အခန်း ၂ ရှင် ကျွန်မကို လက်ထပ်ချင်တာလား?
စုန့်တင်းရှန်းက လည်ချောင်းခြောက် သက်သာလာစေရန် ပျားရည်အနည်းငယ် သောက်လိုက်ပြီး "အမေ၊ ကျိုးမိသားစုက အဲ့ဒိလူငယ်လေးမှာ အပြစ်မရှိပါဘူး၊ သူက လူကောင်းပါ၊ သူက စေတနာကို ရှေ့ထားပြီး သမီးကို ကူညီပေးခဲ့တာလေ၊ သူများတွေ လျောက်ပြောတဲ့စကားတွေကို လျစ်လျူရှုထားလိုက်ပါ၊ အဲဒါတွေက အရေးမှ မပါတာ”
"အမေကလည်း သူ့အပြစ်လို့ ပြောနေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် သူ့မိသားစုက..." ဖုန့်ရှီက တောင်စဥ်ရေမရ ဆက်ပြောရန် စတင်လာသည်။
စုန့်တင်းရှန်းက အလျင်အမြန် ကြားဖြတ်ကာ "အမေ၊ ဘာလို့ သူ့ကို တွေ့ပြီး သူ ဘာလိုချင်တာလို့ မမေးတာလဲ? အမေ လေကုန်သက်သာတာပေါ့"
"ဘာလို့ သူ့ကို တွေ့ရမှာလဲ?" ဖန့်ရှီက အနည်းငယ် စိတ်မချမ်းမသာ ဖြစ်နေသော်လည်း သမီးဖြစ်သူ၏ညှိုးငယ်သောမျက်နှာကို မြင်ရသောအခါ သူမက သက်ပြင်းချလိုက်ပြီး "မင်းရဲ့စိတ်က အရမ်းပျော့ညံ့လွန်းတယ်၊ ဟုတ်ပါပြီ၊ သူ့ကို အရင် တွေ့ကြည့်မယ်။ တင်းရှန်းအဖေကို ကျိုးမိသားစုက အဲ့ကောင်လေးကို ဝင်လာခိုင်းလိုက်"
စုန့်ကျစ်ယွမ်က အသံထွက်ရုံ တုံ့ပြန်ကာ အခန်းထဲမှ ပြန်ထွက်သွားသည်။
ခဏအကြာတွင် ကျိုးထျဲကျူးက ယုန်ရိုင်းနှစ်ကောင်ကို လက်ဖြင့် ဆွဲကိုင်ကာ ဝင်လာခဲ့သည်။
စုန့်တင်းရှန်းက သူမ၏မျက်လုံးများကို ပင့်၍ မော့လိုက်ပြီးမှ သူမရှေ့မှ အသက်ဆယ့်ခုနစ်နှစ်အရွယ် လူငယ်လေးကို အနီးကပ် ကြည့်ရှူလိုက်သည်။ ကျိုးထျဲကျူးက အတော်လေး အရပ်ရှည်ပြီး မျက်ခုံးကောင်းကာ ဆွဲဆောင်မှုရှိသော အသွင်အပြင်ရှိသော်လည်း ပုံမှန်ထက်ပိန်သည်။ သူ့၏ကြီးထွားဖွံ့ဖြိုးမှုက အစားအသောက် မလုံလောက်သောကြောင့် နောက်ကျနေခြင်း ဖြစ်နိုင်သလို သူ့အသားအရည်ကလည်း အနည်းငယ် အဝါရောင် သန်းနေသေးသည်။ သို့သော်လည်း ဤလူငယ်လေး၏မျက်လုံးများက ကြည်လင်ပြတ်သားနေပြီး အလွန်စဉ်းလဲတတ်သော ကျိုးမိသားစုဝင်များနှင့် မတူပေ။ သူ့၏ကိုယ်နှုတ်အမူအရာအားလုံးတွင် စဥ်းလဲသော အပြုအမူများ မရှိပေ။
"ထိုင်လေ" စုန့်တင်းရှန်းက မြေပြင်ပေါ်ရှိ ခုံတန်းရှည်ကို လက်ညှိုးထိုးပြလိုက်ပြီး "ရှင် ဘာလို့ အဲ့မှာ ရပ်နေတာလဲ?"
