အခန်း ၃ ကျိုးမိသားစုမှာ ဆူညံနေပြီ
ထိုစကားကို ကြားသောအခါ ဖန့်ရှီက "ဘယ်သူလဲ၊ ဘယ်သူက သမီးကို တွန်းလိုက်တာလဲ? ဘယ် အရှက်မဲ့တဲ့ ဂြိုလ်ဆိုးက ငါ့သမီးကို တွန်းထုတ်ဝံ့ရတာလဲ?"
"အမေ၊ အမေ!" စုန့်တင်းရှန်းက အပြင်သို့ ပြေးထွက်လုနီးပါးဖြစ်နေသော ဖန့်ရှီကို အလျင်အမြန် ဆွဲထားလိုက်ပြီး "အမေ စိတ်မလောပါနဲ့၊ သမီးမှာ ဒီကိစ္စအတွက် လက်ဆုပ်လက်ကိုင် ပြနိုင်တာ မရှိဘူးလေ၊ ဘယ်သူကရော သူလုပ်ပါတယ်လို့ အလွယ်တကူ ဝန်ခံမှာလဲ? ဒါပေမယ့် ဒီကိစ္စမှာ အဖြစ်အပျက်တွေက တိုက်ဆိုင်လွန်းနေတယ်လို့ သမီး ထင်တယ် ...အမေ ၊ မလောပါနဲ့၊ စောင့်ကြည့်ကြတာပေါ့၊ နှစ်သစ်ကူးမတိုင်ခင် အဲ့တာက ဘယ်သူလဲဆိုတာ သိနိုင်မယ်လို့ သမီး ထင်တယ်"
ဖန့်ရှီက စကားများကာ ဒေါသထွက်လွယ်သော်လည်း သူမက ဦးနှောက်မဲ့သူတစ်ယောက်တော့ မဟုတ်ပေ။ သူမက ခဏလောက်စဉ်းစားလိုက်ပြီး "ဒါက ရှမိသားစုက ပညာရှင်နဲ့ သက်ဆိုင်နေတာလား?"
စုန့်တင်းရှန်းက အပြုံးဖြင့် ထပ်ပြောလိုက်သည်။ "တကယ်တော့ တစ်နည်းတစ်ဖုံ တွေးရရင် ဒါက ကောင်းတဲ့ကိစ္စပါပဲ။ အနည်းဆုံးတော့ သမီးတို့တွေ ရှမိသားစုရဲ့အတွင်းဘက် မျက်နှာတွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ ဒီလိုတွေ ဖြစ်မလာဘဲ အိမ်ထောင်ပြုပြီးမှ သိရရင် အဲဒါက ကံကြမ္မာဆိုပြီး ဒုက္ခတွေကို ကြိတ်မှိတ်ရင်ဆိုင်ရတော့မှာ မဟူတ်ဘူးလား?”
ဖန့်ရှီက သူမ၏စိတ်ကို မထိန်းနိုင်ဘဲ နှာမှုတ်လိုက်ပြီး "အစတုန်းက မင်းအဘိုးက ရှမိသားစုက ကောင်လေးကို ရိုးသားပြီး စာပေပညာမှာ ထူးချွန်တဲ့သူလို့ ထင်ခဲ့တာ။ အဲ့တာကြောင့် မင်းအဖိုးက မင်းတို့ နှစ်ယောက်အတွက် ထိန်းမြားစာချုပ် ချုပ်ဆိုခဲ့တာ။ ဘယ်သူက ဒီလိုတွေ ဖြစ်လာမယ်လို့ ကြိုသိမှာတဲ့လဲ? ငါတို့က တကယ်ပဲ မျက်စိဖြူဝံပုလွေတစ်ကောင်ကို မွေးခဲ့မိမယ်"
ထိုသို့ပြောပြီးနောက် သူမက သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဒီရက်ပိုင်းမှာ မင်းရဲ့အဖိုးလည်း နေသိပ်မကောင်းဘူး။ မင်း ပြန်ကောင်းလာတဲ့အထိ စောင့်ပြီးရင် မင်းရဲ့အဖိုးနဲ့ အဖွားကို သွားကြည့်ရမယ်။ သူတို့က မင်းကို လာကြည့်ချင်ပေမယ့် မင်းက အဖျားကြီးနေလို့ အမေတို့က လူကြီးနှစ်ယောက်ကို လာခွင့်မပေးရဲခဲ့ဘူး"
"သမီး နားလည်ပါတယ် အမေ၊ ဘာပဲဖြစ်ဖြစ် အမေက သမီးကို စောင့်ရှောက်ပေးနေတာပဲလေ၊ အခု ကိစ္စကလည်း ကျားပါးစပ်ထဲက ရှောင်ထွက်နိုင်တာမျိုးဆိုတော့ ကောင်းပါတယ်လေ"
