⌨️ Chapter 12
ပျယ်ယွီသည် စိတ်ထဲ၌ ဂုဏ်ယူစွာဖြင့် တွေးလိုက်သည်။
"ငါ့ရဲ့ စကားပြောစွမ်းရည်ကို သုံးပြီး အခြေအနေကို လှည့်စားရမယ်” အစကမူ သူမသည် ဤနေရာကို Soulslike ဂိမ်းတစ်ခုလိုမျိုး 'တိုက်မလား၊ အသေခံမလား' ဟု ထင်ခဲ့သော်လည်း၊ စကားပြောဆိုခြင်းကို စတင်နိုင်သည့်အချိန်မှာတော့ ဒါဟာ D&D (Dungeons & Dragons) ကစားပွဲတစ်ခုဖြစ်နေတာကို သူ သဘောပေါက်သွားသည်။ ၎င်းမှာ သူမနှင့် အလွန်ပင် ရင်းနှီးလှသော ကစားပွဲ မဟုတ်ပါလား!
ပျယ်ယွီသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး မြွေကြီးကိုပြောပြသင့်မသင့် တွေဝေနေသည့်ဟန် ပြုမူနေသည်။ နောက်ဆုံးတွင်မှ သူမက အရှက်ရသလို၊ လက်လျှော့လိုက်သလို အမူအရာဖြင့် ဖွင့်ပြောလိုက်လေသည်။
"ကျွန်မရဲ့ မိစ္ဆာအမြုတေ အခိုးခံလိုက်ရလို့ပါ”
မြွေကြီးမှာ အံ့ဩတကြား ဖြစ်သွားသည်။ မိစ္ဆာအမြုတေအခိုးခံရသော မိစ္ဆာတစ်ကောင်သည် ခန္ဓာကိုယ်မှာ အလွန်ပင် အားနည်းသွားပြီး မိစ္ဆာစွမ်းအားများကို စုစည်းနိုင်စွမ်းမရှိတော့ပါချေ။
"ကျွန်မရဲ့ အသက်ကို ကယ်ဖို့အတွက် ဆရာသခင်က လူသားတစ်ယောက်ရဲ့ အမြုတေကို ကျွန်မ ခန္ဓာကိုယ်ထဲ ထည့်ပေးခဲ့တာပါ။ အဲ့ဒါကြောင့် ကျွန်မဆီမှာ လူသားနံ့တွေထွက်နေတာပေါ့၊ ကျွန်မ ဒီကို လာခဲ့တာကလည်း မိစ္ဆာအမြုတေရဲ့ အနံ့နောက်ကို လိုက်လာရင်းနဲ့ပါ”
ဤမြွေကြီးသည် မိစ္ဆာဘုရင်ချင်းဖုန်းဆီမှ ခွဲထွက်လာသော မိစ္ဆာဝိညာဉ်အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သဖြင့်၊ အသိဉာဏ် မမြင့်မားသော်လည်း မိစ္ဆာမျိုးနွယ်တို့၏အခြေခံဗဟုသုတကိုတော့ သိရှိပါသည်။ ပျယ်ယွီ၏ အရိပ်အမြွက်မှာ လုံလောက်လှ ပေသည်။
မြွေကြီးသည် နီရဲသောမျက်လုံးများကို မှေးလိုက်ပြီး "အဲ့ဒီ မိစ္ဆာမက နင့်ရဲ့ အမြုတေကို ခိုးယူပြီး၊ မိစ္ဆာဘုရင်ရဲ့ လျှို့ဝှက်ချက်ကို ဖွင့်ကာ ရတနာတွေကိုခိုးသွားတာပေါ့၊ နင်ကသာ တကယ့် အမွေဆက်ခံသူ အစစ်ပဲ”
ပျယ်ယွီသည် စိတ်ထဲ၌ မြွေကြီးကို လက်ခုပ်တီးပြီး ချီးကျူးလိုက်မိသည်။ ခရီးသွားနေစဉ်မှာ နောက်ခံသမိုင်းကြောင်း ဆိုသည်မှာ ရန်သူ၏စိတ်ကူးစိတ်သန်းအပေါ်၌သာ မူတည်သည် မဟုတ်ပါလား။
"သူမက မိစ္ဆာမ မဟုတ်ပါဘူး၊ လူသားကျင့်ကြံသူ ယုတ်မာတဲ့ မိန်းမတစ်ယောက်ပါ”
