Ch 58
Viewers 12k

အခန်း (၅၈) – မဖြစ်နိုင်တာ

 

အထည် တစ်စအပြင် ကျောက်လန်ဟွာသည် ကျီကျောက်အတွက် အဆင်သင့် ချုပ်လုပ်ထားသော အထည် နှစ်စုံကို တိုက်ရိုက်ဝယ်ယူပေးခဲ့သည်။

 

အထည်အားလုံးသည် အရည်အသွေးမြင့် ချည်သားတွေ ဖြစ်သောကြောင့် ပျော့ပျောင်းပြီး သက်တောင့်သက်သာဖြစ်စေသည်။

 

“ချန်ချန့်မှာ အဝတ်အစား သိပ်မရှိဘူးလို့ ငါထင်တယ်။” အထည်ဆိုင်မှ ပြန်မထွက်ခင် ကျောက်လန်ဟွာသည် သနားစရာကောင်လေး ကျီချန်ကို သတိရသွားပြီး သူလေးအတွက် တုံ့ဆိုင်းခြင်းမရှိ အပြာရင့်ရောင် အရောင်တောက်တောက် အထည် တစ်ထည်ကိုလည်း ဝယ်လိုက်ပါသေးသည်။

 

အထည်ဆိုင်တွင် စုစုပေါင်း ငွေခုနစ်လျန်းနှင့် ကြေးပြား ဆယ့်ကိုးပြားတို့ကို သုံးစွဲခဲ့သည်။

 

“ကျေးဇူးပါ အမေ” ကျောက်လန်ဟွာက ရက်ရက်ရောရော ငွေပေးချေတာကိုမြင်တော့ ကျီကျောက်က သူ့ယောက္ခမကို သားသမီးဝတ္တရား ကျေပွန်ဖို့ နောင်တွင် ငွေပိုရှာမယ်လို့ စိတ်ထဲကနေ တိတ်တဆိတ် ကတိပြုခဲ့သည်။

 

ညနေ ငါးနာရီခန့်တွင် သမီးယောက္ခမနှစ်ယောက်သား ကုန်စည်အပြည့်ဖြင့် ရှန်းဟယ်ရွာသို့ ပြန်လာခဲ့ကြသည်။

 

ရှန်းမိသားစုခြံဝင်းထဲမှာ ကျီချန်ကို စာရေးနည်း သင်ပေးနေတဲ့ ရှန်းယောင်က ခြံဝင်းအပြင်ဘက်ကနေ ဆည်းလည်းသံလို သာယာတဲ့ ရယ်မောသံကို ကြားလိုက်ရတော့ မပြုံးဘဲ မနေနိုင်ပေ။

 

“အစ်မလား” ကျီချန်သည်လည်း ထိုရယ်သံကိုကြားပြီး ကမန်းကတန်း ခေါင်းမော့ကြည့်သည်။

 

“ချန်ချန်” ခြံတံခါးကို ရောက်ရောက်ချင်း ကျီကျောက်သည် သူမ မောင်လေး၏ စိတ်အားထက်သန်သောအကြည့်ကို တွေ့လိုက်ရသည်။ သူမသည် ပြုံးပြီး သူမလက်ထဲရှိ ထန်ဟူလုကို မြှောက်ပြလိုက်သည်၊ “ကြည့်၊ အစ်မက နင့်အတွက် ဘာယူလာလဲ။”

 

“ထန်ဟူလုလား” ကျီကျောက်၏ မျက်လုံးလေးတွေ တောက်ပသွားသည်။ သူက ချက်ချင်းဆိုသလို လက်နှစ်ဖက်ကို ဖြန့်ကားပြီး ကျီကျောက်၏ လက်မောင်းထဲ ပြေးဝင်သွားခဲ့သည်။

 

“ချန်ချန် ဒီနေ့ အိမ်မှာ လိမ်လိမ်မာမာနေရဲ့လား” ကျီကျောက်က ချိုမြိန်စွာ ပြုံးပြီး ကလေးလေးရဲ့ နှာသီးဖျားကို ချစ်ခင်ကြင်နာစွာ ဆွဲညှစ်လိုက်သည်။ ထို့နောက် သူမသည် ထန်ဟူလုတွေကို ကျီချန်လက်ထဲ ထည့်ပေးလိုက်သည်၊ “ဒီမှာ အစ်မက ချန်ချန့်ကို ဆုပေးမယ်။”

 

ကျီချန်က တခစ်ခစ်ရယ်ရင်း လူတိုင်းရဲ့ အသည်းနှလုံးကို အရည်ပျော်သွားစေနိုင်တဲ့ ကျားသွားလေး နှစ်ချောင်းကို ထုတ်ဖော်လာခဲ့သည်။

 

ရှန်းယောင်သည် မောင်နှမနှစ်ယောက်ရဲ့ အလွန်ရင်းနှီးကျွမ်းဝင်တဲ့ မြင်ကွင်းကို မြင်တော့ စိတ်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ရှန်းယောင်သည် လက်မြှောက်ပြီး သူ့နှာခေါင်းကို သုတ်ဖယ်လိုက်သည်၊ “မနေ့က ငါသင်ပေးခဲ့တဲ့ စကားလုံးတွေကို မှားမရေးရင် ပိုကောင်းလိမ့်မယ်။”

 

“ချန်ချန်က အခုမှ စာဖတ်တာကို လေ့လာသင်ယူနေတုန်းမို့ စာရေးတာ အမှားရှိတာက ကျိုးကြောင်းဆီလျော်ပါတယ်” ကျီကျောက်က မထူးခြားသလို ပြုံးလိုက်သည်၊ “နောင်မှာ သူက သေချာပေါက် ပိုကောင်းအောင် ရေးနိုင်မှာပါ၊ ဟုတ်တယ်မလား ချန်ချန်”

