Ch 6
Viewers 868

⌨️ Chapter 6




ဓားအင်မော်တယ်သခင်ကျီယွမ်  ပျယ်ယွီကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။


သူ့အကြည့်များမှာ အနည်းငယ်ရှုပ်ထွေးနေသော်လည်း ဘာမှတော့မပြောလာချေ။


ပျယ်ယွီသည် သူ့ဘာသာ တွေးလိုက်မိသည်။


"သူ့ပုံစံက လျှို့ဝှက် Quest တစ်ခုခု ပေးတော့မယ့်ပုံပဲ၊ ဒါပေမဲ့ ငါက ကြိုတင်လုပ်ဆောင်ရမယ့်အပိုင်းတွေကို မပြီးသေးတော့ အဲ့ဒါကို Trigger လုပ်လို့မရသေးဘူး ထင်တယ်"


"Host... တကယ်ပဲ Host ရဲ့ကျင့်ကြံခြင်းဘဝကို ဒီလိုစကားလုံးမျိုးနဲ့ပဲ ဖော်ပြနေတော့မှာလား?"


သူ့ Host သည် ဆယ်နှစ်ကြာလျှင်သေဆုံးရမည့် ဇာတ်လမ်း Quest ကိုလက်ခံထားသော်လည်း၊ သူ့ကိုယ် သူ ကစားသမား တစ်ယောက်လိုသဘောထားကာ ကျင့်ကြံခြင်းလောကအား (၂၁) ရာစု အဆင့်မြင့်စကားလုံးများဖြင့် ဝေဖန်နေခြင်းဖြစ်သည်။ အကယ်၍ ပျယ်ယွီတွင် ဇာတ်ကောင်စရိုက်ထဲ စီးဝင်နိုင်စွမ်း အနည်းငယ်မျှသာမရှိခဲ့လျှင်၊ သူမသည် စနစ်လမ်းညွှန်ခဲ့သမျှထဲတွင် အဆိုးဆုံးသော တပည့်ဖြစ်နေပေလိမ့်မည်။


"ငါ ရုတ်တရက် သေဆုံးသွားပြီးတော့ တခြားသူတွေထက်တစ်လှမ်းစောပြီး ဘဝကူးလာတာလေ၊ ငါ့ရဲ့ နောက်ဘဝအတွက် ပထမဆုံးရွေးချယ်မှုက ဆရာသခင်ကျီယွမ်ပဲ"


"ပြီးတော့ နင်ပဲ ငါ့ကို ကျင့်ကြံခြင်းလောကထဲ ခေါ်လာတာလေ၊ ငါအခုထိတောင် ဘာမှ မညည်းရသေးဘူး၊ နင်က ဘာလို့ ငါ့ကို လာအပြစ်တင်နေတာလဲ? Host အတွက် အသုံးဝင်တဲ့စနစ်တစ်ခုဖြစ်အောင် သေချာလေ့လာမယ့်အစား ငါ့ရဲ့ မှတ်ဉာဏ်တွေကို နေရာယူပြီး နေ့တိုင်း ငါ့ကိုပဲ ဝေဖန်နေတော့မှာလား?"


စနစ် : "ကျွန်တော် Host ကို တကယ်အထင်ကြီးသွားပါပြီ”


ဓားအင်မော်တယ်သခင်ကျီယွမ်သည် ပျယ်ယွီအားခေါ်ဆောင်ကာ ရန်ကျန်းတောင်ထိပ်သို့ ရောက်ရှိလာခဲ့သည်။


အမှန်စင်စစ် ဤအချိန်မှာ ရန်ကျန်းတောင်ထိပ်၏ထမင်းစားချိန် မဟုတ်ချေ။ ၎င်းမှာ ဂိုဏ်းချုပ်ကျန်းယန်၏ဖိတ်ကြားချက်ကို ငြင်းပယ်ရန်အတွက် ကျီယွမ်ပေးခဲ့သော ဆင်ခြေတစ်ခုမျှသာ။


လင်ယွင်ခန်းမရှေ့တွင် တပည့်များသည် ရန်ကျန်းတောင်ထိပ်ရှိအကြီးဆုံးတပည့်၏ လမ်းညွှန်မှုအောက်တွင် ညနေခင်းကျင့် စဉ်များကို စုပေါင်းလေ့ကျင့်နေကြသည်။ ရန်ကျန်းတောင်ထိပ်တွင် တပည့်အနည်းငယ်သာရှိသည်။ တိုက်ရိုက်တပည့်နှစ်ဦးအပြင် အတွင်းစည်းတပည့် ဆယ်ဂဏန်းခန့်သာရှိသည်။


ကျီယွမ် ပျယ်ယွီအား ခန်းမဆောင်သို့ ခေါ်လာသည့်အခါ၊ တပည့်များသည် ၎င်းတို့၏ဓားလေ့ကျင့်မှုများကို ရပ်တန့်လိုက်ပြီး ကျီယွမ်ကို ရိုသေစွာဦးညွှတ်နှုတ်ဆက်ကြသည်။


"ဆရာသခင်..."


