Ch 2
Viewers 862

⌨️ Chapter 2




ပျယ်ယွီနှင့် သူမ၏ ကံပါလာသော ဝိညာဉ်လက်နက်တို့သည် တစ်ဦးကိုတစ်ဦး မယုံကြည်နိုင်သလိုစိုက်ကြည့်နေကြသည်။


၎င်းမှာ အနီ၊ အဖြူ၊ အနက်ရောင်တို့ဖြင့် အလှဆင်ထားသည့် ခလုတ်ပေါင်း (၁၀၈) ခုပါသော ကီးဘုတ်တစ်ခုဖြစ်သည်။ ခလုတ်များ ပေါ်ရှိ ကျော့ရှင်းသော အနက်ရောင် စာလုံးများသည် ပျယ်ယွီ ရင်းနှီးပြီးသားဖြစ်သော အင်္ဂလိပ်အက္ခရာများနေရာတွင် အစားထိုးဝင်ရောက်ထားပြီး၊ လက်ရှိကျင့်ကြံခြင်းလောကနှင့် တစ်သားတည်းကျနေကာ ဘာမှမှားယွင်းစရာမရှိပေ။


ရိုးရိုးလေးပြောရလျှင် ၎င်းမှာ Taobao ပေါ်ရှိ A-O Luo မှ "Hua Dan" စီးရီး ကီးဘုတ်မော်ဒယ်လ်အတိုင်းပင်။


"အရမ်းမိုက်တယ်"


ပျယ်ယွီသည် အံ့ဩတုန်လှုပ်စွာဖြင့် သူမ လက်ချောင်းလေးများဖြင့် ကီးဘုတ်ခလုတ်များကို အသာအယာထိတွေ့လိုက်သည်။


မျက်လုံးမှိတ်ထားလျှင်ပင် သူ မည်သည့်ခလုတ်ကိုထိနေသည်ဆိုသည်ကို အတိအကျသိရှိနေသည်၊ ၎င်းမှာ သူမ စိတ်ဝိညာဉ် အတွင်းမှလာသော တုံ့ပြန်မှုတစ်ခုဖြစ်သည်။


ဒါကတော့ ကီးဘုတ်တိုက်ခိုက်ရေးသမားအပေါင်းတို့ရဲ့ လက်နက်ဖြစ်သလို၊ သူမရဲ့တိုက်ပွဲဝင်ဖော်လည်း ဖြစ်လာပါပြီ။


"ဒါက တကယ့်ပြီးပြည့်စုံတဲ့ ကီးဘုတ်ပဲ၊ သူ့ ဒီဇိုင်းက သူ့ဈေးနှုန်းလိုပဲ တကယ့်အလန်းစားပဲ” ဟု ပျယ်ယွီ စိတ်ညှို့ခံထားရသလို ရေရွတ်လိုက်သည်။


ခေတ်ဟောင်း အမျိုးသမီးဗဟိုပြုဝတ္ထုတစ်ပုဒ်ထဲကို ကူးပြောင်းလာပြီး၊ တစ်ပြားမ မကုန်ဘဲ A-O Luo ရဲ့ Hua Dan ကီးဘုတ်ကို ရရှိလိုက်တာကတော့— အောင်ပွဲပဲ!


စနစ်က အတော်လေးအောင့်အည်းသည်းခံပြီးမှ ပြောလိုက်သည်။ 


"နုံလိုက်တာ၊ ပျယ်ယွီ”


"ကျန်းလန်နဲ့ ချန်ဖုက အခန်းအပြင်မှာ ရှိနေကြတယ်၊ နင့် ဝိညာဉ်လက်နက်ကို သွန်းလုပ်တုန်းကထွက်လာတဲ့ ဝိညာဉ်ဖိအားဒဏ်ကို သူတို့ အပြင်းထန်ဆုံးခံလိုက်ရတာ”


