Ch 1
Viewers 859

⌨️ Chapter 1




သာယာလှပသောထိုင်အန်းမြို့၏ နံနက်စောစောဝယ်


ပျယ်ယွီသည် စမ်းချောင်းဘေးတွင် အပျင်းတစ်ကာ ထိုင်နေရင်း ရေထဲက သူမ၏ ပုံရိပ်ကို ကြည့်နေသယောင်ရှိသော်လည်း၊ အမှန်စင်စစ်မှာမူ သူ့ စိတ်ထဲရှိ စနစ်နှင့် အကြိတ်အနယ် ငြင်းခုံနေခြင်းဖြစ်သည်။


"ဒီတောင်တွေ၊ ဒီရေတွေ၊ ပြီးတော့ ဒီအလင်းအမှောင်တွေကို ကြည့်စမ်းပါဦး၊ Unreal Engine 5 နဲ့ ဖန်တီးထားတဲ့ 3A အဆင့်မြင့် ဂိမ်းတစ်ခုလို မလှဘူးလား? နင့်ကိုယ် နင် ကျင့်ကြံခြင်းကမ္ဘာထဲရောက်နေတဲ့ ဂိမ်းတစ်ခုထဲမှာလို့ စိတ်ကူးကြည့်လိုက်ရင် မကောင်းဘူးလား?" ဟု သူ့ စိတ်ထဲရှိ စနစ်က မနားတမ်းဖျောင်းဖျနေတော့သည်။


"တကယ်လား? နင်တော့ ဘယ်သိပါ့မလဲ၊ ငါ့ရဲ့ 1060ti ဂရပ်ဖစ်ကတ်ကြီးက ဒီလောက်အဆင့်မြင့်တဲ့ အရည်အသွေးကို မခံနိုင်ဘူးဟ”


"အကယ်၍ ဒါက အနီးကပ်ကြည့်ရင် ကြမ်းတမ်းတဲ့ ပုံရိပ်တွေ၊ အဝေးကကြည့်ရင် ဝေဝါးနေတဲ့ ပုံရိပ်တွေသာ ဖြစ်နေမယ်ဆိုရင် ငါ ပိုပြီးတော့တောင် ဇာတ်လမ်းထဲရောက်နေသလို ခံစားရဦးမယ်”


အမှန်ပင် ပျယ်ယွီ ကူးပြောင်းရောက်ရှိလာခြင်းဖြစ်သည်။


မကူးပြောင်းလာခင်က သူသည် အွန်လိုင်းဂိမ်းများကို မနားတမ်း ဆော့ကစားနေခဲ့ပြီး၊ သူ့ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် ပျံလွှားနေစဉ်မှာပင် ရုတ်တရက် မျက်စိရှေ့အမှောင်ကျသွားခဲ့ခြင်းဖြစ်သည်။


သူ့ နှလုံးသား ရပ်တန့်မသွားမီ နောက်ဆုံးအချိန်လေးတွင်၊ သူမသည် ရှက်စရာကောင်းလှသော သူမ၏ Browser History (အင်တာနက်ကြည့်ရှုခဲ့သည့် မှတ်တမ်းများ)ကို အသည်းအသန် ဖျက်ပစ်ရန်ကြိုးစားနေခဲ့သေးသည်။


"Confirm Clear" (ဖျက်မည်ကို အတည်ပြုသည်) ဆိုသည့်ခလုတ်ကို မနှိပ်မိခင် တစ်စက္ကန့်အလိုမှာတင် သူ လဲကျသွားခဲ့ရသည်။


အခုအချိန်အထိ ပျယ်ယွီသည် ထိုကိစ္စအတွက် ဒေါသထွက်နေရဆဲဖြစ်သည်။


"Clear" ခလုတ်ကို နှိပ်ပြီးမှ ထပ်ပေါ်လာတတ်သည့် "Confirm" ခလုတ်ဆိုသည်မှာ ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး ဒီဇိုင်းများထဲမှ တစ်ခုဖြစ်ပြီး၊ ဒုတိယအဆိုးဆုံးမှာ Type-C အပေါက်ထဲမှာတင် နားကြပ်ပေါက်ကိုပေါင်းထည့်ထားခြင်းပင်။


သူသာ အချိန်ကို နောက်ပြန်လှည့်လို့ ရမည်ဆိုလျှင်၊ သူမ Browser History ကို သေချာပေါက် ဖျက်ပစ်ခဲ့မည်သာ!!


သူမ ပတ်ပတ်လည်ရှိတပည့်များက ပျယ်ယွီကိုကြည့်ကာ လှောင်ပြောင်သရော်သော အမူအရာများကို မထိန်းနိုင်ဘဲ ပြသနေကြသည်။


"ပျယ်ယွီက ဒီတစ်ခါတော့ ဆရာကြီးတွေနဲ့ ဆရာမတွေကို အာရုံစိုက်လာအောင် ဘာလှည့်ကွက်သစ်တွေ ထပ်ထုတ်ဦးမှာလဲ?"


"သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ပျယ်မိသားစုက တခြားသူတွေရဲ့ ပါရမီကိုမမီနိုင်ပါဘူး၊ မြောက်ပိုင်းနယ်မြေမှာရှိတဲ့ ပျယ်မိသားစုရဲ့ တတိယမြောက်သခင်မလေးအဖြစ် သူ ဆက်ရှိနေလို့ရနိုင်သေးပေမဲ့၊ လင်းယွင်ဂိုဏ်းအထိ တကူးတက လာခဲ့တာကတော့ ပျယ်မိသားစုရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာ မဟုတ်ဘူးလား?"


"တကယ်တော့ ပျယ်မိသားစုထဲမှာပဲ ငြိမ်ငြိမ်လေးနေနေမယ်ဆိုရင် ဘယ်သူကမှ သူ့ရဲ့ ပါရမီကို ဂရုစိုက်မှာမဟုတ်ဘူး၊ ဘာလို့များ အပြင်ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲရတာလဲ? အခုတော့ ပျယ်မိသားစုမှာ ဒီလိုအရှက်ရစရာ သတ္တဝါလေးတစ်ကောင် ထွက်လာတယ်ဆိုတာ ကျင့်ကြံခြင်းလောကတစ်ခုလုံးသိသွားပြီ”


"ဒါလည်း ဟုတ်တာပဲလေ။ သူ့အစ်ကိုနှစ်ယောက်ရဲ့ အရိပ်အောက်မှာ အမြဲနေခဲ့ရတော့ သူ့ရဲ့ စိတ်ဓာတ်တွေကလည်း ပုံပျက်ပန်း ပျက်ဖြစ်နေလောက်ပြီ။ သူ ပျယ်မိသားစုထဲမှာ ဘယ်လိုလုပ်ဆက်နေနိုင်တော့မှာလဲ?"


"သူ အဆပေါင်း တစ်ထောင်လောက်ပိုကြိုးစားရင်တောင် သူ့အစ်ကိုနှစ်ယောက်ကို မမီနိုင်ပါဘူး၊ သူ့ပါရမီက သူတို့နဲ့ အရမ်း ကွာခြားလွန်းတယ်”


ပျယ်ယွီသည် ထိုစကားများကို တိတ်တဆိတ်နားထောင်နေသော်လည်း သူ့ စိတ်ထဲတွင် ဘာမှမဖြစ်ပေ။


သူသည် မူလကိုယ်ထည်ပိုင်ရှင်မဟုတ်သည့်အတွက်၊ အစ်ကိုဖြစ်သူများ၏လွှမ်းမိုးခြင်းကို ခံရသည့် ခံစားချက်ကို သူ မည်သို့ နားလည်နိုင်မည်နည်း?


မူလကိုယ်ထည်ပိုင်ရှင်၏အစ်ကိုနှစ်ယောက်စလုံးမှာ ကျင့်ကြံခြင်းလောကတွင် ရှားပါးလှသော ပါရမီရှင်များဖြစ်ကြသည်။ အကြီးဆုံးအစ်ကို "ပျယ်ကျင်း" သည် ကြာမြင့်စွာပျောက်ကွယ်နေခဲ့သော နက္ခတ်ဗေဒအတတ်ပညာကို ပိုင်ဆိုင်ထားသည်။


ဒုတိယအစ်ကို "ပျယ်လင်း"မှာမူ နှစ်ပေါင်းတစ်ထောင်မှာ တစ်ယောက်သာ ပေါ်ထွက်လေ့ရှိသည့် "ဓားအရိုး" နည်းပညာကို ဆက်ခံထားသူဖြစ်ပြီး၊ နာမည်ကျော် "ထိုင်အ" ဓား၏သခင်ဖြစ်ကာ အသက် (၁၇) နှစ်အရွယ်မှာတင် ဓားဆွေးနွေးပွဲကျောက်တိုင် ထက် သူ့အမည်ကို ရေးထွင်းနိုင်ခဲ့သူဖြစ်သည်။


ပျယ်ယွီကရော ? ပျယ်ယွီတွင် ထူးခြားသည့် ပါရမီ ဘာမှမရှိပါ။ သူမ၏ ဝိညာဉ်အမြစ်များမှာပင် သာမန်ကျင့်ကြံသူများထက် အနည်းငယ်ပိုကောင်းရုံမျှသာရှိသည်။


သူမသည် ခေတ်ဟောင်းအမျိုးသမီးဗဟိုပြုဝတ္ထုတစ်ပုဒ်ထဲက ဇာတ်ပို့မျှသာဖြစ်ပြီး၊ ဝတ္ထုထဲတွင် စာကြောင်းသုံးကြောင်းမျှသာ ပေါ်လာပြီးနောက် သေဆုံးသွားရသူဖြစ်သည်။ 


ထိုစာကြောင်းသုံးကြောင်းထဲမှ နှစ်ကြောင်းမှာ သူမ မည်သို့သေဆုံးသည်ကို ဖော်ပြထားခြင်းဖြစ်ကာ၊ အများအားဖြင့် သူမသည် တခြားသူများ၏စကားဝိုင်းထဲမှာသာ တည်ရှိနေတတ်သည်။


