CHAPTER 4
Viewers 2k

အခန်း ၄ အကြံကောင်းတဲ့ လူငယ်လေး

ကျိုးမိသားစုက ဤကိစ္စအတွက် ရက်အတော်ကြာ ရုန်းကန်နေခဲ့ရသည်။ ကျိုးထျဲကျူးက မိသားစု ခွဲခွာရန် စိတ်ပိုင်းဖြတ်ထားပုံရပြီး သူ့ကို ခိုးယူလာခြင်း ရှိ၊ မရှိ သိရှိနိုင်စေရန် တာဝန်ရှိသူများထံ တိုင်ကြားမည်ဟုပင် ခြိမ်းခြောက်နေခဲ့သည်။

လူတချို့က သူ့ကို ဆူပူကြိမ်းမောင်းနေကြပြီး ကျိုးမိသားစုက သူ့အပေါ် မကြင်နာသော်လည်း အနိမ့်ဆုံးအနေဖြင့် သူတို့ ကျွေးမွေးစောင့်ရှောက်ခဲ့သည့် မျက်နှာ ရှိနေသေးသည့်အတွက် အရမ်းမရက်စက်ရန် ဖြောင်းဖြနေကြသည်။

ကျိုးထျဲကျူးက အပြာရောင်အုတ်အိမ်ကြီးကို ညွှန်ပြလိုက်ပြီး "ဒါက ကျိုးမိသားစုအတွက် ငါ ပြန်ပေးထားတာလေ၊ မလုံလောက်သေးဘူးလား?"

ကျယ်ဝန်းသော အုတ်ကြွပ်အိမ်ကြီးကို ပြန်ကြည့်လိုက်ရင်း လူတော်တော်များများ တိတ်ဆိတ်သွားကြတော့သည်။

နောက်ဆုံးတွင် ကျိုးမိသားစုက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ကျိုးထျဲကျူးကို အိမ်ခွဲခွင့် ပေးလိုက်ပြီး သူ့ကို ငွေလျန်ငါးဆယ်နှင့် မြေငါးမူ ပေးလိုက်သည်။

(T/N: မြေတမူက ၆၀ စတုရန်းပေနဲ့ ညီမျှပြီး ခန့်မှန်းခြေ ၆၆၆.၆၇ စတုရန်းမီတာနဲ့ ညီမျှပါတယ်)

တကယ်တယ်တမ်းမှာ သူတို့ အိမ်မခွဲပေးဘဲလဲ မနေရဲဘူးလေ၊ တာဝန်ရှိသူကို သတင်းပို့တဲ့ကိစ္စက သူတို့အတွက်တော့ တကယ်ကို ကြောက်စရာကောင်းတဲ့ ကိစ္စပါ။ ရွာသားတွေအနေနဲ့က ဘယ်သူမှ အရာရှိတွေကို မဆက်ဆံရဲကြပါဘူး၊ အစိုးရဝန်ထမ်းငယ်တွေဆိုရင်တောင် အဲ့လူတွေ ဒေါသထွက်တာနဲ့ အဲ့ဒေါသရဲ့ကျိုးဆက်ကို သူတို့ခံစားရမှာဖြစ်ပြီး သူတို့ရဲ့အရေပြားတွေကိုတောင် တစ်လွှာခြင်း အခွာခံရနိုင်တယ်။

ကျိုးထျဲကျူးက သူ့ပစ္စည်းများကို ထုပ်ပိုးပြီး ထွက်သွားရန် ပြင်ဆင်နေသည်။ ရွာသူကြီးက သူကို အိမ်တစ်လုံး ပေးခဲ့ပြီး လက်ရှိတွင် ထိုအိမ်၌ မည်သူမျှ မနေသော်လည်း အနည်းဆုံးအနေဖြင့် လေပြင်းနှင့်မိုးဒဏ်ကို ကာကွယ်ပေးနိုင်သည်။ ကျိုးလောင်စန်းက သူလက်ထဲသို့ အထည်အိတ်လေးတစ်လုံး တိတ်တဆိတ် ထည့်ပေးလိုက်ပြီး ထိုအိတ်အတွင်းတွင် ကျောက်စိမ်းဆွဲသီးလေးတစ်ခု ပါရှိသည်။

"ဒီဟာက မင်း ငယ်ငယ်တုန်းက မင်းနဲ့အတူ ယူလာခဲ့တဲ့ပစ္စည်းပဲ။ မင်း ကလေးဖြစ်နေသေးတော့ ငါ မင်းကို မပေးခဲ့တာပါ၊ မင်း ငါတို့ကို အာဃာတတွေ မထားပါနဲ့ မင်းအမေ... မင်းအဒေါ်က ‌သူ(မ)ရဲ့ခေါင်းမာစိတ်ကြောင့် နည်းနည်း ကြမ်းတမ်းနေတာပါ" အမှန်တကယ်တွင် ကျိုးလောင်စန်းက လူဆိုးတစ်ယောက်တော့ မဟုတ်ပေ။ သိုသော်လည်း သူက သူရဲဘောကြောင်လွန်းပြီး ကြောက်တက်သူ ဖြစ်သည်။