တိတိကျကျပြောရလျှင် ချန်ဖုနှင့် သူ့နောက်လိုက်များက အပြင်းအထန်ခံလိုက်ရခြင်းဖြစ်သည်။ ပျယ်ယွီ ဝိညာဉ်စွမ်းအင်သည် ကျန်းလန်နှင့် ရင်းနှီးပြီးသားဖြစ်သဖြင့် သူမကိုတော့ မသိစိတ်ကနေရှောင်ရှားပေးခဲ့သည်။


ပျယ်ယွီ အမူအရာက အေးစက်သွားသည်။


သူမသည် လွန်ခဲ့သော တစ်နာရီက လူမျိုးမဟုတ်တော့ပေ။ သူသည် ယခုအခါ နျူဟူလူပျယ်ယွီဖြစ်နေပြီဖြစ်သည်။


ပျယ်ယွီသည် ကီးဘုတ်ကိုကိုင်ကာ၊ ချန်ဖုကို အသေသေချာချာနှိပ်ကွပ်ရန် တံခါးကိုကန်ဖွင့်လိုက်တော့သည်။


ကျန်းလန်မှာ နံရံကို အားနည်းစွာမှီထားရပြီး၊ သူမ မျက်နှာမှာဖြူဖျော့ကာ အသက်ကို ခက်ခက်ခဲခဲရှူနေရသည်။ ပျယ်ယွီ၏ ဝိညာဉ်စွမ်းအင်က သူမကိုတမင်ရှောင်ပေးခဲ့သော်လည်း၊ သူမသည် အနီးကပ်ဆုံးနေရာမှာရှိနေသဖြင့် ထိုဖိအားကြောင့် တုန်လှုပ်နေဆဲဖြစ်သည်။


ချန်ဖုမှာတော့ ပိုဆိုးသည်။ အကယ်၍ သူ့ကို အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသော သူ့နောက်လိုက်နှစ်ယောက်၊ သုံးယောက်က သာ ကူမတွဲထားပေးလျှင်…


ချီကျင့်ကြံမှု အဆင့် (၈) သာရှိသော ဤလူညံ့လေးမှာ ပျယ်ယွီ ရှေ့တွင် ဒူးထောက်နေလောက်ပြီဖြစ်သည်။


"နောက်ကျရင် နင်တို့အားလုံးရဲ့မျက်နှာတွေကို ငါ တစ်ယောက်ချင်းစီ အပိုင်းပိုင်းဖြစ်အောင်ကန်ပစ်မယ်” ဟု ပျယ်ယွီက အေးစက်စွာ ပြောလိုက်သည်။


"Host ... သူတို့မျက်နှာတွေကို ဘယ်လိုချေမှုန်းရမလဲဆိုတာ သိပြီလား?" ဟု စနစ်က အနည်းငယ် စိုးရိမ်တကြီး မေးလိုက်သည်။ ချန်ဖုနောက်လိုက် နှစ်ယောက်မှာ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်ရှိပြီး၊ တစ်ယောက်မှာ အလယ်အဆင့်ရှိရာ ပျယ်ယွီထက် အားလုံးပိုအစွမ်းထက်ကြသည်။


ကိုယ်ပိုင်ဝိညာဉ်လက်နက် အကူအညီနှင့်ဆိုရင် ပျယ်ယွီရဲ့ အစွမ်းက သူတို့ထက် ပိုသာသင့်ပေမဲ့၊ ပြဿနာက သူမရဲ့ လက်နက်က ကီးဘုတ် ဖြစ်နေတာပဲ!


သူတို့မျက်နှာတွေကို ကီးဘုတ်ခလုတ်တွေနဲ့ ရိုက်ရမှာလား?


"မသိဘူးလေ” ဟု ပျယ်ယွီက ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။


စနစ် : "?"


ဟားဟား၊ ရှန်ပိန်ဖောက်သလို ဖြစ်တော့မှာပဲ။


ချန်ဖုသည် နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။ သူသည် သူ့နောက်လိုက်များကို တွန်းဖယ်ကာ ပျယ်ယွီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။


ချန်ဖုက အံကြိတ်ကာ ပြောလိုက်သည်။

"ထိုင်အန်းတောင်ပေါ်မှာ ငါ့ကို ဘယ်သူမှ ဒီလို မခြိမ်းခြောက်ရဲဘူး!!"