ပျယ်ယွီ ခါးသီးစွာ ပြုံးလျက် ဆိုလိုက်သည်။
"ကျွန်မတို့ မြွေမိစ္ဆာမျိုးနွယ်ရဲ့ ရတနာတွေကို အဲ့ဒီလို ယုတ်မာတဲ့ မိန်းမလက်ထဲ မရောက်စေချင်လို့ ကျွန်မ ဒီကို လာခဲ့တာပါ၊ ဒါ ကျွန်မရဲ့ တာဝန်ပဲလေ”
မြွေကြီးသည် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားမိသော်လည်း ပျယ်ယွီ၏ ယခုကဲ့သို့ တည်ငြိမ်လှသောအမူအရာမှာ ယခင်က ပျင်းရိသော မြည်းမလေးနှင့် လုံးဝကွာခြားလှသည်။
"ကျွန်မက ရှင် အသိစိတ် ရှိ၊ မရှိ စမ်းသပ်ကြည့်တာပါ၊ အကြောင်းပြချက် မရှိဘဲ အစောင့်အရှောက် တစ်ယောက်ကို ကျွန်မ မယုံကြည်နိုင်ဘူးလေ၊ အခုတော့ ရတနာတွေ လူသားလက်ထဲ မရောက်အောင် တားဆီးရမယ်”
ပျယ်ယွီ မြွေကြီးကို ပုတ်လျက် ဆိုလိုက်သည်။ ပျယ်ယွီသည် မြွေကြီးအား သူ့ အဖွဲ့ ထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်လေသည်။
ပျယ်ယွီ စကားကို ကြားရသည့်အခါ မြွေကြီး၏နောက်ဆုံးသော သံသယများမှာ ပျောက်ကွယ်သွားတော့သည်။ ၎င်းက ပျယ်ယွီ ပခုံးကို အမြီးဖျားဖြင့် ရင်းနှီးစွာပုတ်လိုက်ရာ သူမမှာ ကြိတ်ခြေခံရလုနီးပါးဖြစ်သွားသည်။
"အမွေဆက်ခံသူကလွဲလို့ တခြားဘယ်သူ့လက်ထဲမှ ရတနာတွေ မရောက်အောင် ကာကွယ်ဖို့က ငါ့ရဲ့ တာဝန်ပဲ”
မြွေကြီး ဆိုကာ ပျယ်ယွီနှင့် အဖွဲ့ဖွဲ့ရန် သဘောတူလိုက်လေသည်။
ပျယ်ယွီ ဇာတ်လမ်းတစ်ခုကိုလုပ်ကြံဖန်တီးပြီး မြွေကြီးကို သိမ်းသွင်းလိုက်သည်ကို စောင့်ကြည့်နေသော စနစ်မှာမူ "Host... ကျွန်တော် Host ကို ပြောရရင် Host ကတကယ်ယုတ်မာတဲ့ အပြင်လူတစ်ယောက်ပဲ"
အရိုးစုပုံများကြား၌ ဝှက်ထားသော ကျန်းလန်သည် ခဏတာသတိပြန်ဝင်လာသည်။ အရိုးစုများကြားမှတစ်ဆင့် သူမ မြင်လိုက်ရသည်မှာ ပျယ်ယွီသည် မြွေကြီးနှင့် ရယ်ရယ်မောမော စကားပြောနေခြင်းပင်။
ကျန်းလန် : "...ငါ အိမ်မက်မက်နေတာပဲ ဖြစ်ရမယ်၊ မဟုတ်ရင် ညီမလေးပျယ် မိစ္ဆာတစ်ကောင်နဲ့ စကားပြောနေစရာ အကြောင်းမရှိဘူး”
ထို့ကြောင့် ကျန်းလန်မှာ မျက်လုံးပြန်မှိတ်ကာ သတိလစ်သွားပြန်သည်။
"ဒါ လျှို့ဝှက်ခန်းကနေ အပြင်လောကကိုထွက်လို့ရတဲ့ တစ်ခုတည်းသော လမ်းပဲ၊ ဒီမှာ စောင့်နေရင် အဲ့ဒီသူခိုးမကို ဖမ်းလို့ရမှာပဲ”