ကျိုးထျဲကျူးက အနည်းငယ် စိတ်မသက်မသာဖြစ်နေပုံဖြင့် သူ့နှုတ်ခမ်းများကို ခပ်တင်းတင်းစေ့ထားသော်လည်း ထိုင်ခုံပေါ်တွင် တည်တည်ငြိမ်ငြိမ် ဝင်ထိုင်လိုက်သေးသည်။
သူက အမှန်တကယ်ပင် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်သူ ဖြစ်သည်။ စုန့်တင်းရှန်းက သူမ၏စိတ်ထဲတွင် တစ်ခုခုကို တွေးနေရင်းမှ ဖန့်ရှီကို တစ်ချက်မော့ကြည့်ပြီးနောက် စုန့်ကျစ်ယွမ်ကို လှမ်းကြည့်လိုက်သည်။
တစ်ချက် ကြည့်လိုက်တာနဲ့ သူတို့နှစ်ယောက်ရဲ့သဘောထားကို တော်တော်လေး ရှင်းရှင်းလင်းလင်း သိသာပါတယ်။ သူတို့က ကျိုးထျဲကျူးကို ကလေးကောင်းတစ်ယောက်လို့ တွေးနေကြပေမယ့် ကျိုးမိသားစုနဲ့ ပတ်သတ်နေတာက သူ့အတွက် ကံမကောင်းမှုဖြစ်ပြီး အရာအားလုံးက အလဟသဖြစ်နေခဲ့တယ်။
ဒါပေမယ့် တကယ်တော့...
စုန့်တင်းရှန်းက ရုတ်တရက် ပြုံးလိုက်ပြီးမှ "ကျိုးမိသားစုက အစ်ကိုလေး၊ အခု ကျွန်မ ဘာမှ မဖြစ်တော့ပါဘူး၊ အဲဒီတုန်းက အစ်ကိုလေး ကျွန်မအနားမှာ ရှိနေတာက ဘယ်လောက်ကံကောင်းလိုက်သလဲ? မဟုတ်ရင် ကျွန်မ ဘာဖြစ်နေမယ်ဆိုတာ ကျွန်မ တကယ် မသိနိုင်တော့ဘူး။ ဒါပေမယ့် ရှင် ဘာလို့ ဒီကို ရောက်လာတယ်ဆိုတာကို ကျွန်မ နားမလည်ဘူး"
ဖန့်ရှီက တစ်ခုခု ဝင်ပြောရန် သူမ၏ပါးစပ်ကို ဖွင့်ရန် ပြင်လိုက်သော်လည်း စုန့်တင်းရှန်းက သူမ၏လက်မောင်းကို ညှစ်လိုက်သောကြောင့် သူမ၏ပါးစပ်ကို ပြန်ပိတ်ရုံသာ တက်နိုင်တော့သည်။
ကျိုးထျဲကျူးက သူ့နှုတ်ခမ်းများကို တစ်ဖန်ပြန်ဖိထားလိုက်ပြီး သူ့၏သေးငယ်သော လှုပ်ရှားမှုက သူ့၏အတွင်းစိတ်ထဲမှ ယောက်ယက်ခပ်မှုကို ထုတ်ဖော်ပြသနေသည်။ ခဏအကြာတွင် သူက သူ့အတွေးများကို စုစည်းလိုက်ပြီး သူ့ကိုယ်သူ အားတင်းကာ "ရှမိသားစုက မင်းရဲ့အိမ်ထောင်ရေးကနေ နုတ်ထွက်ပြီး မင်းနဲ့ပတ်သက်တဲ့ မကောင်းကြောင်းတွေကို ပြောခဲ့တာက ငါ့ကြောင့်ပါ။ မင်း..."
