Ch 5
Viewers 867

⌨️ Chapter 5





ပျယ်ယွီ မျက်မှောင်ကြုတ်လိုက်ပြီး မှန်ချပ်ကိုစေ့စေ့စိုက်ကြည့်နေမိသည်။


ထို့နောက် ဆွဲဆောင်မှုရှိသောလေသံအနိမ့်ဖြင့် သူ မေးလိုက်သည်။


"မှော်မှန်ကြီး၊ မှော်မှန်ကြီး... ပြောစမ်းပါဦး၊ ဒီကမ္ဘာမှာ အတော်ဆုံးကျင့်ကြံသူက ဘယ်သူလဲ?"


စနစ် : "?"


မှန်ထဲကပျယ်ယွီသည် သူမကို သဘာဝအတိုင်းပြန်မဖြေနိုင်ပါပေ။ သူမကို စကားတစ်ခွန်းမှမပြောဘဲ ပြန်လည်စိုက်ကြည့်နေရုံသာ တတ်နိုင်ရှာသည်။


ထို့ကြောင့် ပျယ်ယွီ ထပ်မေးလိုက်ပြန်သည်။


"မှော်မှန်ကြီး၊ မှော်မှန်ကြီး... အဲ့ဒါဆိုရင် ကျင့်ကြံခြင်းကမ္ဘာမှာ ဘယ်နေရာမှာ အင်တာနက်လိုင်းရနိုင်မလဲ ဆိုတာလောက်တော့ ပြောပြပါဦး”


မည်သူမျှ ပြန်မဖြေပါပေ။ စနစ်ကတော့ မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။


"သူ နင့်ကို ပြန်မဖြေမှာ နင် သိပါတယ်နော်?"


သူ့ရဲ့Host က စိတ်ပိုင်းဆိုင်ရာ ရေရှည်မတည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေတာဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါလည်း တစ်မျိုးတော့ စိတ်တည်ငြိမ်နေတာပဲ မဟုတ်လား?


ပျယ်ယွီ ထိုကြေးမုံပြင်ကို သစ်သားစားပွဲပေါ်တွင် မှောက်လျက်ထားလိုက်သည်။ ပျယ်ယွီက မှန်ကို မှောက်ထားလိုက်ပြီးနောက်တွင် အမြဲတမ်းကြားနေရသော "အကြည့်ခံနေရသည့် သတိပေးချက်" ရပ်တန့်သွားသည်ကိုတွေ့ရသဖြင့် စနစ်မှာ အံ့အားသင့်သွားရ သည်။


"Host ... အကြည့်ခံနေရတဲ့ ခံစားချက်ကြီး ပျောက်သွားပြီ”


ဒါကတော့ ပျယ်ယွီရဲ့ သံသယမှန်ကန်ကြောင်း သက်သေပြနေတာပ်။ တစ်စုံတစ်ယောက်က ကြေးမုံမှန်ချပ်ကတစ်ဆင့် သူမကို စောင့်ကြည့်နေခြင်းဖြစ်သည်။ ပျယ်ယွီသည် အဝတ်စတစ်ခုကိုဆွဲဖြဲလိုက်ပြီး ကြေးမုံကို တင်းတင်းကျပ်ကျပ်ထုပ်ပိုးကာ၊ ပြတင်းပေါက်ကိုဖွင့်ပြီး နောက်ဖေးတောင်ကုန်းထဲသို့ပစ်ချလိုက်တော့သည်။


"စနစ်... ငါ့ကို ဘယ်သူချောင်းကြည့်နေတာလဲဆိုတာ နင် သိနိုင်လား?" ပျယ်ယွီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ 


အကယ်၍ စနစ်သာ အသုံးမဝင်ခဲ့လျှင် တစ်စုံတစ်ယောက်က မှန်ကတစ်ဆင့် သူမကို စောင့်ကြည့်နေမှန်း သူမ သိနိုင်မည် မဟုတ်ပေ။


"သက်ဆိုင်ရာ အချက်အလက်တွေကို မသိနိုင်သေးပါဘူး၊ ကျွန်တော့်ရဲ့ Level က မမြင့်သေးလို့ပါ” ဟု စနစ်က ရှာဖွေပြီးနောက် ပြန်ဖြေသည်။


"အရှင့်ဘာသာ စုံစမ်းပြီးရှာဖွေရပါလိမ့်မယ်”


ပျယ်ယွီမှာ ခဏမျှ စကားဆွံ့သွားပြီးမှ ပြန်ပြောလိုက်သည်။ 


"နင်ကတော့လေ တကယ်ကို အသုံးမကျတာပဲ”


စနစ် : "QAQ"


ထိုအချိန်မှာပင် တံခါးခေါက်သံကြားလိုက်ရသည်။ ပျယ်ယွီသည် သူ့ စိုးရိမ်စိတ်များကို ထိန်းချုပ်ကာ တံခါးဖွင့်လိုက်သည်။ အဖြူရောင်ဝတ်စုံဝတ်ထားပြီး ကျော့ရှင်းလှပသောအသွင်အပြင်ရှိသည့် တပည့်နှစ်ဦးကို တွေ့လိုက်ရသည်။ သူတို့၏ မျက်ခုံးနှစ်ခုကြားတွင် အနီစက်ကလေးများ ရှိကြပြီး၊ ဆံပင်အနက်ရောင်ကို စနစ်တကျ စည်းနှောင်ထားကာ သူတို့ဝတ်ဆင်ထား သော အဝတ်အစားများမှာ ပျယ်ယွီနှင့် လုံးဝမတူဘဲ ဈေးကြီးပြီးလက်ရာမြောက်လှသည်။


