အခန်း (၆၀) – မွှေးရနံ့
“ရှင်က လက်ရေးလက်သား
ကောင်းမွန်ရုံတင်မကဘဲ ပုံလည်း ကောင်းကောင်း ဆွဲတတ်တာပဲ” ကျီကျောက်က သူ့ကို
တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။
ရှန်းယောင်၏ လက်ရေးလှနှင့်
ပန်းချီကားများသည် အနာဂတ်တွင် အဖိုးမဖြတ်နိုင်အောင် တန်ကြေးရှိသည်မှာ အံ့ဩစရာ
မရှိပေ။
“ဒီမက်မွန်သီးက အရမ်းလှတယ်လို့
ကျွန်မ ထင်တယ်” ရှန်းယောင်က သူမရဲ့ မျက်လုံးတွေကို ကြည့်ပြီး ရိုးသားစွာ
ပြုံးလိုက်သည်။
ထိုပြုံးနေသော
ဖီးနစ်မျက်ဝန်းတစ်စုံကိုကြည့်ပြီး ကျီကျောက်သည် သူ့စိတ်ထဲမှာ
တစ်ခုခုရှိနေပုံပေါ်ကြောင်း ရုတ်တရက် ခံစားလိုက်ရပြီး သူမ၏ ပါးပြင်တွေတောင်
အနည်းငယ် ပူနွေးသွားသလို ခံစားလိုက်ရသည်။
သူမ၏ ရုတ်တရက်
ရှက်သွေးဖြာသွားတာကိုမြင်လိုက်ရတော့ ရှန်းယောင်၏ မျက်ဝန်းထဲရှိ အပြုံးရိပ်ဟာ
နက်ရှိုင်းလာခဲ့သည်။
“အဟွတ်… အချိန်လင့်နေပြီ။ ကျွန်မ
အနားယူတော့မယ်” ကျီကျောက်က အလျင်စလို အကြည့်လွဲပြီး သူ့မျက်ဝန်းတွေကို
ထပ်မကြည့်ရဲတော့ဘူး။
“ကောင်းပါပြီ” ရှန်းယောင်က
စာရေးစုတ်တံကို ဂရုတစိုက် ဖယ်ရှားလိုက်သည်။ သူ မထွက်သွားခင် သူမကို ကောင်းသောညပါဟု
ပြောခဲ့ပါသည်။
သူ အခန်းထဲက ထွက်သွားသည်နှင့်
ကျီကျောက်က အခန်းတံခါးကို အလျင်စလို ပိတ်လိုက်သည်။
ကျီကျောက်သည် တံခါးကိုမှီ၍
အသက်ပြင်းပြင်းရှုလိုက်သည်။ ထိုအခါမှသာ သူမ၏ နှလုံးခုန်သံ တဖြည်းဖြည်း
လျော့ပါးသွားသည်ဟု ခံစားလိုက်ရသည်။
တစ်နာရီခန့်ကြာပြီးနောက်
ကုတင်ပေါ်တွင် လဲလျောင်းနေသော ကျီကျောက်သည်
စိတ်ကြည်လင်လာပြီး လျင်မြန်စွာ အိပ်မောကျသွားခဲ့သည်။
နောက်တစ်နေ့မနက်မှာတော့
ကျီကျောက်သည် အိပ်ရာစောစောနိုးလာခဲ့သည်။
မိသားစုဝင်တွေ တစ်ယောက်ပြီး
တစ်ယောက် အိပ်ရာနိုးလာချိန်တွင် သူမသည် မနက်စာ အဆင်သင့် ပြင်ဆင်ပြီးပြီ ဖြစ်သည်။
“အာ့ထောင် နင် အရသာရှိတာတွေ
ထပ်ချက်နေပြန်တာလား” အနံ့ခံအလွန်ကောင်းသည့် ဒုတိယမရီးရှန်းသည့် အနံ့ရသည့်
မီးဖိုချောင်ထဲသို့ အလျင်စလို ဝင်လာကာ စိတ်မရှည်စွာ မေးမြန်းလိုက်သည်။
“ခေါက်ဆွဲမုန့်ချပ်ကြော်လေ”
ကျီကျောက်က အပြုံးဖြင့် ပြန်ဖြေသည်၊ “ဒုတိယမရီး စမ်းစားကြည့်ချင်လား။”
“အင်း” ဒုတိယမရီးရှန်းက မဆိုင်းမတွ
ခေါင်းညိတ်သည်။
သူမသည်
ခေါက်ဆွဲမုန့်ချပ်တစ်ပိုင်းကို စားသောက်ပြီးသောအခါတွင် သူမ၏ နှုတ်ခမ်းတွေက
စိတ်ကျေနပ်စွာ ကော့ညွှတ်သွားခဲ့သည်။
“အရမ်းစားကောင်းတယ်။”
“ဒုတိယမရီး ငါ
ပဲနီလေးဆန်ပြုတ်ကိုလည်း လုပ်ထားတယ်။ ပူတုန်းလေး တစ်ပန်းကန်လောက် သောက်လိုက်ပါလား”
ကျီကျောက်က ပြုံးပြီး ပြောလိုက်သည်၊ “ကိုယ်ဝန်ဆောင်တွေက ပဲနီလေး များများ
စားပေးသင့်တယ်လို့ ကျွန်မ ကြားဖူးတယ်။”
ပူပူနွေးနွေးနဲ့ မွှေးကြိုင်တဲ့