သူမ ရှိနေရခြင်းရည်ရွယ်ချက်မှာ ပျယ်မိသားစု၏နောက်ပိုင်း ဇာတ်လမ်းသွားများအတွက် လမ်းခင်းပေးရန်သာ။


ပျယ်ယွီ၏အကြီးမားဆုံးသောအစွမ်းမှာ လက်တွေ့ဘဝကို အမှန်အတိုင်းလက်ခံနိုင်ခြင်းဖြစ်သည်။


စနစ်က ပျယ်ယွီကို သူ့အတွက် အလုပ်လုပ်ပေးရန်ဆွဲဆောင်နေသည်။ 


"Host... မူလပိုင်ရှင်က မတော်တဆမှုကြောင့် သေဆုံးသွားပြီး သူ့ရဲ့ ဝိညာဉ်က ပြန့်ကျဲသွားခဲ့တာပါ၊ တကယ်လို့ Host က မူလပိုင်ရှင်ရဲ့ နေရာမှာ ဇာတ်လမ်းပြီးဆုံးတဲ့အထိ နေထိုင်ပေးမယ်ဆိုရင်၊ Host ဘဝသစ်ကို ပြန်စတင်ခွင့်ရပါလိမ့်မယ်”


"ပြန်စတင်ခွင့်" ဆိုသည့် စကားကို ကြားလိုက်ရသည့်အခါ ပျယ်ယွီ မျက်လုံးများအရည်လဲ့သွားရသည်။


အို? ဘဝသစ် ပြန်စရမယ်? ဒါဆို သူ အင်တာနက်ပြန်သုံးလို့ရမယ်ဆိုတဲ့ သဘောလား?


"ဇာတ်လမ်းအရ ငါက ဘယ်တော့သေမှာလဲ?"


စနစ်က ပြန်ဖြေသည်။


"နောက်ထပ် ဆယ်နှစ်လောက် ကြာပါဦးမယ်”


ပျယ်ယွီကမူ အေးအေးဆေးဆေး ပြောလိုက်သည်။


 "ငါ ငြင်းတယ်”


ဆယ်နှစ်? ဒါ အရမ်းကြာလွန်းတယ်၊ သူ ခဏလေးတောင် မစောင့်နိုင်ဘူး။


ပျယ်ယွီသည် ခဏမျှ စဉ်းစားလိုက်ပြီး စနစ်ကို အခွင့်အရေးတစ်ခုပေးရန် ဆုံးဖြတ်လိုက်သည်။


"တကယ်လို့ နင်က ငါ့ကို အကောင်းစား PC တစ်လုံး၊ 4090ti ဂရပ်ဖစ်ကတ်၊ 32GB RAM၊ အပြင်မှာသုံးလို့ရမယ့် 4K (240Hz) မော်နီတာနဲ့ နောက်ဆုံးပေါ် ကီးဘုတ်နဲ့ မောက်စ်အစုံသာ ပေးမယ်ဆိုရင်၊ ငါ စဉ်းစားကြည့်ပေးမယ်”


စနစ် : "..."


"လက်လျှော့လိုက်ပါ၊ ကျင့်ကြံခြင်းကမ္ဘာမှာ လျှပ်စစ်ပလတ်ပေါက်တွေ မရှိဘူး” ဟု စနစ် ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။


ပျယ်ယွီ မလျှော့သော ဇွဲဖြင့်ပြောလိုက်သည်။


"ဒါဆို အနည်းဆုံးတော့ ကီးဘုတ်တစ်လုံးလောက်တော့ ရနိုင်တယ် မဟုတ်လား? ငါ့ရဲ့ တောင့်တမှုကို ဖြေဖျောက်ဖို့အတွက် A-Luo တစ်လုံးလောက် ရနိုင်မလား?"


စနစ် : "ကီးဘုတ် မရှိဘူး၊ ပုတီးစိပ်တဲ့ အကွက်ချစက်ဆိုရင်ရော ဘယ်လိုလဲ?"


ပျယ်ယွီ မျက်မှောင်ကြုတ်လိုက်ပြီး "အဲ့ဒီ အကွက်ချစက်မှာ F ခလုတ် ပါလား?"


စနစ်သည် တိတ်ဆိတ်သွားတော့သည်။ တကယ်လို့ သူ့အနေနဲ့ Host ကို နောက်တစ်ကြိမ် ရွေးချယ်ခွင့်ရဦးမည်ဆိုလျှင်၊ အင်တာနက်စွဲနေသည့် ကောင်မလေးများကိုတော့ သေချာပေါက်ရှောင်ကြဉ်မည်ဖြစ်သည်။


ပျယ်ယွီသည် စိတ်တိုခြင်းနှင့် စိုးရိမ်ပူပန်ခြင်းများရောပြွမ်းနေသည့် ခံစားချက်ကြီးဖြင့် မတ်တပ်ရပ်လိုက်သည်။


ထိုခံစားချက်က သူမကို ကောင်းကင်ကြီးကိုကြည့်ပြီး အော်ဟစ်ပစ်ချင်စိတ်ပေါက်အောင် လုပ်နေသည်။


သို့သော်လည်း ခဏမျှစဉ်းစားပြီးနောက် သူမ ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်သည်။


သူမ သိက္ခာကို ထိန်းရဦးပေမည်။


ကျင့်ကြံခြင်းကမ္ဘာထဲမှာ ထာဝရ ပိတ်မိနေတာထက်စာရင် ချက်ချင်း သေဆုံးသွားတာကပိုကောင်းလိမ့်မည်။ အနည်းဆုံးတော့ သူမ မသေခင် နောက်ဆုံးစက္ကန့်လေးအထိ ပျော်ရွှင်နေရဦးမည် မဟုတ်ပါလား ?