"ရှင် ကျွန်မကို လက်ထပ်ချင်နေတာလား?" စုန့်တင်းရှန်းက အလျင်စလို ဖြတ်မေးလိုက်သည်။
မူလကတည်းက စုန့်တင်းရှန်းကို ကြည့်နေသော ကျိုးထျဲကျူးအပါအဝင် ဖန့်ရှီနှင့် စုန့်ကျစ်ယွမ်တို့ နှစ်ယောက်စလုံးက စုန့်တင်းရှန်းကို လှမ်းကြည့်လိုက်ကြသည်။ သူတို့ သုံးယောက်လုံး ထိတ်လန့်သွားသည်မှာ သိသာလှသည်။
“ဘာတွေ ပေါက်ကရပြောနေတာလဲ?” ဖန့်ရှီတစ်ယောက် စိတ်မရှည်နိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
စုန့်တင်းရှန်းက နှစ်ကြိမ်ခန့် ချောင်းဟန့်ကာ သူမ၏လည်ချောင်းကို ရှင်းထုတ်လိုက်ပြီးမှ သူမဘေးရှိ ပန်းကန်လုံးထဲမှ ပျားရည်အနည်းငယ်ကို ယူသောက်လိုက်သည်။ ထို့နောက် သူမက အပြုံးလေးဖြင့် "အဖေ... အမေ၊ အဖေတို့က ဘာတွေ အဲ့လောက် အရမ်းစိုးရိမ်နေတာလဲ? ဒီကိစ္စမှာ ရှမိသားစုက မရိုးမသား လုပ်နေပြီး အခု ကျိုးမိသားစုက အစ်ကိုလေးကို အတွင်းရော အပြင်ပါ ဒုက္ခရောက်အောင် တွန်းအားပေးနေတာပါ။ အမျိုးသမီးတစ်ယောက်ရဲ့ဂုဏ်သိက္ခာက ဘဝနဲ့အမျှ အရေးကြီးတယ်။ သူတို့ ဒီလိုတွေ ဆက်ပြောနေရင် သူတို့ရဲ့ ကောလဟာလတွေကြောင့် ကျွန်မ နောက်နှစ်အနည်းငယ်အတွင်း လက်ထပ်ဖို့ ခက်ခဲသွားလိမ့်မယ်"
"အဲ့လိုဆိုရင်တောင် သမီး ကျိုးမိသားစုထဲကို ဝင်လို့မရဘူး!" ဖန့်ရှီက ထူပူနေပြီး ဖြစ်ကာ သူမ၏သမီး ကျိုးမိသာစုနှင့် ဆက်နွယ်သွားမည်ကို လုံးဝ လက်မခံနိုင်ပေ။
စုန့်တင်းရှန်းက “ဟုတ်ပါတယ်၊ သမီး ကျိုးမိသားစုထဲကို ဝင်မှာ မဟုတ်ဘူး။ ကျိုးမိသားစုက အစ်ကိုငယ်လေး... ရှင်လည်း ဒီအကြောင်းတွေကို နားလည်မှာပါ။ ကျွန်မက အသက်ကြီးတဲ့အထိ လက်မထပ်နိုင်ပဲ အပျိုကြီးဖြစ်သွားမယ် ဆိုရင်တောင် ကျိုးမိသားစုထဲကို ဝင်ဖို့တော့ မဖြစ်နိုင်ဘူး။ ရှင့်ရဲ့မိသားစုက ဘယ်လိုအခြေအနေရှိလဲဆိုတာကို ရှင်လည်း သိပါတယ်။ နောက်နှစ်မှာ ရှင် တပ်ထဲဝင်သွားရင် ကျွန်မက ရှင့်ရဲ့မိသားစုတစ်ခုလုံးကို အလုပ်အကျွေးပြုပြီး ကျန်နေခဲ့ရမှာလား?"
ကျိုးထျဲကျူး၏မျက်နှာက နီရဲသွားပြီး သူ ဘာပြန်ပြောရမှန်း မသိတော့လောက်အောင်ကို ရှက်ရွံနေပုံရသည်။
စုန့်တင်းရှန်းက ဆက်ပြောလိုက်သည်။ "ကျွန်မရဲ့မိဘတွေက ရှင့်ကို လူကောင်းလေးတစ်ယောက်လို့ အမြဲချီးမွမ်းကြတယ်။ ရှင် တစ်ယောက်တည်းဖြစ်နေရင်တောင် ကျွန်မ ရှင့်ကို လက်ထပ်ဖို့ အဆင်ပြေနိုင်သေးတယ်။ ဒါပေမယ့် အခုတော့ မဖြစ်နိုင်ဘူး။ ပြန်ပါတော့၊ နောက်လည်း ဒီကို ထပ်မလာပါနဲ့တော့၊ အခု ကျွန်မရဲ့နာမည်က သိပ်မကောင်းတော့ပေမယ့် ဒီထပ်ပိုဆိုးသွားရင်တော့ အဆင်မပြေဘူးလေ... ဟုတ်တယ်မလား?"
ကျိုးထျဲကျူးက ရုတ်တရက် ထရပ်လိုက်ပြီး ယုန်ကို မြေပြင်ပေါ်ချလိုက်သည်။ သူက ဖန့်ရှီနှင့် စုန့်ကျစ်ယွမ်တို့ကို ဦးညွှတ်ကာ "ငါ နားလည်ပါပြီ၊ ငါ စိတ်မကောင်းပါဘူး။ ငါ...”