ပဲနီလေးဆန်ပြုတ် တစ်ပန်းလုံး သောက်ပြီးတဲ့အခါ ဒုတိယမရီးရှန်းသည် စိတ်ကျေနပ်စွာ
သက်ပြင်းချလိုက်သည်။
အရသာရှိတဲ့ အစားအသောက်တွေကို
စားသောက်ရတာ အရမ်းကောင်းတယ်။
ကျီကျောက်ရဲ့
ခေါက်ဆွဲမုန့်ချပ်ကြော်ကိုလည်း ထပ်မံချီးကျူးလိုက်ပြန်သည်။
မနက်စာစားပြီးနောက်
ရှန်းတာ့ရှန်သည် ရှန်းယောင်ကို လယ်လုပ်ရန် ခေါ်သွားခဲ့သည်။ ရှန်းယောင်၏
နောက်လိုက်အနေဖြင့် ကျီချန်သည်လည်း သူ့နောက်လိုက်ပါသွားခဲ့သည်။
နာရီဝက်ကြာပြီးနောက်
ကျောက်လန်ဟွာသည် ပါဝင်ပစ္စည်းများ အပြည့်ထည့်ထားသော ခြင်းတောင်းကို သယ်ဆောင်ကာ
အိမ်ပြန်လာခဲ့သည်။
“အမေ အလုပ်ကြိုးစားပေးလို့
ကျေးဇူးပါ” ကျီကျောက်က ပါဝင်ပစ္စည်းတွေ ပါဝင်သည့် ခြင်းတောင်းကို အမြန်ယူကာ
ကျေးဇူးတင်လိုက်သည်။
“မလိုပါဘူးဟယ်” ကျောက်လန်ဟွာက
ရေနွေး တစ်ပန်းလုံးကြီးကို သောက်သုံးပြီးနောက် သက်ပြင်းချသည်၊ “ဒါပေမယ့် အာ့ထောင်
ဒီအစအနတွေနဲ့ အရသာရှိတဲ့ သားပြွမ်းဟင်းကို ချက်ပြုတ်လို့ရတယ်လား။”
“ဟုတ် ရတာပေါ့” ကျီကျောက်က
ယုံကြည်မှုရှိတဲ့အပြုံးနဲ့ ပြောလိုက်သည်၊ “အမေ ဒီအစအနတွေကို လျှော့မတွက်နဲ့။
အမဲနှလုံး၊ အမဲလျှာ၊ အမဲအူကြမ်းနဲ့ အမဲသားတွေကို အထူးအရသာရှိတဲ့
စွပ်ပြုတ်အေးအဖြစ်လုပ်လို့ရတယ်။”
“သမီး အမေ
စမ်းသုံးကြည့်ဖို့လုပ်ပေးမယ်။ အမေ ဒါကို သဘောကျမှာ သေချာတယ်။”
ကျီကျောက်က အမဲအတိုအစတွေကို
လျင်မြန်စွာ သန့်ရှင်းလိုက်သည်။ အမဲသားတွေနှင့် အမဲဝမ်းတွင်းသားတွေကို
သန့်စင်ပြီးနောက် အိုးထဲသို့ လောင်းထည့်ကာ ရေထည့်ပြီး အိုးအဖုံး ဖုံထားလိုက်သည်။
အမဲသားအိုးဆူပွက်လာပြီးနောက် အပေါ်သို့ ဝေ့တက်လာသော အမြှုပ်အားလုံးကို ဖယ်ထုတ်ကာ
ဟင်းခတ်အမွှေးအကြိုင်အိတ်လေးကို ထည့်လိုက်သည်။
“အာ့ထောင် နင် အခု အိုးထဲကို
ထည့်လိုက်တာ ဘာလဲ” ကျောက်လန်ဟွာ သူမ လုပ်နေတာတွေကို ကြည့်ရင် စပ်စပ်စုစု
မေးလိုက်သည်။
“အမေ အဲ့တာ
ဟင်းခတ်အမွှေးအကြိုင်အိတ်လေးလေ။ အဲ့ထဲမှာ ငရုတ်ကောင်း၊ သစ်ကြံပိုးခေါက်နဲ့
ကြယ်ပဲတွေပါတဲ့ ဟင်းခတ်အမွှေးအကြိုင်အိတ်ပါ” ကျီကျောက်က စွပ်ပြုတ်ရည်ကိုမွှေပြီး
ရှင်းပြလိုက်သည်။
အိုးထဲသို့
ဟင်းခတ်အမွှေးအကြိုင်အိတ်လေး ထည့်ပြီး အနံ့မွှေးလာပြီးတဲ့နောက်မှာတော့ ဝိုင်ဖြူနဲ့
ဆားကို ချက်ချင်းထည့်ပြီး ရေတစ်ဇလုံလိုက် လောင်းထည့်လိုက်သည်။
နာရီဝက်လောက်ကြာတော့ ပြိင်စံရှား
မွှေးရနံ့တစ်ခုက မီးဖိုချောင် တစ်ခုလုံးကို ပြည့်လျှံသွားခဲ့သည်။
အနံ့လေးနဲ့တင်
သွားရည်စက်စက်ယိုသွားစေသည်။
ခဏအကြာတွင် ရှန်းဟယ်ကျေးရွာရှိ
ရွာသားအားလုံး ရှန်းမိသားစုခြံဝင်းမှ ထွက်လာသော မွှေးရနံ့ကို ရှုရှိုက်မိကြသည်။
မွှေးရနံ့လို့ခေါ်ရတဲ့
အကြောင်းအရင်းက ထိုရနံ့ဟာ ဆယ်မိုင်လောက်ကို ပျံ့နှံ့သွားတာကြောင့် ဖြစ်နိုင်သည်။