နောက်လိုက်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ချန်ဖု ရူးသွပ်သွားတာကို သူတို့ မတားနိုင်မှန်းသိကြသည်။ ပျယ်ယွီ ကိုယ်ပိုင်ဝိညာဉ်လက်နက်ကို သွန်းလုပ်ပြီးကတည်းက သူမသည် ချန်ဖု အနိုင်ကျင့်လို့ရမည့်သူ မဟုတ်တော့ပေ။


"ခဏနေဦး” ဟု အရိုက်ခံထားရသည့် သူ့မျက်နှာကို ကိုင်ရင်း နောက်လိုက်တစ်ယောက်က ကြားဖြတ်ပြောလိုက်သည်။


သူသည် ဆက်သွယ်ရေး အဆောင်လက်ဖွဲ့ကို အလေးအနက်ထုတ်လိုက်ပြီး "ငါ မျက်နှာ အကန်မခံချင်ဘူး၊ နောက်ထပ် လူအင်အား ထပ်ခေါ်ရမယ်”


ပျယ်ယွီ နှာခေါင်းရှုံ့လိုက်ပြီး၊ လက်တစ်ဖက်က ကီးဘုတ်ကို ကိုင်ကာ ကျန်လက်တစ်ဖက်က ခလုတ်များကိုအလွန်လျှင်မြန်စွာ ရိုက်နှိပ်လိုက်ရာ လက်ရိပ်များပင် ထင်ကျန်နေတော့သည်။


သူမသည် ဤကျင့်ကြံသူများကို (၂၁) ရာစု ကီးဘုတ်ပါရမီရှင်တစ်ဦး၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားကို မြည်းစမ်း ကြည့်စေချင်နေသည်။


Enter ခလုတ်ကို နှိပ်လိုက်သည့်အခါ၊ ကောင်းကင်ယံတွင် ဝိညာဉ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသောကြမ်းတမ်းသည့် အနက်ရောင် စာလုံးတန်းကြီးတစ်ခုပေါ်လာပြီး၊ ကောင်းကင်ထက်မှ ကျဆင်းလာသော လက်ဝါးချက်ကြီးတစ်ခုကဲ့သို့ဖြစ်နေတော့သည်။


၎င်းမှာ ချန်ဖုနှင့် သူ့နောက်လိုက်များ၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်။


【လူသားတွေရဲ့ဆင့်ကဲဖြစ်စဉ်မှာ နင် ဝက်ခြံထဲမှာပဲ ပုန်းနေခဲ့တာလား? ကြည့်ရတာ ရှေးဟောင်းဒဏ္ဍာရီစာအုပ်ထဲက ထွက်လာတဲ့ မိစ္ဆာနဲ့ တူလိုက်တာ။】


【နင် စကားပြောပုံအရဆိုရင်တော့၊ နင့် အစာအိမ်က ဦးနှောက်နဲ့ဆက်နေတာပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား?】


【ဒါပေမဲ့ နင့်ဆီမှာ ရှားပါးပြီး တန်ဖိုးရှိတဲ့ အရည်အချင်းတချို့တော့ရှိပါရဲ့၊ အနည်းဆုံးတော့ နင်က ကိုယ်လုံးကိုယ်ပေါက် မဆိုဘူးလေ၊ ဝက်ပေမဲ့ မအီတော့ဘူးပေါ့။】


【ဝက်သားဈေးတက်အောင် ဝက်အဝဝကို ဝိတ်ထိန်းပေးနေတာလား?】


ချန်ဖုသည် သူ့နဖူးပေါ်တွင် အရိုက်ခံထားရသော စာလုံးများကိုသေချာစိုက်ကြည့်သော်လည်း ဘာမှန်းလုံးဝမသိပါပေ။


