အခန်း
(၇) - ငါ မင်းအဖေ မဟုတ်ဘူး
“မီးဖိုချောင်ထဲက
ကြက်စွပ်ပြုတ်နဲ့ ထင်းတွေကရော ဘာဖြစ်တာလဲ” သူမ၏ ရွှင်မြူးနေသော အမူအရာကိုကြည့်ရင်း
ကျောက်လန်ဟွာက မျက်ခုံးတွေကို အနည်းငယ် ဖြေလျှော့ကာ တိုးတိုးလေး မေးလိုက်သည်။
“မနေ့က
ဝက်စာမြက်တွေ စုဆောင်းဖို့ အနောက်တောင်ပေါ်ကို သွားခဲ့တယ်၊ အဲဒီမှာ တောကြက်ရိုင်းတစ်ကောင်
ကောက်ရလို့ အခု ကြက်စွပ်ပြုတ်လုပ်ထားတာပါ။ ထင်းကျတော့ ကျွန်မ မနက်စောစော ထင်းကောက်ဖို့
အနောက်တောင်ပေါ်ကို သွားခဲ့တာလေ” ကျီကျောက်သည် ချိုမြသော အပြုံးနှင့် ပြောပြခဲ့သည်။
ကျောက်လန်ဟွာသည်
မသိစိတ်က ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ မိုးစင်စင်တောင် မလင်းသေးဘူး၊ အာရုဏ်တက်ချိန်ပဲရှိသေးတာ
မဟုတ်ဘူးလား။
“မင်း…
မင်း ဒီလိုလုပ်စရာ မလိုပါဘူး” ကျောက်လန်ဟွာသည် ခဏလောက် စဉ်းစားပြီး ခပ်တိုးတိုး ပြောလာခဲ့သည်၊
“ငါတို့ မနေ့က ဆွေးနွေးပြီးပြီ။ မင်း… မင်း ရှီလျို့ရွာကို ပြန်သွားသင့်တယ်။”
“အမေ
ကျွန်မ သိပါတယ်” ကျီကျောက်သည် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်၊ “မနေ့ညက စန်းလန်
ကျွန်မကို ပြောပြီးပါပြီ။”
“ဒါဆို
မင်း…”
“အခု
ဒုတိယမရီးမှာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ အာဟာရရှိတာတွေ များများစားပေးဖို့ လိုအပ်တယ်။
အကြီးဆုံးမရီး တစ်ယောက်တည်း လုပ်စရာ အလုပ်တွေ အရမ်းများနေတော့ မရီးရဲ့ ဝန်ထုပ်ဝန်ပိုးတွေ
တချို့တဝက်လောက်ကို ကူညီလုပ်ကိုင်ပေးဖို့ စိတ်ကူးထားတယ်” ကျီကျောက်၏ မျက်နှာပေါ်တွင်
ရိုးသားသော အပြုံးတစ်ခု ထင်ဟပ်လာသည်၊ “အရင်က ကျွန်မ ဦးနှောက်မဲ့ပြီး အမှားတွေ အများကြီး
လုပ်ခဲ့မိတယ်၊ ကျွန်မ စိတ်ရင်းမှန်နဲ့ ပြန်ပေးဆပ်ချင်တာပါ။”
ကျောက်လန်ဟွာသည်
သူမကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေမိသည်။
“အာ့ထောင်၊
နောင်မှာ မင်း ရှန်းမိသားစုရဲ့ ပိုက်ဆံကို ပြန်ဆပ်နိုင်သရွေ့ မင်းရဲ့ ရုပ်ရည် အသွင်အပြင်နဲ့
နောက်အိမ်ထောင်ပြုဖို့ မခက်ပါဘူး။ တကယ်တော့ မင်း လုပ်ပေးစရာ မလိုပါဘူး…”
“အမေ
ကြက်စွပ်ပြုတ်ကို မြန်မြန် သွားသောက်ကြည့်ပါဦး” ကျီကျောက်သည် ပြုံးပြုံးရွှင်ရွှင်နဲ့
မီးဖိုချောင်ထဲဝင်သွားပြီး ဘဲဥတွေကို နံရံနားက ဝါးခြင်းတောင်းထဲသို့ ထည့်ပြီး လှည့်ထွက်သွားခဲ့သည်။
ကျောက်လန်ဟွာသည်
ပိုမို စိတ်ရှုပ်ထွေးသော အကြည့်တွေဖြင့် သူမရဲ့ ပုံရိပ်ကို ကြည့်နေခဲ့သည်။
တစ်နာရီကြာပြီးနောက်
ကျန်ရှိနေသော ရှန်းမိသားစုဝင်အားလုံးသည် ကြွယ်ဝသော မွှေးရနံ့ကြောင့် အိပ်ရာနိုးလာကြသည်။
တစ်မိသားစုလုံး
ခန်းမထဲတွင် စုရုံးထိုင်ခဲ့ကြသည်။
စားပွဲပေါ်ရှိ
လက်ကိုင်နှစ်ဖက်ပါ ဒယ်အိုးထဲရှိ ကြက်စွပ်ပြုတ်ကို မြင်သောအခါ ဒုတိယမရီးရှန်း၏ အကြည့်တွေက
ရုတ်တရက် တောက်ပသွားခဲ့သည်။
“အမေ
ဒီနေ့က ဘာနေ့လဲ။ အမေ တကယ်ပဲ ကြက်စွပ်ပြုတ် ချက်ထားတာလား။”