ကျီယွမ် ဓားပေါ်တွင် ရပ်နေဆဲဖြစ်သော ပျယ်ယွီကို အောက်သို့ဆွဲချလိုက်သည်။


"ဒါကတော့ ဂိုဏ်းချုပ် ငါ့ကိုပေးလိုက်တဲ့ တပည့်အသစ်ပဲ" ဟု ကျီယွမ် အလိုမကျသယောင် လေသံဖြင့်အကျဉ်းချုံး မိတ်ဆက်ပေး လိုက်သည်။


"ဒီနေ့ကစပြီး သူက ငါ့ရဲ့တိုက်ရိုက်တပည့်ဖြစ်သလို၊ မင်းတို့အားလုံးရဲ့ စီနီယာအစ်မပဲ”


ပျယ်ယွီ ခေါင်းလေးစောင်းကာ တွေးလိုက်သည်။

‘ဘာကြီးလဲ? ငါ့ကို ချက်ချင်းကြီး ဒီလောက်မြင့်တဲ့ ရာထူးပေးလိုက်တာလား? တခြားတပည့်တွေတော့ ငါ့ကို အသေမုန်းကြ တော့မှာပဲ’


ကျီယွမ် သူ့ကို တကယ်ရန်ငြိုးထားနေတာလား? သူကတော့ တစ်နေရာမှာ အေးအေးဆေးဆေး ဘာမှမလုပ်ဘဲ နားခိုချင်ရုံတင်ပါ၊ ဒါ သူမအတွက် အခြေအနေကိုခက်ခဲစေလိမ့်မည်။


ပျယ်ယွီ မျှော်လင့်ထားသကဲ့သို့ပင်၊ ကျီယွမ် စကားအဆုံးတွင် တပည့်များစွာက သူမအပေါ်မကျေနပ်သော၊ သံသယဖြစ်သော အကြည့်များဖြင့် ကြည့်လာကြသည်။ သူမသည် လာဘ်ထိုးပြီး ဝင်လာခြင်းဖြစ်သည်ဟု ၎င်းတို့ သံသယဝင်နေကြခြင်းဖြစ်သည်။


တပည့်တစ်ဦးက ၎င်းတို့၏စီနီယာအစ်ကိုကြီးအား ပျယ်ယွီကို မေးခွန်းထုတ်ပြီး စိန်ခေါ်ပေးရန်အတွက် မျက်စိမှိတ်ပြကာ အချက်ပေးနေသည်။ သို့သော်လည်း အဖြူရောင်ဝတ်စုံနှင့် ဓားသမားသည် ခေါင်းကို ရိုသေစွာငုံ့လိုက်ပြီး


"တပည့် ဆရာသခင်ရဲ့အမိန့်ကို နာခံပါ့မယ်”


စီနီယာအစ်ကိုပိုင်ချီကပင် လက်ခံလိုက်ပြီဖြစ်ရာ၊ တခြားတပည့်များသည် မကျေနပ်သော်လည်း နာခံရုံမှတစ်ပါး အခြားမရှိတော့ ပေ။ အမှန်တကယ်တော့ပျယ်ယွီသည် စီနီယာအစ်မဖြစ်လာသော်လည်း ပိုင်ချီ၏ဂျူနီယာညီမလေးသာ ဖြစ်သေးသဖြင့် သူ့ရာထူးအတွက် ခြိမ်းခြောက်မှုမရှိပါပေ။


ကံကောင်းသည်မှာ ကျီယွမ်သည် ပျယ်ယွီအားရန်ကျန်းတောင်ထိပ်မှာ တကယ်ကြီး အခက်တွေ့အောင်လုပ်ရန် ရည်ရွယ်ချက် မရှိချေ။


"ကျီယွဲ့က ဒီနေ့မှာပဲ သူ့ကိုယ်ပိုင်ဝိညာဉ်ဓားကို သွန်းလုပ်နိုင်ခဲ့တယ်၊ ဒါကြောင့် သူ့ကို ငါ့ရဲ့ တိုက်ရိုက်တပည့်အဖြစ် လက်ခံလိုက် တာပဲ၊ တိုက်ရိုက်တပည့် ခန့်အပ်ပွဲအခမ်းအနားကိုတော့ မနက်ဖြန်မှာ ကျင်းပမယ်”


