CHAPTETR 1
Viewers 2k

အခန်း ၁ စုန့်မိသားစုရဲ့သံလွင်ပန်းလေး

စုန့်တင်းရှန်းသည် အနည်းငယ် နေမကောင်းဖြစ်နေပုံရပြီး ဖျော့တော့သော မျက်နှာဖြင့် အိပ်ယာပေါ်တွင် လဲလျောင်းနေသည်။ သူမက အနည်းငယ်ဖျားနေပုံရသော်လည်း သူမကို ရစ်ပတ်ပေးထားသော ထူထဲသည့် စောင်တစ်ထည်က သူမကို အနည်းငယ် ပို၍ သက်တောင့်သက်သာဖြစ်စေပုံရသည်။

သူမဘေးတွင် ရှိနေသော ဖန့်ရှီ(အမျိုးသမီးဖန့်)က အဝတ်ဟောင်းများကို ပြန်လည်ဖာထေးနေရင်း တဖွဖွညည်းညူနေသည်။ "ရှမိသားစုက လူတွေက တကယ်ကို မကောင်းကြဘူး၊ ဒါပေမယ့် ကျိုးမိသားစုက ပိုတောင် ဆိုးသေးတယ်! မင်းအဖိုးက အရင်က မျက်စိကန်းနေလို့ မင်းကို ရှမိသားစုနဲ့ အိပ်ထောင်ပြုပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်မယ်။ အခုတော့ တစ်ခုခု ဖြစ်သွားတာနဲ့ သူတို့က မင်းကို အဝေးကို တွန်းထုတ်လိုက်ကြတယ်။ နောင်ဆိုရင် မင်း ဘာဆက်လုပ်မှာလဲ? ပြီးတော့ ကျိုးမိသားစု... ကျိုးထျဲကျူးဆိုတဲ့ အဲ့ကလေးကတော့ မဆိုးပါဘူး။ ဒါပေမယ့် ကျန်တဲ့သူတွေက ဆက်ဆံဖို့ ခက်ခဲလွန်းတယ်။ သူတို့က အမြဲတမ်း တခြားလူအပေါ် အခွင့်အရေး ယူချင်ကြတယ်။ တင်းရှန်း... သမီးက အခုမှ ဆယ့်လေးနှစ်ပဲ ရှိသေးတယ်။ မင်းအိမ်ထောင်မပြုနိုင်မှာကို စိတ်ပူနေဖို့ မလိုပါဘူး။ ဒါပေမယ့် မင်း ခဏလေးတောင် စိတ်ပျော့ညံ့လို့ မရဘူးလေ... အိုက်ယား.. အဲ့အကြောင်းကို တွေးမိရင် ငါ့နှလုံးသားတွေ နာကျင်လိုက်တာ..."

စုန့်တင်းရှန်းက သူမ၏နှုတ်ခမ်းထောင့်များကို ပင့်တင်ကာ အပြုံးဖြင့် "အမေ၊ အခု စကားတွေ အများကြီး မပြောပါနဲ့တော့။ အမေ ဆက်ပြောနေလေလေ သမီး အမေ စိတ်မသက်မသာ ဖြစ်လာလေပဲ"

ဖန့်ရှီက သူမကို ခပ်တင်းတင်း စိုက်ကြည့်နေပြီး "မင်း အဝတ်သွားလျှော်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူးလေ၊ မြစ်ထဲကို ဘာလို့ ပြုတ်ကျရတာလဲ? ကောင်လေးထျဲကျူး.... သူက တကယ် တော်ပေမယ့် ဒါက ရှက်စရာကောင်းတယ်လေ... သူ့မိသားစုကြောင့်သာ မဟုတ်ရင် ဒီအိမ်ထောင်ရေးက မင်းအတွက် တကယ်ကို လိုက်ဖက်တယ်လို့ ပြောလို့ရတယ်။ ပြီးတော့... မင်း... ရှမိသားစုက စေ့စပ်ထားတာ ဖြတ်သိမ်းရုံနဲ့ မင်းက ကိုယ့်ကိုကိုယ် ကြိုးဆွဲချတယ်ပေါ့။ မင်းက မင်းအဖေနဲ့ ငါ့ကို သေတဲ့အထိ ထိန့်လန့်စေချင်တာလား? နောက်တစ်ခါ ဒါမျိုးထပ်မလုပ်ရဘူး နားလည်လား?”

စုန့်တင်းရှန်းက ဘာပြန်ပြောရမှန်းမသိဖြစ်နေပြီး သက်ပြင်းသာချလိုက်‌တော့သည်။

တကယ်တော့ သူမက စုန့်တင်းရှန်းအစစ် မဟုတ်ဘဲ ဒီခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ လေလွင့်ဝိညာဥ်တစ်ကောင်ပါ။

သူမရဲ့မူရင်းနာမည်ကလည်း စုန့်တင်းရှန်းဖြစ်ပြီး သူမကို ရှေးကျတဲ့လူ့အဖွဲ့အစည်းတစ်ခုမှာ မွေးဖွားခဲ့တယ်။ သူမရဲ့မိသားစုက ပဲငံပြာရည်စက်ရုံကို ပိုင်ဆိုင်ပြီး အသင့်အတင့် ချမ်းသာကြွယ်ဝတယ်လို့ ပြောနိုင်တယ်။ အဲ့တာကြောင့် သူမလည်း ပညာသင်ကြားခွင့်ရခဲ့တယ်။ နောက်တော့ သူမရဲ့အဖေက ဂျပန်ကို အလုပ်ကိစ္စနဲ့ခရီးထွက်ရင်း လမ်းမှာ အသတ်ခံလိုက်ရတယ်။ အဲဒီသတင်းကို သိပြီးတဲ့နောက်မှာ သူမအမေက နေမကောင်းဖြစ်ခဲ့ပြီး နှစ်ဝက်အကြာလောက်မှာ သေဆုံးသွားခဲ့တယ်။ အသက်ဆယ့်ရှစ်နှစ်ပဲရှိသေးတဲ့ သူမရယ် အသက်ဆယ့်သုံးနှစ်အရွယ် မောင်လေးရယ် ရှစ်နှစ်အရွယ် ညီမလေးရယ်ပဲ ကျန်နေခဲ့တယ်။