သူ၏ဇနီးက ကြမ်းတမ်းသူဖြစ်ပြီး အိမ်ထောင်ကျကာ သားတစ်ယောက်မွေးပြီးနောက်တွင် ယောက္ခမကိုပင် ဆန့်ကျင်ငြင်းခုံရဲသော သူမျိုးဖြစ်သည်။ သူမနှင့် သူမ၏ယောင်းမကြားတွင်လည်း မကြာခဏ ရန်ပွဲများ ဖြစ်ပေါ်တတ်သည်။ နောက်ပိုင်းတွင် ကျိုးလောင်စန်းက ကျိုးထျဲကျူးကို အိမ်သို့ခေါ်ဆောင်လာသည့်အတွက် ကျိုးလောင်စန်းက သူမနှင့် အကြီးအကျယ် ရန်ဖြစ်ခဲ့ရသော်လည်း သူ ယူလာခဲ့သောငွေကြောင့် သူမက သည်းခံခဲ့သည်။

(T/N: ဒီနားမှာ သားမွေးပြီးမှ ယောက္ခမကို ဆန့်ကျင်ရဲတယ်ဆိုတာက သူတို့ ဓလေ့အရ သားမွေးလိုက်တာနဲ့ အလိုလို ဂုဏ်တက်တာမျိုးပါ၊ သားမမွေးနိုင်တဲ့သူက မျက်နှာငယ်ရတယ်)

သူမ ယူဆောင်သွားသော ထိုငွေတချို့က ကျိုးလောင်စန်းကို ဂုဏ်တက်စေခဲ့သည်။ အစပိုင်းတွင် သူမက ကျိုးထျဲကျူးကို အလွန်အကျွံ ဂရုတစိုက် ပြုစုပျိုးထောင်ပေးခဲ့ပြီး အကြောင်းအရင်းက ကလေးကို မွေးစားထားပြီး နောက်နှစ်အနည်းငယ်ကြာလျှင် သူ့၏ဆွေမျိုးများက သူ့ကို ပြန်ခေါ်ရန် ရောက်လာကြမည်ဟု မျှော်လင့်ထားသောကြောင့်ပင်။ သို့သော်လည်း သူတို့ ကလေးကို နှစ်အတော်ကြာ ပြုစုပျိုးထောင်ပြီးနောက်မှာ မည်သည့်လှုပ်ရှားမှုမှ မရှိခဲ့ပေ။ ကျိုးလောင်စန်းက ကျိုးထျဲကျူးကို မိဘမဲ့အဖြစ် အပ်နှံလိုက်သောလူ နေထိုင်သည့် ရွာသို့ ​ ထပ်သွားခဲ့သော်လည်း​ ကလေးအပ်လိုက်သည့်လူ၏အကြောင်းကို ထိုရွာမှ မည်သူကမျှ မသိကြပေ။

သူက အိမ်သို့ပြန်လာပြီး သူ့မိန်းမကို ထိုအကြောင်းပြောပြလိုက်သောကြောင့် ကျိုးထျဲကျူး၏ဘဝက မိသားစု၏အချစ်ခံ သခင်ငယ်လေးဘဝမှ သူတောင်းစားလေးတစ်ယောက်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားတော့သည်။

လူ့သဘာဝက ရက်စက်ကြမ်းကြုတ်တက်တယ်ဆိုတာ အမှန်ပါပဲ။

ကျိုးထျဲကျူးက ကျောက်စိမ်းဆွဲသီးကို ယူကာ သူ့ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်ပြီး သူ့၏ခရီးဆောင်အိတ်သေးသေးတစ်ထုပ်ကို ထုပ်ပိုးကာ သူ့၏အိပ်ယာအစုတ်လေးကို ထမ်းပိုးပြီး ကျိုးမိသားစုမှ ထွက်ခွာသွားတော့သည်။ ယခင်က သူနှင့်အတူ ပါလာခဲ့သော အ၀တ်အထည်များက ကျိုးမိသားစုထဲမှ တခြားကလေးများ ဝတ်ဆင်လိုက်သောကြောင့် ဟောင်းနွမ်းသွားခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ဆုတ်ပြတ်သတ်ကာ စွန့်ပစ်ခံလိုက်ရပြီး ပြန်ရှာလျှင်တောင် မတွေ့နိုင်တော့ပေ။

သူ ရရှိလိုက်သောပျက်စီးနေသည့် မြေသားအိမ်၏ပိုင်ရှင်က ကြီးပွားချမ်းသာလာသောကြောင့် ခရိုင်မြို့သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။ ဤအိမ်တွင် နှစ်ပေါင်းများစွာ မည်သူမျှ နေထိုင်ခြင်းမရှိခဲ့သောကြောင့် အိမ်က ပျက်စီးယိုယွင်းနေသည်။ ကျိုးထျဲကျူးနှင့်  ကစားဖော်ကောင်း ဖြစ်ခဲ့ကြသည့် လူငယ်လေးတော်တော်များများက သူကို ကူညီရန် ပြေးလာကြပြီး အမိုးကို ပြုပြင်ကာ ရွှံ့နံရံများကို သေသေသပ်သပ်ဖြစ်အောင် ပြန်ပြုပြင်ပေးကြသည်။

