Ch 39
Viewers 12k

အခန်း (၃၉) - မင်း စာပေလေ့လာဖူးတာလား

 

ရှန်းယောင်သည် မျက်မှောင်ကြုတ်ကာ မှင်ကဲ့သို့ မည်းမှောင်နေသော မျက်နှာအမူအရာဖြင့် သူတို့ သုံးယောက်ဆီသို့ လျှောက်လာခဲ့သည်။

 

“စန်းလန် ဒါကို ဆုံးဖြတ်ပြီးပြီ” ကျောက်လန်ဟွာသည် ယခုထိ ဉာဏ်အလင်းမဝင်သေးသော သားဖြစ်သူကိုကြည့်ပြီး‌ စားပွဲခုံကို ဒေါသတကြီး ပုတ်ကာ အော်ဟစ်လိုက်သည်။

 

ကျီကျောက်သည် မျက်နှာထား တင်းမာနေသော ရှန်းယောင်၏ မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမသည် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်နိုင်ပြီး ကျောက်လန်ဟွာကို နားချပြောဆိုခဲ့သည်။ “အမေ စိတ်မဆိုးပါနဲ့။ တကယ်တော့ မြေကမ္ဘာဘုရားကျောင်းကလည်း တော်တော်လေး ကောင်းပါတယ်။ ရှန်းမိသားစုနဲ့လည်း နီးတယ်…”

 

“ယောကျာ်းလေးနဲ့ မိန်းကလေးတွေက ခုနစ်နှစ်အရွယ်ရောက်ပြီဆိုကတည်းက အတူမနေထိုင်သင့်တော့ဘူး။ ပြီးတော့ မင်းမောင်လေးက ခြောက်နှစ်တောင်ရှိနေပြီ” မျက်နှာအမူအရာကင်းမဲ့နေသော ရှန်းယောင်က ရုတ်ခြည်းဆိုသလို တီးတိုးသံဖြင့် သူမ၏ စကားကို ကြားဖြတ်ပြောဆိုလာခဲ့သည်။ “မင်းရဲ့ ကိုယ်ပိုင်အနာဂတ်အတွက် မင်း မင်းမောင်လေးနဲ့ တစ်ခန်းတည်း အတူမနေထိုင်သင့်ဘူး။”

 

“ဟင်…”

 

ကျီကျောက်တစ်ယောက် လုံးဝ စိတ်ရှုပ်ထွေးသွားခဲ့သည်။

 

“ဒါ့ကြောင့် ငါ့ရဲ့ အကြံပြုချက်ကတော့ မင်း ငါ့အခန်းထဲမှာနေပြီး မင်းမောင်လေးနဲ့ ငါက အကြီးဆုံးအစ်ကိုတို့ရဲ့ အခန်းမှာ နေထိုင်ဖို့ပဲ။ နောင်မှာ မင်း နေထိုင်ဖို့ သင့်တော်တဲ့ နေရာရှိရင် ငါတို့ ဆွေးနွေးလို့ရတယ်။”

 

“ရှင်… ကျွန်မကို မမုန်းတော့ဘူးလား။”

 

“မင်းချက်တဲ့ငါးဟင်းက အရသာရှိတယ်” ရှန်းယောင်က သူမကို အေးဆေးတည်ငြိမ်စွာကြည့်ပြီး ပင်မခန်းထဲမှ လှည့်ထွက်သွားခဲ့သည်။

 

“ဒါက အဆင်ပြေမယ်လို့ထင်တယ်။ ဒါဆို ဒီအတိုင်း ဆုံးဖြတ်လိုက်ရအောင်” ကျောက်လန်ဟွာက ချက်ချင်းဆိုသလို ပိုက်ဆံကောက်သိမ်းပြီး ပြုံးရယ်လိုက်သည်။ “အာ့ထောင်၊ မီးဖိုချောင်ထဲ လိုက်လာခဲ့”

 

တစ်နာရီကြာပြီးနောက်…

 

ရှန်းမိသားစု ပင်မအခန်း။

 

ကျီအာ့ထောင်တို့ မောင်နှမနှစ်ယောက် ရှန်းမိသားစုတွင် နေထိုင်မည်ကို မူလက အနည်းငယ် မကျေမနပ်ဖြစ်နေသော ရှန်းတာ့ရှန်သည် ကျီကျောက်ကိုယ်တိုင် ပြုလုပ်ထားသော သူဖုန်းစားကြက်ကင်ကို မြည်းစမ်းပြီးနောက် သူ့ မကျေနပ်ချက်တွေကို မျိုချုလိုက်သည်။

 

ထိုညတွင် ကျီကျောက်သည် ရှန်းယောင်၏ ပျော့ပျောင်းပြီး သက်တောင့်သက်သာရှိသော အိပ်ရာပေါ်တွင် လဲလျောင်းရင်း သူမ အိပ်ပျော်ဖို့ ခက်ခဲလိမ့်မည်ဟု တွေးခဲ့မိသည်။

 

မမျှော်လင့်ထားစွာဖြင့် သူမသည် သက်တောင့်သက်သာ အိပ်ပျော်သွားခဲ့သည်။

 

ဤသည်မှာ သူမ စာအုပ်ထဲသို့ ကူးပြောင်းလာပြီးကတည်းက သူမ ရရှိဖူးသမျှ အအေးချမ်းဆုံး အိပ်စက်အနားယူခြင်းပင်။

 