ပျော်ရွှင်နေတဲ့
ဒုတိယမရီးနှင့် နှိုင်းယှဉ်လျှင် အကြီးဆုံးမရီးရှန်းကတော့ စိတ်ပူပန်နေပုံရသည်။ “အမေ
အိမ်မှာ ကြက်နည်းနည်းပဲ ကျန်တော့တယ်…”
“ဒါ အိမ်က
ကြက် မဟုတ်ဘူး” ကျောက်လန်ဟွာသည် သက်ပြင်း ခပ်ဖွဖွချပြီး ကြက်ပေါင်တစ်ချောင်းကို
ဒုတိယမရီး၏ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
“ကျေးဇူးပါ
အမေ” ဒုတိယမရီးရှန်းက ဝမ်းသာအားရ ပြုံးလိုက်သည်။
ကျောက်လန်ဟွာသည်
နောက်ထပ် ကြက်ပေါင်တစ်ချောင်းကို အကြီးဆုံးမရီးရှန်း၏ ပန်းကန်ထဲ
ထည့်ပေးလိုက်သည်။
“အမေ
ဒုတိယညီမက ကိုယ်ဝန်နဲ့မို့ သူပဲ စားပါစေ” အကြီးဆုံးမရီးက သူမလက်ကို ဝှေ့ယမ်းပြီး ငြင်းဆိုလိုက်သည်။
“ဒီတောကြက်က
ကျီအာ့ထောင် ရခဲ့တာ” ကျောက်လန်ဟွာသည် ခဏလောက်စဉ်းစားပြီး တိုးတိုးလေး ပြောလာခဲ့သည်၊
“သူက ဒီတောကြက်ကို နင့်ကို တောင်းပန်ဖို့အတွက်လို့ ပြောခဲ့တယ်။”
ကြက်ပေါင်ကို ကိုက်စားနေတဲ့
ဒုတိယမရီးရှန်းက ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ဆက်စားခဲ့သည်။
“အမေ”
အကြီးဆုံးမရီးရှန်းသည် သူမလက်ထဲက ပန်းကန်လုံးကို ချပြီး တိုးတိုးလေး မေးသည်၊ “အမေ သူ့ကို
ခွင့်လွှတ်နိုင်တယ်လား။”
“ငါ သူ့ကို
ခွင့်မလွှတ်ဘူး၊ ဒါပေမယ့် ငါ့စိတ်ထဲမှာ နည်းနည်းတော့ အဆင်မပြေသလို ခံစားရတယ်။” ကျောက်လန်ဟွာသည်လည်း
ကြက်စွပ်ပြုတ် တစ်ပန်းကန် ထည့်ထားပြီး တစ်လုတ်လောက် ငုံ့သောက်လိုက်သည်။ “မနေ့က အဲ့လိုမျိုး
မလုပ်ခဲ့ရင် အကောင်းသား၊ ပြီးတော့ နင့်တတိယမတ်ရဲ့ ခြေထောက်က အဆင်မပြေဘူး၊ သူ့အတွက်
ဇနီးမယားတစ်ယောက်ရဖို့ဆိုတာ အရမ်းခက်တယ်။”
“ဒီလိုတောကြက်တစ်ကောင်က
မင်းစိတ်ကို ယိမ်းယိုင်သွားစေတာလား” စားပွဲထိပ်တွင် ငြိမ်သက်စွာ ထိုင်နေတဲ့ ရှန်းတာ့ရှန်သည်
သူ့လက်ထဲက ယာဂုပန်းကန်ကို ဆောင့်ချပြီး ဒေါသတကြီးပြောလိုက်သည်။
“တောကြက်တစ်ကောင်ထက်
ပိုတယ်။ ရှင် ခုနက စားခဲ့တဲ့ တောဘဲဥတွေကလည်း ကျူတောထဲကနေ ကျီအာ့ထောင် ကောက်ရလာခဲ့တာ”
ကျောက်လန်ဟွာက သူ့ကို စွေကြည့်လိုက်သည်။
ရှန်းတာ့ရှန်တစ်ယောက်
ဆွံ့အသွားသည်။ ကံမကောင်းစွာဖြင့် သူသည် တောဘဲဥကို စားပြီးခဲ့ပြီဖြစ်သည်။
“မင်း
ဘာဖြစ်လို့ စောစောက မပြောခဲ့တာလဲ။”
“ရှင်မှ
မမေးတာ” ကျောက်လန်ဟွာက နှုတ်ခမ်းစူပြီး ပြောခဲ့သည်၊ “ကျွန်မတို့အိမ်မှာ ဘဲ မမွေးဘူးလေ၊
ဘယ်ကနေ ဘဲဥ ရနိုင်မှာလဲ။”
ရှန်းတာ့ရှန်းသည်
သူ့ပန်းကန်နှင့် တူတွေကို ဒေါသတကြီး ချလိုက်သည်။ သူက ပေါက်ပြားကို ကောက်ယူပြီး လယ်ကွင်းထဲ
အလုပ်ဆင်းဖို့ ပြင်ဆင်လိုက်သည်။
သူ ခြံဝင်းထဲ
ထွက်လာတော့ ထောင့်နားလေးမှာ ထိုင်နေတဲ့ ကျီအာ့ထောင်ကို တွေ့လိုက်ရသည်။
“အဖေ”
ကျီအာ့ထောင်က သူ့ကို အလျင်စလို လှမ်းအော်ခေါ်လိုက်သည်။
“ငါက
နင့်အဖေ မဟုတ်ဘူး” ရှန်းတာရှန်သည် ခပ်မာမာ မျက်နှာအမူအရာဖြင့် ပြောပြီး လှည့်ထွက်သွားခဲ့သည်။