CHAPTER 5
Viewers 2k

အခန်း ၅ ပန်းနုရောင်အိမ်ထောင်‌‌ရေး

ကျိုးထျဲကျူးက ကျားရောင်း၍ ရရှိသော ငွေလျန်တစ်ရာကျော်ကို စုန့်ကျစ်ယွမ်ထံ ပေးခဲ့ပြီး သူ ထွက်သွားပြီးနောက် နွေဦးပေါက်ရာသီ ပိုမိုကောင်းမွန်သော ခြံတစ်ခြံဝယ်ကာ အိမ်ဆောက်ပေးရန်နှင့် နောက်ထပ်မြေနှစ်ကွက်လောက် ဝယ်ပေးရန် တောင်းဆိုခဲ့သည်။

"ကျွန်တော် စစ်တန်းလျားကို သွားပြီးရင် နောက်ထပ် နှစ်အနည်းငယ်ကြာရင်‌အောင် ပြန်မလာနိုင်တော့မှာကို စိုးရိမ်မိတယ်။ ဦးလေး တင်းရှန်းက ကျွန်တော်နဲ့လက်ထပ်ဖို့ ဆန္ဒရှိနေပေမယ့် ကျွန်တော်က သူမကို နစ်နာစေမှာ မဟုတ်ပါဘူး"

လူနှစ်ယောက်က နွားလှည်း၏ လှည်းခုံပေါ်တွင် ထိုင်နေကြပြီး စုန့်ကျစ်ယွမ်က လှည်းမောင်းနေကာ ကျိုးထျဲကျူးက သူ့ကို လှမ်းကြည့်နေသည်။ ကျိုးထျဲကျူး၏လက်ထဲတွင် ငွေဆံထိုးလေးတစ်ခုကို ရှိနေပြီး ထိုဆံထိုးတွင် စည်းစိမ်ဥစ္စာ ပေါကြွယ်ဝစေရန်နှင့် ချမ်းသာခြင်းကို ရည်ညွှန်းကာ ပုံဖော်ထားသော စကားလုံးများနှင့် ပန်းများ ရေးထိုးပုံဖော်ထားပြီး ထိုအရာက စုန့်တင်းရှန်းအတွက် လက်ဆောင်ဖြစ်သည်။

"မင်းက ဘယ်ကနေ ဘာတွေ ကြားလာပြီး ဒါတွေ ပြောနေရတာလဲ?" စုန့်ကျစ်ယွမ်က လှည်းမောင်းနေရင်း ပြန်ပြောလိုက်သည်။ "မင်း ထွက်သွားပြီးတာနဲ့ တင်းရှန်းက မိသားစုတွေနဲ့ အတူပြန်နေလို့ရတယ်၊ ဘယ်သူမှ သူ(မ)ကို နှိပ်စက်မှာ မဟုတ်ဘူး။ မင်းကတော့ အပြင်မှာ နေရာတိုင်းကို သတိထားနေဖို့ လို့လိမ့်မယ်၊ မထိခိုက်မိအောင် သတိထားပြီး နေကောင်းအောင်နေ၊ ကျန်းကျန်းမာမာနဲ့ ပြန်လာခဲ့"

ကျိုးထျဲကျူးက “အမ်း’’ဟူသော မပီမသ အသံဖြင့် တုံ့ပြန်လိုက်သည်။ သူက စကားပြောကောင်းသူ မဟုတ်သလို စုန့်ကျစ်ယွမ်ကလည်း ဘာသိဘာသာနေတက်သည့် အကျင့်ရှိသည်။ သူတို့ကြားတွင် ဆိတ်ဆိတ်သွားပြီး အချိန်အတော်ကြာသည်အထိ လှည်းဘီးသံကိုသာ ကြားနေရသည်။

စုန့်ကျစ်ယွမ်က သူက လူကြီးတစ်ယောက်ဖြစ်ပြီး ထိုကဲ့သို့ အဆင်မပြေသော တိတ်ဆိတ်မှုကို ချိုးဖျက်သင့်သည်ဟု တွေးလိုက်မိပြီး "မင်းကို ကူညီပြီး လက်ထပ်လက်ဆောင်တွေ ပို့ပေးဖို့ မင်းတို့ရဲ့အဒေါ်ဝမ်ကို ငါ ပြောထားတယ်။ သူ(မ)က ရွာသူကြီးရဲ့ဇနီးဖြစ်ပြီးတော့ အောင်သွယ်တစ်ပိုင်းဆိုလဲ ဟုတ်တယ်၊ အဲ့တာကြောင့်  သူ(မ)က အားလုံးအဆင်ပြေအောင် လုပ်ပေးလိမ့်မယ်၊ မင်း စိတ်ပူဖို့ မလိုတော့ဘူး"

"ဟုတ်ကဲ့၊ ကျွန်တော် စိတ်မပူတော့ပါဘူး" ကျိုးထျဲကျူးက သူ့လက်များကို သွေးထွက်လုနီးပါး ဖြစ်အောင် ပွတ်သပ်နေပြီး ဘာပြောရမှန်း မသိဖြစ်နေပြန်သည်။