သူက တစ်ခုခု ထပ်ပြောချင်ပုံပေါ်နေသော်လည်း စုန့်တင်းရှန်း၏ပြုံးနေသော မျက်နှာကို မြင်သောအခါ သူက ဆက်မပြောတော့ဘဲ နောက်ပြန်လှည့်ကာ ပြေးထွက်သွားတော့သည်။
စုန့်ကျစ်ယွမ်က ယုန်ကို အမြန်ကောက်ကိုင်လိုက်ပြီး သူ့နောက်ကို လိုက်သွားခဲ့သည်။
သူတို့က ဒီကလေးအပေါ်ကို အခွင့်ကောင်း မယူနိုင်ပါဘူး၊ ဒီယုန်လေးတွေက သေးသေးလေးတွေဆိုရင်တောင်မှ အသားရှိသေးတာပဲလေ။
ကျိုးထျဲကျူး ထွက်သွားပြီးနောက် ဖန့်ရှီက သက်ပြင်းတစ်ချက်ချလိုက်ရင်း “သူက အရမ်းတော်တဲ့ ကလေးတစ်ယောက်ပဲ၊ ဒါပေမယ့် ဘာလို့ ကျိုးမိသားစုမှာ ဒီလိုဘဝမျိုးနဲ့ နေနေရတာလဲ? သူ တစ်ယောက်တည်းနေပြီး မင်းကို လက်ထပ်ချင်ရင်တောင် အမေမင်းကို မတားဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့မိသားစုက မင်းတို့ကို ထောက်ပံ့ပေးနိုင်တယ်၊ ဒါပေမယ့် ကျိုးမိသားစု... အဲဒါကို မေ့လိုက်ကြရအောင်၊ ငါ့သမီး အိမ်ထောင်မပြုနိုင်ရင်တောင် အဲဒီမျက်လုံးဖြူဝံပုလွေဆီမှာ အစေခံခိုင်းမှာ မဟုတ်ဘူး"
သူမထံတွင် ခေတ်မီသော အတွေးအခေါ်များ ရှိနေသောကြောင့် ထို့သို့ ပြောနေခြင်း မဟုတ်ဘဲ သူမ၏သမီးအတွက် စိတ်မကောင်းဖြစ်မိသောကြောင့် သူမ၏သမီးလေးက ဆိုးရွားသောမိသားစုနှင့် လက်ထပ်ပြီး ထိုအကျိုးဆက်ကို ခံစားရခြင်းထက် သူမ၏သမီးလေးကို သူမကိုယ်တိုင် ပြုစုပျိုးထောင်ခြင်းက ပိုကောင်းသည်ဟု သူမ တွေးနေခြင်း ဖြစ်သည်။
စုန့်ကျစ်ယွမ်၏အတွေးများအရ သူမဘဝ၏အကောင်းဆုံး ဆုံးဖြတ်ချက်မှာ စုန့်ကျစ်ယွမ်ကို လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ စုန့်ကျစ်ယွမ်က ကြမ်းတမ်းသန်မာသည့် သားသတ်သမားဖြစ်သော်လည်း ဤလူက မိသားစုနှစ်ဘက်လုံးရှိ သက်ကြီးရွယ်အိုများကို လေးစားကာ သားသမီးဝတ္တရား ကျေပွန်သူ ဖြစ်သည်။ ထို့အပြင် သူက ဇနီးနှင့် သားသမီးများကို ချစ်တတ်သူဖြစ်ကာ အိမ်၏အတွင်းအပြင် အရာအားလုံးကို ဂရုစိုက်တက်သော ဖခင်ကောင်း ဖြစ်သည်။
“မင်း လက်ထပ်မယ်ဆိုရင် မင်းအဖေလိုလူနဲ့ လက်ထပ်ရမယ်။ မင်းအဖေလို တစ်စုံတစ်ယောက်က လမ်းပြပေးနေမှတော့ အမေရဲ့မျက်လုံးထဲမှာ တခြားလူတွေကို မမြင်နိုင်တော့ဘူး..."
ဖန့်ရှီက သူမ စုန့်ကျစ်ယွမ်ကဲ့သို့ ငဲ့ညှာတက်သော လူအား လက်ထပ်ခဲ့ရပြီး မိသားစုကို ဦးဆောင်ခွင့်ရသည့်အတွက် ကံကောင်းလွန်းသည်ဟု အမြဲခံစားခဲ့ရပြီး သူမ၏သမီး အဘယ်ကြောင့် ဒုက္ခရောက်နေသည်ကို နားမလည်နိုင်ပေ။
စုန့်တင်းရှန်း၏အစ်မကလည်း ကောင်းမွန်စွာ အိမ်ထောင်ပြုနိုင်ခဲ့ပြီး သူမ၏ယောက္ခမက အနည်းငယ် တွန့်တိုတက်သော်လည်း သူမကိုတော့ ပြဿနာ မရှာပေ။ သူမက ကလေးတစ်ယောက်ရနေပြီဖြစ်ကာ ကလေးကို ပြုစုစောင့်ရှောက်ရန်သာ တာဝန် ယူရသည်။ သူမ၏ယောက်ျားကလည်း ယောက်ျားကောင်းဖြစ်ပြီး သူ ကိုယ်တိုင်ကလည်း စိတ်နှလုံးကောင်းရှိပြီး အလုပ်ကြိုးစားသူဖြစ်သည်။
“မင်းရဲ့အစ်မ အိမ်ထောင်ကျတာ နှစ်နှစ်ရှိပြီ၊ ဘာဒုက္ခမှ မကြုံဖူးဘူး။ အိုက်ယား... မင်း အလှည့်ကျမှ ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ?"