သူမ၏လည်ချောင်းက အနည်းငယ် ခြောက်သွေ့လာသောကြောင့် စုန့်တင်းရှန်းက ရေနည်းနည်း သောက်ပြီးမှ တိုးတိုးလေး ဆက်ပြောလိုက်သည်။ "ကျိုးမိသားစုက လူငယ်လေးက ပြောတဲ့အတိုင်းလုပ်နိုင်ခဲ့ရင် သူ့ကို လက်ထပ်လိုက်တာက အကောင်းဆုံးပဲ၊ သူ့မှာ မိသားစုမရှိတော့ရင် ယောက္ခမကလည်း ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး။ သူ စစ်တန်းလျားကို သွားတဲ့အခါ သမီးက အိမ်ကို ပြန်နေလို့တောင်ရသေးတယ်”
ဖန့်ရှီက ရယ်မောလိုက်ပြီး စုန့်တင်းရှန်း၏နဖူးကို ပုတ်လိုက်ကာ "အိမ်မက်မက်နေတာကို ရပ်လိုက်တော့... မင်းက အိမ်ထောင်ပြုပြီးတာတောင် အိမ်ပြန်နေဖို့ တွေးနေသေးတာလား? ဒါပေမယ့် မင်း ပြောတာက အဓိပ္ပါယ်မရှိတာတော့ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကျိုးမျိုးရိုးကောင်လေး အောင်မြင်နိုင်မလားဆိုတဲ့အပေါ်မှာပဲ မူတည်တော့တယ်။ ဘာပဲဖြစ်ဖြစ် မင်းက အသက်ဆယ့်လေးနှစ်ပဲ ရှိသေးတယ်။ ဒီနှစ်မှာ မင်း သူ့ကို လက်မထပ်နိုင်ရင်တောင် ငါတို့က အလျင်လိုနေမှာမဟုတ်ဘူး။ နောက်နှနှစ်လောက်ကြာရင် သမီးအတွက် ပိုကောင်းတဲ့လူကို ရှာတွေ့နိုင်သေးတယ်”
သူမရဲ့သမီးလေးက ကြီးပြင်းလာတဲ့အခါ ကောင်းတဲ့မိသားစုတစ်ခုမှာ ဘာလို့ အိမ်ထောင်မပြုနိုင်ရမှာလဲ?
ရက်အနည်းငယ်ကြာပြီးနောက် နောက်ဆုံးတွင် စုန့်တင်းရှန်း၏ရောဂါက ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမက သူမဘာသာသူမ တကိုယ်ရေ သန့်ရှင်းရေး လုပ်ပြီးနောက် ခြံဝင်းကို ဂရုတစိုက် စစ်ဆေးရန် ပထမဆုံးအကြိမ် အပြင်ထွက်လာခဲ့သည်။
တိုင်းပြည်၏မြောက်ဘက်ရှိ ကျေးလက်ခြံဝင်းက အလွန်ကျယ်ဝန်းတက်ပြီး ခြံဝင်း၏အရှေ့ဘက်တွင် ကြက်များ မွေးမြူထားသည့်အပြင် သီးပင်စာပင်များ စိုက်ပျိုးထားသည်။ အိမ်နောက်ဖေးတွင်လည်း ဝက်ခြံနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်များ ရှိနေသည်။ အတိုချုပ်ပြောရလျှင် နေရာလွတ် မရှိဘဲ မည်သည့်မြေကိုမျှ မဖြုန်းတီးကြပေ။ အဘယ်ကြောင့်ဆိုသော် သက်တမ်းရင့်နေသော မိသားစုကြီးများက မိသားစုများ ခွဲခဲ့ကြသော်လည်း ခြံဝန်းတစ်ခုထဲတွင် နေထိုင်လေ့ကြရှိပြီး ခြံဝင်းကျယ်ကြီးထဲတွင် အိမ်ပေါင်းများစွာ ဆောက်လုပ်လေ့ရှိကြသည်။
ခြံရှေ့မျက်နှာစာတွင် အဓိကအခန်းသုံးခန်း ရှိပြီး အလယ်ခန်းက ပင်မအခန်းဖြစ်သည်။ ပင်မအခန်း၏အလယ်တွင် ဟောင်းနွမ်းနေသော်လည်း အလွန်သန့်ရှင်းနေဆဲဖြစ်သော မသေမျိုးရှစ်ပါးစားပွဲတစ်ခုကို နေရာချထားသည်။ ထိုမသေမျိုးရှစ်ပါးစားပွဲ၏နောက်တွင် မြက်ခြောက်ဖြင့် ရက်လုပ်ထားသော ကန့်လန့်ကာတစ်ခု ကာရံထားသည်။ ခန်းမ၏ဘေးနှစ်ဖက်စလုံးတွင် ဟင်းချက်မီးဖိုကြီးနှစ်လုံးရှိနေပြီး ထိုမီးဖိုကြီးနှစ်လုံးက ဆောင်းရာသီတွင် ခန်(ကုတင်)ကို အပူပေးနိုင်ပြီး ချက်ပြုတ်ရန်လည်း အသုံးပြုနိုင်သည်။
