ပါးက မွေးဖွားလာတဲ့သူမအနေနဲ့ ကမ္ဘာတုန်လှုပ်စေတဲ့ အလှပိုင်ရှင်မဖြစ်ရင်တောင် အခုလို ဘဲရုပ်ဆိုးလေးလိုပုံစံမျိုးနဲ့တော့ လူရုပ်မပေါ်အောင်ထိ မဖြစ်သင့်ပါဘူး။
ရှန်ယန်ရှောင်အကြောင်းကိုလည်း မိသားစုအတွင်းမှာ တီးတိုးဝေဖန်ရုံကလွဲလို့ ဘယ်သူမှဘာမှမပြောရဲခဲ့တာက ရှန်ဖန်က ဒီအကြောင်းကို တစ်ခွန်းမှ မဟခဲ့ဖူးလို့ပါ။ဘာပဲဆိုဆို ရှန်ဖန်ဟာ မိသားစုရဲ့အဓိကလူဖြစ်နေပါတယ်။
ဒီအချိန်မှာပဲ ရှန်ဖန်ဟာ သူ့မျက်နှာပေါ်က ထည်ဝါမှုကိုတစ်ချက်မလျော့စေဘဲ သူ့မြေးအားစူးရှစွာ အကဲခတ်ကြည့်ရှုနေပါတယ်။
အဲ့စူးရှတဲ့မျက်ဝန်းတွေဟာ ဓားပါးလေးတွေလိုပါပဲ။မတွေ့တာကြာပြီဖြစ်သူ မြေးမလေးအား အတော်ကြာကြည့်ရှုနေပြီးတဲ့အခါမှာ ရှန်ဖန်ရဲ့မျက်ခုံးအစုံကြုံ့သွားပါတယ်။
ရှန်ဖန် မျက်ခုံးပင့်တာကိုတွေ့လိုက်ရတဲ့ ဇာမဏီမိသားစုဝင်တွေရင်ထဲမှာ နှာခေါင်းရှုံ့လိုက်ကြပါတယ်။လုံးဝရှင်းလင်းနေတာတစ်ခုက ရှန်ဖန်ဟာ ရှန်ယန်ရှောင်အား သူ့မြေးအဖြစ် အသိအမှတ်ပြုထားပေမယ့် ဒီလိုပုံစံကိုမနှစ်တာကတော့သေချာပါတယ်။
အဆောင်ကြီးတစ်ခုလုံးကလူတွေဟာ တိတ်ဆိတ်စွာနဲ့ပဲ ရှန်ဖန်စကားစလာမှာကို စောင့်နေကြပါတယ်။
ရှန်ဖန်ဟာ သူ့အကြည့်အား ရှန်ယန်ရှောင်ဆီမှ လွှဲဖယ်လိုက်ရင်း ပြောလိုက်တာက"ရှန်ယန်ရှောင် မင်းအနေနဲ့ တားမြစ်နေရာကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျူးကျော်ဝင်ရောက်ခဲ့တယ်။မင်းအပြစ်ကို မင်းသိသလား"
ခက်ထန်ပြတ်သားတဲ့ ရှန်ဖန်ရဲ့စကားသံအရ သူဟာ စုံစမ်းမေးမြန်းနေတာထက် အဖြေတစ်ခုကို ခိုင်မာအောင်ပြောနေပုံပေါက်နေပါတယ်။
ရှန်ယန်ရှောင်ဟာ သူမ၏မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း သူမအဖိုးဖြစ်သူအား ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်ပါတယ်။