⌨️ Chapter 13
"နောက်ဆုံးအခွင့်အရေးပဲ၊ ငါ့ကို နာခံစမ်း”
ရှီမုန့်ချင်းက မြွေကြီးကို ငုံ့ကြည့်ကာ ဆိုသည်။ မြွေကြီးက လူသားဘက်မှ ရပ်တည်နေခြင်းမှာ ရှီမုန့်ချင်းအတွက်တော့ မိစ္ဆာမျိုးနွယ်ကို သစ္စာဖောက်ခြင်းဖြစ်သော်လည်း၊ ချင်းဖုန်း၏မျိုးဆက်ပီပီ ရှီမုန့်ချင်းမှ အစောင့်အရှောက်ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိုခြင်းဖြစ်သည်။
မိစ္ဆာအရှိန်အဝါများ၏ဖိနှိပ်မှုကို ခံနေရသော မြွေကြီးကမူ ပြတ်သားစွာ ဆိုသည်။
"ငါ့ရဲ့ သူငယ်ချင်းကို ငါ ဘယ်တော့မှ သစ္စာမဖောက်ဘူး၊ ငါ့ကို နာခံခိုင်းဖို့ လုံးဝ မစဉ်းစားနဲ့”
မြွေကြီးက ခဏရပ်လိုက်ပြီးမှ ထပ်ဖြည့်ပြောလိုက်သည်။
"ယုတ်မာတဲ့ မိန်းမ”
ထိုစကားကို ကြားလိုက်ရသဖြင့် ရှီမုန့်ချင်းက လက်ကို မြှောက်လိုက်ပြီး မြွေကြီးကို လွင့်ထွက်သွားအောင် တိုက်ခိုက်လိုက်သည်။ မြွေကြီးမှာ တံခါးကိုတိုက်မိကာ မြူထူများအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
ခဏချင်းမှာပင် သူမသည် ပျယ်ယွီရှေ့သို့ ရောက်ရှိလာပြီး မျက်လုံးများထဲ သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသည်။ ရှီမုန့်ချင်းသည် ပျယ်ယွီကို အလွန်မုန်းတီးလှသည်။ ပျယ်ယွီသည် သူမ ရသင့်သော တိုက်ရိုက်တပည့်နေရာကို လုယူခဲ့ရုံတင်မကဘဲ၊ သူမ၏ သရုပ်မှန်ကိုလည်း အန္တရာယ်ဖြစ်စေခဲ့သည်။ အကယ်၍ ထိုသူနှင့် သူမ ပြုလုပ်ခဲ့သော သဘောတူညီချက်သာမရှိခဲ့လျှင်၊ ဤမိစ္ဆာဘုရင်၏လျှို့ဝှက်နယ်မြေကို ယခုလို အမြန်ရှာတွေ့နိုင်စရာအကြောင်းမရှိချေ။
ယခုအခါ ပျယ်ယွီက အစောင့်အရှောက်မြွေကြီးကို စကားချိုချိုများဖြင့် လှည့်စားကာ သူမအပေါ် သစ္စာရှိအောင် ပြုလုပ်ထား ခြင်းက ရှီမုန့်ချင်း၏မုန်းတီးမှုကို ပိုမိုပြင်းထန်စေသည်။ ရှီမုန့်ချင်း မျက်လုံးများထဲ သတ်ဖြတ်လိုစိတ်များ ဝင်းလက်လာပြီး၊ သူ့ လက်သည်းများမှာ ရှည်လျားထက်မြက်လာကာ ပျယ်ယွီမေးစေ့ကို အသာအယာပင့်တင်လိုက်လေသည်။
AFK (အပြင်ထွက်နေသလို ဖြစ်နေသော) ဖြစ်နေသော ပျယ်ယွီ : "..."
ရှီမုန့်ချင်းသည် ပျယ်ယွီကို အလွယ်တကူ မတင်လိုက်သည်မှာ ကျင့်ကြံမှုအဆင့် သာလွန်မှုကိုပြသခြင်းပင်။ သူမ၏ လက်ချောင်းများမှာ ပျယ်ယွီအရေပြားထဲသို့ စိုက်ဝင်လုနီးပါး ဖြစ်နေပြီး ဖိအားကိုတဖြည်းဖြည်း တိုးမြှင့်လိုက်သဖြင့် ပျယ်ယွီ အရိုးများမှာ တကျွတ်ကျွတ်မြည်လာတော့သည်။ သူမသည် ပျယ်ယွီကို လည်ပင်းညှစ်သတ်လိုခြင်းဖြစ်သည်။
ရှီမုန့်ချင်းသည် တစ်စုံတစ်ယောက်၏အသက်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သည့် ခံစားချက်ကို မျက်လုံးမှိတ်၍ ဇိမ်ခံနေပုံရသည်။ ပျယ်ယွီ အမူအရာမှာ အလွန်နာကျင်နေပြီး ဖြူဖျော့သော နှုတ်ခမ်းများက တစ်ခုခုပြောရန် ကြိုးစားနေသော် လည်း လေသံမှာ အလွန်တိုးလှသဖြင့် ရှီမုန့်ချင်း မကြားရပေ။
"A... Aminos!"