“မနေ့ညက စန်းလန်ကို မြေကမ္ဘာဘုရားကျောင်းက နင်တို့ အထုပ်အပိုးတွေကို သွားယူခိုင်းထားတယ်” ကျောက်လန်ဟွာက အာ့ထောင်ရဲ့ ဆံပင်တွေကို ဖြီးပေးရင်း အပြုံးလေးဖြင့် ရှင်းပြခဲ့သည်၊ “နင် မနေ့က ဝတ်ထားတဲ့ အစိမ်းရောင်စကတ်က ကြက်သွေးတွေ အများကြီး စွန်းထင်းနေတော့ ရေအေးနဲ့ ခဏစိမ်ထားဖို့ လိုတယ်။”

 

“ကျေးဇူးပါ အမေ”

 

ကျီကျောက်က ကျေးဇူးတင်စွာ ပြုံးလိုက်သည်။

 

ကျီကျောက်သည် ရုတ်တရက် ငွေရှာနည်းတစ်ခုကို တွေးမိပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။ “အမေ ဒီနေ့ ခရိုင်မြို့ကို သွားရအောင်။ ကျွန်မတို့ အကြီးဆုံးအစ်ကိုတို့ဆိုင်ကိုလည်း ဝင်ကြမယ်လေ။”

 

“ကောင်းပြီ”

 

ကျီကျောက်တစ်ယောက် ထွက်သွားခါနီးတွင် ရှန်းယောင်သည် မြေကြီးပေါ်မှ ငုတ်တုတ်ထိုင်ပြီး ရေးလိုက် ဆွဲလိုက်လုပ်နေသည်ကို တွေ့လိုက်ရသည်။

 

ကျီကျောက်သည် အမြန်လျှောက်သွားပြီး “ရှင် ဘာလုပ်နေတာလဲ” ဟု မေးလိုက်သည်။

 

“ကိုယ် သဲစားပွဲလုပ်နေတာ” ရှန်းယောင်က ပြုံးပြီး ဆက်ပြောလိုက်သည်။ “ကိုယ် ကျီချန်ကို စာရေးတတ်အောင် သင်ပေးဖို့ စီစဉ်ထားတယ်။”

 

“တကယ်လား” ကျီကျောက်၏ မျက်ဝန်းတွေက ချက်ချင်းဆိုသလို တလက်လက် တောက်ပလာခဲ့သည်။

 

ကျီချန်သည် အနာဂတ် ဝန်ကြီးချုပ်၏ ပထမဆုံးတပည့်တစ်ဦးဖြစ်လာပါက နောင်တွင် သူ့ကို မည်သူမျှ အနိုင်ကျင့်ဝံ့မည်မဟုတ်ပေ။

 

ကျီကျောက်၏ မျက်နှာပေါ်ရှိ အလွန်အံ့အားသင့်နေသော မျက်နှာအမူအရာသည် ရှန်းယောင်ကိုပင် အံ့အားသင့်သွားစေခဲ့သည်။

 

“မင်း ဘာဖြစ်လို့ ဒီလောက်ပျော်သွားရတာလဲ။”

 

“ရှေးတုန်းက စာအုပ်တွေမှာ ရွှေရောင်အခန်းတွေနဲ့ အဆင်းလှတဲ့ ကျောက်စိမ်းတွေ ရှိတယ်လို့ ဆိုကြတယ်လေ။ ရှင်က ချန်ချန့်ကို စာရေးစာဖတ်နည်း သင်ပေးဖို့ ဆန္ဒရှိတယ်ဆိုတော့ ကျွန်မ အရမ်းပျော်တယ်” ကျီကျောက်သည် ရှန်းယောင်ကို စိတ်ရောကိုယ်ပါ ကျေးဇူးတင်မိသည်၊ “ကျွန်မ မနက်ဖြန်ကျရင် ငါးသွားမျှားပြီး ငါးဟင်း အများကြီး ချက်ပေးမယ်။”

 

“မင်းရော စာပေလေ့လာဖူးလား” ရှန်းယောင်သည် ကျီကျောက်တစ်ယောက် ကျမ်းစာအုပ်တွေကို ပေါ့ပေါ့ပါးပါး ကိုးကားပြောဆိုနိုင်တာကို ကြားရတော့ အလွန်အံ့အားသင့်သွားခဲ့သည်။

 

အိုး… မဟုတ်ဘူး။

 

ကျီကျောက်သည် မသိစိတ်အရ သူမ၏ ပါးစပ်ကို အုပ်လိုက်မိသည်။

 

အလွန်အကျွံ ပြောဆိုမိခြင်းက အမှားတွေဆီကို ဦးတည်သွားစေမိသည်။

 

“အာ့ထောင် အဲ့မှာ အချိန်ဖြုန်းမနေနဲ့။ သွားကြရအောင်”

 

“ဟုတ် အမေ၊ လာပါပြီ” ကျီကျောက်က အလျင်စလို ပြန်ဖြေပြီး အိမ်ခြံဝင်းမှ အပြေးထွက်လာခဲ့သည်။

 

ရှန်းယောင်သည် အနည်းငယ် မျက်ခုံးပင့်ပြီး သူ့မျက်ဝန်းနက်ထဲတွင် ခန့်မှန်း၍ မစွမ်းသော ခံစားချက် အနည်းငယ် ရှိပေသည်။

 

ရှန်းယောင်သည် ရှီလျို့ရွာတွင် လူအိုကြီးကျီ၏ ဈာပနအား ကူညီလုပ်ကိုင်ပေးနေချိန်တွင် ကျီအာ့ထောင်အကြောင်း များစွာ ကြားသိခဲ့ရသည်။

 

ကျီအာ့ထောင်သည် တောင်စောင်းပေါ်မှ လှိမ့်ကျပြီးကတည်းက အတော်လေး ပြောင်းလဲသွားခဲ့သည်။