ချန်ဖုနှင့် သူ့နောက်လိုက်များဝေခွဲမရဖြစ်နေသည်ကို မြင်ရသောအခါ ပျယ်ယွီက ရုတ်တရက်သတိရသွားသည်။


"အိုး... ရှေးခေတ်လူတွေက ရိုးရှင်းတဲ့ တရုတ်စာလုံးတွေကို နားမလည်ဘူးဆိုတာ ငါ မေ့သွားတယ်”


ကံကောင်းထောက်မစွာဖြင့် ပျယ်ယွီသည် ဤအခြေအနေကို ကြိုတင်မျှော်လင့်ထားသည်။ ကီးဘုတ်တိုက်ခိုက်ရေးသမား တစ်ဦးသည် တိုက်ခိုက်ခံရသူအနေဖြင့် အသေအချာအရိုက်ခံရစေရန်အတွက် အပြည့်အဝအသင့်ပြင်ထားရမည် မဟုတ်ပါလား။


"ငါ့ကိုယ်ငါ Dolby Cinema အဆင့်ရှိတဲ့ 3D အသံစနစ် တပ်ဆင်ထားပြီးသားပါ” ဟု ပျယ်ယွီ သူ့စိတ်ထဲက စနစ်ကို ရှင်းပြလိုက်သည်။


"သူတို့ ငါ့ရဲ့ တိုက်ခိုက်မှုကို သေချာပေါက်ခံစားရစေရမယ်လို့ ငါ အာမခံတယ်”


ပျယ်ယွီ စကားပြောအပြီးမှာပင်…


စက်ရုပ်ဆန်ဆန် အသံကြီးတစ်ခုက စာသားများကိုစတင်အော်ဖတ်ပါတော့သည်။ 3D အသံစနစ် ပိုပြီး ပီပြင်စေရန်အတွက် ချန်ဖုနှင့် တခြားသူများရှေ့တွင် ကပ်ထားသောစာသားတန်းများသည် သူတို့ပတ်ပတ်လည်တွင် ဝိုင်းရံပတ်ချာလည်နေကြသည်။


ဒါကတော့ အတင်းအကျပ် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုသာ။ စာသားများကို ပျယ်ယွီ ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးလိုက်သည်နှင့်၊ ၎င်းမှာ အသံထွက်လာပြီး ထိုစာသား၏ဆိုလိုရင်းများကို ပစ်မှတ်ထားသူစိတ်ထဲသို့ အတင်းအကျပ်ထည့်သွင်းပေးတော့သည်။


ပစ်မှတ်မှာ အဓိပ္ပာယ်အား နားမလည်မည်ကို စိုးရိမ်စရာမလိုပေ။


ပျယ်ယွီ သုံးစွဲထားသော ဝိညာဉ်စွမ်းအားများကုန်ဆုံးသွားသည်အထိ ထိုစာသားများကို ထပ်တလဲလဲရွတ်ဖတ်နေမည်ဖြစ်သည်။


တကယ်ကြီး သေသေချာချာ ဒီဇိုင်းထုတ်ထားတာပဲ။


ချန်ဖု မျက်နှာမှာနီမြန်းလာပြီး၊ သူ့ ရင်ဘတ်ထဲမှ ဒေါသများကြောင့် ဦးနှောက် ပေါက်ကွဲထွက်မတတ်ဖြစ်နေသည်။


ထိုင်အန်းမြို့မှာ ဘယ်သူမှ သူ့ကို ဒီလိုမဆဲရဲခဲ့ဘူး။


သူသည် ထိုစာလုံးများကိုဖမ်းဆုပ်ပြီး ဖျက်ဆီးရန်ကြိုးစားသော်လည်း၊ လက်နှင့်ထိတွေ့လိုက်သည့်အခါ ပျောက်ကွယ်မသွားဘဲ အသံကား ပိုကျယ်လာတော့သည်။


ချန်ဖု ပါးစပ်ဟလိုက်ပြီး တစ်ခုခုပြန်ဆဲချင်ပုံရသော်လည်း၊ 3D အသံစနစ်၏ညှဉ်းပန်းမှုကြောင့် ပြန်လည်တုံ့ပြန်ရန်အချိန်မရှိပါပေ။


ချန်ဖုသည် ထိုအသံများကို ပိတ်ရန် သူ့ နားနှစ်ဖက်ကို နာကျင်စွာအုပ်ထားလိုက်သည်။


သို့သော်လည်း ၎င်းမှာ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြစ်ရာ နားကိုအုပ်ထားရုံမျှဖြင့် မည်သို့ကာကွယ်နိုင်ပါ့အံ့ ?