 

“အင်း…” ချိုပြီး မွှေးပျံ့သော ထန်ဟူလုကို စားသောက်နေသည့် ကျီချန်က နာခံမှုရှိစွာ ခေါင်းညိတ်ပြသည်။

 

ထိုအခိုက်အတန့်တွင် ရှန်းယောင်သည် ပို၍ပင် စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရသည်။

 

“အာ ကျွန်မ မေ့တော့မလို့။ ကျွန်မ ရှင့်အတွက်လည်း လက်ဆောင်တစ်ခု ပါလာခဲ့တယ်” ကျီကျောက်သည် ရုတ်တရက် သူမ၏ လက်ချောင်းလေးကို ကိုက်ကာ သူမ နောက်ကျောရှိ ဝါးခြင်းတောင်းကို အမြန်ချွတ်လိုက်ကာ စုတ်တံ တစ်ချောင်းကို ဂရုတစိုက် ထုတ်ယူလိုက်သည်။

 

“အမေနဲ့ ကျွန်မ ညနေဈေးကိုသွားတုန်းက စာရေးစုတ်တံ၊ မှင်၊ စာရွက်နဲ့ မှင်တုံးတွေကို ရောင်းချနေတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ ကျွန်မ ဒီစာရေးစုတ်တံကိုမြင်မြင်ချင်း သဘောကျသွားတယ်။ ရှင်ရော သဘောကျလား။”

 

ထန်ဟူလု တစ်ချောင်းလျှင် ကြေးပြား သုံးပြားသ ကျသင့်သော်လည်း ကျီကျောက် ဝယ်ယူလာခဲ့သည့် စာရေးစုတ်တံသည် ကြေးပြား သုံးဆယ် ကျသင့်ပေသည်။

 

ရှန်းယောင်သည်လည်း ဒီလက်ဆောင်ကို လိုချင်လိမ့်မည်ဟု သူမ မျှော်လင့်ခဲ့သည်။

 

ရှန်းယောင်သည် စာရေးစုတ်တံကိုယူ၍ ဂရုတစိုက် ကြည့်လိုက်သည်။ စာရေးစုတ်တံ၏ ကိုယ်ထည်ကို မဟော်ဂနီသားဖြင့် ပြုလုပ်ထားသည်။ စာရေးစုတ်တံ၏ ကိုယ်ထည်ပေါ်တွင် ထွင်းထုထားသော အနီရောင်ဇီးပန်းပွင့်၏ ပုံစံသည် ချောမွေ့ပြီး အသက်ဝင်သည်။ ထို့ထက်ပိုအရေးကြီးသည်မှာ စာရေးစုတ်တံထိပ်တွင် အသုံးပြုထားသည့် ပစ္စည်းသည် အရည်အသွေး အမြင့်ဆုံး ဖြစ်သည်။

 

“ဘာဖြစ်လို့လဲ။ ရှင် မကြိုက်ဘူးလား။” ကျီကျောက်က သူ့ရဲ့ လေးနက်တဲ့ အမူအရာတွေကို ကြည့်ပြီး ရုတ်တရက် စိတ်ထဲမှာ မသက်မသာ ခံစားလိုက်ရသည်၊ “တကယ်လို့ ရှင်မကြိုက်ဘူးဆိုရင်၊ ကျွန်မ…”

 

“မင်း ဒီစုတ်တံအတွက် ဘယ်လောက် သုံးခဲ့လဲ။”

 

“ပြားသုံးဆယ်…”

 

ကျီကျောက်က သူ့အမူအရာကို ဂရုတစိုက် လေ့လာပြီး “ရှင် ဒါကို လုံးဝ မကြိုက်ဘူးလားဟင်” ဟု မေးမြန်းလိုက်သည်။

 

“မဟုတ်ပါဘူး” ရှန်းယောင်က သူမကို ညင်သာစွာ ပြုံးပြလိုက်သည်၊ “ကိုယ် ဒါကို အရမ်းကြိုက်တယ်၊ မင်းရဲ့ ကံက တကယ်ကောင်းတာပဲ။”

 

“ဟမ်” ကျီကျောက်၏ အကြည့်တွေက ဗလာဖြစ်သွားသည်။

 

“ဒီအနီရောင်ဇီးပန်းပွင့်ပုံစံနဲ့ စာရေးစုတ်တံက အကောင်းတကာ့ အကောင်းဆုံးဖြစ်ပြီး ရွှေထောင်ပေါင်းများစွာ တန်တယ်။”

 

“မဖြစ်နိုင်တာ” ကျီကျောက်သည် ထိတ်လန့်တုန်လှုပ်စွာ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။

 

ကျီကျောက်သည် ဒီစာရေးစုတ်တံကို တစ်ချက် ကြည့်လိုက်တာနဲ့ လှပတယ်လို့ ခံစားရသည့်အပြင် ဒီစာရေးစုတ်တံကို ရွေးချယ်ဝယ်ယူခဲ့သည့် အကြောင်းအရင်းမှာ ထိုစာရေးစုတ်တံသည် ထိုပစ္စည်းများကြားတွင် အသက်သာဆုံးဖြစ်ပြီး ဈေးနှုန်းသည်လည်း သူမ တတ်နိုင်သည့် အတိုင်းအတာအတွင်းမှာ ရှိသောကြောင့် ဖြစ်ပါသည်။

 

“ဒါဆို မင်း တကယ် ကံကောင်းတာပဲ” ရှန်းယောင်က စာရေးစုတ်တံကို ဂရုတစိုက်ဖယ်ပြီး ကျေးဇူးတင်သည့်အပြုံးဖြင့် စကားဆိုလိုက်သည်၊ “ဒီလက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ် ဒါကို အရမ်းကြိုက်တယ်။”