ရာသီဥတုက ပိုအေးပြီးရင်း ပိုအေးလာပြီလေ။ ဒီအိမ်မှာနေပြီး အေးခဲသေသွားတာမျိုးက မဖြစ်သင့်ဘူးလေ။

ရွာထဲမှ လူတော်တော်များများက ကျိုးထျဲကျူး ထိုမိသားစုနှင့် စောစောစီးစီး ခွဲခွာခဲ့လျှင် သူ စစ်တန်းလျားသို့ သွားရမည်မဟုတ်ကြောင်း တွေးမိကြပြီး စိတ်မကောင်းဖြစ်စွာ သည်းညူနေကြသည်။

အဲဒီနေရာက ဘယ်လိုနေရာမျိုးမလို့လဲ? သူတို့လို သာမန်လူတွေအတွက်တော့ အဲ့နေရာက လူသားစားတဲ့နေရာတစ်ခုပါပဲ။ အဲ့ကို ဝင်လိုက်တာနဲ့ အသက်ပျောက်ဖို့က သေချာနေပြီ။ သူတို့အသက်ရှင်ခဲ့တယ် ဆိုရင်တောင် ခြေတွေ လက်တွေ ဆုံးရှုံးနိုင်ပြီး အနာဂတ်မှာ နေထိုင်ရမယ့်ဘဝက ခက်ခဲလာပါလိမ့်မယ်။

ရွာထဲက ပိုက်ဆံ နည်းနည်းပဲရှိတဲ့ မိသားစုတွေကတောင် သူတို့ရဲ့အိုးခွက်ပန်းကန်တွေကို ရောင်းချပြီး ဒဏ်ငွေပေးလိုက်ကြတယ်။ ဘယ်သူကမှ သူတို့ရဲ့မိသားစုဝင်တွေကို အဲ့နေရာကို လွှတ်လိုက်ဖို့ ဆန္ဒမရှိကြဘူး။ အဲဒီကိုသွားရတဲ့သူတွေက ငွေ တကယ်မတတ်နိုင်တဲ့ လုံးဝကို မွဲတေနေတဲ့ ဆင်းရဲသားတွေပါပဲ။

ကျိုးမိသားစုကတော့ ဆိုးရွားတဲ့အမှုကို ကျူးလွန်ခဲ့ပြီး သားသမီးရှိတဲ့ လူတွေရဲ့ နှလုံးသားကို ထိခိုက်တယ်လို့ပဲ ပြောရတော့မှာပါပဲ။

ကျိုးထျဲကျူး အိမ်ခွဲပြီးနောက် စုန့်ကျစ်ယွမ်က သူ့ထံသို့ တစ်ကြိမ် ရောက်လာပြီး သံအိုးတစ်လုံးပေးခဲ့သည်။ ယနေ့ခေတ်တွင် သံပစ္စည်းများက အလွန်တန်ဖိုးရှိပြီး ဆင်းရဲနွမ်းပါးသော မိသားစုများ၏အိမ်များတွင် တန်ဖိုးအရှိဆုံးအရာမှာ သံအိုးသာ ဖြစ်သည်။ သံအိုးဖြင့် ရေနွေးကျိုနိုင်သလို ပူပူနွေးနွေးဟင်းများလည်း ချက်နိုင်သေးသည်။ ဆောင်းရာသီတွင် သံအိုးမပါဘဲ ချက်ပြုတ်ရန် ခက်ခဲပြီး ထိုသို့ ချက်ပြုတ်ခြင်းက ထင်းကို ဖြုန်းတီးခြင်းသာ ဖြစ်သည်။

ကျိုးထျဲကျူးက သူ့၏ငွေလျန်ငါးဆယ်ကို လုံးဝ မထိပါးဘဲ သိမ်းထားခဲ့သည်။ ကျိုးမိသားစုက သူ့ကို စပါး ကျင်းဒါဇင်အနည်းငယ် ပေးခဲ့ပြီး ထိုစပါးကြောင့် ကျိုးမိသားစု၏တတိယချွေးမက အိမ်တံခါးရှေ့မှာ ရပ်ကာ သူ့ကို ရက်ပေါင်းများစွာ ကျိန်ဆဲနေသေးသည်။

စပါးကျင်းအနည်းငယ်က လူငယ်လေးတစ်ယောက် အချိန်အကြာကြီး စားနိုင်ရန် မလုံလောက်သောကြောင့် ကျိုးထျဲကျူးက ရစ်ငှက်၊ ယုန်စသည်တို့ကို ဖမ်းဆီးရန် တောင်ပေါ်တက်ကာ ထောင်ချောက်များ တူးထားလေ့ရှိသည်။ သူက တောင်ပေါ်သို့ နေ့တိုင်းတက်လေ့ရှိပြီး သားကောင်လေးများရလာလျှင် ကြေးနီအကြွေစေ့များနှင့် လဲလှယ်ရန် မြို့ထဲသို့ ယူသွားလေ့ရှိသည်။ ကြေးနီအကြွေစေ့များရလာလျှင် အသားနှင့် အသီးအရွက်များ ဝယ်နိုင်ပြီး ကျိုးမိသားစုနှင့်အတူ နေသည့်အချိန်ကထက် ပို၍ ကောင်းကောင်းမွန်မွန် စားသောက်နိုင်သည်။