ထိုင်အန်းတပည့်များစွာက အဝေးကနေကြည့်နေကြသည်။ အဆင့်အတန်းမြင့်မားသော ထိုတပည့်နှစ်ဦးသည် စင်္ကြန်လမ်းအတိုင်း လျှောက်လာပြီး ထောင့်စွန်းရှိ ပျယ်ယွီအခန်းသို့ ဦးတည်သွားသည်ကို သူတို့မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။ သူတို့ မျက်ဝန်းထဲတွင် ပျယ်ယွီအပေါ် ဖုံးကွယ်မရသော မနာလိုစိတ်များနှင့်ပြည့်နေကြသည်။


သူတို့က ပျယ်ယွီသည် ပျယ်မိသားစုမှာမွေးဖွားလာရုံဖြင့် ကံကောင်းနေသူဟုသာ ထင်မှတ်ခဲ့ကြသည်။ ပျယ်မိသားစု၏ အခြားအဖွဲ့ ဝင်များနှင့် နှိုင်းယှဉ်လျှင် သူမတွင် ထူးခြားသည့် အရည်အချင်းဘာမှမရှိဘဲ၊ အတွင်းစည်းတပည့်ဖြစ်လာရန်အတွက် သူတို့နှင့် လာရောက်ယှဉ်ပြိုင်နေသည်ဟုသာ ယူဆခဲ့ကြသည်။


တပည့်နှစ်ဦးက ပျယ်ယွီကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ သူတို့၏ အမူအရာမှာ နှိမ့်ချလွန်းခြင်းလည်းမရှိသလို မာနကြီးခြင်းလည်း မရှိပါပေ။


"ညီမလေးပျယ်၊ ဂိုဏ်းချုပ်က ဖိတ်ကြားလိုက်ပါတယ်”


"သွားကြစို့” ပျယ်ယွီ ခေါင်းညိတ်ပြလိုက်သည်။


သူမ၏အမူအရာမှာ တည်ငြိမ်နေပြီး ဂိုဏ်းချုပ်နှင့်တွေ့ရမည့်အပေါ် စိုးရိမ်စိတ် သို့မဟုတ် အံ့ဩစိတ်များ မရှိဘဲ၊ အခြေအနေ အားလုံးကို ထိန်းချုပ်ထားနိုင်သည့် အငွေ့အသက်များထွက်ပေါ်နေသည်။ သူမ သွန်းလုပ်လိုက်သော ကိုယ်ပိုင်ဝိညာဉ်လက်နက်၏ စွမ်းအားများ လင်းယွင်ဂိုဏ်းတစ်ခုလုံးကိုလွှမ်းခြုံသွားကတည်းက ဤအခြေအနေကို သူ ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။


ဝိညာဉ်လက်နက်သွန်းလုပ်နိုင်သူမှာ အလွန်နည်းပါးသည်ဟု တပည့်များပြောစကားအရ၊ သူမသည် အသစ်ထွက်လာသော SSR (ရှားပါးအဆင့်) ဇာတ်ကောင်တစ်ဦးအနေဖြင့် ဂိုဏ်းချုပ်ရှေ့မှောက်သို့ရောက်သွားပြီး စမ်းသပ်ခံရမည်မှာ သဘာဝကျလှသည်။


ချောင်ရီတောင်ထိပ်တွင် 


ဂိုဏ်းချုပ်ကျန်းယန်သည် ခန်းမဆောင်ကြီးအတွင်း၌ တည်ကြည်စွာ ထိုင်နေပြီး၊ သူ့အောက်တွင် တောင်ထိပ်အသီးသီးမှ အကြီးအကဲများနှင့် တောင်ထိပ်သခင်များရှိနေကြသည်။ သူတို့သည် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသော်လည်း စကားဝိုင်းမှာ ကိုယ်ပိုင်ဝိညာဉ်လက်နက်ကို ယခုလေးတင် သွန်းလုပ်နိုင်ခဲ့သည့် ပျယ်ယွီအကြောင်းသာ။


"ဒီနေ့ ထိုင်အန်းမှာ ဘာဖြစ်ခဲ့လဲဆိုတာ ငါ ကြားပြီးပြီ၊ ဒီကောင်မလေးကတော့ ထျန်းကျန့်တောင်ထိပ်ရဲ့ အလုပ်လုပ်ပုံ ပုံစံ်မျိုး တကယ်ရှိတာပဲ” ဟု မုတ်ဆိတ်ဖြူနှင့် အကြီးအကဲတစ်ဦးက သူ့မုတ်ဆိတ်ကို ပွတ်ရင်းချီးကျူးလိုက်သည်။


သူနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အမျိုးသမီးကျင့်ကြံသူကမူ သူ့အား ချက်ချင်းသတိဖြင့် ကြည့်လိုက်သည်။