မြွေကြီးက ပျယ်ယွီကို ကြင်နာသောအကြည့်ဖြင့် ကြည့်လျက် ဆိုသည်။ ၎င်းသည် မိစ္ဆာဘုရင်ချင်းဖုန်း၏ ဝိညာဉ်အစိတ်အပိုင်း ဖြစ်သဖြင့်၊ ဤကောင်မလေးမှာ ၎င်းတို့မျိုးဆက်တစ်ခု ဖြစ်သည်ဟုပင် ထင်နေလေပြီ။
ပျယ်ယွီသည် မြွေကြီး၏ခွေနေသော ကိုယ်လုံးပေါ်၌ တိတ်ဆိတ်စွာထိုင်နေသည်။ သူကတော့ ဒီမှာ စောင့်နေမည့်အစား အပြင်ကိုထွက်ပြီး စစ်ကူခေါ်ချင်နေသည်။ သူမ မှတ်မိသလောက် မူရင်းဝတ္ထု၌ ရှီမုန့်ချင်းသည် မူလသန္ဓေဝိညာဉ်အဆင့် နောက်ဆုံးပိုင်း ကျင့်ကြံသူဖြစ်သည်။ ပျယ်ယွီမှာမူ အခြေခံတည်ဆောက်ခြင်းအဆင့်သာရှိသေးပြီး၊ ဤမြွေကြီးမှာလည်း စကားအနည်းငယ်ဖြင့် လှည့်စားခံရသူဖြစ်ရာ သိပ်ပြီးအားကိုးရမည့်ပုံ မပေါ်ပါချေ။ သူ့အနေဖြင့် လုံးဝ ရင်ဆိုင်နိုင်စရာ အကြောင်းမရှိပါပေ။
ဂူအတွင်း၌ပြင်းထန်သော တုန်ခါသံများနှင့်အတူ အမိုးမျက်နှာကြက်မှ ကျောက်စိုင်များ ကျဆင်းလာသည်။ ဂူ၏ နက်ရှိုင်းသော အတွင်းပိုင်း၊ မိစ္ဆာဘုရင်၏နယ်မြေဘက်မှ မိုးကြိုးသံကဲ့သို့ ပြင်းထန်သော အသံများနှင့်အတူ ရက်စက်ကြမ်းကြုတ်သော မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်လာလေသည်။ ပျယ်ယွီမှာ မသိစိတ်ကတင်းမာသွားပြီး မြူထူများ ဖုံးလွှမ်းနေသော အဝင်ဝကို သတိဖြင့် ကြည့်လိုက်သည်။
ထိုမိစ္ဆာစွမ်းအင်များကြောင့် ပျယ်ယွီအရေပြားမှာ စူးရှနာကျင်လာပြီး၊ သူမအတွင်းရှိ ဝိညာဉ်စွမ်းအားများမှာလည်း ထိတ်လန့်တုန်လှုပ်နေသည်။ ၎င်းမှာ သူမ၏ စင်ကြယ်သော ဝိညာဉ်စွမ်းအားက မိစ္ဆာစွမ်းအားအပေါ် ကြောက်ရွံ့စက်ဆုပ်နေခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က မိစ္ဆာဘုရင်ရတနာကို ရရှိသွားပြီဟု ပျယ်ယွီစိတ်ထဲ၌ သတိပေးချက်တစ်ခုသာ ကျန်ရှိတော့သည်။
ချင်းဖုန်း၏မိစ္ဆာစွမ်းအားများ မရှိတော့သဖြင့် လျှို့ဝှက်နယ်မြေမှာလည်း ဖုံးကွယ်ထားနိုင်စွမ်းမရှိတော့ပါချေ။ ဓားတောင်ထိပ်နှင့် ဆက်သွယ်ထားသော ရေကန်မျက်နှာပြင်ပေါ်တွင် နက်မှောင်သော ဝဲဂယက်ကြီးတစ်ခု ပေါ်လာပြီး၊ လင်းယွင်ဂိုဏ်းမှ အတွင်းစည်း တပည့်များကို ရူးသွပ်စေနိုင်လောက်သော အန္တရာယ်ရှိသည့် မိစ္ဆာအရှိန်အဝါများထွက်ပေါ်လာတော့လေသည်။
