အခန်း (၃၈) - တကယ်မသင့်တော်ဘူး
“ရှင်ပြောမှ ကျွန်မ
စကားတစ်ခွန်းကို ပြန်သတိရမိတယ်” ကျီကျောက်က ရုတ်တရက် မျက်ခုံးပင့်ပြီး
တောက်ပသောအပြုံးဖြင့် ပြောလိုက်သည်။
“ကြားပါရစေဦး”
“သံတစ်တုံးကို
အပ်တစ်ချောင်းဖြစ်အောင် သွေးဖို့က ခက်ခဲတယ်” ကျီကျောက်၏ အကြည့်တွေက အမှတ်မထင်
သူ့ဆီကျရောက်လာပြီး နောက်တော့ အဝေးကို ရှက်ကိုးရှက်ကန်း အကြည့်လွှဲသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် သူမ
တကယ်အထင်မှားနေပုံရသည်-
“မင်းမျက်နှာက ဘာဖြစ်လို့ ရုတ်တရက်
အရမ်းနီရဲလာတာလဲ” ရှန်းယောင်က သူမ၏ အနည်းငယ် နီရဲနေသည့် ပါးပြင်တွေကို အမှတ်မထင်
မြင်တွေ့လိုက်ရတော့ မျက်မှောင်ကြုတ်ပြီး မေးခွန်းထုတ်လာခဲ့သည်၊ “မင်းမှာ
အဖျားရှိနေတာလား”
ဒီအတောအတွင်း ကျီကျောက်သည်
လူအိုကြီးကျီ၏ ဈာပနပွဲတွင် စီမံခန့်ခွဲနေရသဖြင့် ကိုယ်အလေးချိန်များစွာ
လျော့ကျသွားခဲ့သည်။
အခုချိန်မှာ လေပြင်းတိုက်ရင်
ကျီကျောက်တစ်ယောက် လွင့်ထွက်သွားလိမ့်မယ်လို့ ရှန်းယောင် ခံစားမိသည်။
“မရှိပါဘူး…” ကျီကျောက်က
စကားခေါင်းစဉ်ကို အလျင်စလို ပြောင်းလိုက်သည်။ “အမေရော ရှင်နဲ့ အတူ လိုက်မလာဘူးလား”
“အမေက
မင်းတို့မောင်နှမနှစ်ယောက်အတွက် ကိုယ့်ကို ထမင်းလာပို့ခိုင်းတာလေ” ရှန်းယောင်က
အနီးအနားရှိ အစားအသောက်ပုံးကို ညွှန်ပြပြီး တိုးတိုးလေး ပြောလိုက်သည်၊ “ဒါ့အပြင်
အမေက ခဏနေကျရင် လာခဲ့ဖို့ ပြောလိုက်တယ်”
“ကောင်းပါပြီ”
ကျီကျောက်သည်လည်း အနည်းငယ်
ပင်ပန်းနေတာကြောင့် အစားအသောက်ပုံးကိုဖွင့်ပြီး အတွင်းမှာရှိတဲ့ စားစရာအားလုံး
ထုတ်ယူလိုက်သည်။
ဟင်းပွဲများမှာ အသားများများ
ပါဝင်သည့် ဝက်သားငရုတ်သီးကြော်နှင့် သပွတ်သီးကြက်ဥစွပ်ပြုတ်တွင်လည်း ကြက်ဥများများ
ပါရှိပေသည်။
ကျီကျောက်သည် သူမ၏ မျက်ဝန်းထဲက
ခံစားချက်တွေကို ဖုံးကွယ်ဖို့ မျက်လွှာချပြီး အစာစားဖို့ ခေါင်းငုံ့လိုက်သည်။
ထိုအချိန်တွင် ရှန်းယောင်သည်လည်း
ကျီချန်ကို ထမင်းကျွေးနေတာ ပြီးလုနီးပါးဖြစ်နေပြီ။
“ရှန်းယောင် ကျေးဇူးပါ” ကျီကျောက်က
သူ့မျက်ဝန်းတွေကိုကြည့်ပြီး တောက်ပစွာ ပြုံးပြလိုက်သည်၊ “ကျွန်မမောင်လေး…”
“ကိုယ် သိပါတယ်” ရှန်းယောင်က
အပြုံးဖြင့် သူမ၏ စကားကို ကြားဖြတ်လိုက်သည်၊ “ကျီချန့်ကို ဂရုစိုက်ဖို့
တစ်ယောက်ယောက် လိုတယ်”
“ကျေးဇူးအများကြီးတင်ပါတယ်ရှင်”
နေဝင်ရီတရောအချိန်လောက်တွင်
ကျီကျောက်သည် လက်တစ်ဖက်က အစားအသောက်ပုံးကိုကိုင် နောက်တစ်ဖက်က ကျီချန်ကို
လက်ဆွဲပြီး ရှန်းမိသားစုခြံဝင်းဆီ ရောက်လာခဲ့သည်။
“အမေ”
“နင် ရောက်လာတာလား” ခြံဝင်းထဲတွင်
ထိုင်ကာ ယပ်ခတ်နေသော ကျောက်လန်ဟွာသည် ရင်းနှီးသောအသံကိုကြားသောအခါ
မောင်နှမနှစ်ယောက်ကို အပြုံးဖြင့် ကြိုဆိုနှုတ်ဆက်လိုက်သည်။
