အခန်း
(၃၄) ငါးစွပ်ပြုတ်
ကျီကျောက်သည်
ကျူတံနှစ်ချောင်းကို ချိုးယူကာ ငါးတွေကိုသီလိုက်သည်။ သူမသည် ငါးတွေကို
ရှန်းယောင်ထံ အပြုံးဖြင့် လွှဲပေးကာ “ရှင် ကျွန်မကို ငါးတွေ ကူသယ်ပေးပါလား” ဟု
ပြောလိုက်သည်။
“မင်း
ငါးဖမ်းနိုင်လိမ့်မယ်လို့ ကိုယ် မထင်ထားဘူး” ရှန်းယောင်က သူမ
အရမ်းလုပ်နိုင်စွမ်းရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ဘူး။
“ဟီးဟီး၊ ကျွန်မ
ဒီလောက် ကံကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး” ကျီကျောက်က ပျော်ရွှင်စွာ
ပြောလိုက်သည်၊ “ခဏနေကျရင် ကျွန်မတို့ အိမ်ကိုပဲ
ပြန်ကြရအောင်”
“ကောင်းပြီ”
ရှန်းယောင်က ဝမ်းသာအားရ သဘောတူလိုက်သည်။
ရှန်းမိသားစု
အိမ်ခြံဝင်းဆီသို့ သူတို့နှစ်ယောက်သား ဘေးချင်းကပ် ယှဉ်လျှောက်ကြသည်။ ကျီကျောက်သည်
ရှန်းယောင်တစ်ယောက် သူမ၏ ခြေလှမ်းကို အမှီလိုက်နိုင်စေရန် တမင် အရှိန်လျှော့ လမ်းလျှောက်ပေးခဲ့သည်။
အိမ်ခြံဝင်းထဲမှာ
အိပ်ယာခင်းလှန်းနေတဲ့ ကျောက်လန်ဟွာက ကျီကျောက်၏ အသံကိုကြားတော့ အံ့အားတသင့် မျက်ခုံးပင့်သွားခဲ့သည်။
“အာ့ထောင်လား။”
“အမေ ကျွန်မ ငါးတွေ
အများကြီး ဖမ်းမိခဲ့တယ်” ကျီကျောက်သည် ရှန်းယောင်၏ လက်ထဲမှ ငါးတွေကို ညွှန်ပြကာ
ဝမ်းသာအားရ ပြောခဲ့သည်၊ “အမေ ကျွန်မကို မီးဖိုချောင် ငှားပေးနိုင်မလား။ ကျွန်မ
ဒီငါးတွေကို ချက်ပြုတ်ချင်လို့”
“ကောင်းပြီ”
ကျောက်လန်ဟွာက သဘောတူလိုက်သည်။
တံမြက်စည်း
လှည်းနေတဲ့ ဒုတိယမရီးရှန်းတစ်ယောက် ငါးစားရမယ်လို့ ကြားသောအခါ ရုတ်ခြည်းဆိုသလို
အကြည့်တွေ တလက်လက် တောက်ပသွားခဲ့သည်။
မီးဖိုချောင်ထဲသို့ဝင်ပြီးနောက်
ကျီကျောက်သည် သူမ၏ ကျွမ်းကျင်မှုများကို စတင်ပြသခဲ့သည်။
ကျီကျောက်သည်
မီးဖိုချောင်သုံးဓားကို ကောက်ကိုင်ပြီး တဖျတ်ဖျတ် လူးနေဆဲဖြစ်သည့် ငါးတစ်ကောင်ကို စဉ့်နီတုံးပေါ်
ဆွဲယူပြီး ကိုင်တွယ်ခဲ့သည်။
ထို့နောက်
သူမသည် ငါးကိုဗိုက်ဖွင့်ကာ အတွင်းကလီစာများကို အမြန်ထုတ်ဖယ်ခဲ့သည်။