(T/N : မသေမျိုးရှစ်ပါးစားပွဲဆိုတာက ဘေးဘက်မှာ ခုံတန်းရှည်လေးခုပါပြီး လူရှစ်ယောက် ထိုင်နိုင်တဲ့ လေးထောင့်စားပွဲပါ။ တရုတ်ဒဏ္ဍာရီပုံပြင်တစ်ခုကို အစွဲပြုပြီး အဲ့လိုနာမည်ပေးထားတာပါ၊ ကောင်းမွန်တဲ့ စွမ်းအားတွေနဲ့ စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုပြီး ကံကောင်းခြင်း၏ သင်္ကေတအဖြစ် ယုံကြည်ကြပါတယ်)
အရှေ့ဘက်ခန်းနှင့် အနောက်ခန်းကလည်း ကျယ်ဝန်းပြီး အတွင်းပိုင်းနှင့် ခွဲခြားထားသော နံရံပါးတစ်ခု ရှိသည်။ ထိုနံရံပါးလေးက လူများ နားနေသည့်နေရာနှင့် အိပ်စက်ရမည့်နေရာကို ကောင်းမွန်စွာ ခွဲခြားပေးထားသည်။ လက်ရှိတွင် သူမ၏အဘိုးနှင့် အဘွားက အရှေ့ခန်းတွင် နေထိုင်ပြီး အငယ်ဆုံးဦးလေးကတော့ အနောက်ဘက် အခန်းကို သိမ်းပိုက်ထားသည်။ သို့သော်လည်း သူက ကျောင်းတော်တွင် နေထိုင်ကာ စာသင်လေ့ရှိပြီး အိမ်သို့ ပြန်လာခဲသည်။
ပင်မအိမ်တွင် အခန်းသုံးခန်းအပြင် အနောက်ဘက်တောင်ပံသုံးခန်းနှင့် အရှေ့ဘက်တောင်ပံသုံးခန်းလည်း ရှိနေသေးသည်။ ဘေးခန်းများ၏အပြင်အဆင်က ပင်မအိမ်နှင့် ဆင်တူပြီး စုန့်တင်းရှန်းနှင့် သူမ၏မိသားစုဝင်များက အနောက်ဘက်တောင်ပံအခန်းတွင် နေထိုင်ကြသည်။ ဖန့်ရှီနှင့် စုန့်ကျစ်ယွမ်တို့က သူတို့အခန်း(အိမ်)၏မြောက်ဘက်ခြမ်းတွင် နေထိုင်ကြပြီး စုန့်တင်းရှန်းက တောင်ဘက်ရှိ အတွင်းခန်းတွင် နေထိုင်ကာ အပြင်ခန်းက မောင်ငယ်လေးနှစ်ယောက်အတွက် ဖြစ်သည်။
အိမ်ရှေ့ခြံနှင့် အိမ်နောက်ဖေးကို ပုံစံတူ ဆောက်ထားပြီး အရှေ့ဘက်ရှိပင်မအိမ်တွင် ဦးလေးအကြီးဆုံးနှင့် သူ့၏ဇနီး အတွက်ဖြစ်ပြီး ထိုအိမ်၏အရှေ့တောင်ပံက ဦးလေးအကြီးဆုံးမှ မွေးသော အစ်ကိုအကြီးဆုံးနှင့် သူ့မိသားစုအတွက်ဖြစ်သည်။ အနောက်ဘက်တောင်ပံနေရာ ဦးလေးအကြီးဆုံး၏ဒုတိယသားနှင့် သူ့မိသားစုအတွက် ဖြစ်ပြီး တစ်ဦးစီ၏အိမ်များက အလုံအလောက် ကျယ်ဝန်းသည်။
ဤအစီအစဥ်က လူတိုင်းအတွက် ကျယ်ဝန်းသော လူနေမှုကို ဖြည့်ဆည်းပေးနိုင်သည်။
စုန့်တင်းရှန်းက သူမ၏ဆံပင်များကို သူမ၏လက်ချောင်းများဖြင့် ဆော့ကစားနေရင်း ခြံရှေ့ဘက်ရှိ ပင်မခန်းထဲသို့ ၀င်သွားလိုက်သည်။
ရာသီဥတုက သိပ်မအေးသေးသည့်အတွက် ကျေးလက်နေပြည်သူများက အလုပ်လုပ်နေရဆဲဖြစ်ကာ ဆောင်းရာသီ၏ ဘာမှမလုပ်ဘဲ ထိုင်နေရမယ့်အချိန်လည်း မရောက်သေးပေ။ အထူးသဖြင့် မကြာသေးမီ ပိုအေးလာမည်ဖြစ်သောကြောင့် ဝက်သားများကို သိမ်းဆည်းထားနိုင်ရန် လူများက ဝက်သားများကို စတင်ဝယ်ယူလာကြသည်။ စုန့်ကျစ်ယွမ်က သူ့၏သားအကြီးဆုံးနှင့်အတူ ဝက်များစုဆောင်းရန် သို့မဟုတ် အခြားလူများ၏ ဝက်များကို သတ်ပေးရန် ပိုအလုပ်များလာသည်။ သူ ရရှိလာသောဝက်သားများကို ရွာအစွန်ရှိ သက်ကယ်တဲသို့ ရောင်းချရန် ယူဆောင်သွားလေ့ရှိသည်။