ပျယ်ယွီသည် သူ့ စိတ်မသက်သာမှုကို ဖြေဖျောက်ရန် ထိုင်အန်းတောင်ကို ပတ်ကြည့်ရန် ပြင်လိုက်စဉ်မှာပင်၊ ဝက်တစ်ကောင်က သူ့ လမ်းကို ပိတ်လိုက်သည်။


သေသေချာချာ ပြောရလျှင် ဝက်တစ်ကောင်နှင့်တူသည့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။


သူသည် ခေါက်ယပ်တောင်ကို ကိုင်ထားကာ ယဉ်ကျေးသိမ်မွေ့သည့် ပုံစံမျိုးဖမ်းနေပြီး၊ မျက်ခုံးကို အနည်းငယ်ပင့်လိုက်ကာ ပျယ်ယွီကို အကဲခတ်နေသည်။


သူ့ဟန်ဆောင်ထားတဲ့ အမူအရာတွေက ဆွဲဆောင်မှုရှိတယ်လို့ သူ တကယ်ကြီးထင်နေတာလား?


ပျယ်ယွီ : "ဝေါ့..."


"ညီမလေးပျယ်၊ ဘာလို့ မနှစ်ကအဝတ်အစားတွေကိုပဲ ဝတ်နေသေးတာလဲ? ငါ့ရဲ့ ဂူထဲမှာ ရှို့ကော့ကနေ ရောက်ထားတဲ့ အသစ်တွေ အများကြီးရှိတယ်လေ၊ လိုက်ခဲ့ပြီး တစ်ထည်လောက် ရွေးမလား ?" ဟု ထိုဝက်ကဲ့သို့သောသူက ပျယ်ယွီအား အထက်အောက် ကြည့်ကာ ရမက်ဇောလွှမ်းသည့်အပြုံးဖြင့် ပြောလိုက်သည်။


ပျယ်ယွီ မျက်ခုံးပင့်လိုက်သည်။ ထိုလူ ပြောချင်သည့် အဓိပ္ပာယ်ကို သူ နားလည်သည်။ ဒီလူက သူ့ကို မသမာတဲ့ နည်းလမ်းများနှင့် အပိုင်စီးချင်နေခြင်းသာ။


ဒါသာ အင်တာနက်ပေါ်မှာဆိုရင်၊ ပျယ်ယွီသည် ထိုချန်ဖုကို သရော်သော စကားလုံးများနှင့် ဆဲဆိုနှိမ်ချပစ်လိုက်မှာ သေချာသော် လည်း၊ ကျင့်ကြံခြင်းကမ္ဘာမှာတော့မူ ထိုသို့လုပ်ဖို့ မလိုသလို၊ လုပ်ရင်တောင် သူ နားလည်မည် မဟုတ်ပေ။


ဒါ့အပြင် သူမသည် လက်တွေ့ဘဝတိုက်ခိုက်ရေးလည်း မကျွမ်းကျင်လှပေ။


ထို့ကြောင့် ပျယ်ယွီသည် သူ့ နှုတ်ခမ်းကို ပြုံးယောင်သန်းလိုက်ပြီး "လစ်လိုက်တော့”


ပျယ်ယွီသည် ချန်ဖုကိုကျော်ဖြတ်ပြီး လျှောက်သွားသော်လည်း၊ ချန်ဖု ရုတ်တရက် သူမ လက်မောင်းကိုလှမ်းဖမ်းလိုက်သည်။


ပျယ်ယွီသည် ဗီဇအရ ချန်ဖု လက်မောင်းကိုပြန်ဖမ်းကာ၊ သူ့ကို လှည့်ပတ်လိုက်ပြီးနောက် သူ့နှာခေါင်းကို အားရပါးရလက်သီးဖြင့် တစ်ချက် ထိုးချလိုက်တော့သည်။


"အား!"


ဝက်တစ်ကောင် အော်သံကဲ့သို့သော အသံကြီး ထွက်ပေါ်လာသည်။


ချန်ဖုသည် မြေပြင်ပေါ် လဲကျသွားပြီး ရွှံ့တွေထဲမှာ လူးလိမ့်ကာ၊ သူ့မျက်နှာကို လက်နဲ့အုပ်ပြီး ပျယ်ယွီကို ဒေါသတကြီး စိုက်ကြည့်နေတော့သည်။


"ပျယ်ယွီ! ညီမလေးပျယ်! နင်က နင့်ကိုယ် နင် ပျယ်သခင်မလေးလို့ ထင်နေတုန်းပဲလား? ငါ့ကို ထိုးတယ်ပေါ့? နင် နောင်တရစေရမယ်!"