ကျိုးမိသားစုတွင် ရှိနေသည့်အချိန်တုန်းက သူ ရရှိလာသောအကောင်ငယ်များ ရောင်းရသည့်ငွေကို ကျိုးမိသားစု၏တတိယမြောက်ချွေးမဖြစ်သော ကျိုးလောင်စန်း၏ဇနီးထံသို့ လွှဲပြောင်းပေးခဲ့ရသည်။

ကျိုးထျဲကျူးက နှစ်သစ်ကူးပြီး တန်းလျားသို့ မသွားရသေးမချင်း ဤကဲ့သို့သာ နေထိုင်လိမ့်မည်ဟု အခြားသူများက ထင်မြင်ထားကြသော်လည်း ရွာတွင် နောက်ထပ် အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပျက်လာခဲ့သည်။

စုန့်လောင်စစ်၏မိသားစုမှ ဒုတိယမိန်းခလေးဖြစ်သူ စုန့်တင်းရှန်းက ကျိုးထျဲကျူးနှင့်ထပ်မံလက်ထပ်ရန် စီစဉ်နေခြင်းပင်။

(T/N: စုန့်လောင်စစ် ဆိုတာက စုန့်တင်းရှန်းတဲ့ အဖိုးပါ။ သူ့ရဲ့နာမည်အရင်းက စုန့်ရှင်းယိပါ... သူက မိသားစုထဲမှာ လေး‌ယောက်မြောက်ဆိုတော့ လေးရဲ့ အသံထွက် “စစ်”ကို သုံးပြီး စုန့်လောင်စစ်လို့ ခေါ်တာပါ။)

အစပိုင်းတွင် ထိုသတင်းက လူတိုင်းကို ထိတ်လန့်စေခဲ့သော်လည်း နောက်ပိုင်းတွင် လူများက တဖြည်းဖြည်း နားလည်လာကြသည်။ စုန့်တင်းရှန်းက မိန်းမကောင်းလေးတစ်ဦးဖြစ်သော်လည်း ရေထဲပြုတ်ကျခြင်းကြောင့် ရှမိသားစုမှ ပညာရှင်က စေ့စပ်ပွဲကို ဖြတ်တောက်ခဲ့ပြီး သူမက မိမိကိုယ်ကို ကြိုးဆွဲချခဲ့သည်။ ထိုအရာက တစ်ချို့လူများကို စိတ်မကောင်း ဖြစ်စေခဲ့သည်။

အသက်ကြီးလာချိန်တွင် မိန်းကလေးတစ်ယောက်၏ဂုဏ်သတင်းက သူမ၏ကံကြမ္မာ ဖြစ်လာသည်။ သူမက ကျိုးထျဲကျူးကို လက်မထပ်ခဲ့လျှင်ပင် အနာဂတ်တွင် သူမက ကောင်းမွန်သောမိသားစုတစ်ခုနှင့် လက်ထပ်နိုင်တော့မည် မဟုတ်ပေ။

ထို့နောက်တွင်မှု ကျိုးထျဲကျူးကို မနာလိုသူများ ရှိလာခဲ့သည်။

စုန့်လောင်စစ်ရဲ့မိသားစုက ဘယ်လို မိသားစုမျိုးမလို့လဲ? သူတို့က ရွံ့အုတ်အိမ်တွေနဲ့ နေထိုင်ကြတယ် ဆိုပေမယ့် သူတို့ရဲ့အိမ်တွေက ကျယ်ဝန်းပြီး အလင်းရောင် အဝင်အထွက် ကောင်းတဲ့အပြင် ထူထဲတဲ့နံရံတွေနဲ့ ပြတင်းပေါက်တွေလဲ ရှိနေသေးတာကြောင့် နေထိုင်ရ အဆင်ပြေစေတယ်။ စုန့်တင်းရှန်းရဲ့ဖခင် လုပ်ကိုင်တဲ့ လုပ်ငန်းကိုလည်း ကြည့်လိုက်ကြဦး၊ တစ်နှစ်ပတ်လုံး အသားပြတ်လပ်မှု မရှိနိုင်ဘူးလေ။

ပြီးတော့ စုန့်တင်းရှန်းကလည်း သူမရဲ့အိမ်မှာ အချစ်ခံရပြီး ယောက္ခမက သူ့သမီး ဒုက္ခရောက်မှာကို ဘယ်ကြည့်နေနိုင်ပါ့မလဲ? သူတို့က သားမက်ကို ထောက်ပံ့ပေးမယ်ဆိုတာ မေးနေစရာတောင် မလိုဘူး။

ဒါပေမယ့် ကျိုးထျဲကျူးရဲ့ကံကြမ္မာကလည်း သိပ်ကောင်းနေတာတော့ မဟုတ်ပြန်ဘူး။ သူက အလှလေးနဲ့ လက်ထပ်ရမယ်ဆိုပေမယ့် အိပ်ယာတောင် နွေးအောင်မအိပ်နိုင်ဘဲ ရက်အနည်းငယ်ကြာတာနဲ့ စစ်တန်းလျားကို သွားရတော့မယ်။ အနာဂတ်မှာ သူ ပြန်လာနိုင်ရင်တော့ ကောင်းတာပေါ့။ သူ ပြန်မလာနိုင်ရင် ကောင်မလေးက မုဆိုးမ ဖြစ်သွားလိမ့်မယ်။ ဒါက လူတွေကို ထိခိုက်စေမှာ မဟုတ်ဘူးလား?