“အာ့ထောင် နင့်ရဲ့ ဓားကိုင်စွမ်းရည်က
ဒီလောက်ကောင်းနေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး” ကျောက်လန်ဟွာသည် ကျီကျောက်၏
ဓားကိုင်စွမ်းရည်အတွက် အရမ်း ချီးကျူးနေမိသည်။
“အမေ အိမ်မှာ
အသီးအရွက်ချဉ်ဖတ် ရှိလား” ကျီကျောက်သည် စကားခေါင်းစဉ်ကို တည်ငြိမ်စွာ
ပြောင်းလဲလိုက်သည်။
“ငါတို့အိမ်မှာ
ရှိတာပေါ့”
“အမေ ကျေးဇူးပြုပြီး
ကျွန်မကို အသီးအရွက်ချဉ်ဖတ် နည်းနည်းလောက် ယူပေးနိုင်မလား။ ကျွန်မ
အသီးအရွက်ချဉ်ဖတ်နဲ့ ငါးဟင်းတစ်ခွက်လောက် ချက်ချင်လို့ပါ။”
“ကောင်းပြီ”
ကျီကျောက်သည်
ပန်းကန်လုံးတစ်လုံးထဲတွင် လှီးဖြတ်ထားသော ငါးအသားပိုင်းများကို ထည့်ကာ ထိုအထဲသို့ ဟင်းချက်ဝိုင်၊
ဆားနှင့် ပြောင်းကော်ရည်တို့ကိုပါ ထည့်ပြီး အရသာသွင်းထားလိုက်သည်။ ထို့နောက်
သူမသည် ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ရေဆေးပြီး လှီးဖြတ်ထားခဲ့သည်။
ကျီကျောက်သည်
အသီးအရွက်ချဉ်ဖတ်တွေကို အထပ်ထပ် အခါခါ ဆေးကြောပြီး နောက်ဆုံးတွင် သင့်လျော်သော အနေအထားလောက်
လှီးဖြတ်ထားလိုက်သည်။
“အမေ အိမ်မှာ
တို့ဟူးရှိလား။”
“နင် တို့ဟူး
လိုချင်တာလား” ကျောက်လန်ဟွာက အပြင်က ဒုတိယမရီးရှန်းကို လှမ်းခေါ်လိုက်သည်။
“ဒုတိယချွေးမ အဘွားချွင်းဟွာတို့အိမ်ကိုသွားပြီး တို့ဟူးနှစ်ပိုင်းလောက်
သွားဝယ်ချေ”
“ဟုတ်ကဲ့”
ဒုတိယမရီးရှန်းက ပြန်ဖြေပြီး ငွေပြား နှစ်ပြားယူကာ ထွက်သွားခဲ့သည်။
ပါဝင်ပစ္စည်းအားလုံးကို
ပြင်ဆင်ပြီးသောအခါ ကျီကျောက်တစ်ယောက် စတင်ချက်ပြုတ်ခဲ့သည်။
ကျီကျောက်သည်
ဒယ်အိုးထဲ ဆီပူလာသောအခါ ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ကို
ထည့်ကာ အနံ့မွှေးလာသည်အထိ မွှေပေးလိုက်သည်။ ထို့နောက် သူမသည် အိုးထဲသို့ အသီးအရွက်ချဉ်ဖတ်တွေကိုထည့်ကာ
အဆက်မပြတ် မွှေကြော်လိုက်ပြီးနောက် ရေတစ်ခွက်လောင်းထည့်ပြီး တည်ထားလိုက်သည်။
နောက်ဆုံး ဟင်းရည် ဆူပွက်လာသောအခါတွင် ငါးအသားပိုင်းများ လောင်းထည့်လိုက်သည်။