သူမရဲ့မိဘတွေ မရှိတော့တဲ့အချိန်မှာ ဆွေမျိုးတစ်စုက သူတို့ရဲ့ဝံပုလွေလို မျက်နှာအစစ်အမှန်တွေကို ပြသလာကြပြီး အရွယ်မရောက်သေးတဲ့ ကလေးသာသာ သူမတို့မောင်နှမတွေကို မောင်းထုတ်ပြီး ငွေဝင်နေတဲ့ ပဲငံပြာရည်စက်ရုံကို သိမ်းပိုက်ဖို့ သူတို့အချင်းချင်း တိုက်ခိုက်ကြ‌တော့တယ်။ အဲ့တာကြောင့် သူမက အံကို တင်းတင်းကြိတ်ပြီး ကျောင်းထွက်လိုက်ရတယ်။ အဲ့နောက်မှာတော့ သူမက စက်ရုံကို ဆက်လက်လည်ပတ်ဖို့ ကြိုးကြိုးစားစား ရုန်းကန်ခဲ့ပြီး မောင်လေးနဲ့ ညီမလေးကို ပြုစုစောင့်ရှောက်ရင်း ထောက်ပံ့ပေးခဲ့တယ်။

သူမ အိမ်ထောင်ပြုလိုက်ရင် တစ်ဖက်လူက သူမရဲ့မောင်လေး၊ ညီမလေးလေးတွေကို  အနိုင်ကျင့်မှာကို စိုးရိမ်တာကြောင့် သူမ တစ်သက်လုံး အိမ်ထောင်ပြုဖို့တောင် မစဉ်းစားခဲ့ဘူး။ သူမက သူမရဲ့မောင်နှမတွေအတွက် အစစအရာရာ တာဝန်ယူခဲ့ပြီး နောက်တော့ နိုင်ငံအသစ်ပြန်လည်တည်ထောင်တဲ့အချိန်မှာ သူမတို့ရဲ့ပဲငံပြာရည်စက်ရုံကို ပြည်သူပိုင်သိမ်းပြီး လျှော်ကြေးငွေေပြန်ပေးတဲ့အချိန်အထိရောက်လာတာကြောင့် သူမ အမှန်တကယ် သက်ပြင်းချနိုင်ခဲ့တယ်။ .

သူမ ထမ်းထားရတဲ့ဝန်တွေကို လွှတ်ချပြီးတဲ့နောက်မှာတော့ သူမရဲ့ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်က တောင့်မခံနိုင်တော့ဘဲ အလျင်အမြန် ပြိုလဲကျသွားမယ်လို့တော့ ဘယ်သူကကြိုသိနိုင်ပါ့မလဲ?

အသက်လေးဆယ်ကျော်ခန့်ပဲရှိသေးတဲ့ သူမဆိုတဲ့ စုန့်တင်းရှန်းက ဆေးရုံပေါ်မှာ မျက်လုံးမှိတ်လိုက်ပေမယ့် မထင်မှတ်ဘဲ သူမရဲ့ဝိညာဉ်က ငရဲကိုသွားရမယ့်လမ်းကို ရှာမတွေ့ခဲ့ဘူး။ အဲ့အစား သူမရဲ့မောင်လေးနဲ့ ညီမငယ်လေးအနီးမှာပဲ ရစ်ဝဲနေခဲ့တယ်။

သူမရဲ့အငယ်တွေက သူတို့ရဲ့ကိုယ်ပိုင်တံဆိပ်အသစ် ဖန်တီးပြီး ပဲငံပြာရည်စက်ရုံအသစ်ကြီး တည်ဆောက်ပြီး အဲ့စက်ရုံကြီး တိုးတက်ကြီးပွားလာတာကို သူမ မြင်နေခဲ့ရတယ်။ အဲ့ကနေတဆင့် သူမတို့ရဲ့တိုင်းပြည် ပိုမို အားကောင်းလာပြီး ကြီးပွားချမ်းသာလာတာတွေ၊ သူမရဲ့မောင်နှမတွေ အသက်ကြီးလာပြီး သူတို့ရဲ့သားသမီးတွေက စက်ရုံကို ဦးဆောင်နိုင်တာတွေကို သူမ တစိုက်မတ်မတ် လိုက်ပါလာခဲ့တယ်။ အဲ့နောက်မှာတော့ သူမရဲ့ဝိညာဉ်က တဖြည်းဖြည်း အားနည်းလာပြီး ဖျော့တော့လာတာကို သူမ ရုတ်တရက် သတိပြုမိလိုက်တယ်။

နောက်ဆုံးမှာ‌တော့ သူမ ဘာမှ စိုးရိမ်စရာမရှိဘဲ ထွက်သွားနိုင်တော့မယ်လို့ သူမ ထင်ခဲ့ပေမယ့် သူမ မျက်လုံးဖွင့်ကြည့်လိုက်တာနဲ့ ဆယ့်လေးနှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရောက်ရှိနေတာကြောင့် သူမကိုယ်တိုင်တောင် အံ့သြနေမိတယ်။

ဒီကလေးမလေးကိုလည်း စုန့်တင်းရှန်းလို့ ခေါ်ကြပြီး သူမက စိတ်မြန်လက်မြန်ရှိတဲ့သူပဲ။ သူမ မြစ်ထဲကို ပြုတ်ကျစေဖို့ ကြံစည်ခံလိုက်ရပြီး  တစ်ရွာတည်းမှာရှိတဲ့ ကျိုးမိသားစုရဲ့ မွေးစားသားဖြစ်တဲ့ ကျိုးထျဲကျူးက သူမကို ကယ်တင်ပေးနိုင်ခဲ့တယ်။ ဒီစုန့်တင်းရှန်းနဲ့ စေ့စပ်ထားတဲ့ ရှမိသားစုက အဲ့အကြောင်းကို သိသွားတဲ့အချိန်မှာ ရှမိသားစုရဲ့ အကြီးဆုံးသားဖြစ်တဲ့ ရှရှို့စွေ့(စာသင်သားရှ)က စုန့်တင်းရှန်းကို ယောက်ျားထိတွေ့လိုက်တဲ့အတွက် သူမရဲ့ခန္ဓာကိုယ်က မသန့်ရှင်းတော့တာကြောင့် သူ့လို စာသင်သားနဲ့ မထိုက်တန်တော့ဘူးလို့ ပြောပြီး စေ့စပ်ကြောင်းလမ်းထားတာကို  ချက်ခြင်း ဖြတ်သိမ်းလိုက်တယ်။

