Ch 9
Viewers 12k

အခန်း (၉) - မင်းရွာကို ဘာဖြစ်လို့ မပြန်တာလဲ

 

ကျီကျောက်သည် အင်္ကျီလက်ကို ဆွဲတင်ပြီး မြေကမ္ဘာဘုရားကျောင်းကို အရင်ဆုံး သန့်ရှင်းရေးလုပ်ဖို့ ပြင်ဆင်လိုက်သည်။

 

ကျီကျောက်သည် ကျောင်းနံရံမှာ မှီထားတဲ့ တံမြက်စည်းတစ်ချောင်းကို လှမ်းမြင်လိုက်ရတော့ အရမ်းစိတ်လှုပ်ရှားသွားခဲ့သည်။

 

အရင်ဆုံး တံမြက်စည်းကို အသုံးပြု၍ ဘုရားကျောင်း၏ ထောင့်တိုင်းရှိ ဖုန်မှုန့်များနှင့် ပင့်ကူမျှင်များကို သန့်စင်အောင် ရှင်းလင်းလိုက်သည်။ ထို့နောက် ရေတစ်ပုံး ခပ်ကာ ဘုရားကျောင်း တစ်ခုလုံးကို သန့်ရှင်းစင်ကြယ်သွားအောင် ဆေးကြောသုတ်သင်ခဲ့သည်။

 

တစ်နာရီခွဲကြာ အဆက်မပြတ် အလုပ်လုပ်ပြီးနောက် ကျီကျောက်သည် နောက်ဆုံးတော့ အနားယူခဲ့ရသည်။

 

“နောက်မှ ကောက်ရိုး နည်းနည်းလောက် ရှာလိုက်မယ်။ ဒါမှ ငါ ဒီည ဒီမှာအိပ်နိုင်လိမ့်မယ်” ကျီကျောက်သည် လက်ခုပ်တီးပြီး ပြုံးရယ်ကာ စကားဆိုလိုက်သည်။

 

ဂွီ ဂွီ

 

ရုတ်တရက် သူမ၏ ဝမ်းဗိုက်မှ အသံစုံမြည်လာခဲ့သည်။ ထိုအခါမှပင် ကျီကျောက်သည် မနေ့ညမှ ယခုအချိန်အထိ သူမသည် ကန်စွန်းဥနှစ်လုံးသာ စားရသေးကြောင်း သတိပြုမိလိုက်သည်။

 

ကျီကျောက်သည် သူမ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို မြေကမ္ဘာဘုရားကျောင်းထဲမှ ဆွဲထုတ်လာခဲ့သည်။

 

အ‌ရှေ့ဘက် နှစ်မိုင် သုံးမိုင်ခန့် လမ်းလျှောက်ပြီးနောက် သူမ၏ အကြည့်တွေကို မြစိမ်းရောင် အလင်းတန်းတစ်ခုက စွဲဆောင်သွားခဲ့သည်။

 

ချယ်ရီပင် ဖြစ်လေ၏။

 

ကျီကျောက်သည် ဝမ်းသာလွန်းလို့ ပန်းနုရောင် အသီးလေးကို အမြန်ခူးပြီး သူမပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ချယ်ရီသီးလေးက အရည်ရွှမ်းပြီး ချိုမြိန်လှသည်။

 

ကျီကျောက်သည် မဆိုင်းမတွပင် သူမ၏ စကတ်အစွန်းကို ဆုတ်ဖြဲကာ ရိုးရှင်းသော ထည့်စရာအိတ်တစ်ခု ပြုလုပ်လိုက်ပြီးနောက် သူမ ခူးဆွတ်ထားသော ချယ်ရီသီးအားလုံးကို အထည်အိတ်ထဲ ထည့်လိုက်သည်။

 

ချယ်ရီသီးစားရုံနဲ့ သူမ၏ အစာအိမ်ကို ဖြည့်တင်းဖို့ မလုံလောက်နိုင်ဘူး။ သူမ နောက်ထပ် အစာထပ်ရှာနိုင်မယ်ဆိုရင် ပိုကောင်းလိမ့်မယ်ဟု ကျီကျောက်က တွေးလိုက်မိသည်။

 

ကျီကျောက် ရှေ့သို့ ခြေနှစ်လှမ်းလောက်ပဲ လှမ်းရသေးသည်။ သူမ၏ မျက်ဝန်းထောင့်မှ လရောင်ဖျော့ဖျော့ကို အမှတ်မထင် ဖမ်းမိကာ ရှေ့သို့ ကမန်းကတန်း လျှောက်လာခဲ့သည်။

 

ကျီကျောက်သည် အနီးကပ်ကြည့်ပြီး အသံထွက် ရယ်မောမိလုနီးပါး ဖြစ်သွားခဲ့သည်။

 

ကျီကျောက်သည် တောကြက်ဥရိုင်း ငါးလုံးကို ဂရုတစိုက် ကောက်ယူလိုက်သည်။ ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး အနားယူဖို့ မြေကမ္ဘာဘုရားကျောင်းဆီသို့ ပြန်သွားရန် ပြင်ဆင်ခဲ့သည်။

 

ထိုအချိန်တွင် တောင်ပေါ်တွင် မျောက်ဥတူးနေသော ကျောက်လန်ဟွာသည် အဝေးမှ မက်မွန်ရောင် အသွင်သဏ္ဌာန်ကို လှမ်းမြင်လိုက်ရသဖြင့် စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်သည်။