စုန့်ကျစ်ယွမ်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး လမ်းပေါ်တွင် မည်သူမျှ မရှိကြောင်း သေချာစေပြီးမှ သူ့အသံကို လျှော့ချကာ ကျိုးထျဲကျူးကို တိုးတိုးလေး ပြောလိုက်သည်။ "ငါ့သမီးက ငယ်သေးတယ်၊ အခုမှ ဆယ့်လေးနှစ်ပဲရှိသေးတယ်။ မင်းတို့ အိမ်ထောင်ကျပြီးရင်တောင် ကလေးမွေးဖို့ မဖြစ်နိုင်သေးဘူး။ မင်း အဲဒါကို မလုပ်သင့်ဘူး၊ မင်းလည်း သိပါတယ်၊ သူ(မ)ရဲ့ခန္ဓာကိုယ်က အပြည့်အဝ မဖွံ့ဖြိုးသေးဘူး၊ ကလေးမွေးဖို့က အရမ်းအန္တရာယ်များလွန်းတယ်၊ မင်းက အခု အသက်ဆယ့်ခုနစ်နှစ်ပဲရှိသေးတယ်၊ နောက် နှစ်နှစ်၊ ဒါမှမဟုတ် သုံးနှစ်လောက်နေပြီးမှ မင်း ပြန်လာရင်တောင် မင်းအသက်က နှစ်ဆယ်ပဲ ရှိဦးမယ်။ ကလေးတွေအတွက် စိတ်ပူစရာ မလိုပါဘူး၊ အဲ့တာကြောင့် အလျင်လိုစရာ မလိုဘူး။ မင်း ငါ ပြောချင်တာကို သဘောပေါက်လား?"

ကျိုးထျဲကျူး၏ ညိုမှောင်သော မျက်နှာက ရုတ်တရက် နီရဲလာသည်။ သူက စကားထစ်နေပြီး "ဦးလေး.... ကျွန်တော်... ကျွန်တော် နားလည်ပါတယ်။ ဦးလေး၊ စိတ်မပူပါနဲ့ ကျွန်တော် မလုပ်...မလုပ်ပါဘူး"

စုန့်ကျစ်ယွမ်က "ငါက မင်းကို တမင်ခက်ခဲအောင် ဟုတ်နေတာ မဟုတ်ပါဘူး၊ ငါတို့ကြားက အရာအာလုံးကို ရှင်းရှင်းလင်းလင်း ပြောထားရအောင်၊ မင်းက အကျင့်မကောင်းတဲ့ကောင် ဖြစ်သွားပြီး ပြန်မလာတော့ရင် ငါ့သမီးက အနာဂတ်မှာ ခက်ခဲတဲ့ ဘဝနဲ့ နေသွားရမှာကို ငါ စိုးရိမ်တယ်။ ငါ့သမီးတစ်ယောက်ထည်း ကလေးတစ်ယောက်ကို ပျိုးထောင်ဖို့ဆိုတာ မလွယ်ကူနိုင်ဘူး။ အဲ့တာဆိုရင် သူ(မ)ရဲ့ ဘဝက ပိုခက်ခဲ သွားလိမ့်မယ်၊ မင်းက မင်းအတွက်လည်း မင်းတွေးရမယ်၊ ပြီးတော့ ငါ့သမီးအတွက်လည်း ပိုစဉ်းစားပေးသင့်တယ်၊ ဒါက တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ ငါ နားလည်တယ်၊ မင်းဘက်မှာ တစ်ခုခု ဖြစ်သွားရင်တောင် တင်းရှန်းတစ်ယောက်တည်းဆိုရင် အိမ်ပြန်လာပြီး ငါတို့က သူ(မ)ကို ဂရုစိုက်ပေးလို့ ရသေးတယ်...”

“ဦးလေး၊ ကျွန်တော် နားလည်ပါတယ်…” ကျိုးထျဲကျူးက ရှက်ရွံ့စွာဖြင့် ဗလုံးဗထွေး ပြန်ပြောလိုက်သည်။ 

စုန့်ကျစ်ယွမ်က ရယ်မောလိုက်ပြီး ခေါင်းငုံ့ထားသော ကျိုးထျဲကျူးကို စောင်းငဲ့ကြည့်လိုက်ပြီးမှ "ငါ့သမီးနဲ့ အိမ်ထောင်ပြုရတာ မင်းအတွက်တော့ ကံကောင်းခြင်းပဲ။ တင်းရှန်းက နူးညံ့သိမ့်မွေ့တယ်လို့ ထင်ရပေမယ့် တကယ်တော့ အစစအရာရာ နားလည်လွယ်ပြီး ထက်မြက်တယ်"

ကျိုးထျဲကျူးက အားတက်သရော ခေါင်းညိတ်ထောက်ခံလိုက်ပြီး "ကျွန်တော် တင်းရှန်းနဲ့ လက်ထပ်ခွင့်ရတာက ကျွန်တော့်ဘက်က အကျိုးအမြတ်ရခဲ့တယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် ပြန်မလာနိုင်ရင်တောင် အဲဒီအရာတွေအားလုံးကို တင်းရှန်းအတွက် ထားခဲ့မှာပါ"

"ကောင်စုတ်လေး၊ ယုတ္တိမဲ့တဲ့စကားတွေကို ရပ်လိုက်စမ်း။ ငါတို့မိသားစုက မင်းရဲ့ဥစ္စာပစ္စည်းတွေကို ဂရုမစိုက်ဘူးကွ၊ အရေးကြီးတာက မင်းရဲ့ လုံခြုံရေးပဲ။ မင်း ကောင်းကောင်းမွန်မွန် နေထိုင်ပြီး ဘေးကင်းကင်းနဲ့ ပြန်လာဖို့က ပိုအရေးကြီးတယ်၊ မင်း နားလည်လား?" စုန့်ကျစ်ယွမ်၏မျက်နှာက မည်းမှောင်သွားသည်။