ထိုအခြေအနေများကြောင့် အစပိုင်းတွင် စုန့်ရှင်းယိက လုံးဝ သဘောမတူခဲ့သော်လည်း စုန့်တင်းရှန်းက သူ့ကို ဖြောင်းဖြနိုင်ခဲ့သည်။

"ကျိုးမိသားစုက ကောင်လေးက ကြင်နာတက်ပြီး ဖြောင့်မတ်တဲ့လူလို့ ကျွန်မ ထင်တယ်" စုန့်တင်းရှန်းက ပြုံးနေပြီး စုန့်ရှင်းယိ၏အနားသို့ ချဥ်းကပ်လာသည်။ သူမက သူမအဖိုး၏ ညှိုးငယ်နေသော မျက်နှာကို ကြည့်လိုက်ပြီး တိုးတိုးလေး ဆက်ပြောလိုက်သည်။ "သူ ကျွန်မတို့အိမ်က ထွက်သွားပြီးပြီးချင်း အိမ်ခွဲဖို့တောင်းဆိုရင် ကျိုးမိသားစုက ကျွန်မတို့ဆီ ရောက်လာပြီး ဒုက္ခပေးမှာ သေချာတယ်။ ဒါပေမယ့် သူက အဲ့လို မဟုတ်ဘူး။ သူက မြို့ကို ဟန်မပျက် ဆက်သွားနေတယ်။ အချိန်အတော်ကြာပြီးမှ ရုတ်တရက် အိမ်ခွဲဖို့ ထတောင်းဆိုတော့ တခြားသူတွေက သူ့ကို မြို့ထဲက တစ်ယောက်ယောက် အကြံပေးလိုက်တယ်လို့ ထင်နေကြတယ်၊ ပြီးတော့ အိမ်ခွဲပြီး အတော်ကြာတဲ့အထိလည်း ကျွန်မတို့ဆီကို ‌ရောက်မလာခဲ့ဘူး။ ကျွန်မတို့ကို မဆက်သွယ်ခင် အချိန်တော်တော်ကြာအောင် စောင့်နေသေးတယ်။ အဲ့တာကြောင့် လူတွေက လမ်းလွှဲသွားတာလေ၊ ကောင်လေးက စကားသိပ်မပြောပေမယ့် ဉာဏ်ကောင်းတယ်”

စုန့်ရှင်းယိက နှာမှုတ်လိုက်ပြီး စုန့်တင်းရှန်း၏နဖူးကို ပုတ်ကာ "မင်းအသက်က ဘယ်လောက်ရှိသေးလို့လဲ၊ မင်းက  “ဒီကောင်လေး” လို့ အမြဲသုံးနှုန်းနေတယ်လို့ ငါ ထင်တယ်၊ မင်း သူ့ကို တော်တော် သဘောကျနေတာလား? သူက ဘာကောင်းလို့လဲ? မင်းနဲ့ လက်ထပ်ပြီး ရက်အနည်းငယ်ကြာတာနဲ့ သူက စစ်တန်းလျားကို ဝင်သွားမှာလေ၊ မင်းက သူနဲ့ မတွေ့ရဘဲ နှစ်အတော်ကြာ တစ်ယောက်ထဲ နေရလိမ့်မယ်၊ အဲ့တာက ဘာကောင်းလို့လဲ?”  

စုန့်တင်းရှန်းက သူမ၏နဖူးကို သူမလက်ဖြင့် ပြန်အုပ်လိုက်ပြီး ဆူပုတ်နေသော မျက်နှာလေးဖြင့် "သမီး အိမ်ထောင်ကျသွားတာနဲ့ အဖိုးက သမီးကို အသိအမှတ် မပြုဘူးတော့ဘူးလို့ ဆိုလိုတာလား? သူ ထွက်သွားပြီးတာနဲ့ သမီးက အိမ်ကို ပြန်လာပြီး နေ့တိုင်းနေ့တိုင်း အဖိုးနားမှာ တွယ်ကပ်နေမှာ"

“မင်းရဲ့စရိုက်နဲ့ မင်းရဲ့ပေါက်ကရစကားတွေကို ကြည့်စမ်း!" စုန့်ရှင်းယိက ရယ်မောလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ “ဒီကလေးက လူကောင်း အဖိုး မှန်းသိပါတယ်။ တကယ်တော့ သူသာ စောစော အိမ်ခွဲခဲ့မယ်ဆိုရင်တောင် ပိုအဆင်ပြေသွားမှာလေ။ ငါတို့မိသားစုက သူ စစ်မှုထမ်းခွင့် ကင်းလွတ်ဖို့ ပိုက်ဆံပေးနိုင်တယ်၊ ဒါ​ပေမယ့်​ အခုတော့ ကြည့်စမ်း၊ ငါတို့ သူအတွက် ပိုက်​ဆံပေးရင်တောင် အသုံးမ၀င်တော့​ဘူး။