ကိုယ်ပိုင်ဝိညာဉ်ဓားအကြောင်း ကြားလိုက်ရသည့်အခါတွင်မူ၊ ပတ်ဝန်းကျင်ရှိတပည့်များသည် နောက်ဆုံး၌ ၎င်းတို့၏ မကျေနပ်မှု များကို မျိုသိပ်လိုက်ကြပြီး ပျယ်ယွီကိုအံ့ဩတကြီး ကြည့်လိုက်ကြသည်။ ဒီနေ့ ကြုံတွေ့ခဲ့ရသော ပြင်းထန်လှသော ဝိညာဉ်ဖိအားမှာ ပျယ်ယွီဆီမှလာခြင်းဖြစ်ကြောင်း ၎င်းတို့ သိသွားကြပြီဖြစ်သည်။


"ကျီလဲ့”


"တပည့်ရှိပါတယ် ဆရာသခင်” ကျီလဲ့က ကျီယွမ်ကို ဦးညွှတ်လိုက်ရင်း ပျယ်ယွီကို တိတ်တဆိတ်မျက်စိမှိတ်ပြလိုက်သည်။


ပျယ်ယွီက သူမ၏နှုတ်ခမ်းကို ပြုံးယောင်သန်းလိုက်မိသည်၊ ရန်ကျန်းတောင်ထိပ်မှာ အသိအကျွမ်းရှိနေခြင်းက တစ်ယောက်တည်း ဖြစ်နေတာထက်စာရင် ပိုကောင်းလိမ့်မည်။


"နင်က ကျီယွဲ့နဲ့ ရင်းနှီးတာဆိုတော့၊ သူ့ရဲ့နေထိုင်ရေးကို စီစဉ်ပေးလိုက်ဦး”


"တပည့် နာခံပါ့မယ်”


အမိန့်ပေးပြီးနောက် ကျီယွမ်သည် ဝတ်စုံစကိုခါလိုက်ကာ ခန်းမဆောင်ထဲမှ ထွက်ခွာသွားတော့သည်။


ပျယ်ယွီ မျက်လုံးများက ဝေဝါးသွားသည်။ ကျီယွမ် သူ့ကို သဘောကျလား၊ မုန်းလားဆိုတာကို သူ ဝေခွဲမရဖြစ်နေသည်။ အကယ်၍ သူ့ကိုမုန်းလျှင် ကျီလဲ့နှင့် ရင်းနှီးမှန်း သိနေစရာမလိုပေ။ သို့သော် သူမကို သဘောကျသည်ဆိုလျှင်လည်း ကျီယွမ် အမူအရာမှာ သိပ်ပြီးတော့ ဖော်ရွေမနေပါချေ။


ကျီယွမ် ထွက်သွားသည်နှင့် တပည့်များသည် ပျယ်ယွီကိုချက်ချင်း ဝိုင်းလိုက်ကြသည်။ ၎င်းတို့မျက်လုံးများမှာ အားကျနှစ်သက်မှု များဖြင့် တောက်ပနေကြပြီး၊ သူမ၏ကိုယ်ပိုင်ဝိညာဉ်ဓားကို ပြသရန် အသည်းအသန်တောင်းဆိုနေကြသည်။ တောင်ထိပ်သခင် မှအပ၊ ရန်ကျန်းတောင်ထိပ်တွင် ကိုယ်ပိုင်ဝိညာဉ်လက်နက် ပိုင်ဆိုင်သူမရချေ! အခုအခါ စီနီယာအစ်မကိုပါ ထည့်သွင်းရေတွက်ရ တော့မည်ဖြစ်သည်။


ပျယ်ယွီသည် သူ့ ဝိညာဉ်စွမ်းအားများကို စုစည်းကာ သူမ၏ကီးဘုတ်ကို ခေါ်ယူလိုက်သည်။


ပျယ်ယွီက ဂုဏ်ယူစွာဖြင့် ကြေညာလိုက်သည်။


"A-O Luo Dan အရောင်၊ ခလုတ် ၁၀၈ ခုပါတဲ့ Blue Switches တွေပေါ့၊ ရိုက်ရတာ တကယ့်ကိုဖီးလ်ရှိပြီးတော့ Feedback ကလည်း အလန်းစားပဲ”


တပည့်များ : "?"