"ကျွန်တော် နားလည်ပါပြီ" ကျိုးထျဲကျူးက သူ့နဖူးကို ပွတ်သပ်နေရင်း သူ့တစ်ကိုယ်လုံးတွင် အေးစက်နေသော ချွေးများ ထွက်နေသလို ခံစားလိုက်ရသည်။

သူတို့၏နွားလှည်း ရွာထဲသို့ ဝင်လာသောအခါ စုန့်လောင်စန်း၏ အိမ်ရှေ့တွင် အနီရောင် အဝတ်အစားအသစ်များ ၀တ်ဆင်ထားသည့် လူများ သွားလာနေသည်ကို တွေ့လိုက်ရပြီး မြင်ကွင်းက အလွန်အသက်ဝင်နေသည်။

"ဟေ့ တတိယဦးလေးအိမ်မက ပွဲတစ်ခုခု ကျင်းပနေတာလား?" စုန့်ကျစ်ယွမ်က အနည်းငယ် အံ့သြသွားသည်။

နွားလှည်းက အိမ်သို့ ပြန်ရောက်ချိန်တွင် ခြံထဲ၌ ဖန့်ရှီက စောင်များကို ရိုက်ပုတ်ပြီး နေလှမ်းရင်း တစ်ယောက်တည်း ရေရွတ်နေသောကြောင့် သူ့က မအောင့်နိုင်တော့ပဲ အော်မေးလိုက်သည်။

“တတိယဦးလေးမိသားစုမှာ ဘယ်လိုပျော်စရာပွဲရှိနေတာလဲ?”

‌သူ့၏အော်မေးသံကြောင့် ဖန့်ရှီက လှည့်ကြည့်လာပြီး ကျိုးထျဲကျူးကို တွေ့ချိန်တွင် သူမက အပြုံးဖြင့် "ထျဲကျူးပါ ပါလာတာလား? သွားပြီး နွေးအောင် အရင်လုပ်လိုက်။ အဒေါ်ဝမ်က လက်ထပ်လက်ဆောင်တွေကို ထုပ်ပိုးပြီးနေပြီ၊ အဲ့တာတွေကို အိမ်နောက်ဖေးမှာ ထားထားတယ်၊ မင်း ခနနေမှ သွားကြည့်လိုက်လေ”

ကျိုးထျဲကျူးက ခေါင်းညိတ်ပြလိုက်ပြီး ဖန့်ရှီ၏လက်ထဲမှ အမွေးတံမြတ်စည်းကို ယူကာ စောင်များကို ရိုက်နှက်ရန် ကူညီပေးလိုက်သည်။

ဤစောင်များက မနှစ်က ချုပ်ထားသော စောင်များ ဖြစ်နေပြီး ယခုနှစ်တွင် ၎င်းတို့ကို ပြန်ဖြည်ကာ ပြန်ချုပ်ဖြင့် သူတို့ကို ပိုမိုသက်တောင့်သက်သာ ဖြစ်စေနိုင်သည်။ သို့သော်လည်း ထိုသို့ မလုပ်ရသည့် အဓိကအကြောင်းအရင်းမှာ မကြာသေးမီက သူတို့အလုပ်များနေသောကြောင့် ဖြစ်ပြီး ကျင်းချောင်အာနှင့် အဘွားကြီးတို့က ဤမိသားစုကြီးတစ်ခုလုံး၏ အဝတ်များနှင့် စောင်များကို လျှော်ဖွပ်ရန် မဖြစ်နိုင်ပေ။

ဖန့်ရှီက သူမ၏သမက်ကို ရွှင်မြူးစွာ ကြည့်နေပြီး သူမ သူ့ကို ပိုကြည့်လေလေ ပိုစိတ်တိုင်းကျလေ ဖြစ်လာသည်။ စုန့်ကျစ်ယွမ်က စုန့်လောင်စန်း၏မိသားစုအကြောင်း ဒုတိယအကြိမ် မေးလိုက်ချိန်တွင် သူမက ရှုံ့မဲ့သွားပြီး "ရှင် မသိသေးဘူးလား? အိုက်ယား... ရှင့်ရဲ့တတိယဦးလေးမိသားစုက အင်း... သူတို့မိသားစုရဲ့အကြီးဆုံးသမီး... ရှင့်ရဲ့ရှစ်ယောက်မြောက်ဝမ်းကွဲ အစ်ကိုမိသားစုရဲ့သမီးအကြီးဆုံးလေ... စုန့်ထောင်ဟုန်က အရမ်းကို ထူးခြားပါပေတယ်"

သူ့ကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို မြောက်ခြောက်တံမြတ်စည်းဖြင့်  ပွတ်သပ်ခါထုတ်နေသော စုန့်ကျစ်ယွမ်က နားမလည်နိုင်ဖြစ်သွားပြီး "ထောင်ဟုန်လား? သူ(မ)က ဘာဖြစ်လို့လဲ? မင်း ဘာလို့ စောစောပြန်ရောက်နေတာလဲ? ဆိုင်မှာ အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား?"

ဖန့်ရှီက လှောင်သံဖြင့်"ထောင်ဟုန်က ဘာဖြစ်လို့လဲ.. ဟုတ်လား? ရှင် မသိသေးဘူးလား? ထောင်ဟုန်က လက်ထပ်တော့မယ်"

စုန့်ကျစ်ယွမ်က အံ့သြသွားပြီး "ထောင်ဟုန် လက်ထပ်တော့မယ်လား? ငါ ဘာလို့ မသိရတာလဲ?"