"အဲ့ဒါကို စိတ်တောင်မကူးနဲ့ဦး အကြီးအကဲပိုင်၊ ရှင်ကတော့ လူသစ်တစ်ယောက်ရဲ့စရိုက်က ဘယ်လိုပဲရှိရှိ အဲ့ဒီစကားကိုပဲ အမြဲပြောတာပဲ၊ ထျန်းကျန့်တောင်မှာ ချန်ရူယွီရှိနေပြီးသားပဲလေ၊ ဒီတပည့်လေးကိုတော့ ရှင့်ရဲ့ထျန်းကျန့်တောင်ကို မပေးနိုင်ဘူး”


"ချန်ယီရေ... ဒီတပည့်လေးက မင်းရဲ့မင်ယောင်တောင်ထိပ်ကိုသွားဖို့ တကယ် သင့်တော်မယ်လို့ ထင်လို့လား? သူ ဆေးပညာဘက် ကိုစိတ်ဝင်စားပါ့မလား?" ဟု အကြီးအကဲပိုင် မကျေမနပ်ပြောလိုက်သည်။


"ဘယ်သူကများ သေချာတပ်အပ်ပြောနိုင်မှာလဲ?" အကြီးအကဲချန်ယီက မျက်ခုံးပင့်လိုက်သည်။



"တကယ်လို့ သူ စိတ်ဝင်စားနေရင်ရော?"


"မင်း ဆိုလိုတာက သူက ဆေးခန်းမှာပြဿနာရှာတဲ့ ကျင့်ကြံသူအားလုံးကို အရင်ဆုံးပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ပြီးမှ ဆေးကုပေးမယ်လို့ ပြောချင်တာလား?"  အကြီးအကဲပိုင်က ပြန်ပက်လိုက်သည်။


"ဒီလိုဆိုရင်တော့၊ တကယ်လို့ သူက အဆောင်လက်ဖွဲ့ရေးတဲ့နေရာမှာ ကျွမ်းကျင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အဆောင် လက်ဖွဲ့တောင်ထိပ်ကတော့ သူ့ကို သေချာပေါက်အရယူရမှာပဲ” ဟု အဆောင်လက်ဖွဲ့တောင်ထိပ်သခင်က အားရပါးရ ရယ်မော လိုက်သည်။


ကျန်းယန်တောင်ထိပ်မှ အကြီးအကဲကျန်းကမူ အေးအေးဆေးဆေး လက်ဖက်ရည်သောက်နေသည်။ ကျန်းယန်တောင်ထိပ်မှာ အခြားတောင်ထိပ်များနှင့်မတူပေ။ သူတို့သည် လင်းယွင်ဂိုဏ်း၏အထွေထွေကိစ္စများကိုသာ အဓိကစီမံခန့်ခွဲကြသည်။ ထို့ကြောင့် အကြီးအကဲကျန်းသည် ပျယ်ယွီကိုအရယူရန် မကြိုးစားပါပေ။ တကယ်လို့ သူက ပျယ်ယွီအား ကျန်းယန်တောင်ထိပ်မှာ ထားလိုက် လျှင် သူမ၏အနာဂတ်ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားမည်မဟုတ်ပါလား ?


ထို့ကြောင့် အကြီးအကဲကျန်းသည် ပြုံးလိုက်ပြီး နောက်ဆုံးတွင် ဓားကိုပိုက်ကာငိုက်နေသော အမျိုးသားကို လှမ်းကြည့်လိုက်သည်။


"သူက ပျယ်မိသားစုရဲ့ဆွေမျိုးဖြစ်နေတော့၊ ဓားအသိအမှတ်ပြုတောင်ထိပ်ကတော့ အသင့်တော်ဆုံးပဲလို့ ထင်ပါတယ်၊ အခုအချိန်မှာ ဓားအသိအမှတ်ပြုတောင်ထိပ်က လူအင်အားလိုအပ်နေသလို သွေးသစ်လောင်းရမယ့် အချိန်လည်းရောက်နေပြီ၊ ဓားအင်မော်တယ်ကျီယွမ်... မင်း ဘယ်လိုထင်လဲ?"


ကျီယွမ် မျက်တောင်ကိုမှေးလိုက်ပြီး အလိုမကျစွာဖြင့် ပြောလိုက်သည်။ 


"ကြိုက်သလိုသာ လုပ်ကြပါ”


ထိုအချိန်မှာပင် အဖြူရောင်ဝတ်စုံနှင့် တပည့်တစ်ဦးဝင်လာပြီး ကျန်းယန်ဂိုဏ်းချုပ်ကို ရိုသေစွာ ဦးညွှတ်လိုက်သည်။


"ဂိုဏ်းချုပ်ကြီး၊ ညီမလေးပျယ် ရောက်လာပါပြီ”


ကျန်းယန်ဂိုဏ်းချုပ် ခပ်ဖွဖွ ချောင်းဟန့်လိုက်ရာ အောက်ရှိအကြီးအကဲများသည် ဈေးဗန်းခင်းနေသကဲ့သို့ဆူညံနေသော လေထုကို ငြိမ်သက်သွားစေလိုက်သည်။