ချန်ဖုသည် လူအုပ်ထဲကနေတိုးထွက်ပြီး နောက်ကို လှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့သည်။


ဘေးပတ်ပတ်လည်က တပည့်များက ပျယ်ယွီကိုသနားသည့်အမူအရာနှင့် ဝမ်းသာအားရ ဖြစ်သည့်အမူအရာများဖြင့် ကြည့်နေကြသည်။ သူတို့အားလုံးက ဒီပြဇာတ်ကိုမြင်တွေ့ခဲ့ရသလို ချန်ဖုသည်လည်း ပြဿနာရှာတတ်သူဖြစ်ကြောင်း သိကြသည်။


"ညီမလေးပျယ်၊ နင် ချန်ဖုကို ထိုးလိုက်တာလား?" ဟု စာအုပ်တွေ ပိုက်ထားတဲ့ ကျန်းလန်က လူအုပ်ထဲကနေ တိုးထွက်လာပြီး စိုးရိမ်တကြီးမေးလိုက်သည်။


ပျယ်ယွီ သူ့ကို တိတ်ဆိတ်စွာစိုက်ကြည့်နေသည်။


သူမ စိတ်ထဲတွင် စနစ်ကိုနှိုးလိုက်ပြီး "ဒါ ဘယ်သူလဲ?"


"ကျန်းလန်၊ ပျယ်ယွီရဲ့ စီနီယာအစ်မပါ” ဟု စနစ်က တာဝန်ကျေစွာ ရှင်းပြလိုက်သည်။


"ဘယ်လိုလဲ? ဒီလို နူးညံ့ပြီး ဂရုစိုက်တတ်တဲ့ စီနီယာအစ်မကို တွေ့ရတော့၊ မစ်ရှင်လုပ်ဖို့ စဉ်းစားနေပြီလား?"


"တကယ်လို့ နင် ငါ့ကိုအင်တာနက်ကြိုးရယ်၊ လျှပ်စစ်ပလတ်ပေါက်ရယ်၊ အကောင်းစား ကွန်ပျူတာတစ်လုံးရယ် ပေးနိုင်မယ် ဆိုရင်၊ ငါ စဉ်းစားကြည့်မယ်လေ”


ထိုသို့ဖြင့် သူတို့နှစ်ဦး၏စကားဝိုင်းမှာ လမ်းဆုံးသို့ ထပ်မံရောက်ရှိသွားပြန်သည်။


"ညီမလေးပျယ်?" 


ပျယ်ယွီ၏ဟာလာဟင်းလင်းဖြစ်နေသော အမူအရာကို မြင်ရသည့်အခါ ကျန်းလန် ပိုစိုးရိမ်သွားသည်။


"စောစောက အအေးမိတာကြောင့် ပျယ်ယွီရဲ့ ဦးနှောက် ထိခိုက်သွားတာလား?"


ပျယ်ယွီ သူ့လက်ကို ခါလိုက်ရင်း  "ငါ နည်းနည်းနေလို့မကောင်းဘူး၊ အရင်ပြန်နှင့်မယ်”


ဒါ ပျယ်ယွီက ကျန်းလန်အား ဆင်ခြေပေးနေခြင်းမဟုတ်ပေ။ သူမ တကယ်နေလို့မကောင်း ဖြစ်နေခြင်းဖြစ်သည်။ စောစောက သူမ ပြောခဲ့သည်ကို မှတ်မိပါသလား? သူမ ကောင်းကင်ကြီးကိုကြည့်ပြီး အော်ဟစ်ပစ်ချင်နေခဲ့သည်။


ဘာကြောင့်လဲဆိုတော့ သူ့ ရင်ဘတ်ထဲ တင်းကျပ်နေသလို ခံစားရပြီး၊ ထိုတင်းအားကိုလျှော့ချရန်အတွက် ဝံပုလွေလူသား တစ်ကောင်လို လကိုကြည့်ပြီးအော်ဟစ်ချင်စိတ် ပေါက်နေသောကြောင့် ဖြစ်သည်။


သူ့ အခန်းသို့ ပြန်ရောက်သည့်အခါ…


ပျယ်ယွီသည် လှဲလျောင်းပြီး အနားယူရန် ကြံလိုက်သော်လည်း အခြေအနေမှာ မတိုးတက်လာခဲ့ပေ။


သူ့ကိုယ်ခန္ဓာအတွင်းရှိ တင်းအားများက ပိုမိုများပြားလာပြီး၊ သူမကိုယ် သူမ ဆွဲဆန့်ခံနေရသည့် ပူဖောင်းတစ်ခုကဲ့သို့ ခံစားရကာ တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် နာကျင်လာတော့သည်။