"ဘာလို့လဲဆို​တော့ သူတို့က ​ပြောဖို့ ရှက်နေလို့ ဖြစ်မှာပေါ့!" ဖန့်ရှီက ခြံအပြင်ဘက်ကို စူးစူးရဲရဲ လှမ်းကြည့်လိုက်ပြီး "စုန့်ထောင်ဟုန်က တခြားတစ်ယောက်နဲ့ လက်ထပ်မှာ မဟုတ်ဘူး၊ ရှမိသားစုက ပညာတော်သင်သားနဲ့ပဲ... သူတို့ ဒီမနက်စောစော ဆိုင်ကို ရောက်လာပြီး ဝက်သားတွေ အများကြီး မှာကြတယ်။ သူ(မ)က မနက်ဖြန်  လက်ထပ်ပြီး ရှမိသားစုထဲကို ဝင်လိမ့်မယ်၊ ဒီနေ့ ဆိုင်မှာ ဝက်တစ်ကောင်ကို သတ်ခဲ့ပေမယ့် အများစုက ကြိုမှာထားတော့ ကျွန်မမှာ လုပ်စရာ မရှိတော့ဘူး"

စုန့်ကျစ်ယွမ်က မျက်မှောင်ကြုတ်သွားပြီး သူ့၏မျက်နှာက အနည်းငယ် နီမြန်းလာသည်။

ဒီအဖြစ်အပျက်က သူတို့မိသားစုက  တင်းရှန်းကို စော်ကားမှုလိုက်တာပါပဲ။ ရှမျိုးရိုး ရှိတဲ့ အဲ့လူက ပြီးခဲ့တဲ့ နှစ်လလောက်က စေ့စပ်ပွဲကို ဖြတ်တောက်ခဲ့ပြီး အခု တင်းရှန်းရဲ့ဝမ်းကွဲဖြစ်တဲ့ ထောင်ဟုန်နဲ့ လက်ထပ်မယ်ပေါ့။ ဘယ်သူမှ  မရယ်မှာကို ကြောက်နေတာလား?

"တတိယဦးလေးမိသားစုက ဘာတွေ တွေးနေတာလဲ?" စုန့်ကျစ်ယွမ်က သူ့ခေါင်းကို ခါယမ်းနေပြီး ခေါင်းကိုက်လာသလိုပင် ခံစားနေရသည်။

ဖန့်ရှီက "သူတို့ ဘာတွေ တွေးနေလဲဆိုတာကို ဘယ်သူက သိမှာလဲ?" ရှင်တို့နှစ်ယောက် ထွက်သွားပြီးတာနဲ့ သူတို့က ရှင့်မိဘတွေဆီကို ရောက်လာပြီး အကူအညီလာတောင်းကြတယ်။ အဖေက နေမကောင်းဟန်ဆောင်နေပြီး အိပ်ယာထဲကတောင် မထဘူး။ အမေကတော့ အဖေ့ကို ပြုစုရမှာမို့ မလာနိုင်ဘူးလို့ ပြောလိုက်တယ်၊ အဲ့တော့ သူတို့က အကြီးဆုံးခဲအိုကို လွှတ်ပေးဖို့ ပြောလာတယ်၊ အကြီးဆုံးခဲအိုက သူ ထင်းခုတ်စရာ ရှိလို့ တောင်ပေါ်ကို တက်ရမယ်လို့ ပြောလိုက်တယ်၊ အကြီးဆုံးယောင်းမကလည်း အဖေ့အတွက် ချက်ပြုတ်နေရတာနဲ့ အလုပ်များနေပြီး အချိန်မရှိဘူးလို့လည်း ပြောလိုက်တယ်။ သူတို့က ကျွန်မကိုတောင် လာဖို့ ပြောနေသေးတယ်...ဟက်!"

လူအိုကြီးစုန့်လောင်စန်းရဲ့ အပြုအမူက တကယ်ကို ရိုင်းစိုင်းလွန်းတယ်။ သူတို့ရဲ့မြေးဖြစ်တဲ့ စုန့်ထောင်ဟုန်က တင်းရှန်းထက် နှစ်နှစ်ပိုကြီးတယ်။ သူမက လှပပြီး နေတက်ထိုင်တက်ပေမယ့် မိသားစုက နည်းနည်း ဆင်းရဲတော့ ဘယ်သူကမှ သူမကို မကမ်းလှမ်းကြဘူး။ အဲ့တာကြောင့် သူမ အိမ်ထောင်ပြုဖို့ အခက်အခဲ ရှိနေတယ်။ မျက်လုံးတစ်မှိတ်အတွင်းမှာပဲ သူမက ရှမိသားစုနဲ့ လက်ထပ်မယ်လို့တော့ ဘယ်သူကမှ တွေးတောင် တွေးမိမှာ မဟုတ်ဘူး။

အခု ထောင်ဟုန်က ပညာသင်သားရဲ့ဇနီး ဖြစ်ချင်လို့ လှုပ်ရှားလိုက်တာ ဖြစ်နိုင်ပြီး ရှမျိုးရိုးကောင်လေးက ကျောင်းတက်ရင်း ဝင်ငွေရှာနိုင်မယ့် အလုပ်တစ်ခု ရှာတွေ့ခဲ့တယ်လို့ ပြောကြတယ်၊ ထိမ်းမြားလက်ဆောင်တွေက ရက်ရောတာကြောင့် စုန့်လောင်စန်းရဲ့မိသားစုတစ်ခုလုံး ရွှင်မြူးနေကြတယ်။