ရေမျက်နှာပြင်ပေါ်ရှိ ပြိုကျပျက်စီးနေသော ဝဲဂယက်ကြီးမှာ လျှို့ဝှက်နယ်မြေ၏အဝင်ဝဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ သို့ရာတွင် အောက်ခြေမမြင်ရသော ရေကန်ရေပြင်မှာ အမြဲတမ်းလိုလိုအန္တရာယ်နှင့် မတည်ငြိမ်မှုများကိုသာ ကိုယ်စားပြုနေခဲ့ သည်။ ၎င်းတို့၏ ဝိညာဉ်စွမ်းအားများသည် ထိုဝဲဂယက်အတွင်း၌ တစ်စုံတစ်ရာသော နေရာသို့ လွင့်စင်မသွားဘဲ သို့မဟုတ် ရေမနစ်ဘဲ တောင့်ခံနိုင်ပါ့မလားဆိုသည်ကို မည်သူမျှ မသိကြပါချေ။
အစောဆုံး ရောက်ရှိလာကြသော တပည့်အချို့မှာ ဘာကိုမျှ ဂရုမစိုက်ဘဲ ဝဲဂယက်အတွင်းသို့ ခုန်ဆင်းသွားကြသော်လည်း၊ သူတို့ အော်ဟစ်သံများသည် ခန္ဓာကိုယ်များနှင့်အတူ တိတ်ဆိတ်ပျောက်ကွယ်သွားတော့သည်။
တောင်ထိပ် (၁၆) ခုမှ အကြီးအကဲအချို့မှာလည်း လျှို့ဝှက်နယ်မြေသို့ တတ်နိုင်သမျှ အမြန်ဆုံးရောက်ရှိလာကြသည်။ ၎င်းတို့ထဲမှ အများစုမှာ မူလသန္ဓေဝိညာဉ်အဆင့် အကြီးအကဲများ ဖြစ်ကြသည်။ ၎င်းမှာ လျှို့ဝှက်လက်စွဲကျမ်းငယ်လေးတစ်ခုမျှသာ ဖြစ်သဖြင့် သူတို့၏တိုက်ရိုက်တပည့်များကို ခေါ်ဆောင်လာရန်မလိုအပ်ပေ။ သို့သော်လည်း အခွင့်အလမ်းနည်းပါးနေသော အကြီးအကဲအချို့မှာမူ အတွင်းစည်းတပည့်အချို့ကိုစုစည်းကာ လျှို့ဝှက်နယ်မြေအတွင်းသို့ဝင်ရောက်ကြလေသည်။
တောင်ထိပ် (၁၆) ခုမှ တောင်ထိပ်သခင်အများစုမှာမူ အပြင်ဘက်မှသာ စောင့်ကြည့်နေကြပြီး ဝင်ရောက်ရန် ရည်ရွယ်ချက် မရှိကြချေ။ ဤလျှို့ဝှက်နယ်မြေ၏ပမာဏမှာ သူတို့အတွက် လိုအပ်သောအရာများရှိမည်မဟုတ်သဖြင့်၊ လိုအပ်နေသော အကြီးအကဲများနှင့် တပည့်များအတွက်သာ ချန်ထားပေးခြင်းက ပိုကောင်းမွန်ပေလိမ့်မည်။ ၎င်းမှာ လင်းယွင်ဂိုဏ်းမှ ရှာဖွေတွေ့ရှိထားသော လျှို့ဝှက်နယ်မြေဖြစ်ရာ တပည့်တိုင်းတွင် အခွင့်အရေးအညီအမျှရှိသည်။
၎င်းတို့သည် ကျင့်ကြံမှုအဆင့်နိမ့်ပါးသော တပည့်များကိုမူ အတင်းအကျပ်ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပေ။ အကယ်၍ ထိုတပည့်များသည် သူတို့ကို ခေါ်ဆောင်သွားလိုသော အကြီးအကဲ သို့မဟုတ် စီနီယာများကို ရှာတွေ့နိုင်ခဲ့လျှင်မူ ဤစွန့်စားခန်းတွင် ပါဝင်ခွင့် ရရှိနိုင်သည်။
ဓားအင်မော်တယ်သခင်ကျီယွမ်သည် အနည်းငယ်နောက်ကျမှ ရောက်ရှိလာပြီး သူ့ အမူအရာမှာ အလွန်မနှစ်မြို့ဖွယ်ဖြစ်နေသည်။