တကယ်လို့ ဒီကိစ္စက ခောတ်မှီလူအဖွဲ့အစည်းမှာ ဖြစ်လာခဲ့ရင် ရှရှို့စွေ့တစ်‌ယောက် ပျော့ခွေသွားတဲ့အထိ အရိုက်ခံရနိုင်တယ်။ ဒါပေမယ့်လည်း ဒီနေရာက ရှေးခေတ်တွေထက်တောင် ပိုရှေးကျနေတာကတော့ စိတ်မကောင်းစရာပဲ။ သမိုင်းက ဘယ်ခေတ်လဲတောင် မသိနိုင်ပေမယ့် အဝတ်အစားတွေက စုန့်မင်းဆက်နဲ့ မင်မင်းဆက်ကလို အဝတ်အစားတွေ ဖြစ်နေပြီး တိုင်းပြည်ရဲ့အမည်ကတော့ တာ့ယုံတဲ့။

အတိုချုပ်ပြောရရင် ဒီခေတ်မှာ ရှိနေတဲ့ မူရင်းစုန့်တင်းရှန်းက ယုတ္တိမတန်တဲ့ ဘေးဥပဒ်တစ်ခုကို ကြုံတွေ့ခဲ့ရတယ်။ အဲ့အတွက်နဲ့ သူမရဲ့စေ့စပ်ကြောင်းလမ်းမှု ပျက်ပြယ်သွားရုံသာမက အတင်းအဖျင်းတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်။ တကယ်တော့ အခုက ဆောင်းဦးနှောင်းပိုင်းဖြစ်ပြီး နှင်းတောင်ကျတော့မယ်။ သူမ ဝတ်ထားတဲ့အဝတ်တွေက ထူလွန်းလို့ သူမ မြစ်ထဲပြုတ်ကျရင်တောင် ဘာမှ တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရှမိသားစုကတော့ အဲ့ဒါကို ဂရုမစိုက်တဲ့အပြင် သူတို့က စုန့်တင်းရှန်းကို အလွန်တရာ စိတ်ဆင်းရဲစေခဲ့ပြီး ဒီစိတ်မြန်တဲ့ မိန်းကလေး သူမကိုယ်သူမ ကြိုးဆွဲချတဲ့အထိ ဆဲဆိုဖိအားပေးခဲ့ကြတယ်။

သူမ ဒီကို ပထမဆုံးရောက်လာတုန်းက သူမလည်း လုံးဝကို စိတ်ရှုပ်သွားခဲ့သေးတယ်။ သူမ လည်ပင်းက နာနေပြီး လည်ချောင်းလည်း နာနေတာကြောင့် စကားမပြောနိုင်သေးဘူး။ အဲ့အချိန်မှာ လူတစ်စုက သူမကို ဝိုင်းထားပြီး ငိုတဲ့သူကငို  သက်ပြင်းချတဲ့သူက သက်ပြင်းချနဲ့ ဖြစ်နေကြပြီး သူမ မျက်လုံးကို ဖွင့်လိုက်တဲ့အချိန်မှာ အံ့သြတကြီး အော်ခေါ်ကြပြန်တယ်။

နောက်ဆုံးတော့ စုစုပေါင်း အသက်ကိုးဆယ်ကျော်ရှိရမယ့် စုန့်တင်းရှန်းက ယခုတော့ အသက်ဆယ့်လေးနှစ်အရွယ် စုန့်တင်းရှန်းအဖြစ်ကို ကူးပြောင်းသွားရပြီး အသက်သုံးဆယ်ကျော်အရွယ်ရှိတဲ့ ဖန့်ရှီက သူမကို ကြင်နာတဲ့မျက်လုံးတွေ့နဲ့ ကြည့်နေတယ်။

ဒါပေမယ့်လည်း နောက်ဆုံးတော့ သူမက ဖန့်ရှီကို အမေလို့ ခေါ်နေရဆဲပါပဲ။ ဖန့်ရှီက သူမကို အဖွားလို့ ဘယ်ခေါ်ပါ့မလဲ?

"မိန်းမရေ၊ ကျိုးမိသားစုက အဲ့ကောင်လေးက ဒီကို ရောက်လာပြန်ပြီ..." တံခါးကန့်လန့်ကာ ပွင့်လာကာ သန်မာပုံရသော ခပ်ပိန်ပိန် လူတစ်ယောက် ဝင်လာပြီး သူ့အသားအရည်က နေလောင်ခံထားရသလို ညှိုမှိုင်းနေသော်လည်း သူက အတော်အတန် အရပ်ရှည်သူ ဖြစ်သည်။ ဤလူက စုန့်တင်းရှန်း၏ဖခင် စုန့်ကျစ်ယွမ် ဖြစ်သည်။ သူက ဝက်သတ်ခြင်းနှင့် အသားရောင်းခြင်းလုပ်ငန်းကို လုပ်ကိုင်သော်လည်း သူထံတွင် ရိုးသားသော အသွင်အပြင်ရှိနေပြီး အမြဲပြုံးနေတက်သောကြောင့် ဤရွာနှင့် မြို့လေးမှ လူများက သူ့ကို သဘောကျကြသည်။

"အာ့နွီအာ(ဒုတိယသမီးလေး) နိုးလာပြီလား? နွီအာ ရေ သောက်ချင်လား? အဖေက မင်း သောက်ဖို့ ပျားရည်အိုးသေးသေးလေး ဝယ်ထားတယ်" စုန့်တင်းရှန်းက သူ့ကို ကြည့်လိုက်သည့်အတွက် စုန့်ကျစ်ယွမ်က ပြုံးကာ သူ့သမီးအတွက် ပျားရည်ဖျော်ရန် ပြန်လှည့်ထွက်ပြေးသွားပြန်သည်။