ဒီရှည်ရှည် လေးထောင့်တုံးကြီးက... ဘယ်လိုမှဓားနဲ့ မတူဘူးလေ! တစ်ခုခုတော့ မှားနေပြီ။ တပည့်များသည် ဘာပြောရမှန်းမသိဘဲ ဝေခွဲမရ ဖြစ်နေကြသည်။


ကံကောင်းသည်မှာ ၎င်းတို့၏ထက်မြက်လှသော စီနီယာအစ်ကိုကြီးသည် ဘယ်သူ့ကိုမှ အရှုံးမပေးတတ်ခြင်းပင်။ ဘေးနားတွင် တိတ်ဆိတ်စွာဓားကို ကိုင်ထားသောပိုင်ချီသည် နောက်ဆုံးတွင် အခွင့်အရေးရသွားသည်။


သူက အေးစက်စွာ မှတ်ချက်ပေးလိုက်သည်။


"ညီမလေး၊ ဒီဓားက ပုံစံလည်း ထူးဆန်းတယ်၊ ဓားလက်ကိုင်လည်း မရှိဘူး၊ ဓားသွားလည်း မရှိဘူး၊ ကြည့်ရတာ အားနည်းပြီး ဘာအန္တရာယ်မှ ပေးနိုင်မယ့်ပုံမပေါက်ဘူး”


ပျယ်ယွီ မျက်လုံးများအေးစက်သွားပြီး သူမ ထုတ်လွှတ်လိုက်သော ဝိညာဉ်ဖိအားမှာရုတ်တရက် ပြင်းထန်ပြီး တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာတော့သည်။


ကျီလဲ့ ရင်ခုန်သံမှာ တစ်ချက်မျှရပ်သွားသည်။ ပျယ်ယွီဓားက မည်မျှ အစွမ်းထက်သည်ကို ပိုင်ချီ မမြင်ဖူးသော်လည်း ကျီလဲ့မှာမူ နှစ်ကြိမ်တိုင်တိုင်မြင်တွေ့ခဲ့ပြီးဖြစ်သည်။ အကယ်၍ ထိုရုန့်ရင်းသော စကားလုံးများသာ စီနီယာအစ်ကိုကြီးပေါ်သို့ ကျရောက် သွားလျှင်၊ သူ့ ဂုဏ်သိက္ခာအတွက် တကယ့်ကိုထိုးနှက်ချက် ဖြစ်ပေလိမ့်မည်။


သို့သော်လည်း ပိုင်ချီကမူ ဆက်လက်ဝေဖန်နေဆဲပင်။


"ဒါက ဓားတစ်လက်အနေနဲ့ လက်ထဲမှာပဲ ကိုင်ထားလို့ရမယ့်ပုံပဲ၊ ပြီးတော့ ဒီထူးဆန်းတဲ့ ခလုတ်တွေကလည်း..."


ပျယ်ယွီ နှာခေါင်းရှုံ့လိုက်ပြီး သူ့ မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်လာသည်။ သူမ သည်းမခံနိုင်တော့ပါပေ၊ ပေါက်ကွဲထွက်တော့မည်ဖြစ်သည်။


"ဒါဆိုရင်၊ စီနီယာအစ်ကိုက ကျွန်မနဲ့လက်ရည်စမ်းဖို့ ဆန္ဒရှိမလားလို့ မေးပါရစေ ?" ပျယ်ယွီ အေးစက်စွာ မေးလိုက်သည်။


ပိုင်ချီ မျက်မှောင်ကြုတ်လိုက်သည်။ ပျယ်ယွီ၏ရွေးချယ်မှုကို သူ နားမလည်ပုံရသည်။ သူကား မူလသန္ဓေဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး၊ ပျယ်ယွီမှာမူ အခြေခံတည်ဆောက်ခြင်းအဆင့်သာရှိသေးသည်။ သူမတွင် ဝိညာဉ်လက်နက်ရှိသော်လည်း သူ့ကို အနိုင်ယူရန် မဖြစ်နိုင်ချေ။


တပည့်များ၏မျက်လုံးထဲတွင်တော့ ပျယ်ယွီအပေါ် အားကျမှုများပိုတိုးလာသည်။ အဆင့်ကျော်ပြီး စိန်ခေါ်တာလား? စီနီယာအစ်မ ကတော့ တကယ်မာနကြီးတာပဲ။


အခြေခံအဆင့်ကျင့်ကြံသူက ဘယ်လိုလုပ်ပြီး နတ်သားသန္ဓေဝိညာဉ်အဆင့်ကို အနိုင်ယူနိုင်မှာလဲ? ပိုင်ချီတွင် ကိုယ်ပိုင်ဝိညာဉ် လက်နက် မရှိသော်လည်း၊ သူသည် ထူးခြားသောရေခဲဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားပြီး သူကိုင်ဆောင်သော ဝိညာဉ်ဓားမှာလည်း သူနှင့် အလွန်လိုက်ဖက်လှသည်။


"ညီမလေး၊ နင် သေသေချာချာ စဉ်းစားပြီးပြီလား?" ဟု ပိုင်ချီက မေးလိုက်သည်။


"သေချာတာပေါ့” ပျယ်ယွီ ခေါင်းညိတ်ပြလိုက်သည်။


ကျီလဲ့ကမူ အသက်ကို ခက်ခဲစွာ ရှူလိုက်ရင်း  "စီနီယာအစ်ကို...”