အကြီးအကဲချန်ယီသည် ဝိညာဉ်လက်နက်တစ်ခုပေါ်တွင် ရပ်လျက် မင်ယောင်တောင်ထိပ်မှ တပည့်များနှင့် အကြီးအကဲများကို လျှို့ဝှက်နယ်မြေအတွင်းသို့ အတူဝင်ရန် ညွှန်ကြားနေသည်။ သူမ အမူအရာမကောင်းသော ကျီယွမ်ကို လှမ်းကြည့်ကာ ကျီစားလိုက်သည် ။
"ရှင်ကတော့ တရားထိုင်နေတာ အနှောင့်အယှက် ခံလိုက်ရလို့ စိတ်တိုနေတာလား? ရှင့်ရဲ့ စိတ်က တဖြည်းဖြည်းနဲ့ပိုဆိုးလာတာပဲ”
ကျီယွမ် သူမကို စောင်းကြည့်လိုက်ပြီး အေးစက်စွာ ဆိုသည်။
"ကိုယ့်ရဲ့ သီးသန့်ကျင့်ကြံမှုကို ဈေးဗန်းခင်းသလို လာနှောင့်ယှက်ခံရရင် ဘယ်သူကမှ မျက်နှာကောင်းပြနိုင်မှာမဟုတ်ဘူး”
သို့ရာတွင် ကျီယွမ် အမူအရာ ဆိုးရွားနေခြင်းမှာ ချန်ယီ ခန့်မှန်းသကဲ့သို့မဟုတ်ပါပေ။
အတင်းအကျပ် ဝင်ရောက်သွားသော ဤလျှို့ဝှက်နယ်မြေ၏အနက်ရှိုင်းဆုံးသောနေရာ၌ သူ့ တိုက်ရိုက်တပည့်ရှိနေသည်ကို သူ ခံစားမိနေသည်။ ပျယ်ယွီ မိစ္ဆာမျိုးနွယ်ရဲ့လျှို့ဝှက်နယ်မြေထဲကို ဘယ်လိုများ ရောက်သွားရတာလဲ?
ပျယ်ယွီ၏အခြေခံတည်ဆောက်ခြင်းအဆင့်မှာ လျှို့ဝှက်နယ်မြေကို ဖွင့်နိုင်စွမ်းမရှိသည်ကို ကျီယွမ် ယုံကြည်သည်။ ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။ ၎င်းမှာ လျှို့ဝှက်နယ်မြေ၏ 'အမွေအနှစ်' ကို ရရှိသွားခြင်းပင်။ ပျယ်ယွီသည် မိစ္ဆာတစ်ဦး မဟုတ်သဖြင့် မိစ္ဆာဘုရင်၏လျှို့ဝှက်နယ်မြေကို ဆက်ခံရန်မှာ မဖြစ်နိုင်ပေ။
သူမ တကယ် ဒုက္ခရောက်နေတာဖြစ်ရမယ်။
ကျီယွမ်သည် နောက်ကျမှ ရောက်လာသော ပိုင်ချီနှင့် ချန်းလင်းယောင်တို့ကို မျက်ရိပ်ပြလိုက်သည်။ သူတို့ သုံးဦးစလုံးသည် ဝဲဂယက်အတွင်းသို့ တစ်ပြိုင်နက်တည်း ပျံသန်းဝင်ရောက်သွားကြတော့သည်။
အကြီးအကဲချန်သည် ကျီယွမ်နောက်သို့ လိုက်ရန် ပြင်နေစဉ်မှာပင် ချန်ဖု သူ့ကို လှမ်းဆွဲလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ?" အကြီးအကဲချန် စိတ်ပျက်စွာ မေးလိုက်သည်။
"ကျွန်တော် နောက်ထပ် ဘေးကင်းတဲ့ လမ်းကြောင်းတစ်ခု သိတယ်” ချန်ဖု လျှို့ဝှက်စွာပြောလိုက်သည်။
အကြီးအကဲချန်မှာ ခဏတာတွေဝေသွားပြီး "မင်း... ငါ့ကို လိမ်နေတာ မဟုတ်ဖို့ပဲ မျှော်လင့်ပါတယ်”
"ကျွန်တော့်နောက် လိုက်ခဲ့ပါ ဦးလေး”
...