အမှန်တကယ်တွင် စုန့်မိသားစု၏ဓလေ့ထုံးစံက ကောင်းမွန်လှသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက စုန့်မိသားစု၏ ဘိုးဘေးက စစ်ပွဲကြောင့် တိမ်းရှောင်လာခဲ့ပြီး ဤနေရာတွင် အခြေချနေထိုင်ကာ ဒေသခံမိန်းကလေးတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ အချိန်က အသက်ရှုတစ်ချက်စာမျှ ထင်ရလောက်အောင် မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားခဲ့ပြီး စုန့်မိသားစုတွင် သားခြောက်ဦး မွေးဖွားခဲ့သည်။

ထိုသားခြောက်ယောက်လုံး အိမ်ထောင်ပြုပြီးချိန်တွင် လူအိုကြီးစုန့်က သူတို့ကို အိမ်ခွဲပေးလိုက်ပြီး မြေငါးမူဆီခွဲပေးကာ သားများနှင့် ချွေးများထံမှ ထောက်ပံ့သည့်အနေဖြင့် ရံဖန်ရံခါ ပေးပို့သော ကန်တော့ပစ္စည်းများဖြင့် အလွန် သက်တောင့်သက်သာ နေထိုင်ခဲ့သည်။

နောက်ပိုင်းတွင် ထိုဘိုးဘေးကြီးက သူ မထွက်ခွာခင်တွင် သူ့သားများကို မြေးများအိမ်ထောင်ကျပါက အတူတကွ နေထိုင်ရန် ဖိအားမပေးဖို့ အထူးတလည် တောင်းဆိုခဲ့သည်။ လူများလေလေ ဒုက္ခများလေလေ ဖြစ်တက်သောကြောင့် သားသမီးများ အိမ်ထောင်ကျပြီးလျှင် မိသားစုများ စောစောစီးစီး ခွဲပေးလိုက်ခြင်းက ပို၍သက်တောင့်သက်သာ ရှိသော ဘဝကို ရနိုင်ပြီး ပိုအဆင်ပြေနိုင်ကြောင်း မှာကြားခဲ့သည်။

ဤသားခြောက်ယောက်က ဟဲခို့ကျေးရွာ(မြစ်ဝကျေးရွာ)တွင် နေထိုင်ကြပြီး ချမ်းသာသော မိသားစုတစ်ခုဟု ယူဆနိုင်သည်။ သူတို့အားလုံးတွင် ခြံဝန်းများရှိကြပြီး အိမ်အားလုံးကို ရွှံ့အုတ်များဖြင့် တည်ဆောက်ထားကြသော်လည်း အိမ်များက ကျယ်ဝန်းလှသည်။

စုန့်မိသားစုတွင် မျိုးဆက်များစွာရှိပြီး တတိယမျိုးဆက်အရောက်တွင် လူ ၂၀ ကျော်ရှိလာခဲ့သည်။ ယခုဆိုလျှင် စုန့်တင်းရှန်းတို့ကဲ့သို့ စတုတ္ထမျိုးဆက်သို့ ရောက်နေပြီဖြစ်ကာ ၎င်းတို့က ဟဲခို့ကျေးရွာတွင် ချမ်းသာကြွယ်ဝသော အိမ်ိထောင်စုများ ဖြစ်လာကြသည်။

ဒါပေမယ့် လူတွေ ပြောကြသလိုပါပဲ သေမျိုးဖြစ်တဲ့လူတွေ မပြောနဲ့ နဂါးမင်းရဲ့ သားတော်ကိုးပါးတောင်မှ  မတူညီကြဘူးတဲ့။ ညီအစ်ကိုခြောက်ယောက်ကြားက ဆက်ဆံရေးက အရမ်းသဟဇာတဖြစ်ခဲ့ကြပေမယ့် သူတို့ရဲ့သားစဉ်မြေးဆက်တွေ ကြီးပြင်းလာတဲ့အချိန်မှာတော့ အရင်ကလို မနီးကပ်နိုင်ကြတော့ဘူး။ မိသားစုဝင်တွေ ကြီးပြင်းလာတဲ့အချိန်မှာ ဇနီးတွေယူကြပြီး အိမ်ထောင်အသစ်တွေ ပေါ်ပေါက်လာကြတယ်။ တခြားတစ်ယောက်ယောက်ကို ရလာတဲ့အခါ သူတို့ရဲ့အမြင်တွေကလည်း ပြောင်းလဲလာကြပြီး ပဋိပက္ခတွေ ပေါ်ပေါက်လာ‌တော့တယ်။

အခု လက်ရှိအချိန်မှာ မိသားစုကြီးခြောက်စုကြားအကြောင်းပြောရရင် အကြီးဆုံးသားရဲ့မိသားစုက မိသားစုခွဲတဲ့ကိစ္စနဲ့ ကမောက်ကမ ဖြစ်ခဲ့ကြပြီး ဒုတိယမိသားစုကတော့ ငြိမ်းငြိမ်းချမ်းချမ်း ခွဲခွာနိုင်ခဲ့ကြတယ်။ ဒါပေမယ့်လည်း ညီအစ်ကို မောင်နှမတွေကြားက ဆက်ဆံရေးက အရမ်းကောင်းနေတာမျိုးတော့ မဟုတ်ပြန်ဘူး။

တတိယမိသားစုက လူတွေကတော့ ရိုးသားတဲ့သူတွေ ဖြစ်ကြပြီး သူတို့မိသားစုက မခွဲခွာဘဲ အတူတကွ နေထိုင်ကြတုန်းပဲ။ သူတို့က ရိုးသားလွန်းပြီး နေ့တိုင်း သူတို့ရွေးတာက ကောင်းကင်ကို ကျောခိုင်း မြေကြီးကို မျက်နှာမူပြီး အလုပ်လုပ်ဖို့ပဲ။ သူတို့က လယ်ယာလုပ်ငန်းတမျိုးတည်းကို လုပ်ကိုင်တာကြောင့် သူတို့က မိသားစုခြောက်စုထဲမှာ အဆင်းရဲဆုံး မိသားစုဖြစ်နေခဲ့တယ်။