"သူ့ကို ဝင်လာခိုင်းလိုက်ပါ” ဟု ကျန်းယန် ပြောလိုက်သည်။


ပျယ်ယွီသည် နတ်ဘုရားအငွေ့အသက်များလွှမ်းခြုံထားသော ခန်းမဆောင်ကြီးအတွင်းသို့လှမ်းဝင်လာခဲ့သည်။ အပေါ်ထက်မှ ဖြာကျနေသော အဖြူရောင်အလင်းတန်းများသည် ခန်းမဆောင်ကြီးကို ရွှေရောင်အလင်းများဖြင့် ဝန်းရံထားစေသည်။ 


ကောင်းကင်ယံမှ တိမ်တိုက်ပုံစံ ဒီဇိုင်းများပါသော လိုက်ကာများတွဲလောင်းကျနေသည်။ ဂိုဏ်းချုပ်သည် အမြင့်ဆုံးနေရာတွင် နတ်ဘုရားအငွေ့အသက်များ ဝန်းရံထားသော ကျောက်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး၊ ဘေးတစ်ဖက်တစ်ချက်တွင် တောင်ထိပ်သခင်များနှင့် ဂိုဏ်းခေါင်းဆောင်များ ရှိနေကြသည်။


ပျယ်ယွီသည် တည်ငြိမ်သော ခြေလှမ်းများ၊ တည်ကြည်သော အမူအရာတို့ဖြင့် ခန်းမထဲသို့ ဝင်လာခဲ့ရာ၊ ပတ်ဝန်းကျင်ရှိ ပြင်းထန်လှသော ဝိညာဉ်ဖိအားများက သူမအပေါ် သက်ရောက်မှုမရှိသယောင်ထင်ရသည်။ ခန်းမအတွင်းရှိ တောင်ထိပ်သခင် များသည် အလွန်ကျေနပ်သွားကြပြီး ပျယ်ယွီထံ ချီးကျူးသော အကြည့်များဖြင့် ကြည့်နေကြသည်။


ပျယ်မိသားစုဝင်တစ်ယောက်ပီပီ၊ အခြေခံတည်ဆောက်ခြင်းအဆင့်သာရှိသေးသော်လည်း အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် သူမ၏ တည်ငြိမ်မှုမှာ နှိုင်းယှဉ်စရာမရှိပါပေ။


အမှန်စင်စစ်မှာတော့ ပျယ်ယွီသည် စိတ်ထဲအံ့ဩမှင်သက်နေခြင်း ဖြစ်သည်။


"ဒါက 4090ti နဲ့ AAA ဂိမ်းတစ်ခုကို အမြင့်ဆုံး Setting မှာ ကစားနေရသလိုပဲ”


"အကယ်၍ ဇာတ်လမ်းက သူ့ဘာသာ သူ အလိုအလျောက်သွားမယ်ဆိုရင် ပိုကောင်းမှာပဲ၊ လမ်းလျှောက်နေစရာ မလိုတော့ဘူးပေါ့”


"ဒါနဲ့... ငါ ဘာလို့ အသက်ရှူရတာ နည်းနည်းခက်နေတာလဲ? ဒီတောင်ထိပ်ပေါ်က လေထုက သိပ်ပြီးတော့မကောင်းဘူးထင် တယ်”


စနစ်သည် တောင်ထိပ်သခင်များက သူမအပေါ် ဝိညာဉ်ဖိအားများပေးနေသည်ဆိုသော အတွေးကိုတိတ်တဆိတ် မျိုသိပ်ထားလိုက် ရသည်။


ဒါကတော့ အမြင့်ကြောင့်ဖြစ်တဲ့ရောဂါပဲ ဖြစ်ရမယ်၊ ဒါသူမအတွက် ဘာမှမဟုတ်ပါဘူး!


"ထိုင်အန်းတပည့်၊ ပျယ်ကျီယွဲ့?"  ဂိုဏ်းချုပ်ကျန်းယန်က ရုတ်တရက် မေးလိုက်သည်။


ပျယ်ယွီသည် ခဏမျှ တုံ့ပြန်မှုနောက်ကျသွားသည်၊ ကျီယွဲ့ဆိုသည်မှာ သူမ၏ဂုဏ်ထူးဆောင်အမည်ဖြစ်သည်။


"တပည့်ရှိပါတယ်”


ဤကဲ့သို့ နှေးကွေးသော်လည်း တည်ငြိမ်လှသော တုံ့ပြန်မှုက ဂိုဏ်းချုပ်ကျန်းယန်ကို ပိုကျေနပ်သွားစေသည်။ ထိုင်အန်း တောင်ပေါ်ရှိ နှစ်ပေါင်းများစွာ လေ့ကျင့်မှုများက ပျယ်ယွီမာနကို လျော့ပါးမသွားစေဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် သူမကို ပိုလို့ပင် တောက်ပလာစေခဲ့သည်။


"အခုတော့ မင်း ကိုယ်ပိုင်ဝိညာဉ်လက်နက်ကို သွန်းလုပ်နိုင်ခဲ့ပြီဆိုတော့၊ ထိုင်အန်းတောင်ကနေထွက်ခွာပြီး တောင်ထိပ် (၁၆) ခုထဲကတစ်ခုမှာ အတွင်းစည်းတပည့်အဖြစ် နေထိုင်နိုင်ပြီ၊ မင်း ဘယ်လိုထင်လဲ?" 