ထူးဆန်းတာက စုန့်လောင်စန်းရဲ့မိသားစုဝင်တွေ အားလုံးက ရိုးသားသူတွေ ဖြစ်ကြပေမယ့် သူတို့က အကြံအစည်တွေ ပြည့်ဝနေတဲ့ ထောင်ဟုန်လိုမျိုး သမီးတစ်ယောက်ကို မွေးဖွားခဲ့ကြတယ်။

ထိုအခိုက်အတန့်တွင် တင်းရှန်းက သူမကို တစ်စုံတစ်ယောက်က ရေထဲ တွန်းချခဲ့ကြောင်း ပြောပြခဲ့သည်ကို ပြန်သတိရသောကြောင့် ဖန့်ရှီက ပို၍ပင် ဒေါသဖြစ်နေတော့သည်။

သူမက စကားထပ်ပြောရန် ပြင်လိုက်သော်လည်း စုန့်တင်းရှန်းက လူကြီးများ၏ အခန်းထဲမှ ထွက်လာပြီး တံခါးကန့်လန့်ကာကို ဖွင့်ကာ "အဖေနဲ့ အမေတို့ အပြင်မှာ အေးနေပြီ၊ ဝင်လာပြီး နွေးထွေးအောင် လုပ်ကြလေ။ ဘယ်သူရောက်နေတာလဲ? သြော် ရှင်လည်း ဝင်လာလေ၊ အချိန်ရသေးတယ်မလား?"

သူမ၏သမီးပြောသည်ကို ကြားသောအခါတွင် ဖန့်ရှီက သူမ၏ဗိုက်ထဲမှ ဒေါသများ “ဖောက်”ခနဲ ပေါက်ကွဲကာ ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး  တခစ်ခစ်ရယ်မောကာ "ဒါဆို ‘ရှင်’က ဘယ်သူလဲ?"

စုန့်တင်းရှန်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်လှည့်ပြေးကာ အိမ်ထဲသို့ ဝင်သွားတော့သည်။

ဖန့်ရှီက  စုန့်ကျစ်ယွမ်နှင့် အကြည့်ချင်းဖလှယ်ကာ သူမ၏ယောကျာ်းကို မျက်စိမှိတ်ပြလိုက်ပြီး ပြုံးလျက် ပင်မအခန်းဆီသို့ လျှောက်သွားလိုက်သည်။

ကျိုးထျဲကျူး၏မျက်နှာကလည်း နီရဲနေကာ သူက စောင်ကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်နေသော်လည်း ခဏအကြာတွင် စုန့်ကျစ်ယွမ်က သူ့ကို ဆွဲခေါ်သွားပြီး "အိမ်ထဲမှာ သွားထိုင်ရအောင်၊ ပြီးရင် မင်းရဲ့မျက်နှာနဲ့ လက်တွေကို ဆေးကြောလိုက်တော့၊ ထမင်းစားချိန်ရောက်ပြီ"

ယနေ့တွင်  စုန့်တင်းရှန်း၏အကြီးဆုံးဦးလေး၏ ဇနီးဖြစ်သူ ကျန်းရှီက မီးဖိုချောင်တွင် ချက်ပြုတ်သူ ဖြစ်ပြီး အရသာရှိသော အစားအစာများ၏ ရနံ့က လေထဲသို့ပင် လျှံတက်နေသည်။

အိမ်ထဲသို့ ဝင်ပြီးသည်နှင့် တပြိုင်နက် စုန့်ကျစ်ယွမ်က သူ့လက်မောင်းကြားမှ ငွေအိတ်ကို ထုတ်ယူကာ ခန်ပေါ်သို့ တင်ပေးလိုက်သည်။ "ဒါက ကျားရောင်းလို့ရတဲ့ ပိုက်ဆံတွေပဲ၊ ကောင်လေးထျဲကျူးက ဒီငွေတွေ အားလုံးကို တင်းရှန်းကို ပေးသင့်တယ်လို့ ပြောခဲ့တယ်၊ နွေဦးရာသီရောက်ရင် ငါတို့အိမ်နဲ့ နီးတဲ့နေရာကို ရွေးပြီး ခြံဝန်းကျယ်နဲ့ အိမ်တစ်ဆောင် ဆောက်ချင်တယ်တဲ့၊ ပြီးတော့ ကျန်ငွေနဲ့ မြေနှစ်ကွက် ဝယ်ဖို့ ပြောတယ်"

"အဖေ!" စုန့်တင်းရှန်းတစ်ယောက် အလွန်ရှက်သွားရပြန်သည်။

နေမကောင်းဟန်ဆောင်နေသော စုန့်ရှင်းယိက အားပါးတရ ရယ်မောနေပြီး "လောင်အာ့(ဒုတိယသား)၊ ငါ့မြေးလေးကို နောက်ပြောင်မနေနဲ့တော့။ ဟိုမှာ သွားထိုင်နေ။ ထျဲကျူး ဘယ်မှာလဲ?"