စုန့်တင်းရှန်းက ဖန့်ရှီကို နှစ်သိမ့်ပေးလိုက်သည်။ "အမေ၊ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းတွေက တစ်ခုနဲ့တစ်ခု အပြန်အလှန် မှီတည်နေတယ်လို့ ပြောကြတယ်၊ လူတွေအားလုံးက ဒီကံဆိုးကံကောင်းတွေကို မျှဝေခံစားကြရတယ်၊ အနာဂတ်မှာ ဘယ်လိုကံကြမ္မာနဲ့ ကံကောင်းခြင်းတွေရှိလာမယ် ဆိုတာကို ဘယ်သူက ကြိုသိနိုင်လို့လဲ? ကျိုးမိသားစုက လူငယ်လေးက လူကောင်းလေးပါ၊ ဒါပေမယ့် သူက မွေးစားသားမို့ ဆိုးဆိုးရွားရွား ဆက်ဆံခံရတယ်လို့ အမေ ပြောခဲ့တယ်မဟုတ်ဖူးလား? သူ တကယ်လို့ သူ့ဘာသာသူ ရပ်တည်နိုင်ရင် ကျိုးမိသားစုကနေ ထွက်ဖို့ ကြိုးစားသင့်တယ်။ သူ ဒါကို လုပ်နိုင်သရွေ့ ကျွန်မ သူ့ကို လက်ထပ်ဖို့က ပြဿနာ မဟုတ်တော့ဘူး။ သူ အောင်မြင်လာတာနဲ့အမျှ တိုင်းပြည်တဝှမ်းက လူတွေက သူ့ကျောရိုးကို ကွေးလောက်အောင် နှိမ့်ချနိုင်တော့မှာ မဟုတ်ဘူး။ အခု ကျိုးမိသားစုကိုပဲ ကြည့်ပြီး သူ့ကို နှိမ့်ချနေမှာလား?"
"အိုး၊ အဲ့လို ပေါ့ပေါ့ပါးပါး ပြောလို့ မရဘူး။ နောက်ဆုံးတော့ ကျိုးမိသားစုက သူ့ကို ကျွေးမွေးလာတာ ကြာနေပြီ၊ ကိစ္စတွေက ကြီးထွားလာပြီး အနီးနားက လူတွေ အားလုံးက စကားစပြောလာရင် ပြဿနာအကြီးကြီး ဖြစ်သွားနိုင်တယ်" ဖန့်ရှီက သူမလက်ကို အမြန်ဝှေ့ယမ်းကာ ငြင်းဆန်လိုက်သည်။
စုန့်တင်းရှန်းက သူမပါးစပ်ကို ဖုံးအုပ်ကာ တိုးတိုးလေး ရယ်မောလိုက်ပြီး "အမေ၊ ကျိူးမိသားစုက လူငယ်လေးက သူတို့နဲ့ တကယ်အဆက်အသွယ်ဖြတ်နိုင်ရင် သူ့ကို သဘောတူမှာလား?"
ဖန့်ရှီက အံ့အားသင့်သွားကာ သူမလည်း ထိုအကြောင်းကို သေသေချာချာ စဉ်းစားနေပြီးမှ ခေါင်းကို ခါယမ်းလိုက်ကာ "ကျိုးမိသားစု ဘယ်လို ချမ်းသာလာတယ်လို့ မင်း ထင်လဲ? သူတို့က အဲ့ကလေးကို ပြန်ခေါ်လာလို့ မဟုတ်ဘူးလား? မဟုတ်ရင် သူတို့မိသားစုက ကြွေပြားတွေပါတဲ့ အိမ်ကြီးတစ်လုံးဆောက်ပြီး သူတို့သားနှစ်ယောက်ကို ပညာသင်ကြားနိုင်ပေးနိုင်ပါ့မလား? ကျိုးမိသားစုက ဒီကောင်လေးကို ဒီကို ခေါ်လာတုန်းက သူ့မှာ ငွေတွေအများကြီး ပါလာတယ် ထင်တယ်။ တကယ်တော့ သူက အစပိုင်းမှာ နှစ်အနည်းငယ်လောက် ကောင်းကောင်းနေထိုင်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ဘာဖြစ်သွားမှန်း မသိတော့ဘူး..."