ထိုဆိုင်တွင် ဖန့်ရှီက သူမ၏မိသားစုဝင်များနှင့် အလုပ်လုပ်ကိုင်ရသည်။ သူမ၏အကြီးဆုံးချွေးမက အကြီးဆုံးဦးလေး၏မိသားစုမှ အကြီးဆုံးချွေးမနှင့်အတူ ဤနေရာသို့ ရောက်လာသော ဝက်သားများကို သန့်ရှင်းရေးလုပ်ပေးကြရသည်။ အသားဝယ်သူများ ရောက်လာလျှင် ဖန့်ရှီက အသား ခုတ်ပေးပြီး ပိုက်ဆံ သိမ်းရသည်။ သူမတို့က မနက်စောစော အပြင်ထွက်ရပြီး အရမ်းနောက်ကျမှ ပြန်လာနိုင်ကာ အလွန်ပင်ပန်းရသည့်အလုပ်ဖြစ်သော်လည်း ဝင်ငွေပိုရသည်။
အကြီးဆုံးဦးလေး၏မိသားစုမှ ဒုတိယချွေးမက အပ်ချုပ်ကျွမ်းကျင်သောကြောင့် သက်ကြီးရွယ်အိုနှစ်ဦးနှင့် မိသားစုမှ ကလေးများကို ပြုစုစောင့်ရှောက်ရန် အိမ်တွင်သာ နေထိုင်ရသည်။ သူမက မိသားစုတစ်ခုလုံးအတွက် အဝတ်များ ချုပ်ပေးခြင်းနှင့် ဖာထေးပြင်ခြင်းများအပြင် ချက်ပြုတ်ခြင်းနှင့် အလုပ်သွားသူများကို စားစရာ ပေးပို့ခြင်း စသည့် အလုပ်များကိုလည်း တာဝန်ယူရသောကြောင့် သူမတွင်လည်း အားလပ်ချိန် မရှိပေ။ ဒုတိယချွေးမ၏ဒုတိယသားဖြစ်သော စုန့်တင်းရှန်း၏တတိယအစ်ကို(ဝမ်ကွဲ)က ဝမ်းကွဲညီအစ်ကို မောင်နှမများကို ကူညီစောင့်ရှောက်ပေးနိုင်သော အရွယ်သို့ ရောက်နေပြီ ဖြစ်သောကြောင့် သူတို့ရွာ၏ အနီးအနားမှ တောင်င်တန်းများတွင် သစ်ပင်ခုတ်ရန်နှင့် ထင်းများ ရှာဖွေစုဆောင်းရန် ညီငယ်ညီမငယ်များကိ ဦးဆောင်ခေါ်သွားလေ့ရှိသည်။
မြောက်ဘက်ရှိ ဆောင်းရာသီက အလွန်အေးသောကြောင့် ဆောင်းရာသီကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်စေရန်အတွက် အပူပေးထားသော အိပ်ယာအပြင် ထင်းအလုံအလောက်ရှိရန် လိုအပ်သည်။ မဟုတ်လျှင် တစ်ညတာ အိပ်စက်ပြီးနောက် ဘယ်တော့မှ ပြန်မထနိုင်သည်အထိ အေးခဲသွားပေလိမ့်မည်။
ဤနေရာတွင် ဆောင်းဦးရာသီ၏နှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ထူထဲသော ချည်သားကန့်လန့်ကာများကို အိမ်တံခါးဝတွင် ချိတ်ဆွဲကာ ပိတ်ထားကြပြီ ဖြစ်သည်။ စုန့်တင်းရှန်းက အခန်းထဲသို့ ဝင်လာနေရင်း အော်ပြောလိုက်သည်။ "အဖိုး၊ အဖွား၊ ကျွန်မ ဝင်လာပြီ"
"အာ့နွီအာ? မြန်မြန်ဝင်လာ!" အခန်းတွင်းရှိ အဘွားကြီးက သူမ မြေးမလေး၏ အသံကို ကြားလိုက်ပြီး ကမန်းကတန်း ပြန်ဖြေလိုက်သည်။
စုန့်တင်းရှန်းက ကန့်လန့်ကာကို ရုတ်သိမ်းလိုက်ပြီး အပြုံးလေးဖြင့် လျှောက်သွားလိုက်သည်။