နားကို အုပ်ထားသော်လည်း စာလုံးများသည် အခြားနေရာမှတစ်ဆင့် ဦးနှောက်ထဲသို့ တိုးဝင်သွားနိုင်ပြီး၊ ဦးနှောက်ကို ဝိုင်းပတ်ကာ ရံဖန်ရံခါ လက်သီးဖြင့်ထိုးနှက်နေကြသည်။


ကျန်းလန်ကမူ မပြုံးဘဲ မနေနိုင်တော့ပေ။


ဤစကားလုံးများသည် သူမ နားထောင်ရသလောက်တော့ အလွန်ပင်ရုန့်ရင်းကြမ်းတမ်းလှပါသည်။


ကျန်းလန်သည် ကျေနပ်မှုကိုခံစားလိုက်ရပြီး၊ ထိုထက်မက ခံစားရသည်မှာ စိတ်သက်သာရာရမှုပင်။ ထိုင်အန်းမြို့တွင် အမျိုးသမီးကျင့်ကြံသူ မြောက်မြားစွာမှာ ချန်ဖု၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရသည်။ အများစုမှာ အဆင့်အတန်းနိမ့်ပါးသူများ ဖြစ်သဖြင့် တရားမျှတမှုမရှာနိုင်ဘဲ သည်းခံခဲ့ကြရသည်။ သို့သော် ယခုအခါတွင်မူ ချန်ဖုသည် သူနှင့်ထိုက်တန်သော အပြစ်ပေးမှုကို ခံလိုက်ရပြီဖြစ်သည်။


ချန်ဖု နောက်လိုက်များပင်လျှင် ခိုးပြုံးမိကြသည်။ ဤဖော်ပြချက်များသည် ၎င်းနှင့် တကယ်အံကိုက်ဖြစ်နေသောကြောင့်ဖြစ်သည်။


ကျန်းလန် အပြုံးသည် ချန်ဖုအတွက် နောက်ဆုံးလက်ကျန်သည်းခံမှုကို ပေါက်ကွဲသွားစေပြီး၊ သူ သတိလစ်လဲကျသွားပါတော့ သည်။


သူ့နောက်လိုက်များက စိုးရိမ်တကြီးဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့သည် ပျယ်ယွီကို ရန်စရန် စိတ်ကူးများကို စွန့်လွှတ်လိုက်ကြသည်။ ဘယ်သူမှ နောက်ထပ် ပစ်မှတ် မဖြစ်ချင်ကြပါပေ။


ထိုအချိန်တွင် ကျိလဲ့သည် ကျင့်ကြံသူတစ်စုကို ဦးဆောင်ကာ အလျင်အမြန်ရောက်ရှိလာသည်။


အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး ဓားများကို လွယ်ထားကာ ခါးတွင် ရွှေရောင်ကျား တံဆိပ်ပြားများ ချိတ်ထားကြသော ထိုသူများ၏မျက်နှာတွင် အေးစက်သော အငွေ့အသက်များ ပြည့်နေသည်။ သူတို့ခြေလှမ်းများမှာ ညီညာပြီးဝတ်စုံများသည် လေထဲတွင် တဖျတ်ဖျတ်လွင့်နေကာ၊ စင်္ကြန်လမ်းအတိုင်း လျှောက်လာပြီး ပျယ်ယွီတို့အဖွဲ့ ရှေ့တွင်ရပ်လိုက်ကြသည်။