ပျယ်ယွီ စကားလုံးများနှင့်အတူ ရှီမုန့်ချင်းဝမ်းဗိုက်တွင် နာကျင်မှုတစ်ရပ်ကို ခံစားလိုက်ရသည်။ ရှီမုန့်ချင်း ငုံ့ကြည့်လိုက်သည့်အခါ ပျယ်ယွီသည် ဓားမြှောင်တစ်စင်းကို တင်းတင်းဆုပ်ကိုင်ထားပြီး၊ ထိုဓားမှာ ရှီမုန့်ချင်း ဝမ်းဗိုက်သို့ ထိုးဖောက်ဝင်ရောက်ကာ သွေးများ ပန်းထွက်နေလေပြီ။
သူမက နှာခေါင်းရှုံ့လိုက်သည်၊ ဤဒဏ်ရာမျိုးမှာ မူလသန္ဓေဝိညာဉ်အဆင့် နောက်ဆုံးပိုင်း ကျင့်ကြံသူတစ်ဦးအတွက် တစ်စက္ကန့်အတွင်း ကုသနိုင်သောအရာမျှသာ မဟုတ်ပါလား။
နောက်တစ်စက္ကန့်တွင် ရှီမုန့်ချင်းသည် ပျယ်ယွီကိုလွှတ်လိုက်သဖြင့် ပျယ်ယွီမှာ နာကျင်စွာ အော်ဟစ်လျက် လဲကျသွားသည်။ ပျယ်ယွီသည် ဓားမြှောင်ကို ဆွဲထုတ်ကာ ရှီမုန့်ချင်းနှင့် အမြန်ဝေးရာသို့ ရှောင်တိမ်းလိုက်ပြီး၊ သူမ လည်ပင်းမှ ဒဏ်ရာကို ဝိညာဉ်စွမ်းအားဖြင့် ကုသလိုက်လေသည်။
ရှီမုန့်ချင်းမှာမူ ရှူးရှူးရှဲရှဲ အသံများထွက်ပေါ်လျက် သူမ ဝမ်းဗိုက်ဒဏ်ရာကို လက်နှစ်ဖက်ဖြင့် ဖိထားကာ ဝိညာဉ်စွမ်းအားဖြင့် ကုသရန် ကြိုးစားသည်။ သို့ရာတွင် ဝိညာဉ်စွမ်းအားများ လှည့်ပတ်လိုက်သည်နှင့်အမျှ သူမ နာကျင်မှုမှာ ပိုမိုပြင်းထန်လာပြီး ဝိညာဉ်ကို မီးရှို့နေသည့်အလားခံစားလိုက်ရသည်။ သူမသည် နာကျင်စွာ ဟိန်းဟောက်လိုက်ပြီး နဖူးတွင် ချွေးစေးများ ထွက်လာတော့သည်။
ပျယ်ယွီမှာ ကြောင်သွားတော့သည်။ သူမသည် လက်ထဲက သွေးစွန်းနေသော ဓားမြှောင်ကို ကြည့်လိုက်သည်။ ၎င်းမှာ အရိုးစုပုံထဲမှ သူ အမှတ်မထင် ကောက်ယူခဲ့သော ဓားမျှသာ။
"ဒီဟာက သေနတ်ထက်တောင် ပိုပြီးအစွမ်းထက်နေတာပဲ”
ရှီမုန့်ချင်း ခဏတာ အနားယူပြီးနောက်မှ နာကျင်မှုသက်သာသွားသည်။ သူမသည် ဒဏ်ရာကိုကုသရန် မကြိုးစားတော့ဘဲ ပျယ်ယွီကို ရက်စက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ ရှီမုန့်ချင်းမှာ မတ်မတ်ရပ်လိုက်ပြီး ပျယ်ယွီကို အမူအရာမရှိဘဲ စိုက်ကြည့်နေသည်။
ပျယ်ယွီသည် ဓားမြှောင်ဖြင့် ဒဏ်ရာပေးနိုင်ခဲ့သဖြင့် အားတက်သွားကာ ပြုံးလိုက်ပြီး ရှီမုန့်ချင်းကိုလက်ယပ်ခေါ်လိုက်သည်။
ရှီမုန့်ချင်းမှာ မအောင့်နိုင်တော့ဘဲ ဟိန်းဟောက်လိုက်သည်။
"အဲ့ဒီလူက နင့်ကို ဒဏ်ရာမပေးဖို့ ငါ့ကို တားမထားဘူးဆိုရင်၊ ဒီဓားတစ်စင်းတည်းနဲ့ ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား?"