"ညီမလေးကျီ၊ ငါ ဘာလုပ်နေလဲဆိုတာ ငါသိပါတယ်၊ ငါ သူ့ကို ထိခိုက်အောင်လုပ်မှာ မဟုတ်ပါဘူး” ဟု ပိုင်ချီက ခေါင်းခါပြလိုက်သည်။


ပိုင်ချီအတွက်မူ ၎င်းမှာ ဂိုဏ်းသားအချင်းချင်းချစ်ကြည်ရေး လက်ရည်စမ်းပွဲမျှသာဖြစ်သည်။ သူသည် ဆရာသခင်၏စီစဉ်မှုများကို ဘယ်တော့မှ ကန့်ကွက်လေ့မရှိသလို၊ ပျယ်ယွီကို ရည်ရွယ်ပြီးလုပ်ခြင်းလည်း မဟုတ်ပါပေ။ သူသည် သူ့ ဇဝေဇဝါဖြစ်မှုများကို သဘာဝအတိုင်းထုတ်ဖော်ပြောဆိုခြင်းသာဖြစ်သည်။ သို့သော် သူ့ ညီမလေးမှာမူ ဓားကျင့်ကြံသူအားလုံး၏ အကျင့်ကောင်းတစ်ခု ဖြစ်သော တိုက်ခိုက်လိုစိတ်ရှိနေသည်မှာ ရှင်းနေသည်။ ၎င်းမှာ ကောင်းမွန်သောအချက်ဖြစ်သည်။


ကျီလဲ့မှာမူ တွေဝေနေသည်။ သူမ စိုးရိမ်သည်မှာ ပိုင်ချီက ပျယ်ယွီကို ထိခိုက်အောင်လုပ်မည်ကို မဟုတ်ဘဲ၊ ပိုင်ချီတစ်ယောက် ပျယ်ယွီဆီက အရိုက်ခံရပြီး ရန်ကျန်းတောင်ထိပ်ရဲ့ထိပ်တန်းတပည့်ကြီးအနေနဲ့ အရှက်ရသွားမှာကိုစိုးရိမ်နေခြင်းဖြစ်သည်။ အမှန်တရားကို ပိုင်ချီအားကြိုပြောပြလိုက်လျှင် ပိုအရှက်ရမလား သို့မဟုတ် အရိုက်ခံရပြီးမှ သိသွားတာက ပိုအရှက်ရမလား ဆိုသညကို ကျီလဲ့ မသေချာချေ။


သူ တွေဝေနေစဉ်မှာပင် ပိုင်ချီနှင့် ပျယ်ယွီတို့သည် လေ့ကျင့်ရေးစင်မြင့်ပေါ်သို့ တက်သွားကြပြီဖြစ်သည်။ ၎င်းမှာ ရန်ကျန်းတောင် ထိပ်တွင် တပည့်များလက်ရည်စမ်းရန် သတ်မှတ်ထားသောနေရာဖြစ်ပြီး၊ သင့်တော်သောလက်ရည်စမ်းမှုသည် အရည်အချင်းကို တိုးတက်စေသည်ဟု ဓားကျင့်ကြံသူများက ယုံကြည်ကြသည်။


ကျင့်ကြံမှုအဆင့် အလွန်ကွာခြားလွန်းသဖြင့် ပိုင်ချီသည် သူ့ ဝိညာဉ်ဓားကို ဆွဲထုတ်မည် မဟုတ်ပေ။ ၎င်းမှာ ချစ်ကြည်ရေး လက်ရည်စမ်းပွဲမျှသာဖြစ်ကြောင်း သူ မမေ့ပါချေ။ ထို့ကြောင့် ပိုင်ချီသည် စင်ပေါ်ရှိသာမန်သံဓားတစ်လက်ကိုသာ ယူလိုက်သည်။


"ညီမလေး၊ အားမနာပါနဲ့” ပိုင်ချီက မော့ကြည့်လိုက်သည်။


တည်ငြိမ်နေသော သူ့မျက်ဝန်းများထဲတွင် ထက်မြက်သော အလင်းတန်းတစ်ခု ပေါ်လာသည်။ နတ်သားသန္ဓေဝိညာဉ်အဆင့်၏ ပြင်းထန်လှသော ဝိညာဉ်ဖိအားများက စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး၊ သာမန်သံဓားပင်လျှင် အေးစက်သော အဖြူရောင် အလင်းများဖြင့် ထက်မြက်နေပုံရသည်။


