အခန်း (၄၃) ကောင်းသောညပါ
နောက်ဆုံးတော့ ကျောက်လန်ဟွာ၏
ပြင်းထန်သော တောင်းဆိုချက်အရ ရှန်းတာ့လန်သည် ကျီကျောက်အား ငွေ နှစ်ချောင်း
ပေးခဲ့သည်။
သူမ မငြင်းနိုင်တာကိုမြင်တော့
ကျီကျောက်သည် လက်ခံဖို့ကလွဲလို့ အခြားရွေးချယ်စရာမရှိဘူး။
အိမ်အပြန်လမ်းတွင် ကျီကျောက်သည်
မျက်လွှာချထားပြီး စကားမပြောဘဲ ငွေရှာရန် နောင်အနာဂတ်တွင် သူမ ဘာလုပ်သင့်လဲဟု
တွေးနေမိသည်။
“အမေ ဘာဖြစ်လို့လဲ”
ကျောက်လန်ဟွာ ရုတ်တရက်
ရပ်လိုက်တာကြောင့် သူမ၏ နောက်ကျောနှင့် ကျီကျောက် တိုက်မိလုနီးပါး
ဖြစ်သွားခဲ့ရသည်။
“အာ့ထောင်၊ နင် တကယ်ပဲ ကျီအာ့ထောင်
ဟုတ်ရဲ့လား။”
ကျောက်လန်ဟွာ၏ သံသယအကြည့်များကို
ရင်ဆိုင်လိုက်ရသောအခါ ကျီကျောက်တစ်ယောက် နှလုံးခုန်နှုန်း အနည်းငယ်
မြန်ဆန်သွားခဲ့သည်။
ကျီကျောက်သည် သူမ၏ အင်္ကျီလက်ထဲမှာ
ဝှက်ထားတဲ့ လက်တွေကို စိတ်လှုပ်ရှားစွာ တင်းတင်းဆုပ်လိုက်မိပေမယ့် သူမ၏
မျက်နှာပေါ်က အမူအရာတွေက တည်ငြိမ်နေဆဲ ဖြစ်သည်။ “အမေ ကျွန်မက သေချာပေါက်
ကျီအာ့ထောင်ပေါ့။ ကျွန်မက ကျီအာ့ထောင် မဟုတ်ဘူးဆိုရင် ဘယ်သူဖြစ်နိုင်မလဲ။”
“လိမ္မာတဲ့ ကလေးလေး၊ နင်က
တကယ်သနားဖို့ကောင်းတာပဲ” ကျောက်လန်ဟွာ၏ မျက်လုံးများမှ ခံစားချက်များ တဖြည်းဖြည်း
ပြောင်းလဲလာကာ ကျီကျောက်၏ ခေါင်းလေးကို ပွတ်သပ်ပြီး တိုးတိုးလေး နှစ်သိမ့်ပေးသည်။
“နင် ဟင်းချက်တတ်ရုံသာမက မုန့်အချိုတွေလည်း လုပ်တတ်လိမ့်မယ်လို့ အမေ မထင်ထားဘူး။
ဒါပေမယ့် အရင်က ရှီလျို့ရွာကနေ ဘာဖြစ်လို့ ဒီလိုစကားမျိုးတွေ ထွက်လာရတာလဲ။”
“ဘာစကားတွေလဲ။”
“အားလုံး အတိတ်မှာ ကျန်ခဲ့ပါပြီ။
ကိစ္စမရှိတော့ဘူး။”
ကျီကျောက်သည်
ရှန်းကျီအစာသွပ်မုန့်ဆိုင်ကို ချင်မိသားစုနှင့် ရေရှည်စီးပွားရေးစာချုပ်
ချုပ်ဆိုရန် ကူညီပေးခဲ့ပြီး ရှန်းမိသားစုကို တုန်လှုပ်သွားစေခဲ့သည်။
အထူးသဖြင့် ရှန်းယောင်ကိုပေါ့။
ညစာစားချိန်မှာ သူ့စကားတွေ
