အခန်း (၅၇) – တကယ်လို့
နင်ကြိုက်တယ်ဆိုရင် ဝယ်သာ ဝယ်လိုက်
ကျောက်လန်ဟွာက အပြုံးဖြင့်
ခေါင်းညိတ်သည်။ “ကောင်းပြီ၊ ငါ ဒီငွေလျန်းနှစ်ဆယ်ကို ခွဲဝေပေးမယ်။ နင် ဒါကို
အရင်နားထောင်ပြီး ဆုံးဖြတ်မလား။”
“သမီး အမေ့စကားကို နားထောင်မှာပါ။”
ကျီကျောက်က နာခံမှုရှိစွာ ပြုံးလိုက်သည်။
ကျောက်လန်ဟွာက ခဏလောက် စဉ်းစားပြီး
အပြုံးတစ်ပွင့်ဖြင့် ဘေးနားမှာ ရပ်နေတဲ့ အကြီးဆုံးမရီးရှန်းကို
တစ်ချက်ကြည့်လိုက်သည်၊ “အကြီးဆုံးချွေးမ နင် ဝက်ဗိုက်သား ဝယ်တာ ဘယ်လောက်ကျလဲ။”
“အမေ အခု အသားဈေးက တစ်ကတ်တီကို
ကြေးပြားနှစ်ဆယ်ပါ။ ဝက်ဗိုက်သားက ဆယ်ကတ်တီဆိုတော့ ကြေးပြားနှစ်ထောင်၊ စုစုပေါင်း
ငွေနှစ်လျန်း ကျသင့်ပါတယ်” အကြီးဆုံးမရီးရှန်းက ရိုးရိုးသားသား ပြန်ဖြေသည်။
“ခုနတုန်းက အာ့ထောင်က
နင်တို့မီးဖိုချောင်ကို ငှားပြီး ကြက်ဥ၊ ဂျုံမှုန့်၊ ဆီနဲ့ ထင်းတွေ သုံးခဲ့တယ်”
ကျောက်လန်ဟွာက ဂရုတစိုက် တွက်ချက်ခဲ့သည်၊ “ဒီလိုလုပ်ရအောင်။ အမေ နင့်ကို
ငွေဆယ်လျန်း ပေးမယ်။ ဒါတွေအားလုံးအတွက် နင် ငွေငါးလျန်းယူ၊ ကျန်တဲ့ ငွေငါးလျန်းကို
အာ့ထောင်အတွက် အကြွေလဲပေးချေ။”
“ငွေငါးလျန်းလား။ ကျွန်မ
ငွေငါးလျန်း မယူနိုင်ဘူး” အကြီးဆုံးမရီးရှန်းက အလျင်စလို လက်ခါပြီး ငြင်းပယ်သည်။
“ဒါ့အပြင် အာ့ထောင်က မိသားစုဝင်ပဲ။ အမေ ကျွန်မ ဒီငွေတွေကို လက်မခံနိုင်ဘူး။”
“အကြီးဆုံးမရီး အမေပြောတာကို
နားထောင်ပြီး လက်ခံလိုက်ပါ” ကျီကျောက်က အလျင်စလို အကြံပေးသည်။ “အကြီးဆုံးအစ်ကိုနဲ့
လက်ထောက်ဆိုင်ရှင်ယို့တို့ရဲ့ သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးကြောင့်သာ မဟုတ်ရင်
ဝက်သားကြွပ်ကြော်နဲ့ ငါးအကြွပ်ကြော်တို့ကို ဒီလောက် ဈေးကောင်းကောင်းနဲ့ ညီမတို့
ရောင်းချနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ အစ်မ ဒီငွေကို လက်မခံဘူးဆိုရင် ညီမ
စိတ်မချမ်းသာဘူး။”
ဒါကိုကြားတော့ ကျောက်လန်ဟွာက
စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။
အာ့ထောင်က တကယ့်ကို ထက်မြက်ပြီး
တော်တဲ့ ကလေးပဲ။
“အကြီးဆုံးချွေးမ ဒါကို
အရင်သိမ်းထားချေ” ကျောက်လန်ဟွာက ရှင်းပြချက်ကို နားထောင်ခြင်းအလျဉ်းမရှိဘဲ
အကြီးဆုံးမရီးရှန်းရဲ့ လက်ထဲ ငွေချောင်းကို ထည့်ပေးလိုက်သည်။ “လက်ကျန်
ငွေငါးလျန်းအတွက် အမေ့ကို ကြေးပြား ရနိုင်သလောက် လဲလှယ်ပေးပါ။”
“ဒါဆို… ဒါဆိုရင်လည်း
ကောင်းပါပြီ…”
အကြီးဆုံးမရီးရှန်းသည် တကယ်ကို
မငြင်းနိုင်တာမို့ ငွေချောင်းကို လက်ခံပြီး သိမ်းထားလိုက်ရသည်။
နေ့လည်စာ စားချိန်မှာ
အကြီးဆုံးမရီးရှန်းသည် ကြက်ကင်တစ်ကောင်ကို အထူးဝယ်ပြီး ကျီကျောက်၏ ပန်းကန်ထဲ
ကြက်ခြေထောက် တစ်ချောင်း ထည့်ပေးလိုက်သည်။
သူတို့သမီးယောင်းမတွေကြားက