သို့သော်လည်း ပျယ်ယွီမှာမူ ထိုဝိညာဉ်ဖိအားဒဏ်ကို မခံရသလိုမျိုး တည်ငြိမ်နေဆဲပင်ဖြစ်သည်။ ပိုင်ချီသည် ချန်ဖု သို့မဟုတ် ရှောက်ကျီရှီးတို့နှင့် မတူပါပေ၊ သူ၏အစွမ်းက သူမထက် များစွာသာလွန်နေသည်မှာ အဆင့်အလိုက် ဖိနှိပ်မှုပင်ဖြစ်သည်။ သူ၏ တုံ့ပြန်မှု၊ အရှိန်နှင့် အင်အားတို့မှာ သူမနှင့် လုံးဝကိုကွာခြားလှသည်။


ပိုင်ချီ ဓားကို လက်တစ်ဖက်ဖြင့် မြှောက်ထားကာ ပျယ်ယွီကို အရင်မတိုက်ပါပေ။ သူမ အဆင်သင့်ဖြစ်သည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။


ပျယ်ယွီသည် သူမလက်ထဲရှိ ကီးဘုတ်ပေါ်တွင် အေးအေးဆေးဆေးပင် လက်ကစားနေသည်။ သူမက ပိုင်ချီထက်ပင် ပိုတည်ငြိမ် နေသယောင်ရှိပြီး ပိုင်ချီကမူ သူမအတွက် ခြိမ်းခြောက်မှုမဟုတ်သလိုပင်။


ညီမလေးမှာ မူလသန္ဓေဝိညာဉ်အဆင့်ကိုရင်ဆိုင်ဖို့ နည်းလမ်းရှိနေတာလား? ဤကဲ့သို့ တည်ငြိမ်မှုကြောင့် ပိုင်ချီက တွေဝေသွားပြီး ပျယ်ယွီ တူးထားသော ကျင်းထဲသို့ဝင်သွားတော့သည်။


နောက်တစ်စက္ကန့်မှာတင် ပိုင်ချီသည် ပျယ်ယွီအမူအရာမှာ အံ့ဩသွားသည့်ပုံစံပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။


"ဆရာသခင်?" ဟု ပျယ်ယွီ လှမ်းခေါ်လိုက်သည်။


ပိုင်ချီ မသိစိတ်ကနေ နောက်သို့လှည့်ကြည့်လိုက်သော်လည်း သူ့နောက်တွင် ဆရာသခင် မရှိပါပေ။ ထိုခဏလေးအတွင်းမှာပင် ပိုင်ချီသည် ပျယ်ယွီ၏လှည့်ကွက်ထဲသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။


"ခိုးတိုက်ခိုက်ခြင်း!"


ပျယ်ယွီ၏မျက်လုံးများက ထက်မြက်သွားပြီး၊ သူမ လက်ချောင်းများက တစ်မိနစ်လျှင် စကားလုံး ၃၀၀ နှုန်းဖြင့် ကီးဘုတ်ပေါ်တွင် ကခုန်နေတော့သည်။ ကီးဘုတ်ဆီမှလည်း ပြတ်သားသောတုံ့ပြန်သံများ ထွက်ပေါ်လာသည်။ ထို့နောက်တွင်တော့ အခြေအနေကို ထိန်းချုပ်၍မရတော့ပါပေ။


【နင်က ဖားရုပ်တက်တူးထိုးထားတဲ့ ဖားလောင်းလေးလား ? ဘာတွေ ဟန်ဆောင်နေတာလဲ?】


【ကိုယ့်ကိစ္စကိုယ်ပဲ ဂရုစိုက်စမ်းပါ၊ ကြည့်ရတာ နင်က လူသားဖြစ်တာ ပထမဆုံးအကြိမ်ဖြစ်ပုံရတယ်။】


【ဒီလို ဒုက္ခပေးတဲ့သူအပေါ်မှာသာ နွေဦးလေညင်းက အမြဲတိုက်ခတ်နေမယ်ဆိုရင်၊ အဲ့ဒီလေညင်းတောင် ဒုက္ခရောက်တယ်လို့ ထင်နေလောက်ပြီ။】


【...】


ပျယ်ယွီသည် သူမအနေဖြင့် ရုန့်ရင်းသော စကားလုံးများကို သိပ်ပြီးမသုံးခဲ့ဟု ထင်နေသည်။ အနည်းဆုံးတော့ ချန်ဖုနှင့် ရှောက်ကျီရှီးတို့လောက်တော့ မဆိုးပါပေ။