"သမီးအထင်တော့ အစ်ကိုလေးကျိုးရဲ့ ဆွေမျိုးတွေက သူ့ကို တွေ့ဖို့ မလာတော့တာ၊ ဒါမှမဟုတ် သူ့အကြောင်းကို ထပ်မမေးတော့တာမျိုး ဖြစ်နိုင်တယ်။ အဲ့တာကြောင့် ဘာမှ မရနိုင်တော့ဘဲ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာက မထိုက်တန်ဘူးလို့ ခံစားရတာ ဖြစ်မယ်"
ထိုအရာက အကြောင်းပြချက်ဖြစ်ကြောင်း စုန့်တင်းရှန်း ခံစားလိုက်ရသည်။ မဟုတ်လျှင် ကျိုးမိသားစုက ကျိုးထျဲကျူးကို ထိုမျှလောက်ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမည် မဟုတ်ပေ။
ဖန့်ရှီက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။ "ငါတို့ အဲ့ဒါကိုလည်း တွေးပြီးနေပြီ။ ဒါပေမယ့် ပြောဖို့ ခက်နေသေးတယ်... အဲ့ကလေးက ကျိုးမိသားစုကနေ ခွဲထွက်ဖို့ စိတ်ပိုင်းဖြတ်ထားရင်တောင် စဉ်းစားဖို့ မဖြစ်နိုင်သေးဘူး။ အနာဂတ်မှာ သူက စစ်တပ်ထဲကို ဝင်ရတော့မှာ၊ မင်းက ငယ်သေးတယ်လေ... သူ ပြန်မလာနိုင်ရင် မင်း ဘယ်လိုလုပ်မလဲ?... အဲ့တာက အန္တရယ်များလွန်းတယ်"
ထို့သို့တွေးမိသည်နှင့်တပြိုင်နက် ဖန့်ရှီက စိတ်ပူလာပြန်သည်။
စုန့်တင်းရှန်းက "ကျွန်မတို့က အခုလို အခြေအနေမျိုး ဖြစ်နေပြီ၊ နည်းနည်းပိုဆိုးသွားရင်တောင် အများကြီးကွာခြားသွားမှာ မဟုတ်တော့ပါဘူး။ တကယ်တော့ ကျိုးမိသားစုက ဒီအစ်ကိုငယ်လေးက ရင်းနှီးမြှပ်နှံဖို့ ထိုက်တန်တယ်လို့ ကျွန်မ ထင်တယ်။ ဟုတ်တယ်.... သူက တကယ်ကို စဥ်းစားဖို့ သင့်တော်တယ်၊ နှစ်အနည်းငယ်ကြာလို့ သူ အမှုထမ်းပြီး ပြန်လာရင် ငွေနည်းနည်းလောက် ပြန်ယူလာလိမ့်မယ်၊ သူက အခု ငယ်ရွယ်သေးပြီး အနာဂတ်က အဝေးကြီး ရှိပါသေးတယ်။ သမီးလည်း အခုမှ အသက်ဆယ့်လေးနှစ်ပဲရှိသေးတာလေ။ ဒါကြောင့် လေးငါးနှစ်လောက် နှောင့်နှေးနေရင်တောင် စိတ်ပူစရာ မရှိပါဘူး”
ဖန့်ရှီက ခဏလောက် စဉ်းစားနေပြီးမှ သူမ၏သမီးကို အံ့သြတကြီး စိုက်ကြည့်နေသည်။ “အာ့နွီအာ ဒီအတောအတွင်း မင်း အရင်ကနဲ့ နည်းနည်း ကွဲပြားနေတယ်။ ဘာလို့ ဒီလိုစကားမျိုးတွေ ပြောနေရတာလဲ? မင်း အရင်က ဒီလို စကားမျိုးတွေ မပြောဖူးပါဘူး..."
ဘာပဲဖြစ်ဖြစ် စုန့်တင်းရှန်းက ဆယ့်လေးနှစ်ပဲ ရှိသေးတာလေ။ သူမလို ကောင်မလေးက ဘာလို့ အဝေးကြီးအထိ စိတ်ပူနေနိုင်တာလဲ?