ငါးအသားပိုင်းများ အနည်းငယ် ကျက်လောက်သည့်အချိန်တွင် ဆီပူ တစ်ဇွန်း
လောင်းထည့်လိုက်သည်။
ရှဲ…
ဒယ်အိုးထဲရှိ
အသီးအရွက်ချဉ်ဖတ်ငါးဟင်းမှ မွှေးရနံ့များ ကြွယ်ဝစွာ ထွက်ပေါ်လာခဲ့သည်။
အသီးအရွက်ချဉ်ဖတ်ငါးဟင်းအပြင်
ကျီကျောက်သည် မြစ်ငါးကြင်းတို့ဟူးစွပ်ပြုတ်ကိုလည်း ချက်ပြုတ်ထားပါသေးသည်။
“မြစ်ငါးကြင်းတို့ဟူးစွပ်ပြုတ်ကို
မုန်လာကြက်ဥကြော်တို့နဲ့ တွဲဖက်စားရင် အနံ့အရသာ ပိုမွှေးပြီး စားလို့ ပိုကောင်းတယ်”
ကျီကျောက်သည် ပွက်ပွက်ဆူနေသော ငါးစွပ်ပြုတ်အိုးထဲသို့ ကြက်သွန်နီ ထည့်ခတ်ရင်း
အပြုံးဖြင့် ရှင်းပြခဲ့သည်။
မွန်းတည့်အချိန်၌
ရှန်းမိသားစုသည် ပင်မခန်းတွင် ထိုင်ကာ နေ့လည်စာ စားသောက်ရန် ပြင်ဆင်ခဲ့သည်။
ကျီကျောက်သည်
မတ်တပ်ထရပ်ပြီး ဒုတိယမရီးရှန်းအတွက် ငါးစွပ်ပြုတ် တစ်ဇွန်းအပြည့်
ခပ်ထည့်ပေးလိုက်သည်၊ “ဒုတိယမရီး ငါးစွပ်ပြုတ် များများသောက်ပါ။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ငါးစွပ်ပြုတ် များများသောက်သင့်တယ်လို့ ကျွန်မ
ကြားဖူးတယ်။ ငါးစွပ်ပြုတ် များများသောက်ရင် ဥာဏ်ကောင်းတဲ့ ကလေးလေးတွေ
မွေးနိုင်လိမ့်မယ်တဲ့။”
“တကယ်လား”
ဒုတိယမရီးရှန်းသည် ငါးစွပ်ပြုတ်ပန်းကန်ကို တုံ့ဆိုင်းခြင်းမရှိ လှမ်းယူကာ
တစ်ကျိုက်တည်း စိတ်ကျေနပ်စွာ သောက်ချလိုက်သ်ည။
“ငါးစွပ်ပြုတ်က အနံ့အရမ်းကောင်းတယ်။
ငါးညှီနံ့ လုံးဝကို မရဘူး” ဒုတိယမရီးရှန်းက ငါးစားရတာကို မကြိုက်ဘူး။ ငါးစားရတာက
အရမ်းဒုက္ခများတယ်လို့ထင်ရပြီး ငါးအသားက အမြဲတမ်းလိုလို ငါးညှီနံ့ရသည်။ သို့ရာတွင်
ကျီကျောက် ချက်ပြုတ်ထားတဲ့ ငါးစွပ်ပြုတ်က အရမ်းအရသာရှိနေလိမ့်မယ်လို့ သူမ
မထင်ထားခဲ့ဘူး။
ကျီကျောက်သည်
ပြုံးပြီး တခြားငါးစွပ်ပြုတ်ပန်းကန်ကို ကျောက်လန်ဟွာအား ကမ်းပေးလိုက်သည်၊ “အမေ၊ အမေလည်း
ပူတုန်းလေး သောက်ကြည့်လိုက်ပါဦး။”
ရှန်းယောင်သည်
သူ့ရှေ့ရှိ ပန်းကန်လုံးအလွတ်ကို ငုံ့ကြည့်ကာ သူ့ရင်ထဲတွင် မျှော်လင့်ချက်
အလင်းရောင်လေး အရိပ်အမြွက်မျှ ထွက်ပေါ်လာခဲ့သည်။