အပြုအမူတွေကို အလေးအနက်ထားတတ်သည့် ရှန်းတာရှန့်ပင် ကျီကျောက်ရဲ့ ပန်းကန်ထဲကို
နံရိုးတစ်ချောင်း ထည့်ပေးခဲ့သည်။
မျက်နှာသာအပေးခံရသော ကျီကျောက်သည်
ချိုမြိန်စွာ ပြုံးပြီး “ကျေးဇူးပါ အဖေ” ဟု ဆိုလာခဲ့သည်။
“အင်း” ရှန်းတာရှန်က ခပ်တည်တည်နဲ့
ခေါင်းညိတ်လိုက်ပေမယ့် သူ့မျက်ဝန်းတွေကတော့ အရင်ရက်တွေကထက် အနည်းငယ်
ပျော့ပျောင်းသွားခဲ့သည်။
လခြမ်းတစ်စင်းသည် သစ်ပင်ဖျားတွေ
အပေါ်တွင် တိတ်တဆိတ် ထွန်းလင်းနေပြီး မှိုင်းညို့နေသော လရောင်သည် ကမ္ဘာမြေကြီးကို
ညင်သာစွာ အလင်းပေးနေခဲ့သည်။
ကျီကျောက်သည် ပြတင်းပေါက်တွင်
လက်ထောက်ပြီး အဝေးမှ ကြယ်စင်များကို ငေးမောကြည့်နေခဲ့သည်။
သူမသည် မျက်ဝန်းတွေကို
မှေးမှိတ်ထားပြီး သူမ၏ မျက်နှာပေါ်တွင် တိုက်ခတ်လာသည့် လေနုအေးများ၏ အရသာကို
ခံစားနေသည်။
“အရမ်းနောက်ကျနေပြီ။ မင်း
ဘာဖြစ်လို့ မအိပ်သေးတာလဲ” ရှန်းယောင်သည် ပြတင်းပေါက်အနားသို့ ရုတ်တရက်
ချဉ်းကပ်လာပြီး သူမ၏ နူးညံ့သိမ်မွေ့သော ဘေးဖက်ပုံရိပ်လေးကို ကြည့်ကာ တိုးတိုးလေး
မေးလိုက်သည်။
“ကျွန်မ အိပ်တော့မှာပါ”
ကျီကျောက်သည် အသိပြန်ဝင်လာပြီး သူ့ကို ပြုံးပြလိုက်သည်။
ထိုအချိန်တွင် ရှန်းယောင်တစ်ယောက်
ရုတ်တရက် မိန်းမောတွေဝေသွားခဲ့သည်။
“ကောင်းသောညပါ။”
ရှန်းယောင်တစ်ယောက်
စကားပြန်မပြောမီ ပြတင်းတံခါးသည် ပိတ်သွားခဲ့ပြီဖြစ်သည်။
အပြုံးချိုချိုလေးသည်လည်း
ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။
နောက်တစ်နေ့မနက်မှာတော့
ကျီကျောက်သည် အိပ်ရာစောစောထခဲ့သည်။
ကျီကျောက်သည်
မြေကမ္ဘာဘုရားကျောင်းသို့ အရင်ဆုံး သွားကာ ဘုရားကျောင်း ဂရုတစိုက်
သန့်စင်ဆေးကြောခဲ့သည်။ ထို့နောက် သူမသည် မနေ့က ရှန်းကျီအစာသွပ်မုန့်ဆိုင်ကနေ သူမ
ယူလာခဲ့သော အစာသွပ်မုန့်များကို ကန်တော့ပုလ္လင်ပေါ်သို့ တင်ပြီး
ဆက်ကပ်လှူဒါန်းလိုက်သည်။
“မြေကမ္ဘာဘုရား အရှင့်ရဲ့
ကိုးကွယ်ဆည်းကပ်သူ ကျွန်မ ကျီကျောက် အလည်ရောက်လာပါတယ်။”
ကျီကျောက်သည် မြေပြင်ပေါ်