အရင်က မမြင်ချင်ယောင် ဆောင်နေခဲ့ကြသော ထိုင်အန်းတောင်တပည့်များသည်ပင် ၎င်းတို့ရောက်လာသည်ကို တွေ့သောအခါ၊ အားကိုးရမည့် နောက်ခံကိုတွေ့လိုက်သလိုမျိုး ပျယ်ယွီအား ရဲရဲတင်းတင်း စိုက်ကြည့်လာကြသည်။


"စည်းကမ်းထိန်းသိမ်းရေးဌာနက တာဝန်အရ လာတာပါ” ဟု ခေါင်းဆောင်ဖြစ်သူ ကျင့်ကြံသူမှာ သူ့ ခါးမှ ရွှေရောင်ကျား တံဆိပ်ပြားကိုဖြုတ်ပြီး ပျယ်ယွီတို့အား ပြသလိုက်သည်။


စည်းကမ်းထိန်းသိမ်းရေး နန်းဆောင်သည် လင်းယွင်ဂိုဏ်းအတွင်း စနစ်တကျရှိရန်နှင့် လုံခြုံရေးအတွက်တာဝန်ရှိသည်။ ထို့အတူ ဂိုဏ်းအတွင်းအမှားလုပ်သော သာမန်ကျင့်ကြံသူများကိုလည်း ထိုနေရာတွင် ထိန်းသိမ်းပြီးအပြစ်ပေးလေ့ရှိသည်။


သတိလစ်နေသော ချန်ဖုကိုမူ ရက်စက်လှသော အီလက်ထရောနစ်အသံကြီးက အိပ်မက်ထဲအထိပါအောင် ဆက်လက်ဆဲဆိုနေဆဲ ဖြစ်သည်။


ဤကဲ့သို့ ပွင့်လင်းလှသော ဆဲဆိုသံများကို ကြားရသည့်အခါ စည်းကမ်းထိန်းသိမ်းရေးနန်းဆောင်မှ တပည့်များပင် အမူအရာ ပျက်သွားကြသည်။


ဒါ... ဒါအရမ်းကို ရုန့်ရင်းကြမ်းတမ်းလွန်းတယ်!


ခေါင်းဆောင်ဖြစ်သူလျိုထျန်လဲ့ သည် သတိလစ်နေသော ချန်ဖုကို စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက်၊ ကီးဘုတ်ကို ပိုက်ထားသော ပျယ်ယွီကို ကြည့်လိုက်သည်။


လျိုထျန်လဲ့၏ကျင့်ကြံမှုအဆင့်မှာ ပျယ်ယွီထက် မြင့်မားသဖြင့်၊ ပျယ်ယွီလက်ထဲတွင် ရှိနေသောအရာမှာ သူမ ကိုယ်ပိုင်ဝိညာဉ် လက်နက်ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။


"ဒီနေရာမှာ လင်းယွင်ဂိုဏ်းရဲ့ စည်းကမ်းတွေကို ချိုးဖောက်တဲ့ ကိစ္စတစ်ခုဖြစ်နေတယ်လို့ သတင်းရလို့ လာတာပါ၊ ဒါတကယ်ပဲလား?" ဟု လျိုထျန်လဲ့က တင်းမာစွာ မေးလိုက်သည်။


ကျန်းလန်မှ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်ပြောပြရန် ပြင်လိုက်စဉ်မှာပင် ပျယ်ယွီ အကြည့်တစ်ချက်ကြောင့် သူမ တိတ်သွားခဲ့ရသည်။


ပျယ်ယွီတွင် ဤကိစ္စကိုကိုင်တွယ်ရန် သူ့တွင် ကိုယ်ပိုင်နည်းလမ်းရှိနေသည်မှာရှင်းနေသည်။


ပျယ်ယွီ ချန်ဖုကို ညှဉ်းပန်းခဲ့စဉ်ကရှိခဲ့သော သူ့ အေးစက်သည့် အမူအရာများကိုဖျောက်လိုက်ပြီး၊ သူမ ကိရိယာများကို ဘေးသို့ အသာအယာချထားလိုက်သည်။