"လာ အဖွားဘေးနားမျာ လာထိုင်" လီမျိုးရိုးဖြစ်သော အဘွားအိုစုန့် သူမဘေးမှ ထိုင်ခုံကို လက်ဖြင့် ပုတ်ရင်း "ငါတို့ အာ့နွီကိုကို ကြည့်ရအောင်၊ ဒီရက်ပိုင်းမှာ ကလေးက အများကြီး ဖြတ်သန်းခဲ့ရတယ်"
"အစ်မ" ဦးလေး၏အကြီးဆုံးသမီး စန်းနွီအာ(တတိယသမီး)က လှမ်းခေါ်လိုက်သည်။ စုန့်ယွိလန်က အဘွားအို၏နံဘေးမှ ချောင်းကြည့်နေပြီး ခပ်တိုးတိုး ခေါ်လိုက်သည်။
(T/N: ယွိလန်ကလည်း တင်းရှန်းလို ပန်းနာမည်လေးပါပဲ၊ တရုတ်မှာ ပေါက်တဲ့ အပင်ဖြစ်ပြီး YuLan Magnolia ဒါမှမဟုတ် လီလီလို့ ခေါ်ကြတယ်။ အပွင့်ကတော့ ကိုယ်တွေဆီက တရုတ်စကားပန်းနဲ့ တော်တော်တူတယ်)
"စန်းနွီအာ၊ စန်းစောင်(တတိယယောင်းမ)" စုန့်တင်းရှန်းက သူမ၏ ဖိနပ်ကို ချွတ်လိုက်ပြီး ခန်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ ခန်၏နေရာတစ်တစ်ခန့်ကို ခေါက်ထားသော အိပ်ယာခင်းများ၊ စောင်များက နေရာယူထားပြီး အတွင်းပိုင်းတစ်ဝက်ကို ဆောင်းရာသီအဝတ်အစားများ ပြုလုပ်နေသည့် တတိယယောင်းမ ဖြစ်သော ကျင်းချောင်အာက သူမ၏ဝါဂွမ်းချည်များအတွက် နေရာယူထားသည်။ စုန့်အဘွားအိုက ပြောင်းဖူးခြောက်များ ပြည့်နေသည့် တောင်းကြီးတစ်ခုနှင့် အလုပ်ရှုပ်နေပြီး ပြောင်းဖူးစေ့များ ပွတ်ခြွေရန် ကလေးများကို လှမ်းခေါ်နေသည်။
ခန်ထောင့်တွင် အိပ်ယာခင်းတစ်ခု ရှိနေပြီး ကလေးများ လဲလျောင်းနေကြသည်။
စုန့်တင်းရှန်းက ပြောင်းဖူးတစ်ဖူးကို ကောက်ယူလိုက်ပြီး စတင်ပွတ်ခြွေလိုက်သည်။ သူမ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ပြီး "အဖွား၊ အဖိုး ဘယ်ရောက်နေလဲ?"
"မင်းအဖိုးက ဝက် ကြည့်ဖို့ မင်းတို့ရဲ့ ဝက်ခြံကို သွားတယ်၊ အခု ဆောင်းရာသီရောက်တော့မယ်မလား? ဆောင်းရာသီရောက်တာနဲ့ နှစ်သစ်ကူးချိန်ရောက်ပြီ။ ငါတို့ စားဖို့ ဝက်တစ်ကောင်ကို ရွေးပြီး မင်း အဖေကို သတ်ခိုင်းရမယ်။ စာလို့ ပိုတာကို သူများတွေကို ပိုက်ဆံနဲ့ ရောင်းလိုက်မယ်"
အဘွားစုန့်က သူမ၏လက်ထဲမှ ပြောင်းဖူးကို ပြန်ချလိုက်ပြီး စုန့်တင်းရှန်း၏လည်ပင်းကို ထိကြည့်ကာ "အာ့နွီအာ၊ မင်းရဲ့လည်ပင်းက နာနေသေးလား?"
စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"မနာတော့ပါဘူး"
အဘွားစုန့်က စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းချလိုက်ပြီးမှ စတင်ဆူပူတော့သည်။ "အမိုက်မလေး.... မင်းက အဲ့ဝံပုလွေလို လူဆိုးကောင်တစ်ကောင်ကြောင့် ကိုယ်ကိုကိုယ် အဲ့လို လုပ်ခဲ့တယ်။ မင်းရဲ့အဖိုး၊အဖွား နဲ့ မင်းရဲ့အဖေနဲ့အမေကို မတွေးဘူးလား? အဲ့တာက ထိုက်တန်လို့လား?"