ဒူးထောက်ပြီး သုံးကြိမ်တိုင်တိုင် ကန်တော့ပြီးနောက် အပြုံးဖြင့် စကားဆိုခဲ့သည်။
“ဒီအစာသွပ်မုန့်တွေကို တပည့်တော်ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ထားတာပါ။ မြေကမ္ဘာဘုရား
ကြိုက်နှစ်သက်မယ်လို့ တပည့်တော် မျှော်လင့်ပါတယ်။”
မြေကမ္ဘာဘုရားကျောင်းမှ
ထွက်ခွာလာပြီးနောက် ကျီကျောက်သည် မြစ်သို့ တဖန်သွားခဲ့သည်။
ဤကာလအတွင်း ကျီချန်းသည်
ရှန်းယောင်၏ ဂရုစိုက်မှုအောက်တွင် များစွာ ပြောင်းလဲသွားခဲ့သည်။
ကျီကျောက်သည် သူမ၏
ကျေးဇူးသိတတ်မှုကို ဖော်ပြရန်အတွက် မြစ်ထဲသို့ဆင်းကာ ငါးအနည်းငယ် ဖမ်းပြီး
ရှန်းယောင် အကြိုက်ဆုံးဟင်းလျာအချို့ကို ကိုယ်တိုင် ချက်ပြုတ်ပေးရန် စီစဉ်ခဲ့သည်။
မနက်အာရုဏ်တက်ချိန်တွင်
ရှန်းမိသားစု၏ မီးဖိုချောင်ထဲမှ ပြင်းပြတဲ့ သင်းရနံ့တစ်ခုက အိပ်ပျော်နေတဲ့သူတွေကို
နိုးထလာစေခဲ့ပြန်သည်။
“ဘာဖြစ်လို့ အစောကြီး ထနေတာလဲ”
ရှန်းယောင်က မီးဖိုချောင်ထဲကို အရင်ရောက်လာခဲ့သည်။ ကျီကျောက်၏ ပိန်ပိန်ပါးပါး
ပုံရိပ်လေးကို တစ်ချက်ကြည့်ပြီး တံခါးအပြင်ဘက်မှာ ရေတွေ ပြည့်နေတဲ့ ရေစည်တွေကို
ရုတ်တရက် တွေးမိတော့ မျက်မှောင်ကြုတ်မိသွားခဲ့သည်။ “နောင်အနာဂတ်မှာ ရေသယ်ရတာလို
လေးလံတဲ့ အလုပ်တွေကို မလုပ်နဲ့တော့။”
“ရပါတယ်။ ကျွန်မက အရမ်းသန်မာတယ်”
ကျီကျောက်သည် ပြုံးပြီး လှည့်ကြည့်လိုက်သည်။ “ကျွန်မ အခု ငါးဆန်ပြုတ် ချက်ထားတယ်။
ရှင် မြည်းကြည့်ချင်လား။”
သူမ၏ တောက်ပနေသော
မျက်နှာသေးသေးဖြင့် အကြည့်ခံလိုက်ရသဖြင့် ရှန်းယောင်သည် မသိစိတ်က မျက်ခုံးပင့်ကာ
ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
“အနံ့ အရမ်းမွှေးတာပဲ” ရှန်းယောင်က
သူမလက်ထဲမှ ဆန်ပြုတ်ပန်းကန်ကို မသိစိတ်ကနေ ယောင်တိယောင်တောင် လှမ်းယူလိုက်မိသည်။
“အရသာက
ပိုလို့တောင် ကောင်းသေးတယ်” ကျီကျောက်က ပြုံးပြီး “ဒါပေမယ့် ရှင် အပူလောင်မသွားဖို့
ဂရုစိုက်ဦး” ဟု ပြောလိုက်သည်။