 ဂိုဏ်းချုပ်ကျန်းယန် အလွန်နူးညံ့သော လေသံဖြင့် မေးလိုက်သည်။


သူသည် ပါရမီရှိသောတပည့်များကိုပင် ဤမျှအထိ နူးညံ့စွာမဆက်ဆံပါပေ။ သို့သော် ဤတပည့်မှာပါရမီရှိရုံသာမက ပျယ်မျိုးရိုး ဖြစ်နေသည့်အခါတွင်မူ အခြေအနေကကွဲပြားသွားပါပြီ။


ဂိုဏ်းချုပ်ကျန်းယန်သည် ပျယ်မိသားစုသို့သွားရောက်ခဲ့စဉ်က "ဓားအရိုး" ဆက်ခံသူဖြစ်သော ဒုတိယသခင်လေးပျယ်ကို လင်းယွင်ဂိုဏ်းသို့ ခေါ်ဆောင်ရန်ကြိုးစားခဲ့ပုံကို မှတ်မိနေသေးသည်။ ထိုစဉ်က ပျယ်မိသားစုခေါင်းဆောင်က ပျယ်မိသားစုဝင် မည်သည့်တပည့်မျှ မည်သည့်ဂိုဏ်းသို့မျှထပ်မံဝင်ရောက်တော့မည် မဟုတ်ကြောင်း အေးစက်စွာပြောဆိုခဲ့ခြင်းဖြစ်သည်။


ကျန်းယန်သည် စိတ်ထဲမှာတော့ တိတ်တဆိတ်ကျေနပ်နေမိသည်။ အခုတော့ ထိုမိသားစုက ကောင်မလေးတစ်ယောက်က သူတို့ရဲ့ လင်းယွင်ဂိုဏ်းကိုဝင်လာခဲ့ပြီ မဟုတ်ပါလား?


ပျယ်ယွီသည် လင်းယွင်ဂိုဏ်း၏တောင်ထိပ် (၁၆) ခုအကြောင်းမသိပါပေ။ မူရင်းဝတ္ထုထဲတွင်လည်း ပျယ်ယွီ မည်သည့်တောင်ထိပ်မှ လာသည်ကိုမဖော်ပြထားပါပေ။ သူမ ခန့်မှန်းရသလောက်တော့ ကိုယ်ပိုင်ဝိညာဉ်လက်နက်ကို မသွန်းလုပ်နိုင်ခဲ့သော မူရင်းဇာတ် လိုက်မမှာ ထိုင်အန်းတောင်ပေါ်မှာတင် အသတ်ခံလိုက်ရပုံရသည်။


စနစ်သည် တောင်ထိပ် (၁၆) ခုအကြောင်းကို ပျယ်ယွီအား သေသေချာချာမိတ်ဆက်ပေးနေသည်။


"...ဒါ့အပြင် နှင်းဘုရင်တောင်ထိပ်နဲ့ ကျန်းယန်တောင်ထိပ်တွေလည်း ရှိသေးတယ်”


"နှင်းဘုရင်တောင်ထိပ်ဆိုတာကတော့ နားထောင်လို့ကောင်းသားပဲ” ဟု ပျယ်ယွီ ပြောလိုက်သည်။


စနစ်၏ရင်ခုန်သံမှာ တစ်ချက်မျှ ရပ်သွားသည်၊ ပျယ်ယွီဆီကနေ သူ လုံးဝမကြားချင်တဲ့ စကားတစ်ခွန်းကို ကြားရတော့မည်ဟု ခံစားလိုက်ရသည်။


"နှင်းဘုရင်ရေခဲမုန့် ဝယ်လို့ရမယ့် နေရာမျိုးနဲ့တူလိုက်တာ”


စနစ် : "..."


အပြင်ပန်းမှာတော့ ပျယ်ယွီသည် တည်ငြိမ်သောမျက်နှာဖြင့်ပင်။


"တပည့်မှာတော့ ထူးထူးခြားခြား စိတ်ကူးမရှိပါဘူး”


ဒါကတော့ ပျယ်ယွီ လိမ်ပြောနေခြင်း မဟုတ်ပါပေ။ သူ့အတွက်တော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အေးအေးဆေးဆေးနေရရင် ပြီးတာပါပဲ။ တကယ်လို့ ကိုယ့်ကိုယ် ကိုယ် သတ်သေလိုက်တာက သူ အသည်းအသန်သွန်းလုပ်ခဲ့ရတဲ့ ကီးဘုတ်အတွက် စော်ကားရာမရောက်ဘူးဆိုရင်တော့ သူ အခုလောက်ဆိုရင် ကြမ်းပြင်ပေါ်မှာလဲလျောင်းနေလောက်ပြီ။


ပျယ်ယွီတွင် စိတ်ကူးမရှိသည်ကိုမြင်ရသောအခါ တောင်ထိပ်သခင်များမှာ မနေနိုင်ကြတော့ပေ။


"ပျယ်မိသားစုက သမီးလေး၊ နင့်မှာထူးခြားတဲ့ ပါရမီတွေရှိပြီး ကြီးကျယ်တဲ့အရာတွေကို လုပ်ဆောင်မယ့်သူဆိုတာ ငါ မြင်နေရ တယ်၊ ငါတို့ရဲ့ ထျန်းကျန့်တောင်ကို ဘာလို့ မလာတာလဲ?" ဟု အကြီးအကဲပိုင် ပထမဆုံး စကားစလိုက်သည်။


ချန်ယီအကြီးအကဲကမူ အကြီးအကဲပိုင်အား မျက်စောင်းထိုးလိုက်ပြီး "သူ့စကားကို နားမယောင်နဲ့ ငါတို့ရဲ့ မင်ယောင်တောင် ထိပ်က ပါရမီကိုတန်ဖိုးထားတာ ငါတို့ဆီကိုပဲ လာခဲ့ပါ”


"ငါတို့ရဲ့ အဆောင်လက်ဖွဲ့တောင်ထိပ်က..."