ရှန်းမိသားစု ပင်မအခန်း။
ကျီချန်သည် ကျီကျောက်၏
အင်္ကျီလက်ကိုဆုပ်ကိုင်ပြီး လွှတ်ပေးဖို့ ငြင်းဆိုနေခဲ့သည်။
ကျောက်လန်ဟွာက သူ့ကို
သကြားလုံးပေးတာတောင်မှ သူက လက်မလွှတ်ခဲ့ဘူး။
ဒီအခြေအနေကိုမြင်တော့
ကျောက်လန်ဟွာက တိတ်တဆိတ် သက်ပြင်းချပြီး ကျီကျောက်၏ မျက်နှာကို ကြည့်လိုက်သည်။
“အာ့ထောင်၊ နင် အနာဂတ်အတွက် ဘာအစီအစဉ်ရှိလဲ။ ကျီမိသားစုရဲ့ အိမ်ကို နင့်အဖွားက
ရောင်းချလိုက်ပြီလို့ငါကြားတယ်။”
“ဟုတ်ပါတယ်” ကျီကျောက်က ရိုးသားစွာ
ခေါင်းညိတ်လိုက်သည်။ “အဖွားက နောက်အိမ်ထောင်ပြုချင်တယ်၊ ဒါကြောင့် ကျီမိသားစုရဲ့
အိမ်နဲ့ ပိုင်ဆိုင်မှုတွေ ရောင်းချချင်နေခဲ့တယ်။ သူမက ကျီချန့်ကို ကျီမိသားစုရဲ့
ပိုင်ဆိုင်မှုတစ်ဝက်ကို ပေးဖို့ ဆန္ဒရှိခဲ့တယ်။”
ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး
လေးထောင့်စားပွဲပေါ်သို့ ငွေချောင်းအားလုံးကို တင်လိုက်သည်။
ကျောက်လန်ဟွာက စိတ်ရှုပ်ထွေးစွာ
မျက်မှောင်ကြုတ်သွားခဲ့သည်။ “နင် ဘာလုပ်နေတာလဲ”
“အမေ ကျွန်မ ရှန်းမိသားစုဆီ
ပိုက်ဆံအကြွေးတင်နေသေးတာကို ကျွန်မ သိပါတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်မ
သေချာပေါက် အကြွေးပြန်ဆပ်ဖို့ ပိုက်ဆံရှာပါ့မယ်… ဒီငွေတွေက ချန်ချန်ရဲ့
ပိုင်ဆိုင်မှုတွေပဲ။ အမေ ကျွန်မကို စောင်တစ်ထည်နဲ့ ချန်ချန့်အတွက်
အဝတ်နှစ်စုံလောက် ပြင်ဆင်ပေးလို့ရမလား။”
“အခု ရာသီဥတုက ပိုပူလာပြီဆိုပေမယ့်
မြေကမ္ဘာဘုရားကျောင်းမှာ ညဘက် နည်းနည်းအေးနေသေးတယ်။ ချန်ချန်က ငယ်ငယ်လေးကတည်းက
ကျန်းမာရေးမကောင်းတဲ့အတွက် အမေ ကျွန်မ စောင်အချို့လောက် ကူရှာပေးနိုင်မလား”
“အာ့ထောင် နင် နင့်မောင်လေးကို
မြေကမ္ဘာဘုရားကျောင်းမှာပဲ တစ်သက်လုံး နေထိုင်ခိုင်းဖို့ စီစဉ်နေတာလား”
ကျောက်လန်ဟွာ ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး ရိုးရိုးသားသား အကြံပေးသည်။ “အမေ
ဒီငွေချောင်းတွေကို အရင်လက်ခံလိုက်မယ်၊ ဒါပေမယ့် အမေ့မှာ တခြားအကြံဥာဏ်ရှိယ်။ နင်
အရင်နားထောင်ကြည့်ဦး။”
“ဟုတ်ကဲ့”
“ခရိုင်မြို့မှာ နင့်အစ်ကိုကြီးနဲ့
အကြီးဆုံးမရီးတို့က အစာသွပ်မုန့်ဆိုင် ဖွင့်ထားတယ်ဆိုတာ နင်လည်း သိတာပဲ။ သူတို့က
တစ်နှစ်လုံးနေမှ အိမ်မှာ ခဏတဖြုတ်လောက်ပဲ နေနိုင်တာဆိုတော့ အမြဲလိုလို သူတို့ရဲ့
အခန်းက လစ်လပ်နေတယ်။ အမေက ဒီပိုက်ဆံတွေကို အိမ်ခန်းငှားခလို့ သတ်မှတ်လိုက်မယ်။
နင်တို့မောင်နှမက ရှန်းမိသားစုမှာ လာနေလိုက်ချေ။”
“ဒါက… ဒါက မသင့်တော်ဘူး၊ မဟုတ်လား”
ကျီကျောက်က အလျင်စလို လက်ဝှေ့ယမ်းပြီး ငြင်းပယ်လိုက်သည်။
“ဒါက
တကယ်မသင့်တော်ဘူး” ပင်မခန်းဆီသို့ လမ်းလျှောက်လာသော ရှန်းယောင်သည်လည်း ဒါကိုကြားတော့
သူ့မိခင်၏ အကြံပြုချက်ကို ရုတ်ခြည်းဆိုသလို ကန့်ကွက်လာခဲ့သည်။