"အပြင်မှာ သူ့မျက်နှာကို ဆေးကြောနေတယ်၊ သူ့မျက်နှာက ရွှံ့တွေ ဖုံးနေလို့တဲ့" စုန့်ကျစ်ယွမ်က ပြုံးပြုံးရွှင်ရွှင် လျှောက်လှမ်းနေရင်း တံခါးဘေးမှ ခုံတန်းလျားတွင် ဝင်ထိုင်လိုက်ပြီးမှ ကန့်လန့်ကာကို ဖွင့်ပြီး အပြင်ဘက်သို့ လှမ်း‌အော်လိုက်သည်။ "ထျဲကျူး၊ မင်း ဆေးကြောပြီးပြီလား? ဟေ့၊ အရမ်ပွတ်မနေနဲ့တော့ မင်း ပွတ်နေရင်လည်း  မင်းမျက်နှာက မည်းနေမှာပဲ၊ ဝင်လာတော့”

အခန်းထဲတွင် ရယ်မောသံများ ထွက်ပေါ်လာပြန်သည်။ ကျိုးထျဲကျူးက အလွန်အမင်း ရှက်ရွံ့နေပုံဖြင့် အခန်းထဲသို့ ဝင်လာခဲ့သည်။ သူက သူ့၏မျက်ခုံးကိုပင် ငုံ့ချထားပြီး စုန့်ကျစ်ယွမ်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။

ဖန့်ရှီက ခန်ပေါ်မှ အထုပ်တစ်ထုပ်ကို ကျိုးထျဲကျူး၏ရင်ခွင်ထဲကို ထည့်ပေးလိုက်ပြီး "ငါ မင်းအတွက် အဝတ်အသစ် နှစ်ထည် လုပ်ပေးထားတယ်။ ဒီရက်ပိုင်း တောင်ပေါ်မတက်နဲ့‌နော်၊ အိမ်မှာပဲနေ"

"အင်း" ကျိုးထျဲကျူးက ထိုအထုပ်ကို ပွေ့ဖက်ထားလိုက်ပြီး အိတ်က ပျော့ပျောင်းနေကာ ချည်အသစ်ဖြင့် ပြုလုပ်ထားပြီး အထဲတွင် ချည်သားအင်္ကျီများ ရှိနေနိုင်ကြောင်း သူ နားလည်လိုက်သည်။ သူက ချည်သားအင်္ကျီကို ကိုင်ကြည့်လိုက်ပြီး ရုတ်တရက် သူ့မျက်လုံးအောက်တွင် မျက်ရည်ကြည်များ ရစ်ဝိုင်းလာသည်။

"ထမင်းစားချိန်ရောက်ပြီ!"

ကျန်းရှီက ဝင်လာသည်နှင့် ကျိုးထျဲကျူးကို အရင် ပြုံးပြ နှုတ်ဆက်လိုက်ပြီး "ထျဲကျူး၊ မင်း ရောက်နေတာလား? ဒီအဒေါ်က မင်းအတွက် အသားတွေ ပြုတ်ထားတယ်၊ ဝင်ထိုင်လိုက်" ထို့နောက် သူမက စုန့်ကျစ်ယွမ်ကို ကြည့်ကာ "နင့်အစ်ကိုကြီးနဲ့ ကလေးတွေ ဘယ်ရောက်သွားမှန်း ငါ မသိဘူး။ သူ့တို့ကို သွားရှာဖို့ ဒုတိယဦးလေးကိုပဲ နှောင့်ယှက်ရတော့မယ်"

"ကောင်းပြီ၊ ငါ ချက်ချင်း သွားလိုက်မယ်" စုန့်ကျစ်ယွမ်က ပြုံးပြုံးကြီးဖြင့် ထရပ်လိုက်ပြီး ယခုအချိန်တွင် စုန့်လောင်စန်း၏မိသားစုကြောင့် ဖြစ်ပေါ်ခဲ့ရသည့် မကျေမနပ်ဖြစ်မှုများက ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့ပြီပင်။

သူ ထွက်သွားချိန်တွင် စုန့်လောင်စန်း၏ မိသားစုမှ သူ့၏ရှစ်ယောက်မြောက် ဝမ်းကွဲအစ်ကိုဖြစ်သော စုန့်ကျစ်ရှင်းကို တွေ့လိုက်ရသည်။ အ‌ရေးအကြောင်းများ များပြားလှသည့် စုန့်ကျစ်ရှင်း၏မျက်နှာတွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေပြီး သူဝတ်ထားသည့် ချည်ထည်အင်္ကျီအသစ်က သူ့၏အိုမင်းရင့်ရော်မှုကို ထင်ရှားနေစေသည်။

ဘာပဲဖြစ်ဖြစ်သူက ပညာရှင်တစ်ယောက်၏ ယောက္ခမ ဖြစ်လာတော့မှာလေ... သူသမီးက ပညာရှင်ရှနဲ့ လက်ထပ်တော့မှာ....

စုန့်ကျစ်ယွမ်ကို တွေ့သောအခါ သူက "ညီလေးကျစ်ယွမ်၊ ဒီနေ့ ငါတို့မိသားစုမှာ ညစာ လာစားဖို့ မင်းကို လာဖိတ်တာ၊ မင်း လာရမှာနော်"

စုန့်ကျစ်ယွမ်က ခပ်လျော့လျော့ပြုံးကာ “ဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ၊ ဒါပေမယ့် ငါမှာ ဒီနေ့ အချိန်ရှိဘူး။ ပြီးတော့ အဖေက နေမကောင်းသေးတော့ ငါက လာပြီး စားသောက်နေဖို့ မသင့်တော်ဘူးလေ၊ အဲ့တာအပြင် ညနေကျရင် ဝက်တွေ သွားဖမ်းရဦးမယ်၊ မင်း သိတဲ့ အတိုင်းပဲ ဒီရက်တွေက အလုပ်များတယ်လေ"

စုန့်ကျစ်ရှင်းက "ကောင်းပြီ၊ ဒါဆို ငါ ရွာလူကြီးကို အရင်သွားဖိတ်လိုက်ဦးမယ်"

သူ လုံးဝ အရှက်မရှိသည်ကို မြင်လိုက်ရသောကြောင့် စုန့်ကျစ်ယွမ် ဒေါသတကြီးဖြင့် သူ့ကို ဖမ်းဆွဲကာ "အစ်ကိုရှစ်၊ ရှမျိုးရိုး ပညာရှင်က ငါတို့မိသားစုက တင်းရှန်းနဲ့ စေ့စပ်ပွဲ ပျက်ထားတာကို မင်း သိလား?"