"ချင်တန်းတောင်ထိပ်ကလည်း..."


"...လီယွဲ့တောင်ထိပ်ကို ဘာလို့ မလာတာလဲ?"


အကြီးအကဲကျန်းက သူ့မုတ်ဆိတ်ကို သပ်ရင်း၊ ဓားကိုပိုက်ကာ ငိုက်နေဆဲဖြစ်ပြီး ဖြစ်ပျက်နေသည်များကို လုံးဝဂရုမစိုက်ပုံရသော ကျီယွမ်ကိုလှမ်းကြည့်လိုက်သည်။ ပျယ်ယွီသည် တောင်ထိပ်သခင်များကိုကြည့်ကာ ခေတ္တမျှတွေဝေသွားပြီးမှ ပြောလိုက်သည်။


"တောင်ထိပ်သခင်များရှင့်၊ ကျေးဇူးပြုပြီး ရှင့်တို့ရဲ့ သက်ဆိုင်ရာတောင်ထိပ်တွေရဲ့ မြေမျက်နှာသွင်ပြင်၊ အိမ်ရာဈေးနှုန်း၊ ကုန်ဈေး နှုန်း၊ အလုပ်အကိုင်ရရှိမှုနှုန်း၊ သွားလာရေး အခြေအနေနဲ့ ပျမ်းမျှလူနေမှုစရိတ်တွေကို ဖော်ပြပေးပါဦး၊ ပြီးတော့ ရှင့်တို့ရဲ့ အထူးပြု ဘာသာရပ်တွေရဲ့ အားသာချက်နဲ့အားနည်းချက်တွေကိုလည်း ပြောပြပေးပါဦး”


တောင်ထိပ်သခင်များ : "?"


ပျယ်ယွီပြောတဲ့ စကားလုံးတိုင်းကို သူတို့ သိကြပေမဲ့၊ အဲ့ဒါတွေကို စုပေါင်းလိုက်တဲ့အခါမှာတော့ သူတို့ သေချာနားမလည်ကြချေ။


ကံကောင်းထောက်မစွာဖြင့် တချို့သောတောင်ထိပ်သခင်များသည် ပျယ်ယွီဆိုလိုသည်ကို အနည်းငယ် ခန့်မှန်းနိုင်ကြသည်။


"ငါ့ရဲ့ နှင်းဘုရင်တောင်ထိပ်က မီတာတစ်သောင်းမြင့်တဲ့ တောင်ထိပ်ပေါ်မှာရှိပြီး၊ တစ်နှစ်ပတ်လုံး ရေခဲတွေ ဖုံးလွှမ်းနေတာ၊ ရှေ့ခန်းမဆောင်မှာ ကျင့်ကြံသူတွေရဲ့စိတ်ကို တည်ငြိမ်စေဖို့အတွက် နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ရေခဲတွေလည်း ရှိတယ်”


ပျယ်ယွီ တွေးလိုက်သည်မှာ ‘တစ်နှစ်ပတ်လုံး နှင်းတွေ ဖုံးနေတာက သွားလာရခက်ခဲစေပြီး၊ အချိန်ကြာလာရင် နှင်းကြောင့် မျက်စိကွယ်တဲ့ ရောဂါလည်း ဖြစ်စေနိုင်တယ်၊ ပယ်လိုက်မယ်’


"ငါတို့ရဲ့ ချင်တန်းတောင်ထိပ်က ပါရမီကို တန်ဖိုးထားတာ၊ အကြီးအကဲတွေက တပည့်တွေကို ဆေးလုံးဖော်စပ်နည်းတွေကို ကိုယ်တိုင်သင်ကြားပေးမှာပါ၊ လစဉ် တပည့်တွေက သတ်မှတ်ထားတဲ့ ဆေးလုံးအရေအတွက်ကိုပဲ တင်ပြရမှာဖြစ်ပြီး၊ လိုအပ်တဲ့ ပစ္စည်းတွေကို ဘဏ္ဍာတိုက်ကနေ မှတ်ပုံတင်ပြီးထုတ်ယူနိုင်ပါတယ်”


‘ချင်တန်းတောင်ထိပ်ကတော့ အလုပ်သမားတွေကို စက်တွေသုံးတတ်အောင် သင်ပေးပြီး၊ သင်တန်းပေးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ခေါင်းပုံဖြတ်နေတဲ့ အရင်းရှင်ဝါဒအတိုင်းပဲ၊ လစာအကြောင်းကိုတော့ တစ်ခွန်းမှမဟဘူး၊ ပယ်လိုက်မယ်’