မြွေကြီးသည် ခေါင်းကိုထပ်မံမော့လိုက်ပြီး လျှာကို ထုတ်လိုက်သွင်းလိုက်ဖြင့် ကျောက်တံခါးဘက်သို့ သတိဖြင့် ကြည့်နေသည့်အခါ ရှီမုန့်ချင်း ရောက်လာပြီဖြစ်ကြောင်း ပျယ်ယွီ သိလိုက်ရသည်။
ပျယ်ယွီသည် မတ်တတ်ရပ်လိုက်ပြီး မြူထူများဖုံးလွှမ်းနေသော ကျောက်တံခါးကိုသတိဖြင့် စိုက်ကြည့်နေသည်။ သူမ၏ လက်ချောင်းလေးများကို ကီးဘုတ်ပေါ်သို့ အသာအယာတင်လိုက်သည်။ သူမသည် အလစ်အငိုက် တိုက်ခိုက်ရန် စီစဉ်ထားပြီး၊ ရှီမုန့်ချင်းမျက်နှာပေါ်သို့ စာတန်းများဖြင့် ရိုက်နှက်ကာ အသာစီးရယူရန်ကြံစည်နေခြင်းဖြစ်သည်။
ထိုသို့ ပထမဆုံး တိုက်ခိုက်မှု၏ အခွင့်အရေးဖြင့် မြွေကြီးကို ရှီမုန့်ချင်းနှင့် ခဏမျှ ထပ်မံရင်ဆိုင်စေလိုသည်။ ထိုသို့ဆိုလျှင် သူမအနေဖြင့် အနားယူရန် အချိန်ရပေလိမ့်မည်။
ရှီမုန့်ချင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြွေကြီးက ခုန်အုပ်လိုက်သည်။ ပျယ်ယွီစာတန်းများမှာ မြွေကြီးအပေါ်သို့ ကျရောက်သွား လေသည်။ မြွေကြီးက ရှီမုန့်ချင်းကို ဆက်တိုက် တိုက်ခိုက်နေသော်လည်း ရှီမုန့်ချင်းမှာ သွက်လက်လှသဖြင့် အလွယ်တကူပင် ရှောင်တိမ်းနိုင်လေသည်။
ရှီမုန့်ချင်းကို ရည်ရွယ်သော စာတန်းများမှာ မြွေကြီးကို (၃၇) ကြိမ်မြောက် ထိမှန်သွားသည့်အခါ မြွေကြီးမှာ စကားမဲ့သွားတော့ သည်။ စာတန်းများ ဖုံးလွှမ်းနေသော မြွေကြီးသည် ပျယ်ယွီကို နောက်လှည့်ကြည့်ကာ ရှူးရှူးရှဲရှဲဖြင့်
"နင် နည်းနည်းလောက် သေချာချိန်လို့ မရဘူးလား?"
သူမ၏အဖွဲ့ဝင်ကိုပဲ ပြန်ထိုးနှက်မိနေသော ပျယ်ယွီကမူ ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်ပြီး "တောင်းပန်တယ်၊ ကျွန်မ ချိန်ရတာ သိပ်မတော်လို့” အကယ်၍ ဒီနေ့သာ လျှို့ဝှက်နယ်မြေကနေ အသက်ရှင်လျက် ထွက်သွားနိုင်ရင် Tab Key ကိုနှိပ်ရုံနဲ့ ရန်သူကို အလိုအလျောက် ချိန်ပေးမယ့် Function တစ်ခုကို သေချာပေါက် Install လုပ်ရမည်ဟု သူ တွေးလိုက်သည်။
ရှီမုန့်ချင်းသည် အမြင့်တစ်နေရာသို့ ခုန်တက်လိုက်ပြီး အောက်မှ လူနှင့် မြွေကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
"နင်က ငါ့ကို တိုက်ခိုက်ဖို့အတွက် လူသားနဲ့ ပူးပေါင်းတယ်ဆိုတာ အံ့ဩစရာပဲ” ဟု ရှီမုန့်ချင်း မြွေစကားဖြင့်ပြောလိုက်သည်။
မြွေကြီး ရှီမုန့်ချင်းကိုစိုက်ကြည့်လိုက်ပြီး အစွယ်များတွင် အက်ဆစ်ရည်များပြည့်လျှံနေသည်။
"နင့်လို ရွံဖို့ကောင်းတဲ့ လောဘကြီးတဲ့ သူခိုးမ၊ ရတနာကို အခုချက်ချင်းပြန်ပေးရင် နင့်ကို အလောင်းမပျက်စေရဘူး” ဟု မြွေကြီးက ဆိုသည်။
ရှီမုန့်ချင်းထံတွင် မိစ္ဆာအငွေ့အသက်များရှိနေပြီ ဖြစ်သည်။ အကယ်၍ ပျယ်ယွီကသာ ကြိုတင်၍အမှန်တရားကို မပြောပြထားခဲ့ လျှင် ၎င်းမှာ လှည့်စားခံရလောက်ပေသည်။
"နင် ဘာတွေ ပြောနေတာလဲ?"