ပျယ်ယွီသည် ကုတင်ပေါ်တွင် ကွေးကွေးလေး အိပ်နေရင်း နာကျင်စွာဖြင့် ညည်းတွားလိုက်သည်။


"Host... အရှင့်ရဲ့ ကိုယ်ခန္ဓာထဲက ဝိညာဉ်စွမ်းအင်တွေက အရမ်းကို မြန်မြန်ဆန်ဆန်တိုးလာနေတယ်< ဒါ ဘယ်လိုဖြစ်ရတာလဲ? အဲ့ဒီစွမ်းအင်တွေကို အပြင်ထုတ်ဖို့အတွက် စွမ်းအင်လှည့်ပတ်မှုလုပ်ကြည့်မလား?" ဟု စနစ်ကလည်း ဒီလိုအခြေအနေမျိုး တစ်ခါမှ မမြင်ဖူးသဖြင့် မေးလိုက်သည်။


"စွမ်းအင် လှည့်ပတ်ရမယ်? ဘယ်လိုလုပ်ရမှာလဲ? F ခလုတ်ကို နှိပ်ရင်ရော အဆင်ပြေမလား?" ဟု ပျယ်ယွီက အားနည်းစွာဖြင့် မေးလိုက်သည်။


စနစ်က F Key ဆိုသည့်အပိုင်းကို လုံးဝလျစ်လျူရှုလိုက်ပြီး ရှာဖွေရေးအင်ဂျင်ထဲမှာ အချက်အလက် ရှာကြည့်လိုက်သည်။ "အွန်လိုင်းပေါ်မှာ စွမ်းအင်လှည့်ပတ်ပုံအကြောင်း လမ်းညွှန်ချက်တွေ မရှိဘူး။ အရှင့်ရဲ့ ဝိညာဉ်စွမ်းအားတွေကို အပြင်ထုတ်ဖို့ တခြားနည်းလမ်း စဉ်းစားကြည့်မလား?"


"နင်က ငါ့အစ်ကိုမသိအောင် ဘယ်လိုလုပ် အင်တာနက်သုံးနိုင်နေတာလဲ?" ဟု ပျယ်ယွီက ဗလုံးဗထွေး ပြောလိုက်ရင်း  "အရမ်း နာနေပြီ၊ ငါ F Key ကို နှိပ်ရုံနဲ့ စွမ်းအင်လှည့်ပတ်လို့ရတဲ့ ကမ္ဘာတစ်ခုကိုပဲ ဖန်တီးချင်တော့တယ်”


ပျယ်ယွီသည် အင်တာနက်မရှိသည့် ကျင့်ကြံခြင်းကမ္ဘာမှာ မရှင်သန်ချင်သော်လည်း၊ ထိုသို့ပြောခြင်းမှာ နာကျင်မှုကြောင့် ညှဉ်းပန်းနှိပ်စက်ခံပြီး သေချင်သည်ဟု မဆိုလိုပေ။ သူ့ကို သေသေသပ်သပ်လေး သေခွင့်မပေးနိုင်ဘူးလား?


F Key ကို နှိပ်ရုံနဲ့ စွမ်းအင်လှည့်ပတ်လို့ မရတဲ့ ကျင့်ကြံခြင်းကမ္ဘာဆိုတာ တကယ့်ကိုကျရှုံးမှုတစ်ခုပင်။


အဲ့ဒီအချိန်မှာတင် ချန်ဖုသည် သူ့နောက်လိုက်တချို့နှင့်အတူ စင်္ကြန်လမ်းအတိုင်း ပျယ်ယွီအခန်းရှိရာဘက်သို့ အဟုန်ပြင်းစွာ လာနေကြသည်။


တပည့်အများစုကတော့ ခေါင်းငုံ့ထားကာ သူတို့ကို မမြင်ချင်ဟန် ဆောင်နေကြသည်။ ချန်ဖုတွင် ဂိုဏ်း၏လူကြီးပိုင်း ဆွေမျိုးတစ်ယောက် ရှိမှန်း သူတို့အားလုံးသိကြသဖြင့် ဘယ်သူကမှ ကြားထဲက မပါချင်ကြပေ။


"ညီမလေးပျယ်?"


ကျန်းလန်က တံခါးကို ခေါက်လိုက်သည်၊ သူမ မျက်ဝန်းထဲတွင် ဖုံးကွယ်မရသော စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသည်။


ဒီနေ့ ပျယ်ယွီ၏အခြေအနေက သူမကို စိတ်မအေးဖြစ်စေသလို၊ အထူးသဖြင့် သူမက ချန်ဖုကိုထိုးလိုက်ခြင်းကြောင့်လည်း ဖြစ်သည်။


ပုံမှန်ဆိုလျှင် ပျယ်ယွီသည် ချန်ဖုကိုရှောင်လေ့ရှိသည်၊ သို့သော် ယနေ့မှာ အဘယ့်ကြောင့်နည်း...?