"ပျယ်ယွီ၊ ငါတို့ရဲ့ မင်ယောင်တောင်ထိပ်ကတော့ ဆေးပညာကျင့်ကြံသူတွေ အတွက်ပဲ၊ တခြားသူတွေရဲ့ အသက်ကို ကယ်တင် ပေးတာက တခြားကျင့်ကြံသူတွေရဲ့လေးစားမှုကို ရရှိစေတယ်၊ ငါတို့ အပြင်သွားရင်တော့ အထူးစီစဉ်ထားတဲ့ယာဉ်တွေနဲ့ သွားရပြီး၊ တခြားတောင်ထိပ်တွေကလည်း လစဉ် ငါတို့အတွက် ဆေးဖက်ဝင်အပင်တွေနဲ့ဆေးလုံးတွေ ပေးကြတယ်”


စကားပုံတစ်ခု ရှိတယ် ‘တစ်ယောက်ယောက်ကို ဆေးပညာသင်ဖို့အကြံပေးတာက မိုးကြိုးပစ်ခံရသလိုပဲတဲ့၊ ဆေးပညာ ကျင့်ကြံသူတစ်ဦးအနေနဲ့ အေးအေးဆေးဆေး နေလို့မရသလို၊ အကြီးအကဲတွေကလည်း လွှတ်ထားမှာမဟုတ်ဘူး၊ ပယ်လိုက်မယ်’


ဂိုဏ်းချုပ်ကျန်းယန် ပြုံးလိုက်ပြီး သူ့မုတ်ဆိတ်ကို ပွတ်လိုက်သည်။


"ကျီယွဲ့၊ မင်းရဲ့ ကိုယ်ပိုင်ဝိညာဉ်လက်နက်က ဘာလဲ?"


ပျယ်ယွီ တွေဝေသွားပြီး "အင်း... ဒါက... ကီးတစ်ခုလား ? ကီးဘုတ်လား?"


တောင်ထိပ်သခင်များသည် ပျယ်ယွီကို နှမြောတသသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး ဆက်လက်၍ ငြင်းခုံခြင်း မပြုကြတော့ပေ။ ပျယ်ယွီသည် မည်သူနှင့် ထိုက်တန်သည်ဆိုသည်ကို သူတို့ သိလိုက်ကြပြီဖြစ်သည်။ တကယ်လို့ သူမသာ ဓားကို ဝိညာဉ်လက်နက်အဖြစ်သွန်းလုပ်နိုင်ခဲ့လျှင် ထျန်းကျန့်တောင်ထိပ်သို့ သွားနိုင်သော်လည်း၊ သူမ၏မျိုးရိုးက ပျယ်မျိုးရိုး ဖြစ်နေသည်။


လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်က ပျယ်မိသားစုမှတပည့်တစ်ဦးသည် သူ့ကိုယ်ပိုင်ဓားနှင့်အတူ ရန်ကျန်းတောင်ထိပ်သို့ ဝင်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် "လင်းယွင်ဓားသခင်" ဟူသောအမည်ဖြင့် နတ်ဘုရားနှင့် မိစ္ဆာစစ်ပွဲအတွင်း မိစ္ဆာပေါင်းများစွာကို နှိမ်နင်းခဲ့သည်။ သူ့ထက်မြက်လှသော ဓားအသိမှာ မိစ္ဆာတိုင်းကိုကြောက်လန့်တုန်လှုပ်စေခဲ့သည်။ သူ ကွယ်လွန်ပြီး နှစ်ပေါင်းတစ် ထောင်အကြာမှာပင် ဓားသခင်၏အမည်ကို လက်ဖက်ရည်ဆိုင်များတွင် ကြားနေရဆဲဖြစ်သည်။


လင်းယွင်ဓားသခင် ကွယ်လွန်ပြီးနောက် ရန်ကျန်းတောင်ထိပ်သည်လည်း မှေးမှိန်သွားခဲ့သည်။ အခုဆိုလျှင် တောင်ထိပ် (၁၆) ခုထဲတွင် အဆင့်မကောင်းပါပေ။ အောက်ဆုံးမှာအမြဲရှိနေသည့် သိုက်လီတောင်ထိပ်ကို ဖယ်လိုက်လျှင် ရန်ကျန်းတောင်ထိပ်မှာ နောက်ဆုံးကနေရေတွက်လျှင် ဒုတိယမြောက်ဖြစ်နေသည်။ 


ဓားသခင်မရှိတော့သဖြင့် လင်းယွင်ဂိုဏ်း၏ဂုဏ်သတင်းမှာလည်း အရင်ကလောက် မရှိတော့ချေ။ တကယ်လို့ နက္ခတ်တာရာအရှင်သခင်သာမရှိလျှင် လင်းယွင်ဂိုဏ်းသည် ထိပ်တန်းဂိုဏ်း (၅) ခုထဲမှာပင် ပါဝင်နိုင်တော့မည်မဟုတ်ပေ။


တကယ်လို့ ပျယ်ယွီကိုသာ သေသေချာချာလေ့ကျင့်ပေးမည်ဆိုလျှင် လင်းယွင်ဂိုဏ်းသည် ကျင့်ကြံခြင်းလောကကို ပြန်လည် ထိန်းချုပ်နိုင်လိမ့်မည် ဖြစ်သည်။ ကျန်းယန်သည် ပျယ်မိသားစု၏ပါရမီကို ဘယ်တော့မှ သံသယမရှိခဲ့ပါပေ။ ဓားအသိအမှတ်ပြု တောင်ထိပ်တွင်လည်း လူအင်အားနည်းပါးနေသဖြင့် ကျီယွမ်အနေဖြင့် ပျယ်ယွီကို အာရုံစိုက်သင်ကြားပေးနိုင်လိမ့်မည်ဖြစ်သည်။


ဤသို့ တွေးလိုက်မိသည့်အခါ ကျန်းယန်အမူအရာမှာ ပိုနူးညံ့သွားသည်။


"ဒါဆိုရင် ဓားအသိအမှတ်ပြုတောင်ထိပ်ကို သွားတာကော ဘယ်လိုလဲ?"