သူ ခေါင်းကို ငုံ့လိုက်ကာ၊ မရှိသောမျက်ရည်များကို သူ့ လက်ချောင်းများဖြင့် သုတ်လိုက်ပြီး၊ ငိုချင်သလိုလိုနှင့် တွေဝေနေသော အမူအရာကိုလုပ်လိုက်သည်။


"သူ့မှာ နောက်ခံရှိတယ်၊ ကျွန်မ မပြောရဲဘူး”


"နင် ပြောပြီးသွားပြီ မဟုတ်လား?"


"မစိုးရိမ်ပါနဲ့၊ စီလုနန်းဆောင်က ဒါမျိုးဖြစ်တာကို လုံးဝခွင့်မပြုပါဘူး” ဟု စီလုနန်းဆောင်မှ တပည့်တစ်ဦးက ဖြောင့်မတ်စွာ ပြောလိုက်သည်။


ထို့နောက် သူသည် သူ့ ခေါင်းဆောင် လျိုထျန်လဲ့ဆီမှ အဖြေတစ်ခုကို စောင့်နေသကဲ့သို့ ကြည့်လိုက်သည်။


လျိုထျန်လဲ့သည် ဖြစ်စဉ်ကို အသာအယာကျော်သွားရန် ရည်ရွယ်ခဲ့သော်လည်း၊ အခြေအနေအရ အောင့်သက်သက်ဖြင့် ပြောလိုက်ရသည်။


"...ဟုတ်တယ်”


ချန်ဖု နောက်ကွယ်မှာရှိသော အကြီးအကဲချန်သိပ်ပြီး အဆင့်မမြင့်သော်လည်း သိုင်လီတောင်ထိပ်၏ နေ့စဉ်ကိစ္စများကို ထိန်းချုပ်ထားသူဖြစ်ရာ ရန် စရန်မလွယ်ကူပါပေ။


အကြီးအကဲချန်ကို ရန်စမိလျှင် လစဉ်ရရှိမည့် ဝိညာဉ်ကျောက်တုံးများ အဖြတ်ခံရနိုင်ချ ရှိသည်။


ပျယ်ယွီသည် သူ ကြုံတွေ့ခဲ့ရသည်များကို စီလုနန်းဆောင်သို့ရှင်းပြရာတွင်၊ သူ မခံစားခဲ့ရသော အရှက်ခွဲမှုများကိုပါ ဆယ်ဆခန့် ပိုချဲ့ပြီး လိမ်ညာပြောဆိုလိုက်သည်။


"...ချန်ဖုက ကျွန်မနဲ့ စီနီယာအစ်မကျန်းလန်ကို အရှက်ခွဲဖို့ကြိုးစားတုန်းမှာ၊ ကျွန်မရဲ့ကိုယ်ပိုင်ဝိညာဉ်လက်နက်ကို ကံကောင်း ထောက်မစွာ သွန်းလုပ်နိုင်ခဲ့လို့ သူ့ကိုသင်ခန်းစာပေးခဲ့တာပါ” ထိုနေရာတွင် ပျယ်ယွီ အမူအရာမှာ ဒေါသထွက်နေသယောင် ရှိသည်။


"ကျွန်မ အရှက်ခွဲခံရတာထက်စာရင် ချန်ဖုနဲ့အတူ အသေခံလိုက်မှာပဲ၊ ဒါကြောင့် ကျွန်မ လုံးဝလက်မနှေးခဲ့ဘူး”


ဤ ချိုသာလှသော စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုသည် မိစ္ဆာပူးကပ်နေသောဂီတကျင့်ကြံသူထက်ပင် ပိုကြောက်မက်ဖွယ်ရာ ကောင်းနေသည်။


ပျယ်ယွီသည် တကယ်လက်မနှေးခဲ့သည်မှာ ရှင်းနေပါသည်။


"သူ ချက်ချင်းအသနားခံပြီး၊ ကျွန်မတို့ တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး တစ်ထောင်စီလျော်ကြေးပေးပါ့မယ်၊ သူ့ကို ခွင့်လွှတ်ပါလို့ ပြောခဲ့တယ်”


သတိလစ်နေသော ချန်ဖုကိုတွဲထားပြီး စီလုနန်းဆောင်၏အာရုံစိုက်မှုကို မခံရအောင် ငြိမ်နေကြသော နောက်လိုက်များသည် ထိတ်လန့်တကြားမော့ကြည့်လိုက်ကြသည်။ ဒါတကယ်လား?