ရှီမုန့်ချင်းက အေးစက်စွာ မေးလိုက်သည်။ ဤမြွေကြီးမှာ အကြာကြီးအချုပ်ခံထားရသဖြင့် ကိုယ့်မျိုးနွယ်နှင့် တခြားမျိုးနွယ်ကိုပင် မခွဲခြားတတ်တော့ခြင်းလော ?
ထားလိုက်ပါတော့…
ရှီမုန့်ချင်းသည် တိုးတက်လာသော သူမ ကျင့်ကြံမှုအဆင့်ကို မဖုံးကွယ်တော့ဘဲ ပြင်းထန်သော ဖိအားတစ်ခုကို ပျယ်ယွီအပေါ်သို့ တောင်ကြီးတစ်လုံးကဲ့သို့ သက်ရောက်စေလိုက်သည်။ ၎င်းမှာ မိစ္ဆာဘုရင်ချင်းဖုန်း၏ မိစ္ဆာအမြုတေကို ဝါးမြိုပြီးနောက် ရရှိလာသော မိစ္ဆာစွမ်းအားနှင့် ကျင့်ကြံမှုများဖြစ်သည်။ ထိုအရာက သူမအား သေခြင်းရှင်ခြင်း ကပ်ဘေးများကို ရင်ဆိုင်စရာ မလိုဘဲ မူလသန္ဓေဝိညာဉ်အဆင့်နောက်ဆုံးပိုင်းသို့ တိုက်ရိုက်ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။
၎င်းမှာ သမိုင်းတစ်လျှောက် ကျင့်ကြံသူများစွာသည် လျှို့ဝှက်နယ်မြေများ၏အန္တရာယ်ကို သိရှိပါလျက်နှင့် အဘယ်ကြောင့် အလုအယက်ဝင်ရောက်ကြသနည်းဟူသော အဖြေပင်။ လျှို့ဝှက်နယ်မြေမှရရှိသော အကျိုးကျေးဇူးများမှာ အန္တရာယ်များကို မေ့လျော့သွားစေလောက်ပေသည်။
"အု...” ပျယ်ယွီသည် ထိုဖိအားကြောင့် ကျောပင် မတ်မတ်မထားနိုင်တော့ပါချေ။ သူမ အသက်ကို အမောတကောရှူရှိုက်ရင်း၊ ထိုဖိအားကို ခုခံနိုင်ရန် ဝိညာဉ်စွမ်းအားနှင့် စိတ်ဓာတ်ခွန်အားများကို လှည့်ပတ်နေရသည်။
"ဒါက ABO ဝတ္ထုထဲက Alpha တစ်ယောက်က Omega တစ်ယောက်အပေါ် သုံးတဲ့ Absolute pressure မျိုးပဲ၊ ငါ လုံးဝ ခုခံလို့ မရဘူး”
ပျယ်ယွီ စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်သည်။
စနစ်ကမူ မနေနိုင်တော့ဘဲ ဆဲဆိုလိုက်သည်။
"Host... ကျွန်တော် Host ကို ပြောရရင် Host အခု ရှီမုန့်ချင်းရဲ့အရိုက်ခံရပြီး သေတော့မယ်လေ၊ အဲ့ဒါကို ABO အကြောင်း တွေးနေတုန်းလား?"
"ငါ ဘာလုပ်နိုင်မှာလဲ? ငါ သူ့ကို မနိုင်ဘူးလေ၊ သူ ငါ့ကို ခွေးတစ်ကောင်လို ရိုက်နိုင်တယ်”
ပျယ်ယွီက ကီးဘုတ်ပေါ်က Delete Key ကိုအသည်းအသန် နှိပ်သော်လည်း မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပါပေ။ သူမက မချိတင်ကဲဖြင့် လက်ကို လွှတ်လိုက်သည်။