 

အဲဒီပုံရိပ်က ကျီအာ့ထောင်ဖြစ်ပုံရသည်။

 

“လန်ဟွာ နင်ဘာဖြစ်နေတာလဲ။ နင် ဘာကြည့်နေတာလဲ” မျောက်ဥတူးနေသော အစ်မကွေ့ဟွားသည် သူမ ရပ်သွားကိုမြင်တော့ စပ်စုပြီး မေးမြန်းလိုက်သည်။

 

“ဟင့်အင်း၊ ဘာမှမဖြစ်ပါဘူး။”

 

“မြန်မြန်တူး၊ ငါတို့ ဒီနေ့ အရမ်းကံကောင်းတယ်။ နှစ်ရက်လောက် စားလို့ရနိုင်တဲ့ မျောက်ဥတွေ အများကြီး ရှာတွေ့တယ်” အစ်မကွေ့ဟွားက ဝမ်းသာအားရ ပြောသည်။

 

“ဟုတ်တယ်” ကျောက်လန်ဟွာက အသိစိတ်ပြန်ကပ်သွားပြီး မျောက်ဥတွေကို ဆက်လက်တူးဆွဖို့ မြေပြင်ပေါ် ပြန်ထိုင်ချသည်။

 

ကျီကျောက်သည် မြေကမ္ဘာဘုရားကျောင်းသို့ ပြန်လာပြီး ချယ်ရီသီး လက်တစ်ဆုပ်စာကို ဆွဲထုတ်ပြီး မြေကမ္ဘာဘုရားရုပ်ထုရှေ့တွင် ထားလိုက်သည်။

 

“ဒီနေ့ အရမ်းပင်ပန်းတယ်” ကျီကျောက်က တိုးတိုးလေး ရှင်းပြသည်၊ “အရင်ဆုံး ချယ်ရီသီး စားထားလိုက်ဦး၊ နောက်မှ ရှင့်အတွက် တောကြက်ဥပြုတ်ပေးမယ်။”

 

ပုလ္လင်ပေါ်ရှိ မြေကမ္ဘာဘုရားရုပ်ထုသည် ကြင်နာသော အသွင်အပြင်ရှိသည်။

 

ခဏလောက် အနားယူပြီးနောက် ကျီကျောက်သည် ရှိခိုးပြီး ဘုရားကျောင်းမှ ထွက်လာခဲ့သည်။

 

ချက်ပြုတ်ခြင်းအတွက် အဓိက လိုအပ်သည့်အရာမှာ မီးဖြစ်သည်။

 

ကျီကျောက်သည် အနီးနားတွင် သစ်ကိုင်းခြောက်အချို့ကို ရှာတွေ့ပြီး ရိုးရိုးရှင်းရှင်း ထုပ်ပိုးသယ်ဆောင်လာခဲ့သည်။

 

ကျီကျောက်သည် သူမမှာ မီးခတ်ကျောက် မရှိသောကြောင့် ရှေးအကျဆုံးနည်းလမ်းကိုသာ အသုံးချနိုင်ခဲ့သည်။

 

မီးမွှေးရန် ထင်းတုံးကြီးကို သစ်ကိုင်းလေးဖြင့် ပွတ်လှည့်ခဲ့သည်။

 

ကံမကောင်းစွာဖြင့် အကြိမ်ကြိမ် ကြိုးစားပြီးနောက် သူမ မအောင်မြင်ခဲ့ပါ။

 

ထိုအချိန်တွင် ကျီကျောက်တစ်ယောက် အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။

 

ကျီကျောက်သည် မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေသော တောကြက်ဥများကို ကြည့်ပြီး တံတွေးမျိုချလိုက်သည်။

 

“ထပ်ကြိုးစားကြည့်မယ်။ ငါ သေချာပေါက်လုပ်နိုင်တယ်။”

 

ဒီတစ်ကြိမ်တွင်လည်း မျှော်လင့်ထားသလို မအောင်မြင်ပြန်ဘူး။

 

“ငါ မင်းကို ကူညီပေးပါရစေ” ကျီကျောက်သည် သူမမေးစေ့ကို လက်နဲ့အုပ်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေချိန်မှာပဲ အပြာရင့်ရောင်ပုံရိပ်က သူမမြင်ကွင်းထဲ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

 

“ရှန်းယောင်လား။ ရှင် ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ။”

 

ရှန်းယောင်က သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အိတ်ကပ်ထဲမှ မီးခတ်ကျောက်ကို ထုတ်ကာ ဘုရားကျောင်းတံခါးရှေ့တွင် စုပုံထားသော ထင်းမီးဖိုကို အလွယ်တကူ မီးညှိလိုက်သည်။

 

“ကျေးဇူးအများကြီးတင်ပါတယ်” ကျီကျောက်သည် သူ့ကို နှလုံးသားထဲကနေ စိတ်ပါလက်ပါ ကျေးဇူးတင်မိသည်။ ထို့နောက် သူမသည် ထုပ်ပိုးထားတဲ့ ကြက်ဥတွေကို ထင်းမီးဖိုပေါ်ရှိ သံအိုးဟောင်းထဲသို့ ထည့်လိုက်သည်။

 

ရှန်းယောင်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး နောက်ဆုံးမှာတော့ ကျီကျောက်ကို ကြည့်လိုက်သည်၊ “မင်း ဘာဖြစ်လို့ ရှီလျို့ရွာကို မပြန်တာလဲ။”