စုန့်တင်းရှန်းရဲ့အဖိုးကတော့ စတုတ္ထမြောက်သားဖြစ်ပြီး အဘိုးကြီးနဲ့ အဘွားအိုတို့က ပါးနပ်ကြတယ်။ သူတို့က သားသမီးတွေ အိမ်ထောင်ကျတာနဲ့ ချက်ချင်း အိမ်ခွဲပေးလိုက်တယ်။ အခု သူတို့က သူတို့ သားအငယ်ဆုံးနဲ့ပဲ နေထိုင်ကြတယ်။ သူတို့ရဲ့အငယ်ဆုံးသားက ဒီနှစ် တော်ဝင်စာမေးပွဲအတွက် ခက်ခက်ခဲခဲ စာသင်ရင်း စာမေးပွဲအောင်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် သူတို့မောင်နှမတွေအားလုံးက အရမ်း ရင်းနှီးကြတယ်။ အစ်ကိုတွေက သူတို့ညီငယ် စာသင်နိုင်ဖို့ လတိုင်းလတိုင်း အနည်းနဲ့ အများတော့ ငွေလေးတွေ ပေးတက်ကြတယ်။ အဲ့တာကြောင့် သူတို့ရဲ့စတုတ္ထမိသားစုက မိသားစုကြီးခြောက်စုထဲမှာ အညီညွှတ်ဆုံးလို့ ယူဆနိုင်တယ်။

ပဉ္စမမိသားစုရဲ့ခြံဝင်းကိုတော့ ယခုအခါ အဲ့မိသားစုရဲ့အကြီးဆုံးသားဖြစ်သူက သိမ်းပိုက်ထားတယ်။ ပဉ္စမအဘိုးက စောစော ထွက်သွားခဲ့ပြီး ပဉ္စမအဖွားက ပွဲတော်ရက်တွေကလွဲရင် အပြင်ထွက်ခဲတယ်။ သူတို့မိသားစုမှာက သမီးတွေ များကြီး သားက အနည်းငယ်ပဲသာတယ်။ အကြီးဆုံးသားက အရောင်းအဝယ်လုပ်တက်တာကြောင့် လယ်လုပ်ချိန်မဟုတ်ရင် သူက ကုန်ပစ္စည်းအသေးလေးတွေကို လှည့်လည်ရောက်းချတက်တယ်။ ပဉ္စမမိသားစုရဲ့ဒုတိယသားကတော့ အခြားသူတွေဆီကနေ လက်မှုပညာကို သင်ယူနိုင်ခဲ့တာကြောင့် မြို့ထဲမှာ စက္ကူနဲ့လုပ်တဲ့ လက်မှုပစ္စည်းအ‌ရောင်းဆိုင်လေး ဖွင့်ထားခဲ့တယ်။ သူကလည်း အထူးအခါသမယမှပဲ အိမ်ပြန်လာတက်တယ်။

အငယ်ဆုံးဖြစ်တဲ့ ဆဌမအဘိုးကတော့ ဒီနှစ်မှ အသက်လေးဆယ့်ငါးနှစ်ပဲ ရှိသေးတယ်။ သူရဲ့သားသမီးတွေအနက်က အကြီးဆုံးသားက အရင် အိမ်ထောင်ကျတယ်။ သိပ်မကြာခင်မှာ နောက်တစ်ယောက်လည်း အိမ်ထောင်ကျခဲ့ပေမယ့် သူတို့နဲ့ အိမ်ထောင်ပြုပြီး မိသားစုထဲကို ဝင်လာတဲ့ ချွေးမတွေက အရည်အချင်းရှိကြပြီး မိသားစုကို အတွင်းရော အပြင်မှာပါ ဂရုစိုက်ပေးကြတယ်။ အဲ့တာကြောင့် သူတို့က ပျော်ရွှင်စရာကောင်းပြီး ခွဲခွာခြင်း မရှိကြသေးဘူး။

စုန့်တင်းရှန်းရဲ့အဖေက စတုတ္ထမိသားစုမှာ ဒုတိယသားဖြစ်ပေမယ့် စုန့်မိသားစုကြီးတစ်ခုလုံးမှာတော့ သူတို့မျိုးဆက်အတွက် ဆယ့်တစ်ယောက်မြောက်သား ဖြစ်တယ်။ အဲ့တာကြောင့် သူ အပြင်ထွက်တဲ့အခါ လူတိုင်းက သူ့ကို စုန့်ရှစ်ယီး (ရှစ်ယီး= နံပါတ်ဆယ့်တစ်)လို့ ခေါ်ကြတယ်။ သူ့မှာ ရိုးသားတဲ့ အကိုကြီးတစ်ယောက်ရှိပြီး ရိုးသားတဲ့ မရီးကောင်းနဲ့ပဲ အိမ်ထောင်ကျခဲ့တယ်။ သူတို့က မိသားစုခွဲပြီးကြပြီဆိုပေမယ့် အကြီးဆုံးမရီးက စတုတ္ထမိသားစုရဲ့အသေးအဖွဲကိစ္စတွေကို ကူညီစောင့်ရှောက်ပေးနေတုန်းပါပဲ။ သူတို့အားလုံးက ခြံဝင်းကျယ်ကြီးထဲမှာ အတူတကွ နေထိုင်နေကြတာကြောင့် အလုပ်များတဲ့နေ့တွေမှာဆိုရင် လူဝင်လူထွက် များပြီး တက်ကြွလွန်းတယ်။

ကျိုးမျိုးရိုးကောင်လေး ရောက်လာကြောင်း ကြားသောအခါ ဖန့်ရှီတစ်ယောက် သက်ပြင်းချမိပြန်သည်။

ကျိုးမိသားစုမှ ထိုလူငယ်လေးက ကျိုးမိသားစု၏ မွေးစားသား ဖြစ်ပြီး ကျိုးလောင်စန်းက ထိုကလေးကို ဘယ်ကရလာမှန်း မည်သူမျှ မသိကြပေ။ ကလေးနှင့်အတူ ငွေအမြောက်အမြား ပါလာခဲ့ပြီး ထိုကလေး၏ရောက်ရှိလာမှုက လျို့ဝှက်ဆန်းကြယ်သည်ဟုသာ သတ်မှတ်နိုင်သည်။ ထိုကလေး ကျိုးမိသားစုသို့ ရောက်လာချိန်တွင် သူ၏အသက်က တစ်နှစ်ကျော်သာ ရှိသေးပြီး သူက တင့်တယ်ကာ အလွန်ကြည့်ကောင်းသူ ဖြစ်ခဲ့သည်။ ထို့အပြင် နောက်နှစ်တွင် ကျိုးမိသားစုက ရွာသူကြီး၏အိမ်နှင့် ထပ်တူနီးပါးတူညီသည့် အထင်ကြီးအားကျဖွယ် အုတ်အိမ်ကြီးတစ်လုံးကို ဆောက်လုပ်နိုင်ခဲ့သည်။ သို့သော်လည်း ကလေးရောက်လာပြီး ငါးနှစ် ခြောက်နှစ်ခန့် အကြာတွင် ကျိုးမိသားစုက အကြောင်းအရင်းမရှိ ပြောင်းလဲသွားပြီး ကလေးကို ကောင်းကောင်း မဆက်ဆံကြတော့ပေ။