သို့သော်လည်း ယခုလက်ရှိ စုန့်တင်းရှန်းက နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သူ ဖြစ်ပြီး သူမ မမြင်ဖူးသော အရာ မကြားဖူးသော အရာက မရှိသလောက်ပင်။ ဤကဲ့သို့သော အခြေအနေမျိုးက သူမအတွက် တိုက်ပွဲငယ်တစ်ခုမျှသာဖြစ်ပြီး သူမအတွက် အမှန်တကယ် ပြဿနာ မဖြစ်လာနိုင်ပေ။
"အမေ၊ ဒါကို သမီးအကြောင်းကို သိသွားပြီပေါ့" စုန့်တင်းရှန်းက ဖန့်ရှီကို စိုက်ကြည့်နေရင်း သူမ၏လက်ကို မြှောက်ကာ ဖန့်ရှီ၏လက်မောင်းကို ကလေးလေးလို တွဲခိုလိုက်ပြီး "သမီးလည်း တချို့အရာတွေကို သင်ယူပြီးပါပြီ၊ အသေးအဖွဲကိစ္စတွေအတွက်နဲ့ ဘာလို့ စိတ်ရှုပ်ခံနေရမှာလဲ? မိသားစုနဲ့အတူ ကောင်းကောင်းနေနိုင်သရွေ့ အရာအားလုံးက အဆင်ပြေနေလိမ့်မယ်"
ဖန့်ရှီက မူလကတည်းက ပေါ့ပေါ့ပါးပါး နေတတ်သူဖြစ်ပြီး သူမ၏သမီးလေးက ချစ်စဖွယ် ပြုမူလာသည်ကို မြင်လိုက်သောကြောင့် သူမ၏အတွေးများအားလုံး ပျောက်သွားရသည်။ သူမက သူမ၏လက်ကို မြှောက်လိုက်ပြီး စုန့်တင်းရှန်း၏ခေါင်းလေးကို ကိုင်က "သမီး စဉ်းစားတက်လာတာ ကောင်းတယ်။ မင်းကို ရှမိသားစုနဲ့ စေ့စပ်ပေးတုန်းက မင်းရဲ့အသက်က ဆယ့်လေးနှစ်ပဲရှိသေးတာကြောင့် အရမ်းငယ်လို့ လက်မထပ်ခင် ဆယ့်ခြောက်နှစ်ပြည့်တဲ့အထိ စောင့်ရမယ်လို့ အမေတို့ ပြောခဲ့သေးတယ်။ အခု စေ့စပ်ထားတာ တစ်နှစ်တောင် မပြည့်သေးဘူး... ဒီမိသားစုက လူကောင်းတွေ မဟုတ်ဘူးလို့ အမေ ထင်တယ်၊ သူတို့ စာတွေ ဖတ်ထာတာ အလကားပဲ"
ဖန့်ရှီနှင့် စုန့်ကျစ်ယွမ်တို့တွင် ကလေးငါးယောက်ရှိပြီး စုန့်တင်းရှန်းတွင် အစ်ကိုကြီးတစ်ယောက်၊ အစ်မတစ်ယောက်နှင့် မောင်ငယ်လေးနှစ်ယောက် ရှိသည်။ သူမ၏အစ်ကိုဖြစ်သူ စုန့်ကျွင်းရှန်က ယခုအခါ ဝက်များကို စုဆောင်းသတ်ဖြတ်ရန် စုန့်ကျစ်ယွမ်၏နောက်သို့ လိုက်နေတက်ပြီး ထိုအလုပ်ကို ကျွမ်းကျင်စွာ လုပ်ကိုင်နေပြီ ဖြစ်သည်။ သူမ၏ယောင်းမက သာမာန်ပုံပန်းသွင်ပြင်သာ ရှိပြီး အနည်းငယ် တုံးအပုံရသော်လည်း သူမက အလုပ်ကြိုးစားသူ ဖြစ်သည်။ သူတို့၏ ကလေးနှစ်ယောက်စလုံးက အသက်သုံးနှစ်ပတ်ဝန်းကျင်သာ ရှိကြပြီး များသောအားဖြင့် အဘိုး၊အဘွားနှင့် အတူနေလေ့ရှိကြသည်။ သူမ၏အစ်မ စုန့်ကျောင်းရှင်းက မနီးမဝေးတွင်ရှိသော ရွာတစ်ရွာမှ မိသားစုတွင် အိမ်ထောင်ကျခဲ့ပြီး သူမ ဆန္ဒရှိသည့်အချိန်တိုင်း အလွယ်တကူ ပြန်လာနိုင်သည်။
သူမ၏အောက်မှ မောင်ငယ်နှစ်ယောက်တွင် တစ်ယောက်က အသက်ဆယ့်တစ်နှစ်နှင့် နောက်တစ်ယောက်က ခုနစ်နှစ်ရှိပြီ ဖြစ်ကာ ဆော့ကစားနိုင်သည့်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း စုန့်မိသားစုတွင် ဆရာကောင်းများ ရှိနေသောကြောင့် ကလေးနှစ်ဦးက ကောင်းမွန်စွာ ကြီးပြင်းလာကာ ယခုအခါတွင် စောစောစီးစီး သင်ယူတတ်မြောက်နေပြီ ဖြစ်သည်။ သူတို့က ဝက်စာမြက်များကို ရှာဖွေခြင်း၊ ထင်းခုတ်ခြင်း၊ ဝက်နှင့် ကြက်များကို အစာကျွေးခြင်း စသည့် အလုပ်များတွင် ကူညီပေးတက်ကြပြီး အားလပ်နေလျှင် သူတို့၏အဖိုးထံမှ စကားလုံး အနည်းငယ်ကို သင်ယူတက်ကြသည်။ သူတို့က အမှန်တကယ် သွက်လပ်တက်ကြွကာ ဥာဏ်ရည်လည်း ထက်မြတ်ကြသည်။