ပျယ်ယွီ ဦးညွှတ်လိုက်သည်။


 "တပည့် နာခံပါ့မယ်”


ကျန်းယန်အကြည့်မှာ ကျီယွမ်ထံသို့ ရောက်သွားသည်။ ပျယ်ယွီက သူမ ဝိညာဉ်လက်နက်မှာဓားဖြစ်သည်ဟု ပြောလိုက်သည်ကို ကြားလိုက်ရကတည်းက ကျီယွမ်သည် မျက်လုံးဖွင့်လိုက်ပြီး၊ အိပ်ရေးမဝသလိုဖြစ်နေသော ပုံစံမျိုးမရှိတော့ချေ။ သူသည် သေချင် ယောင်ဆောင်နေရုံဖြင့် သူ့ကံကြမ္မာကိုမပြောင်းလဲနိုင်မှန်း သိလိုက်သဖြင့် သူ့မျက်ဝန်းများမှာ အေးစက်ပြီး ခံစားချက်မရှိသလို ဖြစ်နေသည်။


"ကျီယွမ်၊ ဒီကောင်မလေးကို မင်းရဲ့ ဂိုဏ်းသားအဖြစ် လက်ခံဖို့ ကန့်ကွက်စရာ ရှိသေးလား?"


ကျီယွမ် အမူအရာမပျက် မေးလိုက်သည်။


 "ကျွန်တော် ကန့်ကွက်တယ်ဆိုရင် သူ့ကို လက်မခံဘဲနေလို့ရလား?"


ကျန်းယန် ပြန်ပြောလိုက်သည်။


 "မင်း ဘယ်လိုထင်လဲ?"


"ဒါဆိုရင် ဘာလို့ ကျွန်တော့်ကို လာမေးနေတာလဲ?" ဟု ကျီယွမ် ပြောရင်း ထရပ်လိုက်ပြီး ပျယ်ယွီ ဘေးသို့လျှောက်လာခဲ့သည်။


ကျန်းယန်မှာ ပျယ်ယွီအား လူကြီးပိုင်းတွေ ပြောလေ့ရှိတဲ့ အားပေးစကားတွေ ပြောရန် ပြင်လိုက်သော်လည်း၊ ကျီယွမ်ကတော့ ထိုအပိုစကားများကို နားမထောင်ချင်ပါပေ။ သူသည် ဂိုဏ်းချုပ်ကျန်းယန်ကို လုံးဝဂရုမစိုက်ဘဲ စကားဖြတ်လိုက်သည်။


"နေ့လယ်စာ စားရမယ့် အချိန်ရောက်ပြီ၊ ကျွန်တော့်တပည့်ကို ရန်ကျန်းတောင်ထိပ်ကိုခေါ်သွားပြီး ထမင်းကျွေးလိုက်ဦးမယ်”


ဤသို့ ပြောပြီးနောက် ကျီယွမ်သည် ကျန်းယန်ကိုဦးညွှတ်နှုတ်ဆက်လိုက်သည်။ ထို့နောက် တခြားသူများ၏တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ပျယ်ယွီပခုံးကို ဆွဲကိုင်ကာ သူမကို သူ့ဓားပေါ်သို့ တင်လိုက်ပြီး နောက်လှည့်မကြည့်ဘဲ မောင်းနှင်ထွက်ခွာသွား တော့သည်။


ပျယ်ယွီသည် ဓားပေါ်တွင်ရပ်နေရင်း ကျီယွမ် ကျောပြင်ကို စိုက်ကြည့်နေမိသည်။


သူက ငါ့ကို သိပ်ပြီးသဘောကျပုံမရပေမဲ့၊ အဓိပ္ပာယ်မရှိတဲ့ လူမှုဆက်ဆံရေးတွေကိုငြင်းပယ်လိုက်တဲ့ သူ့ပုံစံကတော့ တကယ့်ကို အလန်းစားပဲ။


ကျီယွမ် ပျယ်ယွီကို လှမ်းကြည့်လိုက်သည်။ ပျယ်ယွီသည် သူမ စိတ်ထဲက စကားများကို မသိစိတ်ကနေထုတ်ပြောမိသွားကြောင်း သိလိုက်ရသည်။ သူမ ဘာမှမဖြစ်သလိုဟန်ဆောင်ကာ အမူအရာမပျက်ဘဲ ကျီယွမ့် အကြည့်ကို တုံ့ပြန်လိုက်သည်။


သူသာ အရှက်မရှိရင်၊ အရှက်ရမှာက တခြားသူတွေပဲဖြစ်လိမ့်မယ်။