"ကျွန်မကတော့ သေချာပေါက် ငြင်းလိုက်တာပေါ့၊ ကျွန်မ အဲ့ဒီလို လူမျိုးမဟုတ်ပါဘူး” ဟု ပျယ်ယွီက အရှက်ရနေသယောင် ဟန်ဆောင်လိုက်သည်။


နောက်လိုက်များက သက်ပြင်းချလိုက်ကြသည်။


"အနည်းဆုံးတော့ ဒီလောက်ရှိရမယ်လေ” ဟု ပျယ်ယွီက လက်ချောင်းငါးချောင်း ထောင်ပြလိုက်သည်။


နောက်လိုက်များ : "?"


ဒါကတော့ တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ။


လျိုထျန်လဲ့က ကျန်းလန်ကိုကြည့်လိုက်သည်။


ကျန်းလန်သည် ခဏမျှတိတ်ဆိတ်သွားပြီးနောက်၊ ပျယ်ယွီ စကားများကို ခက်ခက်ခဲခဲပင် ခေါင်းညိတ်အတည်ပြုပေးလိုက်ရသည်။


"ဟုတ်ပါတယ်... အဲ့ဒါ မှန်ပါတယ်၊ ညီမလေးပျယ် ပြောသလိုပါပဲ”


နောက်လိုက်များမှာ မျက်လုံးပြူးသွားကြသည်။ လူတစ်ယောက်က ဒီလောက်ထိ အရှက်မရှိဘဲ ဘယ်လိုလုပ်လိမ်ညာနိုင်ရတာလဲ?


နာမည်တွေကလွဲရင် ပျယ်ယွီပြောတဲ့ စကားတွေထဲမှာ အမှန်တရားက ဆယ်လုံးပင်မပြည့်ချေ။


နောက်လိုက်တစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။


 "နင် ငါတို့ကို အသရေဖျက်နေတာပဲ! စီနီယာအစ်ကိုချန်က ဝိညာဉ်ကျောက်တုံးတွေနဲ့လျော်ကြေးပေးမယ်လို့ တစ်ခါမှမပြောခဲ့ဘူး”


ပျယ်ယွီ ခေါင်းငုံ့လိုက်ပြီး သနားစရာကောင်းသော အမူအရာလုပ်လိုက်သည်။


"ကျွန်မက အေးအေးဆေးဆေးနေတတ်ပြီး အနိုင်ကျင့်ရလွယ်တဲ့ပုံ ပေါက်နေမှန်း သိပါတယ်၊ ဒါပေမဲ့ ကျွန်မက ပျယ်မိသားစုဝင် တစ်ယောက်ပါ၊ ကျွန်မ တစ်ခုခုဖြစ်ရင် ပျယ်မိသားစုက ချန်ဖုကိုလွှတ်ထားမှာ မဟုတ်ဘူး”


"ချန်ဖုက ဒါကိုသိလို့ပဲ ကျွန်မကို လျော်ကြေးပေးဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်မှာပါ”


အေးအေးဆေးဆေးနေတတ်တယ် ?


နောက်လိုက်များသည် ပျယ်ယွီအား မယုံကြည်နိုင်စွာကြည့်လိုက်ကြသည်။ ပျယ်ယွီ ၎င်းတို့၏မျက်လုံးတွေကို စိုက်ကြည့်ပြီး အဲ့ဒီစကားကို နောက်တစ်ခါ ထပ်ပြောရဲပါ့မလား?