ပျယ်ယွီ၏စကားလုံးများဖြင့် 'ရေချိုး' ပေးခြင်း ခံလိုက်ရပြီးနောက်၊ ပိုင်ချီသည် ဓားကိုကိုင်လျက် ကြောင်အမ်းအမ်းဖြင့် ရပ်နေမိ သည်။ ပိုင်ချီတွင် ထူးခြားသောကျင့်ကြံမှုပါရမီရှိပြီး ရက်စက်သော ဓားလမ်းစဉ်ကို နက်နက်ရှိုင်းရှိုင်းနားလည်ထားသူဖြစ်သည်။ ငယ်စဉ်ကတည်းက သူ့ကိုတွေ့သမျှလူတိုင်းက လိမ္မာသောကလေးဟုသာ ခေါ်ခဲ့ကြသည်။ သူသည် ဤကဲ့သို့သော ရက်စက်သည့် ဝေဖန်မှုများကို တစ်ခါမှမခံခဲ့ရဖူးပါပေ။


အခုမှလွဲလို့ပေါ့…


ပျယ်ယွီ၏တိုက်ခိုက်မှုက ပြင်းထန်သော ဒြပ်စင်ဆိုင်ရာ ထိခိုက်မှုများကိုပေးစွမ်းသည်။ ပိုင်ချီ သတိဝင်လာပြီး ဓားဖြင့် အနီးကပ်လာ သမျှအကြိမ်တိုင်းတွင်၊ ပျယ်ယွီက ကီးဘုတ်ပေါ်မှာစာရိုက်လိုက်ပြီး ပိုင်ချီကို ပြန်လည်တုံ့ပြန်ဖို့ အခွင့်အရေးမပေးဘဲ အကွာအဝေး ကိုပြန်ချဲ့လိုက်သည်။


စင်မြင့်အောက်ရှိ တပည့်များသည် ဤ 'လိုက်တမ်းပြေးတမ်း' လက်ရည်စမ်းပွဲကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။ ၎င်းတို့၏စီနီယာအစ်မကြီး နည်းလမ်းများမှာ တကယ့်ကိုယုတ်မာလှသည်ဟု ၎င်းတို့ တွေးနေကြသည်။


ဤလက်ရည်စမ်းပွဲမှာ နာရီဝက်နီးပါးကြာမြင့်ခဲ့သည်။ ပိုင်ချီ အမြင်အာရုံမှာ ပြေးလွှားနေသောစာတန်းများကြောင့် လုံးဝ ဝေဝါးသွား ခဲ့ရပြီး၊ သူ့ နားထဲတွင်လည်း ခံစားချက်မပါသော စက်ရုပ်ဆန်ဆန်ရွတ်ဖတ်သံများက ဆူညံနေတော့သည်။ သူသည် ပျယ်ယွီ၏ အဝတ်စကိုပင် မထိနိုင်ခဲ့ပါပေ။


နောက်ဆုံးတွင် ပိုင်ချီ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး သံဓားကိုချလိုက်သည်။


"ဒီလက်ရည်စမ်းပွဲမှာ ကျွန်တော် ရှုံးပါပြီ၊ ညီမလေး” ဟု ပိုင်ချီက လေးနက်သောအသံဖြင့် ပြောလိုက်သည်။


တော်ရုံတန်ရုံဆိုလျှင် ရပ်တန့်ရမည်ကိုသိသောကြောင့် ပျယ်ယွီ သူ့ ကီးဘုတ်ကို ရပ်တန့်လိုက်သည်။


"အလျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို” ဟု ပျယ်ယွီက ခပ်အေးအေးပင်ပြန်ပြောလိုက်သည်။ သူမ လေသံက သူမသည် ဂုဏ်သိက္ခာရှိရှိအနိုင်ရခဲ့သလိုမျိုးဖြစ်ပြီး၊ ဤကဲ့သို့သော နည်းလမ်းများကိုသုံးခဲ့သူ မဟုတ်သလိုပင်။


ပိုင်ချီ ပါးစပ်ကို အနည်းငယ်ဟလိုက်သော်လည်း တစ်ခုခုပြောရန် တွေဝေသွားပြီးမှ၊ ပျယ်ယွီကို ရှုပ်ထွေးပြီး စိတ်ထိခိုက်သွားသော အကြည့်ဖြင့်ကြည့်ကာ နောက်လှည့်မကြည့်ဘဲထွက်သွားတော့သည်။ သူ့အကြည့်များမှာ စာတန်းများဆီတွင်သာ စွဲမြဲနေဆဲပင်။ ပျယ်ယွီကမူ အဖြူရောင်ဝတ်စုံနှင့် ဓားသမားကြီး၏ကျောပြင်ကိုကြည့်ကာ ကြောင်နေမိသည်။


"သူ ဘာဖြစ်သွားတာလဲ?"