အမှန်တကယ်တွင် "ကောင်းကောင်း မဆက်ဆံကြဘူး"ဟူသော စကားစုက အတော်လေး သွယ်ဝိုက်ပြောဆိုခြင်းဖြစ်ပြီး ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောရလျှင် အစပိုင်း၌ ထိုကလေးကို အလေးအနက်ထား စောင့်ရှောက်ခဲ့သော်လည်း ကလေးက အလုပ်တစ်ခုခု လုပ်နိုင်လာသည့်အခါ သူ့ကို အပြင်လူတစ်ယောက်အနေဖြင့်သာ ဆက်ဆံကြတော့သည်။  ကျိုးမိသားစု၏သားသမီးများဖြစ်သော ကလေးများ ခန်(အပူပေးကုတင်)ပေါ်၌ အဆာပြေစာ စားနေချန်တွင် ထိုကလေးက ကောက်ရိုးဘောင်များကို ထမ်းရပြီး ဝက်စာအတွက် မြက်ရိတ်ရန် အပြင်ဘက်တွင် ပြေးလွှားနေရသည်။

လူတိုင်းက ကျိုးလောင်စန်း၏ တစ်ပိုင်းတစ်စ ပါဝင်မှုကို  သိ‌နေကြသော်လည်း ဝင်ပြောရန်လည်း ခက်ခဲနေပြန်သည်။ နောက်ဆုံးတွင် သူတို့က ထိုကလေးကို သူတို့အိမ်သို့ ခေါ်ဆောင်လာခဲ့ပြီး ကလေးကလည်း သူတို့ကို အဖေနှင့်အမေဟု ခေါ်နေခဲ့သည်။

ထိုကလေးက လူတိုင်း၏မျက်စိရှေ့တွင် ကြီးပြင်းလာခဲ့ပြီး ယခုအခါ သူက အသက်ဆယ့်ခုနစ်နှစ်ရှိနေပြီ ဖြစ်သည်။ ရွာတွင် အများအားဖြင့် အသက်ဆယ့်လေးနှစ် သို့မဟုတ် ဆယ့်ငါးနှစ်အရွယ်ကလေးများကို စတင်စေ့စပ်နေပြီ ဖြစ်သော်လည်း ယခု အသက်ဆယ့်ခုနစ်နှစ်ပြည့်ပြီးနေပြီ ဖြစ်သော ကျိုးထျဲကျူး၏ အိမ်ထောင်ရေးနှင့်ပတ်သက်၍ သတင်းတစ်စုံတစ်ရာ မရှိသေးပေ။

(T/N : ကျိုးထျဲကျူးဆိုတဲ့ နာမည်က ပြီးစလွယ်ပေးထားတဲ့ နံမည်ပါ။ ထျဲကျူးဆိုတာ သံချောင်းဆိုတဲ့ အဓိပ္ပါယ်ပါ)

သို့သော်လည်း အမှန်တကယ်တွင် ထိုအရာက အဆိုးဆုံး မဟုတ်သေးပေ။ အမှန်စင်စစ် ပြသာနာက ယခုနှစ်တွင် မြောက်ပိုင်း၌ နောက်ထပ်စစ်ပွဲတစ်ခု ကြုံနေရပြီး စစ်မှုထမ်းရန် လူခေါ်ခြင်းမှ စတင်ခဲ့သည်။ မိသားစုတိုင်းမှ အမျိုးသားတစ်ဦးက စစ်မှုတမ်းရမည်ဖြစ်ပြီး ရှောင်လွှဲချင်လျှင် အစားထိုးရှာဖွေရန် ငွေကြေးပေးဆောင်ရမည် ဖြစ်သည်။ စုန့်တင်းရှန်းတို့မိသားစုက ငွေဆယ်ချောင်းပေးခဲ့ပြီး မည်သူကိုမျှ စစ်မှုထမ်းရန် မလွှတ်ခဲ့ပေ။

သို့သော်လည်း ကျိုးလောင်စန်း၏မိသားစုဘက်တွင် သူတို့က အစိမ်းရောင် အုတ်အိမ်ကြီးတွင် နေထိုင်ကြပြီး စားကောင်းသောက်ဖွယ်များကို စားသောက်နိုင်ကြသည်။ သူတို့က ငွေဆယ်ချောင်းကို မတတ်နိုင်ခြင်း မဟုတ်သော်လည်း ကျိုးထျဲကျူး၏အမည်ကို စာရင်းသွင်းလိုက်ကြသည်။

ထို့ကြောင့် လာမည့်နွေဦးပေါက်ရောက်သည်နှင့် ကျိုးထျဲကျူးက စစ်တပ်နှင့်အတူ ထွက်ခွာရတော့မည် ဖြစ်သည်။

ဤအရေးကြးသော အခိုက်အတန့်တွင် စုန့်တင်းရှန်းက ကြံစည်ခံခဲ့ရပြီး ဒုက္ခတောထဲကို ပြေးဝင်ရတော့မလို ဖြစ်နေခဲ့သည်။

ဟဲခို့ရွာကို ဟဲခို့ကျေးရွာဟု ခေါ်ဆိုရခြင်းမှာ ရွာနှင့်မနီးမဝေးတွင် မြစ်ငယ်လေးတစ်ခုရှိပြီး ဤမြစ်က ရွာသူရွာသားများအတွက် စိုက်ပျိုးရေကို ပေးရုံသာမက ရွာသားများ မကြာခဏ ရေချိုး၊ လျှော်ဖွပ်ကြသည့် နေရာလည်း ဖြစ်သည်။ ရာသီဥတု အေးလာသော်လည်း မြစ်ရေက အလွန်အကျွံ မအေးသေးပေ။ ရာသီဥတုသာယာနေလျှင် ရွာထဲရှိ မိန်းကလေးများနှင့် အိမ်ထောင်ရှင်မများက အဝတ်လျှော်ရန် မြစ်ကမ်းဘေးတွင် စုဝေးနေလေ့ရှိကြသည်။