သူမသည် ထိုသဘောတူညီချက်အတွက် ပေးဆပ်လိုက်ရသော တန်ဖိုးကိုသိလိုက်ရပြီဖြစ်ပြီး၊ ဝမ်းဗိုက်က ကုသ၍မရသော ဒဏ်ရာမှာ ထိုသူပေးသော သတိပေးချက်ပင်။
ပျယ်ယွီသည် ရှီမုန့်ချင်း ပြောသွားသော "ထိုသူ" အကြောင်းကို ခဏတာ စဉ်းစားလိုက်ပြီးမှ ရှီမုန့်ချင်းဆီသို့သာ အာရုံပြန်စိုက်လိုက် သည်။ ရှီမုန့်ချင်းက သူမကို ဒဏ်ရာမပေးနိုင်ဘူးဆိုလျှင်၊ ဤစနစ်ကို အသုံးချပြီး ရှီမုန့်ချင်း၏ဒေါသကိုဆွကာ သူမကို တဖြည်း ဖြည်း အားနည်းအောင် လုပ်လို့ရသည် မဟုတ်ပါလား? ပျယ်ယွီသည် ဓားမြှောင်ကိုကိုင်ကာ ရှီမုန့်ချင်း ခါးဆီသို့ ဦးတည်လျက် အားတက်သရော ဝေ့ယမ်းလိုက်လေသည်။
သို့ရာတွင် ပျယ်ယွီအနေဖြင့် သူမ အမဲလိုက်ပွဲကို စတင်ရန် အချိန်မရလိုက်ပါပေ။ အဝေးမှ ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားများ ချဉ်းကပ်လာသည်ကို ခံစားမိသည့်အခါ သူတို့နှစ်ဦးစလုံး တစ်ခုတည်းကို သဘောပေါက်သွားကြသည်။ ရှီမုန့်ချင်း မိစ္ဆာအမြုတေ ကို ဝါးမြိုပြီးနောက် ဤမိစ္ဆာဘုရင်၏လျှို့ဝှက်နယ်မြေမှာ ရန်ကျန်းတောင်ပေါ်၌ ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ၊ လင်းယွင်ဂိုဏ်းမှ ကျင့်ကြံသူများသည် အလုအယက်ဝင်ရောက်လာကြတော့မည်ဖြစ်သည်။
မည်သည့်အကြောင်းကြောင့်မှန်း မသိသော်လည်း ရှီမုန့်ချင်းမျက်နှာထက် ကောက်ကျစ်သောအပြုံးတစ်ခု ထပ်မံ ပေါ်ပေါက်လာ ပြန်သည်။ သူမသည် ထိုသူနှင့်သဘောတူညီချက်ကြောင့် ပျယ်ယွီကို ဒဏ်ရာမပေးနိုင်ပါပေ။ သို့သော် တခြားသူတွေကမူ မတူချေ။
ခြေသံများ ချဉ်းကပ်လာသည်နှင့်အမျှ ရှီမုန့်ချင်း ပျယ်ယွီအား စိန်ခေါ်သော အပြုံးဖြင့် ကြည့်လိုက်သည်။ ရှီမုန့်ချင်းသည် သူမ၏ မိစ္ဆာအရှိန်အဝါများကို အမြန်ဖုံးကွယ်လိုက်ပြီး သူမ ကျင့်ကြံမှုအဆင့်ကိုလည်း မိစ္ဆာအမြုတေမဝါးမြိုမီက အခြေအနေသို့ ပြန်နှိမ့်လိုက်သည်။ ထို့နောက် မျက်နှာကိုဖြူဖျော့အောင် ပြုလုပ်လျက် ဒဏ်ရာရထားသော ဝမ်းဗိုက်ကိုဖိကာ၊ ပျယ်ယွီသည် လူသားစားသားရဲတစ်ကောင်ဖြစ်နေသည့်အလား နောက်သို့ တစ်လှမ်းချင်း ဆုတ်သွားတော့သည်။
"စီနီယာအစ်မ... အစ်မက တကယ်ပဲ မိစ္ဆာတစ်ကောင်လား?!" ဟု ရှီမုန့်ချင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သူမသည် အားနည်းသောလေသံဖြင့် ပြောဆိုနေခြင်း ဖြစ်သော်လည်း၊ သူမ၏ အသံမှာ တစ်ကီလိုမီတာ ပတ်လည်အတွင်းမှာတင် ရှင်းလင်းစွာ ကြားနေရပေသည်။
ပျယ်ယွီ : "...?"