ချန်ဖုဝိညာဉ်အမြစ်မှာ အလွန်ညံ့ဖျင်းသော်လည်း၊ ကံဆိုးစွာဖြင့် သူ့တွင် ထိုင်အန်းမြို့၌ အာဏာအလွဲသုံးစားလုပ်နေသည့် လူကြီးပိုင်းဆွေမျိုးတစ်ဦးရှိနေကာ လူဆိုးတစ်ယောက်လို ပြုမူနေခြင်း ဖြစ်သည်။ ဆရာများနှင့် အုပ်ချုပ်သူများကပင် မျက်ကွယ်ပြုထားကြသဖြင့် ချန်ဖုသည် စိတ်ထင်တိုင်း မင်းမူနေခြင်းဖြစ်သည်။


ဂိုဏ်း၏အထက်ပိုင်းရှိ တောင်ထိပ် (၁၆) ခုမှ ဆရာကြီးများနှင့်အင်မော်တယ်များသည်လည်း သာမန်တပည့်လေးတွေ၏ ဘဝကို ဘယ်တော့မှ ဂရုမစိုက်ကြပေ။


တပည့်များစွာသည် ချန်ဖု၏အနိုင်ကျင့်မှုကို ခံခဲ့ရသော်လည်း အံကြိတ်ကာသည်းခံခဲ့ကြရသည်။


အရင်က တစ်ခါမှ အရှက်မရဖူးသည့် ချန်ဖုသည် ပျယ်ယွီရှေ့တွင် အရှက်ခွဲခံလိုက်ရသည်။ ဒီလောက် တပည့်တွေ အများကြီး ရှေ့မှာ သူ ဘယ်လိုလုပ် ဒီအတိုင်းလွှတ်ထားနိုင်မည်နည်း?


ကျန်းလန် တံခါးခေါက်လိုက်သည့် အချိန်မှာပင် ချန်ဖုသည် သူ့နောက်လိုက် နှစ်ယောက်၊ သုံးယောက်နှင့်အတူ ရောက်ရှိလာ တော့သည်။


"စီနီယာအစ်ကိုချန်" ဟု ကျန်းလန်က ထိတ်လန့်တကြား ခေါ်လိုက်သည်။


"ညီမလေးကျန်း၊ ဒါက နင်နဲ့ ဘာမှမဆိုင်ဘူး၊ ထွက်သွားစမ်း" ဟု ချန်ဖုက ပြောလိုက်သည်။


ကျန်းလန်က ချန်ဖုကို အသနားခံလိုက်သည်။


"ညီမလေးပျယ်က ဒီနေ့ နေလို့မကောင်း ဖြစ်နေတာပါ၊ သူ စီနီယာအစ်ကို့ကို စော်ကားဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး”


"ဒါက နင် ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး၊" ဟု ချန်ဖုက ပြောရင်း ကျန်းလန်ကို ရမက်မျက်လုံးဖြင့် ကြည့်လိုက်သည်။


"တကယ်လို့ နင်က သူ့ကိုယ်စား ငါ့ကို တောင်းပန်မယ်ဆိုရင်တော့ သူ့ကို လွှတ်ပေးဖို့ ငါ စဉ်းစားကြည့်ပေးမယ်”


ချန်ဖု နောက်လိုက်များက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရုန့်ရင်းစွာ ရယ်မောလိုက်ကြသည်။


သို့သော်လည်း အပြင်ဘက်က ရုတ်ရုတ်သဲသဲ ဖြစ်နေသည်များကို ပျယ်ယွီ တစ်ယောက်မသိပါပေ။ သူမသည် အင်တာနက်စွဲ လမ်းမှုနှင့် သူ့ ကိုယ်ခန္ဓာအတွင်းမှ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လုနီးပါးဖြစ်နေသည့် နာကျင်မှုတို့ကို ခံစားနေရသည်။ သူ့ စိတ်ထဲတွင် F Key တစ်ခုတည်းကိုသာ အာရုံစိုက်နေမိသည်။


" Host... တစ်ခုခု လုပ်ပါဦး! Host မေ့လဲတော့မယ်!"


စနစ်တစ်ခုအဖြစ် တည်ရှိလာခဲ့သည့် နှစ်ပေါင်းများစွာအတွင်းမှာ အခုလို Host တစ်ယောက်ကို လက်ခံရရှိခြင်းနှင့် သေခြင်းကို တစ်ရက်တည်းမှာ ကြုံတွေ့ရလိမ့်မည်ဟု သူ တစ်ခါမှမတွေးဖူးခဲ့ပေ။


စနစ်တစ်ခုအနေဖြင့် သူ့ထံ လက်တွေ့လောကကို လွှမ်းမိုးနိုင်သည့်စွမ်းအားမရှိသဖြင့် ပျယ်ယွီကို မကူညီနိုင်ပါပေ။


ပျယ်ယွီသည် အားယူကာပြောလိုက်သည်။ 


"ငါ... ငါ... အော်... အော်ထုတ်လိုက်တော့မယ်”


စနစ်၏ဦးနှောက် (CPU) ကမူ ပျယ်ယွီ ဘာကိုဆိုလိုသလဲဆိုတာကို မတွေးမိခင်မှာတင်၊ သူမ အော်ဟစ်လိုက်ပါတော့သည်။


"ဟင့်! ဟင့်! ဟင့်... အား!!!" 