မူရင်းစုန့်တင်းရှန်းလည်း ထိုမြစ်ကမ်းဘေးတွင် အဝတ်လျှော်လာသည်မှာ နှစ်အတော်ကြာနေပြီ ဖြစ်ပြီး သူမက မည်သည့်မတော်တဆမှုမှ မကြုံဖူးခဲ့ပေ။ သို့သော်လည်း ထိုနေ့တွင် သူမက အကြောင်းတစ်ခုခုကြောင့် မြစ်ထဲ ရုတ်တရက် ပြုတ်ကျသွားခဲ့သည်။ အမှန်တကယ်တွင် မြစ်ထဲသို့ ရုတ်တရက် ပြုတ်ကျသွားခြင်းက အခြားသူများ မြင်လိုက်သောမြင်ကွင်းသာဖြစ်ပြီး သူမ၏ ပဉ္စမဝမ်းကွဲတော်စပ်သော ညီမဖြစ်သူ၏ အနည်းငယ် ကျေနပ်သော အပြုံးက စုန့်တင်းရှန်း၏စိတ်ထဲတွင် ထပ်ခါတလဲလဲ ပေါ်လာနေသည်။

အမှန်တကယ်တွင် စုန့်တင်းရှန်း၏ပဉ္စမဝမ်းကွဲညီမက သူမ၏ခါးကို ဆွဲလိမ်လိုက်သောကြောင့် သူမ၏ ခန္ဓာကိုယ်က ယိုင်သွားကာ မြစ်ထဲသို့ ခြေချော်ကျသွားခြင်း ဖြစ်သည်။ ထို့နောက် ကျိုးမိသားစုမှ လူငယ်လေးက သူမကို ကယ်တင်ပေးခဲ့သည်။ သို့သော် ထိုမြင်ကွင်းကို မည်သူမျှ မမြင်လိုက်ပေ။ စုန့်တင်းရှန်းက ဖြစ်ပျက်သည်မှာ မရှင်းပြနိုင်သေးခင်မှာပင် ရှမိသားစုက စေ့စပ်ထိမ်းမြားမှုကို ဖြတ်တောက်ခဲ့ပြီး  သူမက ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချခဲ့သည်။

ထိုအဖြစ်အပျက်တွင် ထူးထူးခြားခြား တိုင်ဆိုင်မှုများ အများအပြား ရှိနေခဲ့ပြီး စုန့်တင်းရှန်း တွန်းချခံရပြီး မြစ်ထဲကို ပြုတ်ကျသွားချိန်တွင် ကျိုးမိသားစုမှ လူငယ်လေးက တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ထင်းခုတ်ရာမှ ပြန်လာပြီး အနီးနားတွင် ရှိနေကာ သူမကို ကယ်တင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပို၍တိုက်ဆိုင်နေသည်မှာ ကျိုးမိသားစုမှ လူငယ်လေးက  စေ့စပ်နိုင်သေးခြင်း မရှိသလို ပဉ္စမဝမ်းကွဲဖြစ်သူကလည်း စေ့စပ်ရသေးခြင်း မရှိပေ။

နောက်ဆုံးတွင် လွန်ခဲ့သည့်ရက်အနည်းငယ်က ရှမိသားစုက စုန့်တင်းရှန်းကို ပြစ်တင်ဝေဖန်ပြီး  စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုက်သည်။ အခြေအနေတစ်ခုလုံးက သံသယဝင်ရန် ပြည့်စုံနေပြီး လက်ရှိစုန့်တင်းရှန်းအတွက် သံသယမဝင်ရန် မဖြစ်နိုင်ပေ။

သူမထံတွင် ပါးနပ်ပြီး လျှင်မြန်စွာ သုံးသပ်နိုင်သော ဦးနှောက် မရှိခဲ့လျှင် သူမက ငယ်ငယ်ရွယ်ရွယ်ဖြင့် မိသားစု၏လုပ်ငန်းတစ်ခုလုံးကို ဦးဆောင်နိုင်မည် မဟုတ်သလို အငယ်များကို ထောက်ပံ့နိုင်မည်လည်း မဟုတ်ပေ။

သူမ ထိုအကြောင်းများကို တွေးနေစဥ်မှာပင် စုန့်ကျစ်ယွမ်က ပျားရည်ပန်းကန်လုံးကို စုန့်တင်းရှန်း၏လက်ထဲသို့ ထည့်ပေးလိုက်ပြီး "အဲ့ကလေးက အာ့နွီအာရဲ့ခန္ဓာကိုယ် ပြန်ကျန်းမာလာဖို့ ကူညီပေးမယ်ဆိုပြီး ယုန်နှစ်ကောင် ယူလာသေးတယ်၊ ငါက ငါတို့မိသားစုက ဝတ်သတ်တာကြောင့် စားဖို့ အသားပြတ်လပ် မနေဘူးလို့ ပြောပေမယ့် အဲ့ကလေးက မထွက်သွားသေးဘူး... အဲ့ကလေးက ဘာကို တွေးနေတာလဲ?”