သူတို့မိသားစုက အတူတူနေထိုင်ကြသော်လည်း အိမ်ထောင်စုခွဲခွာခြင်းကြောင့် အိမ်အသစ်အတွက် နေရာ တောင်းလိုက်ကြသည်။ စုန့်ကျစ်ယွမ်က မြေကွက်ကို ပြန်လည်မွမ်းမံပြီး ခိုင်ခံ့သော အုတ်အိမ်နှစ်လုံးကို ဆောက်လုပ်ခဲ့သည့်အပြင် ဝက်ခြံကြီးတစ်ခုပါ တည်ဆောက်ကာ ဝက်ဆယ်ကောင်ကျော် မွေးမြူထားခဲ့သည်။ သူတို့၏နေ့စဥ် အိမ်မှုကိစ္စများနှင့် လယ်ယာအလုပ်များ အပြင် ဤဝက်ဆယ်ကောင်ကျော်ကို စောင့်ရှောက်ရသေးသည်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် ထိုအရာများက ငွေများသာ ဖြစ်ပြီး ၎င်းတို့ကို မွေးမြူကာ စျေးကွက်ပေါက်ဈေးဖြင့် ရောင်းချခြင်းက စုန့်ကျစ်ယွမ်အတွက် ငွေအစစ်ဖြစ်လာစေသည်။
ရက်သတ္တပတ်များစွာတွင် စုန့်ကျစ်ယွမ်နှင့် သူ့၏သားအကြီးဆုံးတို့က ထိုနေရာတွင် အလှည့်ကျနေထိုင်ကြပြီး ဝက်များကို ကြည့်ရှုစောင့်ရှောက်ကြသည်။ ကလေးများက ဝက်စာမြက်များကို စုဆောင်းပေူနိုင်ပြီး ဝက်စာရောစပ်နည်းကိုလည်း သိကြသည်။ သူတို့အားလုံးက အလွန်ပင် လုံ့လဝီရိယရှိကြပြီး ရွာမှ လူများက စုန့်မိသားစုအကြောင်းပြောကြသည့်အခါ လူအများက သူတို့ကို အလွန်သဘောကျကြသည်။
စုန့်တင်းရှန်းက သူမအတွက် နှစ်လရှည်ကြာ ပျောက်ဆုံးနေခဲ့သော မိသားစု၏ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို ဤနေရာတွင် ပြန်လည်တွေ့ရှိခဲ့ရသည်။
ဒါက သူမအတွက် မိုးကောင်းကင်ကပေးတဲ့ လျော်ကြေးလို့ သူမ အမြဲခံစားနေရတယ်။ ဖန့်ရှီက သူမကို တစ်နေကုန် စကားပြောနေရင်တောင် သူမ ကျေနပ်နေအုံးမှာပါပဲ။ အခု ဖန့်ရှီက သူမကို ရင်ခွင်ထဲမှာ ဖက်ထားတာကြောင့် သူမ အရမ်းပျော်ရွှင်နေမိတယ်။
ဖန့်ရှီက သူမ၏သမီးလေး ခဏတာ နွေးထွေးစေရန် ပွေ့ဖက်ပေးလိုက်ပြီးမှ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "သမီး ဒီလိုပြောမှပဲ သတိရတော့တယ်။ သမီးက အမြဲတမ်း တည်ငြိမ်နေတာလေ၊ ဘယ်လိုလုပ်ပြီး မြစ်ထဲကို ပြုတ်ကျရတာလဲ?"
စုန့်တင်းရှန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ သူမ၏ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ်ဖြစ်အောင် ပြန်ပြင်ကာ ဖန့်ရှီဘက်သို့ လှမ်းကြည့်လိုက်ရင်း "အမေ၊ ကျွန်မဘာသာကျွန်မ မြစ်ထဲကို ပြုတ်ကျခဲ့တာ မဟုတ်ပါဘူး... တစ်စုံတစ်ယောက်က ကျွန်မကို တွန်းချလိုက်တာပါ"
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