စုန့်ကျစ်ရှင်း၏မျက်နှာက နီရဲလာပြီး "သိပါတယ်... ဒါပေမယ့် ဒါက အရေးကြီးတာတော့ မဟုတ်ပါဘူး။ ဒါက တိုက်ဆိုင်မှုတစ်ခုလောက်ပဲလေ။ ငါ့တို့ရဲ့ ထောင်ဟုန်က အသက်ကြီးလာပြီ၊ ငါတို့အတွက် ဒီလိုသင့်တော်တဲ့ အိမ်ထောင်ရေးတစ်ခု ရဖို့ ဆိုတာ ခဲယင်းတယ်"

ဤကိစ္စက ယုတ္တိမတန်ကြောင်း သူ သိနေသော်လည်း ထောင်ဟုန်၏တောင်းဆိုချက်ကို သူတို့ မငြင်းပယ်နိုင်ပေ။ ထိုအပြင် သူ့တို၏သမီးက အိမ်ထောင်ကျပြီးနောက် ပညာတော်သင်၏ဇနီးဖြစ်လာတော့မည် ဖြစ်သည်။ သားမက်ဖြစ်သူက အဆင့်မြင့်စာမေးပွဲ အောင်မြင်ပြီး တရားဝင်ရာထူး ရလာချိန်တွင် သူမက အရာရှိ၏ဇနီးဖြစ်လာပေလိမ့်မည်။ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော အိမ်ထောင်ရေးကို သူတို့ မည်သို့မျှ မငြင်းပယ်နိုင်ပေ။

စုန့်ကျစ်ယွမ်က နှစ်ကြိမ်လောက် လှောင်ပြောင်နှာမှုတ်လိုက်ပြီး "မင်း သိနေတာတောင် ညစာ စားဖို့ တစ်ယောက်ယောက်ကို ဖိတ်ဖို့ ငါ့တို့အိမ်ကို လာခဲ့သေးတယ်လား? အစ်ကိုရှစ်၊ မင်းက ဘာတွေ တွေးနေတာလဲ? ငါ့တို့ရဲ့ တတိယဦးလေးနဲ့ တတိယအဒေါ်ကရော ဘယ်လိုတွေ တွေးနေတာလဲ?"

စုန့်ကျစ်ရှင်း၏မျက်နှာက ပိုမို နီရဲလာပြီး "ဒါ... ဒါက ပျော်ရွှင်စရာကောင်းတဲ့ပွဲ မဟုတ်ဘူးလား။ ညီလေးဆယ်တစ်၊ မင်းက မင်းရဲ့အစ်ကိုရှစ်ကို အပြစ်မတင်ပါနဲ့။ ငါတို့မိသားစုရဲ့ အခြေအနေကို မင်းလည်း သိပါတယ်။ ငါတို့က မင်းတို့မိသားစုလောက် မချမ်းသာဘူး။ မင်းတို့ရဲ့တင်းရှန်းက မြင်တဲ့သူကိုပဲ နိမ့်တဲ့သူကိုပဲ ယူယူ ဘယ်သူနဲ့ပဲ ယူယူ အမြဲချမ်းသာနေလိမ့်မယ်…ငါတို့အတွက်ကတော့ မတူဘူး၊ ငါ... ငါတို့က ဆင်းရဲတယ်”

“ရပြီ...တော်တော့” စုန့်ကျစ်ယွမ်က သူ့စကားများကို နားထောင်ရန် ပျင်းလွန်းလှသည်။

ဆင်းရဲတာက သူတို့ကိုယ်တိုင်ကြောင့်ပဲ မဟုတ်ဘူးလား? အရင်တုန်းက သူ တတိယဦးလေးနဲ့ တတိယဦးလေးရဲ့မိသားစုက လူတွေကို ဝက်သတ်တဲ့နည်းလမ်းကို သင်ပေးဖို့ မပြောခဲ့ဘူးလား? ဘယ်လိုပဲဖြစ်ဖြစ် ဝင်ငွေတော့ ရနိုင်သေးတယ်လေ.... ဒါပေမယ့် သူတို့အားလုံးက အရမ်းထိတ်လန့်သွားပြီး မျက်နှာတွေတောင် ဖြူဖပ်ဖြူရော် ဖြစ်သွားမယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။ သူ ပြန်တော့ အော့အန်ပြီး ကျန်နေတဲ့သူတောင် ရှိသေးတယ်။

ပြီးတော့ သူများတွေလို စျေးရောင်းတော့လည်း ပိုက်ဆံကိုတောင် ကောင်းကောင်းမွန်မွန် မရေတွက်နိုင်သလို စကားလည်း လည်လည်ဝယ်ဝယ် မပြောတက်ပြန်ဘူး။  အဲ့တော့ အစား စားရဖို့ မြေတွင်းတူး(လယ်လုပ်)ရုံကလွဲပြီး အခြားဘာအတွက်မှ မလုပ်ချင်သလို လုပ်လဲ မလုပ်ချင်ကြဘူး။