"အဖွား..." စုန့်တင်းရှန်းက သူမ၏ညုတုတု ချွှဲနွဲ့မှုကို အမြန်အသုံးချလိုက်ပြီး "အဲဒီအချိန်က သမီးက ဒေါသထွက်လွန်းလို့ ခေါင်းပူနေပြီး အချိန်ခဏလေးအတွင်းမှာ ဘာမှ မစဉ်းစားမိခဲ့ဘူး။ အခု ပြန်စဉ်းစားကြည့်တော့ ရှမိသားစုနဲ့ ပတ်သက်တာက ဘာမှ ကောင်းကျိုးမရှိဘူးဆိုတာ နားလည်သွားပါပြီ"
“ဟုတ်တယ်၊ သူတို့နဲ့ ပတ်သက်တာ ဘာမှ မကောင်းဘူး၊ သူက စာသင်လို့လား? မင်းရဲ့အငယ်ဆုံးဦးလေးလည်း စာသင်နေတာပဲ၊ သူက တော်ဝင်စာမေးပွဲတောင် အောင်နိုင်သေးတယ်" အဘွားစုန့်က ထောက်ခံလိုက်သည်။
“မင်းရဲ့အဖိုး ဒီရက်ပိုင်းမှာ လုံးဝကို အိပ်မပျော်နိုင် ဖြစ်နေတာ၊ သူက မင်းကို မတွေ့ရဲဘူးလေ။ အဖိုးကြီးက သူ့ကြောင့် မင်း လှည့်စားခံရတယ်လို့ တွေးနေပြီး ဖြစ်ပျက်ခဲ့တာတွေအတွက် သူ့မှာ အပြစ်ရှိသလို ခံစားနေရတယ်။ မနေ့က မင်း အဖျားပျောက်ပြီး အားလုံးနီးပါး သက်သာနေပြီလို့ သိရမှ သူ့မျက်နှာက ပိုကောင်းလာတယ်"
စုန့်တင်းရှန်းက အပြုံးဖြင့် "ဒါဆို အဖိုးကို သမီးအတွက် ဝက်ထမင်းပေါင်း ချက်ခိုင်းရမှာပေါ့"
"သမီးလည်း စားချင်တယ်" စုန့်ယွိလန်က ဝင်ပြောလိုက်သည်။
"မင်းကိုလည်း ချန်မထားခဲ့ပါဘူး" အဘွားစုန့်က အသက်ကြီးနေပြီဖြစ်သော မိန်းကလေးနှစ်ယောက်ကို တစ်ယောက်ပြီး တစ်ယောက် ပွေ့ဖက်ကာ ဝမ်းသာအားရ နမ်းလိုက်သည်။ “ငါတို့ရဲ့သမီးပျိုလေးတွေမှာ ဘာချို့ယွင်းချက်မှ မရှိဘူး၊ ဘယ်သူက မလိုချင်ပဲ နေမှာလဲ? ရှမိသားစုက မျက်စိမကြည်ရင် အနာဂတ်မှာ နောင်တရ ရမှာက သူတို့ပဲ၊ သူတို့အတွက် ကျားတစ်ကောင်လို ချွေးမမျိုးပဲ ရှာတွေ့လိမ့်မယ်"
မိန်းကလေးများက ရယ်မောလိုက်ကြပြီး ကျင်းချောင်အာက "အဖွား ပြောတာ မှန်တယ်။ သူ့တို့မိသားစုက အာ့နွီအာလို မိန်းခလေးကိုတောင် မကြိုက်ဘူးတဲ့။ သူတို့က နတ်သမီးနဲ့လက်ထပ်ချင်နေတာ ဖြစ်နိုင်မလား? အဲ့ဒိရှရှို့စွေ့(စာသင်သားရှ)ကတော့... ကျွန်မမှာ မျက်လုံးဆယ်လုံးရှိရင်တောင် သူ့မှာရှိတဲ့ ကောင်းကွက်တစ်ခုကို ရှာနိုင်မှာ မဟုတ်ဘူး"
"အဟမ်း! အဟမ်း!" တံခါးဝမှ ချောင်းဟန့်သံကြားလိုက်ရသောကြောင့် ကျင်းချောင်အာက အဘွားစုန့်နှင့် သူမ၏ယောင်းမငယ်နှစ်ယောက်ကို မျက်ခုံးပင့်ကာ ပြုံးပြလိုက်ပြီးမှ ဝါဂွမ်းများ ဆက်ဖြည့်ရန် ခေါင်းပြန်ငုံ့သွားသည်။
တံခါးကန့်လန့်ကာ ပွင့်သွားပြီး စုန့်ရှင်းယိ၏ မျက်နှာ ပေါ်လာကာ အဘိုးကြီးက သူ့၏လက်ထဲတွင် ဆေးတံတစ်ချောင်း ကိုင်ထားသည်။ ရာသီဥတုကြောင့် သူ့မျက်နှာတွင် အရေးအကြောင်းများ ထင်းနေပြီး ပထမအကြည့်တစ်ချက်တွင် သူက အလွန်လေးနက်သော အဘိုးကြီးတစ်ယောက်ဟု ခန့်မှန်းရသည်။ သို့သော်လည်း စုန့်တင်းရှန်းကို မြင်သောအခါ အဘိုးအို၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး "အာ့နွီအာ ရောက်နေတာလား?"
အဘွားစုန့်က "အဖိုးက သူ(မ)ကို အနိုင်ကျင့်တယ်လို့ ပြောပြီး ဝက်သားပေါင်းထမင်း ချက်ခိုင်းချင်တယ်လို့ ပြေနေတယ်"
မိန်းခလေးများက စုန့်ရှင်းယိကို စနောက်ချင်သည့် အပြုံးများဖြင့် ကြည့်နေကြသည်။
အဘိုးအိုက နှာမှုတ်လိုက်ပြီး သူ့မျက်နှာကို တည်ထားရန် ကြိုးစားနေသော်လည်း နောက်ဆုံးတွင် ထိန်းမထားနိုင်တော့ဘဲ ရယ်မောလိုက်ကာ “စားရမယ်၊ စားရမယ်၊ အစား စားချင်တာပဲ မဟုတ်လား? အဖိုးက ကောက်ညှင်းဆန် ယူလာဖို့ လောင်အာ့(ဒုတိယသား)ကို ပြောလိုက်မယ်၊ စွပ်ပြုတ်အတွက် ဝက်ခြေထောက်တွေနဲ့ ဝက်လက်တွေ ချန်ထားဖို့တော့ အရင်ကတည်းက ပြောထားပြီးပြီ။ အဘိုးက မင်းတို့အတွက် အရိုးကြီးတွေကို အိုးကြီးတစ်လုံးထဲမှာ ထည့်ပြုတ်ပေးမယ်၊ အဲ့တာဆို လုံလောက်ပြီလား?!"