"အဖိုး၊ ကျိုးထျဲကျူးက အနာဂတ်မှာ တစ်ခုခုလုပ်နိုင်မယ်လို့ သမီး ယုံကြည်တယ်။ သူက ဦးနှောက်ရှိတော့ အကြံဥာဏ်တွေလည်း ရှိမှာပဲ၊ စစ်တန်းလျားမှာ သူက သူ့ကိုယ်သူ ကာကွယ်နိုင်ပြီး နာမည်တစ်ခုရလာနိုင်သေးတယ်။ အဲဒီအခါမှာ သူလည်း စစ်ရေးအရာရှိတစ်ယောက်ဖြစ်လာနိုင်ပြီး နေ့တိုင်း ၀င်ငွေအများကြီးရလာလိမ့်မယ်၊ အဲ့အချိန်ရောက်ရင် ဘယ်သူက သမီးကို အနိုင်ကျင့်ရဲတော့မှာလဲ?”

စုန့်တင်းရှန်းက တစ်ခစ်ခစ်ရယ်မောရင်း ဆက်ပြောလိုက်သေးသည်။ "သမီးတို့ အိမ်ထောင်ကျပြီးရင်တောင်... ဒီအချိန်မှာ သမီးက သူ သမီးကို ထိဖို့ ခွင့်မပြုဘူးလေ၊ သူက ဘယ်လိုလုပ် သမီးကို အတင်းအကြပ် ပြုမူနိုင်မှာလဲ။ သမီးက ဆယ့်လေးနှစ်ပဲရှိသေးတယ်၊ သမီး စောစောစီးစီး ကလေး မဖွားချင်တယ်။ ဘေးရွာက အဲဒီမိန်းခလေး သူ့မိဘတွေက စောစောစီးစီး လက်ထပ်ပေးခဲ့ပြီး စောစော ကလေးမွေးလာတဲ့ရလဒ်က..."

"အိုး မင်းရဲ့ပါးစပ်ကို ပိတ်လိုက်တော့၊ ငါ ဒါကို ဆက်နားမထောင်နိုင်တော့ဘူး!" စုန့်ရှင်းယိက အမှန်တကယ် သည်းမခံနိုင်တော့ပေ။ သူက သူ့မြေးမလေးက ဒေါသထွက်လာပြီး “မင်းကိုယ်မင်း ကြည့်စမ်း၊ မင်း အခု အသက်ဆယ့်လေးနှစ်ပဲ ရှိသေးတယ်၊ မင်းက ပါးစပ်ဖွင့်လိုက်တာနဲ့ ကလေးမွေးဖို့တောင် ပြောနေသေးတယ်၊ မင်းရဲ့ပါးစပ်ကို ပိတ်လိုက်တော့၊ ဒီစကားက အဖိုးတို့ မိသားစုထဲမှာ ပြောတာက အဆင်ပြေသေးတယ်။ တခြားမိသားစုတွေရှိရင် မင်း သေလော်ကအောင် အရှက်ရလိုက်မယ်!"

စုန့်တင်းရှန်းက တစ်ခစ်ခစ် ရယ်မောနေရင်း "အဲ့တော့ ဘာဖြစ်လဲ၊ အဘိုးက သမီးကို ချစ်တာပဲ မဟုတ်လား?"

ထိုအခိုက်အတန့်တွင် စုန့်အဘွားအိုက ကန့်လန့်ကာကို ရုတ်သိမ်းကာ ဝင်လာနေပြီး ထိုစကားကြောင့် ရယ်မောရင်း ဝင်ပြောလိုက်သည်။ "မင်းရဲ့အဖိုးနဲ့ ငါက မင်းကို ချစ်နေတာကြောင့်သာ မဟုတ်ရင် ငါက မင်းကို မျက်ရည်ကျအောင်ရိုက်ပြီးနေပြီ။ မင်းရဲ့မဆင်ခြင်တဲ့ စိတ်ဆန္ဒတွေကို မင်း ပြန်တွေးကြည့်စမ်း။ မင်းက အရမ်း စိတ်လောပြီး သူ့ကို လက်ထပ်ဖို့ တောင်းဆိုခဲ့သေးတယ်... ထားလိုက်ပါ၊ ငါလည်း အဲဒီကလေးကို တွေ့ဖူးတယ်၊ သူက လေးနက်ပြီး အားကိုးအားထားပြုနိုင်လောက်တဲ့ လူငယ်တစ်ယောက်ပါ၊ သူ မြန်မြန်ပြန်လာနိုင်ဖို့ပဲ မျှော်လင့်ရတော့မှာပေါ့"

နောက်ဆုံးတွင် နှစ်သစ်ကူးပြီးလျှင် စစ်စခန်းသို့ သွားရတော့မည့် ကျိုးထျဲကျူးကြောင့် ထိုအိမ်ထောင်ရေးကိစ္စ အပြီးသတ်ရန် နှစ်သစ်မတိုင်မီ အကောင်းဆုံးနေ့တစ်နေ့ကို ကမန်းကတန်း ရှာဖွေကာ ရက်သတ်မှတ်လိုက်ရသည်။