အရေးအကြီးဆုံးကတော့ နှစ်သစ်ကူးမှာ ဆွေမျိုးတွေဆီ အလည်လာတိုင်း နှစ်တိုင်းနှစ်တိုင်း သူတို့က မိသားစုတစ်စုလုံးမှာ အဆင်းရဲအမွဲတေဆုံးဆိုပြီး ညည်းညူငိုယိုကြသေးတယ်။ အဲ့တာက အရမ်း စိတ်အနှောင့်အယှက်ဖြစ်စေတယ်။

"ဘာပဲ ဖြစ်ဖြစ်၊ ငါ ဒီနေ့ တကယ် မလာနိုင်ဘူး၊ ငါတို့မိသားစုအနေနဲ့ကတော့ မနက်ဖြန်လည်း မလာနိုင်ဘူး၊ ငါတို့လာဖို့လည်း မသင့်တော်ဘူး၊ ဒါပေမယ့် မင်းတို့အတွက် ထူးထူးခြားခြား နေ့ထူးနေ့မြတ်ဆိုတော့ နောက်မှ လက်ဆောင်လာပေးဖို့ မင်းရဲ့ခယ်မကို ငါ ပြောလိုက်မယ်။ ငါ ဒီနေ့ အလုပ်များနေတယ်၊ ဒါကြောင့် အစ်ကိုရှစ်ကို တောင်းပန်ပါတယ်"

စုန့်ကျစ်ယွမ်က လက်သီးအုပ်သဏ္ဍန်ဖြင့် တောင်းပန်လိုက်ပြီး ထွက်သွားတော့သည်။

စုန့်ကျစ်ရှင်းက သူ့နှုတ်ခမ်းများကို မကျေမနပ် တွန့်ကွေးကာ မျက်မှောင်ကြုတ်လိုက်သော်လည်း အဆုံးတွင် သူက ဘာမှ ပြန်မပြောတော့ဘဲ ခေါင်းငိုက်စိုက်ချကာ ရွာသူကြီးအိမ်ဘက်သို့ ဦးတည်ထွက်သွားတော့သည်။

လက်ဆောင်များ ထည့်ရန် အကြီးဆုံးမရီး သွားရမည် ဖြစ်ပြီး ဘယ်သူမှ ဘာမှ ပြေမနေတော့ပေ။ သူမနှင့် ဖန့်ရှီတို့က တစ်ချို့အရာများကို တိုင်ပင်လိုက်ပြီး ပိုက်ဆံအိတ်ခြောက်အိတ်၊ ခေါင်းအုံးစွပ်တစ်စုံ၊ သားရေဖိနပ်တစ်ရံနှင့် ကြက်ဥခြင်းတောင်းတစ်လုံးတို့ကို စုဆောင်းလိုက်သည်။

ထိုအရာများက ‌ရွာသားများအနေဖြင့် ကြီးမားသော လက်ဆောင်တစ်ခု ဖြစ်ပြီး အရင်းနှီးဆုံးသော ဆွေမျိုးများက လွဲ၍ တခြားတစ်ယောက်က ပေးလေ့မရှိကြပေ၊ တစ်ချို့ဆွေမျိုးများကတော့ ငွေကြေးများ ထည့်ဝင်တက်ကြသည်။

သိုသော်လည်း စုန့်လောင်စန်းက လက်ဆောင်များကို ကြည့်လိုက်ပြီး ခေါင်းခါပြီး သက်ပြင်းချကာ "ကြည့်ရတာ ငါတို့က တစ်ယောက်ယောက်ကို စော်ကားမိတယ်ထင်ပါရဲ့..."

စုန့်လောင်စန်း၏ချွေးမ ထုံရှီက "အဲဒါတော့ မဟုတ်ပါဘူး၊ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်မတို့ ဘာမှ လုပ်လို့ မရဘူး။ ဒီကလေးတင်းရှန်းကလည်း အိမ်ထောင်‌ရေးကောင်းကို ရခဲ့တာပဲလေ။ ဒါပေမယ့် သူ(မ)ဘာသာ သူ(မ) မဆင်ခြင်ဘဲ ဘာလို့ မြစ်ထဲကို ပြုတ်ကျခဲ့တာလဲ၊ ဆင်းရဲတဲ့မိသားစုမှာ နေထိုင်တဲ့ ကျိုးထျဲကျူးကတောင် ကယ်တင်ပေးခဲ့ရတယ်၊ ကျွန်မတို့က သူတို့မိသားစုကို ရည်ရွယ်တာ မဟုတ်ဘဲ သူတို့မိသားစုမှာ ဒီလို ကံကြမ္မာရှိလို့ပဲ။ ရှချင်းက အရာရှိဖြစ်လာပြီး သူတို့က ချမ်းသာလာရင်တောင် သူတို့မိသားစုက ဝက်သတ်သမားတွေ ဖြစ်နေအုန်းမှာပဲ”

ထိုသို့ ပြောပြီးသည်နှင့် သူမက လက်ဆောင်ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ကာ ခေါင်းအုံးစွပ်များကို ယူလိုက်ပြီး "ဒါကို တန်ဟွားရဲ့ ခန်းဝင်ပစ္စည်းတစ်ခုအနေနဲ့ သုံးလို့ ရတယ်၊ ကျန်တာကိုတော့ ထောင်ဟုန်က လက်ဆောင်အဖြစ် ယူသွားလို့ရတယ်"

ထို့နောက် သူမက ကျေနပ်နေသည့် အမူအရာဖြင့် ကြက်ဥခြင်းတောင်းကို ယမ်းကာ မီးဖိုချောင်သို့ ထွက်ခွာသွားတော့သည်။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