စည်းလုံးညီညွတ်မှုကိုမြင်တော့ ကျောက်လန်ဟွာရဲ့ မျက်လုံးထဲ စိတ်သက်သာရာရမှုတွေ
ပြည့်လျှမ်းသွားခဲ့သည်။
“အာ့ထောင် နင်
ဟုန်ရှင်းစားသောက်ဆိုင်မှာ သားပြွမ်းဟင်းစာဖိုမှုးအဖြစ် အလုပ်လုပ်ချင်လား”
အကြီးဆုံးမရီးရှန်းက ကျီကျောက်ကို သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။
ကျီကျောက်က တစ်ခဏတာမျှ စဉ်းစားပြီး
ခေါင်းခါလိုက်သည်။
“စန်းလန်က အနာဂတ်မှာ သေချာပေါက်
စာပေကို ဆက်လေ့လာသွားလိမ့်မယ်။ တကယ်လို့ ညီမ စားသောက်ဆိုင်မှာ
သားပြွမ်းဟင်းစားဖိုမှုး သွားလုပ်မယ်ဆိုရင် နောင်အခါမှာ စန်းလန်အပေါ် ဆိုးရွားတဲ့
သက်ရောက်မှုရှိလာမှာကို စိုးရိမ်တယ်။”
သူမ၏ ခင်ပွန်းသည် အနာဂတ်
အမတ်ချုပ်ကြီး ဖြစ်သည်။
ထို့ကြောင့် သူမသည် ဘာကိုမှ
ပေါ့ပေါ့ဆဆ မလုပ်ဆောင်သင့်ပေ။
“ဒါတော့ အမှန်ပဲ”
အကြီးဆုံးမရီးရှန်းက ခေါင်းညိတ်သဘောတူသည်။ “ဒါပေမယ့် စားသောက်ဆိုင်က
သားပြွမ်းဟင်းစားဖိုမှုးရဲ့ လစာက ငွေခြောက်လျန်းနော်။ ဒီလို လစာမျိုးက
အကောင်းဆုံးထဲက တစ်ခုပဲ။”
“ညီမလည်း ဒါကို
စဉ်းစားထားပြီးသားပါ။ တခြားသူတွေအတွက် အလုပ်လုပ်ပေးမယ့်အစား ညီမရဲ့
ကိုယ်ပိုင်လုပ်ငန်းကို စလုပ်တာက ပိုကောင်းလိမ့်မယ်။” ကျီကျောက်က
ယုံကြည်မှုရှိတဲ့အပြုံးနဲ့ စကားဆိုလိုက်သည်၊ “အနာဂတ်မှာ ညီမ သေချာပေါက် ပိုက်ဆံတွေ
အများကြီး ရှာနိုင်လိမ့်မယ်။”
“အရင်တုန်းကဆိုရင် နင့်စကားတွေကို
ငါ သေချာပေါက် မထီမဲ့မြင်ပြုမိလိမ့်မယ်။ ဒါပေမယ့် ငါ နင့်ရဲ့ ဟင်းပွဲတွေကို
မြည်းစမ်းပြီးတဲ့နောက်မှာတော့ နင် အနာဂတ်မှာ သေချာပေါက် ချမ်းသာလိမ့်မယ်လို့
ငါထင်တယ်။”
အကြီးဆုံးမရီးရှန်းသည် သူအ၏
ဟင်းချက်လက်ရာအပေါ် အမြဲယုံကြည်မှုရှိခဲ့သည်။
ကျီကျောက် ချက်ပြုတ်ာထားတဲ့
ဟင်းပွဲတွေကို မြည်းစမ်းပြီးတဲ့နောက်မှာတော့ ကျီကျောက်ကို လုံးဝ
အထင်ကြီးသွားခဲ့သည်။
ထိုအခါမှပင် သူမသည် တောင်
တစ်တောင်ထက် ပိုသာလွန်တဲ့ တောင်များ ရှိတယ် ဆိုတဲ့ စကားကို နားလည်သွားခဲ့သည်။
အစာသွပ်မုန့်ဆိုင်တွင်
ညစာစားပြီးနောက် ကျောက်လန်ဟွာသည် ကျီကျောက်ကို အထည်ဆိုင်သို့ တည့်တည့်မတ်မတ်
ခေါ်ဆောင်သွားခဲ့သည်။
“အာ့ထောင် နင်
ဘယ်လိုအထည်မျိုးကိုကြိုက်လဲ” ကျောက်လန်ဟွာက သူမလက်ကိုဆွဲကာ ဖော်ရွေသောအပြုံးဖြင့်
မေးသည်။
ကျီကျောက်သည် ကောင်တာပေါ်ရှိ
အရောင်အသွေး စုံလင်သော အထည်စများကို ကြည့်ပြီး တစ်ခဏတာမျှ မှင်သက်သွားခဲ့သည်။
အဆုံး၌ သူမသည် ကောင်းကင်ပြာရောင်
ချည်ထည် တစ်ထည်ကို ရွေးချယ်လိုက်သည်၊ “အမေ ဒါက ကြည့်ကောင်းတယ်လို့ထင်လားဟင်။”
“တကယ်လို့ ဒါကို
နင်ကြိုက်တယ်ဆိုရင် ဝယ်သာ ဝယ်လိုက်” ကျောက်လန်ဟွာက ဘာမှမပြောဘဲ ချက်ချင်း
ငွေပေးချေလိုက်သည်။
ယခုအခိုက်အတန့်တွင်
ကျီကျောက်၏ မျက်လုံးထဲတွင် ကျောက်လန်ဟွာ၏ ပုံရိပ်သည် ခန့်ညားပြီး ချောမောနေ၏။