"အစ်မက စီနီယာအစ်ကိုကြီးရဲ့ ဖြူစင်တဲ့ နှလုံးသားလေးကို ထိခိုက်အောင်လုပ်လိုက်တာလေ” ဟု ကျီလဲ့က ပျယ်ယွီဘေးသို့ လျှောက်လာရင်း ပြောလိုက်သည်။


"သူက အရင်က တစ်ခါမှအဆဲခံရတာ ဒါမှမဟုတ် အလိမ်ခံရတာမျိုး မရှိဖူးဘူး”


ပျယ်ယွီ သူ့ကို အရင်ဆုံးလိမ်လိုက်ပြီး၊ နောက်မှ ဆဲလိုက်ခြင်းဖြစ်သည်။


တပည့်များသည် ပျယ်ယွီကို ဝေခွဲမရစွာ ကြည့်လိုက်ကြပြီးနောက် တိတ်ဆိတ်စွာပင် ထွက်သွားကြတော့သည်။ ပျယ်ယွီ အသုံးပြုခဲ့သော နည်းလမ်းများသည် ဓားသမားတစ်ယောက်အတွက်တော့ တကယ့်ကိုယုတ်မာလှသည်။


"ဒါ့အပြင် အစ်မရဲ့နည်းလမ်းတွေက ကျွန်မတို့ ဓားသမားတွေအတွက်တော့ သိပ်ပြီးတော့ သိက္ခာမရှိသလို တရားမျှတမှုလည်း မရှိဘူးလေ” ဟု ကျီလဲ့ ပြောလိုက်သည်။ တိုက်ပွဲမစတင်မီ ဓားကျင့်ကြံသူများသည် တစ်ဦးနှင့်တစ်ဦး အဆင်သင့်ဖြစ်မဖြစ် သေချာစေပြီးမှ တရားမျှတစွာတိုက်ခိုက်ကြခြင်းဖြစ်သည်။


"ငါက 'နှံကောင်ဗိုလ်ကြီး' မှ မဟုတ်တာ၊ ဘာလို့ တရားမျှတမှုနဲ့ သိက္ခာတွေကို အာမခံနေရမှာလဲ?"


ဓားကျင့်ကြံသူတွေရဲ့ စည်းကမ်းတွေက ဓားကျင့်ကြံသူဖြစ်တဲ့ သူမနဲ့ ဘာဆိုင်လို့လဲ?


ကျီလဲ့သည် နှံကောင်ဗိုလ်ကြီးဆိုတာ ဘယ်သူလဲဆိုတာ မသိသော်လည်း ပျယ်ယွီ ပြောချင်သည့် အဓိပ္ပာယ်ကိုတော့ ခန့်မှန်းနိုင် သည်။ သူမ ပခုံးတွန့်ပြလိုက်ပြီး ထိုကိစ္စကိုဆက်မပြောတော့ဘဲ ပျယ်ယွီကို သူ့အခန်းသို့ လိုက်ပို့ပေးခဲ့သည်။


မထွက်ခွာမီ ပျယ်ယွီသည် စနစ်ဆီမှနောက်ထပ် သတိပေးချက်တစ်ခု ရရှိခဲ့သည်။


"Host... တစ်စုံတစ်ယောက်က Host ကို စောင့်ကြည့်နေတယ်၊ ကျွန်တော် အဲ့ဒီလူကို Mark လုပ်ထားပေးတယ်” ဟု စနစ်က ပြောလိုက်သည်။


ပျယ်ယွီ မသိမသာမျက်လုံးကို ပင့်ကြည့်လိုက်ရာ စနစ်က Mark လုပ်ထားပေးသော လူဆီသို့ အကြည့်ရောက်သွားသည်။ သူမသည် ဓားအသိအမှတ်ပြုတောင်ထိပ်မှတပည့်တစ်ဦးဖြစ်ပြီး၊ တပည့်များကြားတွင် အေးဆေးစွာစကားပြောနေသော်လည်း သူမ၏ မျက်လုံးများက ပျယ်ယွီကို ခဏခဏလှမ်းကြည့်နေသည်။ သူမသည် အတွင်းစည်းတပည့်များကြားတွင် အလွန်လေးစားခြင်းခံရ ပုံရပြီး သူမ ဘေးတွင် တပည့်များစွာဝိုင်းနေကြသည်။ ပျယ်ယွီသည် မသိမသာသာကြည့်ခဲ့သလိုမျိုး သူ့ အကြည့်တို့ကိုပြန်လွှဲလိုက် တော့သည်။