သို့သော် စုန့်မိသားစုက ၎င်းတို့၏သမီးငယ်အား ထိုကျဉ်းမြောင်းသောမြေသားအိမ်တွင် နေထိုင်ခွင့်ပေးရန် တွန့်ဆုတ်နေကြပြီး စုန့်ကျစ်ယွမ် အသုံးပြုသော အိမ်နှစ်လုံးကို ကျိုးထျဲကျူး၏ ယာယီနေထိုင်ရာအဖြစ် အသုံးပြုနိုင်ရန် ရှင်းလင်းပေးလိုက်သည်။ ရွှံ့အိမ်နှစ်အိမ်သာဆိုသော်လည်း ကောင်းစွာတည်ဆောက်ထားပြီး သန့်ရှင်းနေသောကြောင့် အလွန်ကောင်းမွန်လှသည်။

အချိန်တန်လျှင် သူတို့က ဧည့်သည်များကို ညစာစားရန် ဖိတ်ခေါ်ပြီး အရှေ့ခြံတွင် ဧည့်ခံနိုင်မည် ဖြစ်သည်။ သူတို့၏ အိမ်က စုန့်မိသားစု၏လမ်းတစ်ဖက်တွင် ရှိနေပြီး စုန့်တင်းရှန်းက အိမ်ပြန်ချင်လျှင် အိမ်နောက်ဖေးတံခါးမှပင် အလွယ်တကူ ဝင်နိုင်သောကြောင့် အဆင်ပြေလှသည်။

ကျိုးထျဲကျူးထံတွင်လည်း ဘာမှ စောဒကတက်စရာ မရှိပေ။ သူက တင်တောင်းလက်ဆောင်အဖြစ် ‌ငွေလျန်ငါးဆယ်လုံးကို ထုတ်ပေးခဲ့ပြီး တောင်ပေါ်သို့ တက်သွားခဲ့သည်။ သူ တောင်ပေါ်တက်သွားသည်မှာ ရက်အတော်ကြာနေပြီဖြစ်သောကြောင့် စုန့်ကျစ်ယွမ်က အလွန်စိုးရိမ်နေချိန်တွင် မထင်မှတ်ပဲ သူက ကျားကြီးတစ်ကောင်ကို ရှာဖွေနိုင်ခဲ့သည်။

ဤသည်မှာ စုန့်ကျစ်ယွမ်သာမက ရွာရှိလူတိုင်းကိုပင် ထိတ်လန့်စေခဲ့သည်။

တောင်ပေါ်တွင် ကျားများရှိကြောင်း ရွာတွင် နေထိုင်သော အိမ်ထောင်စုတိုင်း သိကြသည်။ သို့သော်လည်း ထိုကျားများက အများအားဖြင့် တောင်နက်ထဲတွင်သာ နေထိုင်လေ့ရှိပြီး အအေးလွန်ကဲပြီး အစာ‌ရေစာ ရှားပါးသည့်အခါမှသာ တောင်အောက်သို့ ဆင်းလာလေ့ရှိကြသည်။ ကျိုးထျဲကျူးက ရက်အတော်ကြာ လျှောက်သွားနေခဲ့ပြီး ကျားလိုက် ရှာဖွေခဲ့ခြင်း ဖြစ်နိုင်သည်။

စုန့်တင်းရှန်းလည်း အလွန်စိုးရိမ်နေသော်လည်း ယခုအချိန်တွင် သူမ အရှေ့သို့ ထွက်ရန် ခက်ခဲနေသောကြောင့် သူမက ဖန့်ရှီနှင့် စုန့်ကျစ်ယွမ်ကို ကျိုးထျဲကျူးအား စစ်ဆေးပေးရန် တောင်းဆိုခဲ့ပြီး သူ ထိခိုက်ဒဏ်ရာရခြင်းမရှိသည်ကို သိလိုက်ရမှ စိတ်သက်သာရာရသွားခဲ့သည်။

ဤကျားကြီးတွင် အပြင်းထန်ဆုံးသော ဒဏ်ရာများ ရှိနေသင့်သော်လည်း ၎င်း၏ဝမ်းဗိုက်တွင် အပေါက်ရှိနေခြင်းမှလွဲ၍ ကျား၏ကိုယ်ထည်က အလွန်ပြည့်စုံနေသေးသည်။ ကျိုးထျဲကျူးက ထိုကျားကို သစ်သားချောင်းများပေါ်တွင် နွယ်ကြိုးဖြင့်ချည်ကာ နေရောညပါ တောင်ပေါ်မှ ဆွဲလာခဲ့ပြီး သူ ပြန်ရောက်ရန် အချိန် တစ်ရက်နှင့်တစ်ည ကြာခဲ့သည်။ ပင်ပန်းနွမ်းနယ်မှုကြောင့် သူ့မျက်နှာပင် ဖြူဖပ်ဖြူလျှော် ဖြစ်နေပြီး ဖန့်ရှီ ပြင်ဆင်ပေးသော ခေါက်ဆွဲပြုတ်ပူပူ တစ်ပန်းကန်လုံးကို စားပြီးနောက် သူက ထိုင်ခုံပေါ်တွင် ထိုင်နေရင်း အိပ်ပျော်သွားတော့သည်။