ပျယ်ယွီအက်ကွဲနေသော ရင်ကွဲမတတ် အော်ဟစ်သံများက သူမ ခံစားနေရသည့် ပြင်းထန်သော နာကျင်မှုကို ဖော်ပြနေသော် လည်း၊ သူမဆီက ဘာလို့ ဒီလောက် နံစော်တဲ့ အနံ့အသက်တွေထွက်လာရတာလဲ? 


"ဘယ်လိုဖြစ်လို့ ဒီလောက်တောင် နံရတာလဲ?" ဟု စနစ်က ထိတ်လန့်တကြား အော်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် ပျယ်ယွီ၏ ကိုယ်ထဲမှ ရှေးဦးစွမ်းအားများပေါက်ကွဲထွက်လာပြီး ရွှေရောင်အလင်းတန်းများက သူမကိုဝန်းရံသွားတော့သည်။ ထိုရွှေရောင် အလင်းတန်းများသည် နက်ရှိုင်းလှသော ဝိညာဉ်စွမ်းအင်တိုင်ကြီးတစ်ခုအဖြစ် စုစည်းသွားကာ ခေါင်မိုးကိုဖောက်ထွက်ပြီး တိမ်တိုက်များဆီသို့ ဦးတည်သွားတော့သည်။ နောက်ဆုံးတွင် ထိုစွမ်းအင်တိုင်ကြီးပေါက်ကွဲသွားပြီး ထက်မြက်လှသော အလင်းစက်ဝိုင်းကြီးအဖြစ် ပြောင်းလဲကာ လင်းယွင်ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားပါတော့သည်။


လင်းယွင်ဂိုဏ်းတစ်ခုလုံးသည် ထိုဝိညာဉ်စွမ်းအင်၏ဒဏ်ကို မလွဲမသွေ ခံလိုက်ရသည်။ ကျင့်ကြံသူများသည် အံကြိတ်ကာ ထိုဖိအားကို ခုခံရန်အတွက် ၎င်းတို့ဝိညာဉ်စွမ်းအင်များကို အသုံးပြုရသည်။ ကျင့်စဉ်နိမ့်ပါးသူများမှာမူ ထိုဖိအားကို မခံနိုင်ဘဲ တုန်ရင်ကာ ဒူးထောက်လဲကျသွားကြတော့သည်။


ဤကဲ့သို့ ပြင်းထန်လှသော ဝိညာဉ်ဖိအားနှင့် ကောင်းကင်သို့ ထိုးတက်သွားသည့် အလင်းတိုင်ကြီးမှာ အဓိပ္ပာယ်တစ်ခုတည်းသာ ရှိပါသည်။ တစ်စုံတစ်ယောက်က သူတို့၏ကိုယ်ပိုင်ဝိညာဉ်လက်နက်အား သွန်းလုပ်နိုင်ခဲ့ပြီဆိုခြင်းပင်။


လင်းယွင်ဂိုဏ်းတွင် နောက်ဆုံး၌ ကိုယ်ပိုင်ဝိညာဉ်လက်နက်ကို သွန်းလုပ်နိုင်သည့် ကျင့်ကြံသူနောက်တစ်ဦး ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။


ပျယ်ယွီသည် မတ်တပ်ရပ်လိုက်သည်။ သူမ ကိုယ်ခန္ဓာမှာ လုံးဝပေါ့ပါးသွားပြီး စိတ်ထဲမှာလည်းကြည်လင်သွားတော့သည်။


တစ်ချက်မျှအော်ဟစ်လိုက်ခြင်းဖြင့် သူမ၏ နှစ်ပေါင်းများစွာ ခဲ့သော စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများကို ကုသပေးလိုက်သလိုပင်။


"Host... Host ကိုယ်ပိုင်ဝိညာဉ်လက်နက်ကို သွန်းလုပ်နိုင်ခဲ့ပြီ!" ဟု စနစ်က စိတ်လှုပ်ရှားစွာကြေညာလိုက်သည်>


 "အဲ့ဒါက ဘာလဲ? Host ရဲ့ ကိုယ်ပိုင်ဝိညာဉ်လက်နက်က ဘာဖြစ်မလဲ?"


ပျယ်ယွီသည် သူhလက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်သည်> သူမကိုယ်တိုင်လည်း သူ့ လက်နက် က ဘာဖြစ်မလဲဆိုတာကို အရမ်းသိချင်နေမိသည်။


ဝိညာဉ်လက်နက်သွန်းလုပ်ပြီးကတည်းက ပျယ်ယွီ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ပုံကို ဗီဇအရကျွမ်းကျင်သွားခဲ့သည်။


ပိုမိုထင်ရှားသော ပုံသဏ္ဌာန်တစ်ခု ပျယ်ယွီလက်ထဲတွင် ပေါ်လာခဲ့သည်။


အဲ့ဒါကတော့ …


ပျယ်ယွီ မျက်လုံးများ ပြူးကျသွားရသည်။


ကီးဘုတ် တစ်ခုပင်။


စနစ် : "..."


ပျယ်ယွီသည် Shift Key နှင့် / Key ကို နှိပ်လိုက်ပြီး မေးခွန်းသင်္ကေတ (?) တစ်ခုကို ဖြည်းဖြည်းချင်းရိုက်နှိပ်လိုက်ပါတော့သည်။