ဖန့်ရှိက လှောင်ပြောင်ရယ်မောလိုက်သည်။ "သူက ဘာကို စဉ်းစားလို့ ရမှာလဲ? သူက အချောင်ရမယ့်သတို့သမီးနဲ့ လက်ထပ်ချင်တာနေမှာပေါ့၊ အခု သူက အသက်ဆယ့်ခုနစ်နှစ် ရှိနေပြီ။ ကျိုးမိသားစုက သူ့ကို သူတို့ရဲ့ ကလေးလို့တော့ လုံးဝ မသတ်မှတ်တော့ဘူး။ အခု သူက စစ်တပ်အတွက် စစ်မှုထမ်းရတော့မယ်၊ သူ အသက်ရှင်ပြီး ပြန်လာနိုင်ပါ့မလားတောင် မသိဘူး။ တကဘ်တော့ ငါတို့သမီး ဒီလို ဆက်ဆံခံနေရတာက ရှမိသားစုကြောင့်ပဲ၊ အိုက်ယား... ငါ့နှလုံးသားတွေ နာကျင်လိုက်တာ... ရှမိသားစုက လူတွေက တစ်ယောက်မှ လူကောင်းတွေ မဟုတ်ဘူး။ စေ့စပ်တာကို ဖျက်ချင်ရင်လဲ ဖျက်လေ။ ဘာလို့ ငါတို့ သမီးကို ဒီလိုအခေ့အနေရောက်အောင် နှိမ်ချနေရတာလဲ? သူတို့ရဲ့နှလုံးသားတွေက ဘယ်လိုတောင် ရက်စက်နိုင်ရတာလဲ?”

(T/N: ဒီအခန်းမှာ မိသားစုတွေ အကြောင်း နည်းနည်းလေး ရှင်းပြစရာရှိပါတယ်၊ ဘာသာပြန်တွေ ဖတ်နေကြသူတွေအတွက်တော့ သိပြီးသားဖြစ်မှာပါ၊ ဖတ်နေမကြတဲ့သူတွေဆို နည်းနည်းရှုပ်နေမှာ စိုးရိမ်လို့ပါ။ သူတို့ ဓလေ့မှာက မိသားစုတွေ စုပေါင်းနေတဲ့ ဓလေ့ကို ကျင့်သုံးကြတာပါ။ ခြံဝင်းအကျယ်ကြီးမှာ အဆောက်အဦးလေးတွေ အများကြီးဆောက်ပြီး ပင်မခန်း၊ ဘေးခန်း၊ မီးဖို စသည်ဖြင့် ဆောက်ပြီး အတူနေကြတယ်။ စားတော့လည်း တအိုးတည်းချက်ပြုတ် စားသောက်ကြတယ်၊ သမီးတွေ အိမ်ထောင်ပြုရင် တချို့က သွန်လိုက်တဲ့ရေလို့ သတ်မှတ်ပြီး ယောကျာ်းဘက်ကို ထည့်ပေးလိုက်တယ်။ တချို့ကလည်း သူတို့သမီးတွေ တခြားဘက်မှာ အနိုင်ကျင့်ခံရမှာ စိုးရိမ်လို့ ကျောထောက်နောက်ခံအဖြစ် ရှိနေပေးပေမယ့် ငွေရေးကြေးရေး အရှုပ်အရှင်း မရှိတော့ဘူး။ သတို့သမီးလက်ဖွဲ့ကြေးပေးလိုက်ပြီးရင် အိမ်တွေ လယ်တွေ ပိုင်ဆိုင်မှုတွေက သမီးတွေနဲ့ မဆိုင်တော့ဘူး။ သမီးတွေဘက်ကလည်း မိဘတွေကို တနှစ်တခါတော့ လက်ဆောင်ပြန်ယူလာတာကလွဲရင် မိဘတွေကို ပြန်ထောက်ပံ့ပေးဖို့ တာဝန်မရှိတော့ဘူး။ သားတွေဘက်မှာကြတော့ မိဘကို တာဝန်အပြည့်ယူရတယ်။ များသောအားဖြင့် သားတွေ အိမ်ထောင်ကျရင်လည်း မိဘနဲ့ပဲအတူနေရတယ်။ တရားဝင်အိမ်ထောင်စု မခွဲသရွေ့ မိသားစုဝင်တိုင်းရဲ့လုပ်အားခနဲ့ ဝင်ငွေတွေကို မိသားစုခေါင်းဆောင်ဆီကို အကုန်အပ်ရတယ်။ များသောအားဖြင့် အမေပေါ့။ အမေတွေက တအိမ်လုံးရဲ့ဝင်ငွေကို ချုပ်ကိုင်ပြီး စားဖို့ နေဖို့ ပြန်စီစဥ်ပေးကြတယ်။ ရိတ်သိမ်းချိန်ဆိုရင် ချွေးမတွေ သုံးဖို့ ငွေနည်းနည်းလောက် ပြန်ပေးကြတယ်။ မိသားစုချင်း ညီညွတ်နေရင်တော့ ဝိုင်းလုပ်ဝိုင်းစားနဲ ပျော်စရာကောင်းပေမယ့် မိးသားစုတွေ မတည့်ကြရင် မိဘက ဘက်လိုက်တာမျိုး၊ အလုပ်မှာ တွက်ကပ်တာမျိုး။ အစားအစာဝေစုပိုလိုချင်တာမျိုးတွေဖြစ်တက်ကြပြီး ပြသနာတွေ များလာကြတယ်။ တချို့က အဆင်မပြေတဲ့အဆုံး မိသားစု ခွဲကြတယ်။ အဲ့တာဆိုရင် လက်ရှိမိသားစုရဲ့ပိုင်ဆိုင်သမျှကို သင့်တော်သလို ခွဲဝေပေးပြီး နောင်ထပ်တိုးတက်လာတာ ဆုတ်ယုတ်သွားတာတွေက ခွဲသွားတဲ့မိသားစုနဲ့ မဆိုင်တော့ဘူး။ အမွေထပ်တောင်းလို့ မရတော့ဘူးပေါ့။ များသောအားဖြင့်တော့ အတူနေကြတာများကြီး မိသားစုခွဲရရင် မညီညွတ်လို့ ခွဲရတယ်ဆိုပြီး ရှက်စရာလို့ မြင်ကြတယ်။ အရမ်းအမြင်ကျယ်တဲ့ သူတွေကတော့ ပြသနာတွေ မဖြစ်ခင် အရင်ခွဲဝေပေးလိုက်တော့ မောင်နှမတွေ တည့်တယ်ပေါ့။ တချို့ကလည်း မိသားစု ခွဲလိုက်ကြပေမယ့် တည့်နေကြတော့ စီးပွားရေးပဲ ခွဲပြီး တခြံတည်းအတူ နေကြတာမျိုး ရှိကြတယ်။ ဒီမှာလည်း FML တို့မိသားစုက မိသားစုခွဲပြီးပေမယ့် နေတာကတော့ တခြံတည်းနေကြပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမပေးကြတာမျိုးပါ)   

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