သူ နိုးလာချိန်တွင်  နောက်တစ်နေ့ရောက်နေပြီး သူ စုန့်မိသားစုအိမ်တွင် အိပ်ပျော်သွားသည်ကို သိလိုက်ရသောကြောင့် ချက်ချင်း ရှက်ရွံ့သွားရသည်။

စုန့်ကျစ်ယွမ်က ထိုတုံးအသော ကောင်လေးကို ကြည့်နေပြီး ရယ်လို့မဆုံးတော့ပေ။

အိမ်က စိတ်ကောင်းရှိတဲ့ အမျိုးသမီးတွေကြောင့်သာ မဟုတ်ရင် ငါ မင်း အတင်းအကျပ် နိုးပြီး မင်းရဲ့တဲစုတ်ကို ပြန်ခိုင်းလိုက်မှာ၊ ကောင်စုတ်လေးက အိမ်ထောင်မကျခင် ယောက္ခမအိမ်မှာ ညလာအိပ်နေသေးတယ်။ ဒီသတင်းသာ ပျံ့နှံ့သွားရင်တော့ ငါတို့မိသားစုက အတင်းအဖျင်း အပြောခံရတော့မှာပဲ။

နောက်ဆုံးတွင် ကျားကို မြို့တွင်းရှိ ချမ်းသာသော မိသားစုမှ စားသောက်ရန် ဝယ်ယူခဲ့သည်။ ကျိုးထျဲကျူးက ကျားကို သတ်ခဲ့ကြောင်း ကြားလိုက်ချိန်တွင် ထိုချမ်းသာသောမိသားစုမှ သခင်ကြီးက အလွန်ပိန်လှီသော ကျိုးထျဲကျူးကို ကြည့်ကာ ချက်ခြင်းသဘောကျသွားကြသည်။ နှစ်သစ်ကူးပြီးလျှင် လူငယ်လေးက စစ်စခန်းသွားတော့မည်ကို ကြား‌သောအခါ သူက ပြုံးလိုက်ပြီး "မင်းက ကံကောင်းပုံရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့ရဲ့အကြီးဆုံးတူက စစ်တန်းလျားမှာ အရာရှိဖြစ်နေတယ်။ ဒါက ကံကြမ္မာတစ်ခုပဲ။ မင်းမှာ အရည်အချင်းရှိပုံရတယ်။ နောက်မှ ငါ့ရဲ့အကြီးဆုံးတူကို ငါ မင်းအကြောင်း ပြောပေးမယ်။ မင်းကို သူ့လက်အောက်မှာ ထားဖို့လည်း တောင်းဆိုပေမယ်။ ရှေ့တန်းမှာ အပြေးအလွှား တိုက်ခိုက်နေရတဲ့ စစ်သည်တွေထက် စာရင် မင်းကို သူနဲ့အတူ ရှိနေတာက  ပိုပြီး သင်ယူနိုင်လိမ့်မယ်လို့ ငါ ထင်တယ်"

စုန့်ကျစ်ယွမ်က ဝမ်းသာလွန်းသောကြောင့် ကျိုးထျဲကျူးကို အလျင်အမြန် တွန်းထုတ်လိုက်ကာ "မင်းက ဘာလို့ မြန်မြန်ဆန်ဆန်  ကျေးဇူးမတင်ရတာလဲ? ဝမ်သခင်ကြီးကို မြန်မြန် ကျေးဇူးတင်လိုက်လေ!"

"ကျေးဇူးတင်ပါတယ် ဝမ်သခင်ကြီး" ကျိုးထျဲကျူး၏ မျက်လုံးများက ကျေးဇူးတင်သည့်အရိပ်အယောင်များ ပြည့်နှက်နေသည်။

သူဌေးကြီးက ရယ်နေပြီး ကျားကို သယ်သွားရန် တယောက်ယောက်ကို စေခိုင်းလိုက်ပြီး ငွေပေးချေလိုက်သည်။

သူ ပေါ့ပေါ့တန်တန် လုပ်ခဲ့တဲ့အရာက အနာဂတ်မှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ဖြစ်ပေါ်လာစေလိမ့်မယ်လို့ သူ မမျှော်လင့်ထားတာ အမှန်ပါပဲ။

စုန့်တင်းရှန်းကတော့ သူမ၏ လက်ချောင်းများကို ချိုးကာ ရေတွက်နေတော့သည်။

အခု ငါက ဆယ့်လေးနှစ်ပဲ ရှိသေးတယ်။ ငါ ဒီလူကို နှစ်အနည်းငယ်လောက် စစ်မှုထမ်းခိုင်းလိုက်မယ်၊ သူ ပြန်လာရင် သူက အသက်နှစ်ဆယ်လောက်ပဲ ရှိလိမ့်မယ်။ ကလေးမွေးဖို့က အဲဒီအချိန်လောက် ရောက်မှ အမျိုးသားရေးမူဝါဒနဲ့ ကိုက်ညီမှာပေါ့၊ အသက်မပြည့်သေးရင်... အိုး... မဖြစ်ဘူး.... မဖြစ်ဘူး....

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်....

ကျိုးထျဲကျူး: “ဟီး ဟီး ငါ့မှာ ဇနီးရှိသွားပြီ၊ အရမ်းကောင်းတယ်~”

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