သူတို့မိသားစုက ဝက်သတ်သမားများ ဖြစ်ပြီး အသားပြတ်လပ်ခြင်း မရှိပေ။ အဘိုးစုန့်၏ အသားပြုတ်လက်ရာက ကောင်းမွန်လှပြီး သူ့၏သမီးနှစ်ယောက်နှင့် သူ့၏ချွေးမနှစ်ယောက်လုံး သူ့ကို မယှဥ်နိုင်သောကြောင့် ညည်းတွားကြရသည်။
စုန့်ရှင်းယိက ဆေးတံကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ခန့်အနားစွန်းတွင် ဝင်ထိုင်လိုက်သည်။ သူက ဆေးတံသောက်သည့် အလေ့အထ ရှိသော်လည်း အလေးအနက် စွဲလမ်းနေခြင်းတော့ မရှိသေးပေ။ အထူးသဖြင့် အိမ်ထဲတွင် ကလေးများနှင့် မိန်းကလေးများ ရှိနေသည့်အခါ သူက ဆေးတံ မသောက်တော့ပေ။ သူက သူ့စိတ်ကို ဖြေသိမ့်ရန် ဆေးတံကို ထိနိုင်ရုံလေး ကိုင်ထားရသည်ကို အသားကျရနေခြင်း ဖြစ်သည်။
သူက "အရင်တုန်းက အဖိုး မင်းကို ရှမိသားစုအကြောင်း ပြောခဲ့တာ သူတို့မိသားစုက ပြောရဆိုရ လွယ်ကူပြီး မင်းအတွက် ခက်ခဲအောင် မလုပ်ဘူးလို့ ထင်ခဲ့မိတာ။ ရှချမ်းကလည်း ကြိုးစားပုံရပြီး ရှို့ချိုက်(ခရိုင်အဆင့်) အောင်မြင်ခဲ့တယ်။ ခုတော့ သူက သာမာန်ပါပဲ၊ ငါတို့ အာ့နွီကက သူတို့မိသားစုထက် ပိုကောင်းတာနဲ့ ထိုက်တန်တယ်၊ အင်း... အဲ့တာတွေက မျက်စိကန်းခဲ့တဲ့ ဒီအဘိုးရဲ့အပြစ်ပဲ”
တကယ်တော့ ရှမိသားစုမှာ ပညာတတ်တစ်ယောက်ရှိပေမယ့် သူတို့မိသားစုက အဲ့ပညာရှင်ကို ထောက်ပံ့ဖို့ မတက်နိုင်ဘဲ ကြိုးစားရုန်းကန်နေရတာပါ။ ပညာရှင်တွေအတွက် အစိုးရကနေ စပါးထောက်ပံမှုတွေ ရရှိတက်ပေမယ့် အဲ့ဝေစုက တစ်မိသားစုလုံးအတွက် မလုံလောက်ပါဘူး။ သူတို့က ပုံမှန်အားဖြင့် ဆန်ကောင်းကို အစေ့အဆန်ကြမ်းတွေနဲ့ အစားထိုးပြီး မှီခို စားသောက်ရတယ်။ ပြီးတော့ ရှချမ်းက ပညာဆက်သင်နေဆဲဖြစ်ပြီး အဆင့်မြင့်တဲ့ စာမေးပွဲတွေကို ဖြေဆိုဖို့ လိုနေသေးတယ်။ ပထမတော့ ရှမိသားစုက သူ့မြေးမလေးကို ကောင်းကောင်း ဆက်ဆံနိုင်သရွေ့ သူက ရှချမ်း ကျောင်းတက်ဖို့ ပိုက်ဆံနည်းနည်းလောက် ပေးမယ်လို့ တွေးထားခဲ့တယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်သွားပြီး စုန့်တင်းရှန်းရဲ့အိမ်ထောင်ရေးကို နှောင့်နှေးစေမယ်ဆိုတာ သူလည်း ဘယ်လိုလုပ် ကြိုသိနိုင်မှာလဲ?
စုန့်တင်းရှန်းက အပြုံးဖြင့် "အဖိုး၊ အဲလို မပြောပါနဲ့၊ အခုအချိန်မှာ ရှမိသားစုက သူတို့ရဲ့ဇာတိရုပ်ကို ထုတ်ပြလိုက်တာ သမီးအတွက် ကံကောင်းတာပဲလေ၊ လက်ထပ်ပြီးလို့ အဲ့မိသားစုကို ဝင်ပြီးမှဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို သမီး ခံစားနေရဦးမှာပဲ? ဘာပဲဖြစ်ဖြစ် ကျိုးမိသားစုက ပိုကောင်းပါတယ်"
ထိုစကားကို ကြားရချိန်တွင် စုန့်ရှင်းယိက ခဏလောက် စဉ်းစားနေပြီးမှ “ကျိုးမိသားစုထဲက ကောင်လေးက မဆိုးပါဘူး၊ ဒါပေမယ့် အဲဒီမိသားစုကတော့… မကောင်းဘူး၊ ငါတို့သမီးလေးက ကျွဲလို နွားလို အစေခံဖို့ တစ်စုံတစ်ယောက်နဲ့ အိမ်ထောင်ပြုတာ မဟုတ်ဘူးလေ၊ ကျိုးမိသားစုက အဲ့ကောင်လေး စစ်တန်းလျားကို ဝင်သွားရင် မင်းရဲ့အထက်မှာ ယောက္ခမက ရှိနေတုန်းပဲ၊ ပြီးတော့ အဖွားတွေ အဖိုးတွေ ရောပဲ။ ယောင်းမတွေလည်း ရှိနေအုံးမယ်၊ မင်း အဲ့လို လုပ်ဖို့ မဖြစ်နိုင်ဘူး!"
စုန့်တင်းရှန်းက သူမ၏နှုတ်ခမ်းများကို ဖွဖွဖိကာ ပြုံးလိုက်ပြီး "အဖိုး၊ ကျွန်မက ငယ်ပါသေးတယ်၊ ဒါကြောင့် နောက်နှစ်နှလောက် အချိန်ရပါသေးတယ်"
စုန့်ရှင်းယိ၏အမူအရာက ပျော့ပြောင်းသွားပြီး "မှန်တယ်၊ အဲ့တာကို ဘယ်က ငြင်းနိုင်မှာလဲ။ မင်းက အခု ဆယ့်လေးနှစ်ပဲရှိသေးတယ်။ နှစ်သစ်ကူးပြီးမှ ဆယ့်ငါးနှစ်ဖြစ်မှာ၊ နောက်နှစ်နှစ်လောက် နှောင့်နှေးသွားရင်တောင် စိတ်ပူစရာ မရှိဘူး"
ထိုအချိန်တွင် အဒေါ်ဖြစ်သူက အခန်းထဲသို့ အလျင်အမြန် ပြေးဝင်လာပြီး "တင်းရှန်း၊ အဖေ၊ အမေ... ကျိုးမိသားစုမှာ ပြသနာ ဖြစ်နေပြီ။ ထျဲကျူးက ကျိုးမိသားစုကနေ ခွဲထွက်ဖို့ တောင်းဆိုနေတယ်လို့ ပြောနေကြတယ်။ လောင်အာ့ရဲ့မိသားစုက အလုပ်များနေပြီး အဲ့တာကို ကိုင်တွယ်ဖို့ အချိန်မရှိလို့ အဖေတို့ကို အကြောင်းကြားခိုင်းလိုက်တာပါ"
ထို့နောက် သူမက စုန့်တင်းရှန်းကို ထပ်မံစိုက်ကြည့်နေပြန်သည်။
စုန့်တင်းရှန်းက မျက်တောင် တဖျပ်ဖျပ် ခတ်ကာ ပြုံးနေခဲ့ပြီး "အကြီးဆုံးအဒေါ်၊ ခဏလောက် ထိုင်ပြီး အနားယူလိုက်ပါလား? အဲ့တာက ကျိုးမိသားစုရဲ့ ပြဿနာလေ၊ ကျွန်မတို့နဲ့ ဘာမှ မဆိုင်ဘူးလေ"
အဒေါ်အကြီးဆုံးက ခဏလောက် အံ့အားသင့်နေပြီးမှ အပြုံးဖြင့် ပြန်ပြောလိုက်သည်။ "အိုက်ယား... ငါလည်း အဲ့လို တွေးတာပဲ၊ ဒါပေမယ့် မင်းရဲ့အမေက ငါကို ဒီကို လာပြောပြဖို့ တောင်းဆိုတာလေ"
ထို့နောက် သူမက စုန့်တင်းရှန်းကို မျက်စောင်းထိုးကာ "တကယ်တော့ ဒီကလေးက တော်တော်ကောင်းတယ်၊ သူ့မှာ အဲဒီ့မိသားစုမရှိသရွေ့တော့ သူက တကယ်ပဲ သူ့ကိုသူ စောင့်ရှောက်နိုင်ပြီး ပိုကောင်းလာလိမ့်မယ်"
"အကြီးဆုံးအဒေါ်!" စုန့်တင်းရှန်းက သူမကို ခပ်စူးစူး စိုက်ကြည့်နေရင်း "အဲ့စကားကို အိမ်ထဲမှာ ပြောကြရအောင်။ အပြင်မှာ မပြောနဲ့နော်။ တစ်ယောက်ယောက်သာ ကြားသွားရင် ကျွန်မတို့မိသားစုက ဝင်ပြီး ဒုက္ခပေးတယ်လို့ ထင်နေကြလိမ့်မယ်"
ကျိုးထျဲကျူးနှင့် ပတ်သက်သော သတင်းများ တိတ်ဆိတ်နေသောကြောင့် အကြောင်းမထူးတော့ဘူးဟု သူမ ထင်နေခဲ့သော်လည်း သူက ထိုကဲ့သို့ လက်တွေ့ကျကျ လုပ်ဆောင်မည်ဟုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