ဒဏ်ရာရပြီး အားနည်းနေကာ မျက်နှာဖြူဖျော့နေသော ရှီမုန့်ချင်းနှင့် သွေးစွန်းနေသော ဓားမြှောင်ကို ကိုင်ထားကာ မိစ္ဆာအငွေ့ အသက်များ ထွက်ပေါ်နေသော ပျယ်ယွီတို့ကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်၊ ကျင့်ကြံသူများသည် မည်သူ့ဘက်က ရပ်တည်မည်မှာ ထင်ရှားလှပေသည်။
"နင့်ရဲ့ ရက်စက်လှတဲ့ တိုက်ခိုက်ပုံတွေကို မြင်ကတည်းက နင်က ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးဆိုတာ ငါ သိနေတာ” ဟု လင်းယွင်ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက ပျယ်ယွီကို လှမ်းအော်လိုက်သည်။
"မိစ္ဆာမ!"
"တကယ့်ကို ယုတ်မာတဲ့လူမျိုးပဲ” ပျယ်ယွီကမူ ရှီမုန့်ချင်းကို စိတ်ထဲမှ မှတ်ချက်ပေးလိုက်သည်။
"Host... ကျွန်တော် Host ကို ပြောရရင် စောစောက Host မြွေကြီးကိုလှည့်စားခဲ့တဲ့ အရှိန်အဝါနဲ့ယှဉ်ရင်တော့ သူက နည်းနည်း လိုပါသေးတယ်”
စနစ်ကလည်း ပြန်လည်မှတ်ချက်ပေးလာပြန်သည်။
မိစ္ဆာဘုရင်၏လျှို့ဝှက်နယ်မြေမှာ အလွန်အမင်း ရှုပ်ထွေးလှသည်တော့ မဟုတ်ပါ၊ ၎င်းမှာ လျှို့ဝှက်နယ်မြေ အငယ်စားလေးတစ်ခု သာ ဖြစ်သည်။ သို့ရာတွင် ထိုဝဲဂယက်သည် ကျင့်ကြံသူများကို နယ်မြေ၏ မတူညီသော နေရာများသို့ ကျပန်းပို့ဆောင်ပေးနေ သည်။
နယ်မြေအတွင်းရှိမတူညီသော ဧရိယာများတွင် ဘေးအန္တရာယ် အမျိုးမျိုး ရှိနေသော်လည်း၊ မိစ္ဆာဘုရင်၏ ရတနာများရှိရာသို့ ချဉ်းကပ်ရန်မှာ နောက်ဆုံး၌ ပျယ်ယွီတို့ ရှိနေသော ရှေ့ခန်းမဆောင်သို့ ရောက်ရှိလာကြရမည်သာ ဖြစ်သည်။
လင်းယွင်ဂိုဏ်းမှ ကျင့်ကြံသူများသည် အကြီးအကဲများ၏ ဦးဆောင်မှုဖြင့် တစ်ဦးပြီးတစ်ဦး ရှေ့ခန်းမဆောင်သို့ ရောက်ရှိလာကြလေသည်။
သူတို့သည် အစောပိုင်းက ရောက်နှင့်နေသော သူငယ်ချင်းများထံမှ ဇာတ်လမ်းအစအဆုံးကို သိရှိသွားကြသည်။ တပည့်များနှင့် အကြီးအကဲ အားလုံးမှာတော့ အလွယ်တကူ လှည့်စားခံရမည့်သူများ မဟုတ်ကြပါပေ။ သို့ရာတွင် သူတို့၏ မျက်လုံးများအတွင်းမှ တိုးပွားလာသော သံသယများမှာ ပျယ်ယွီ၏ လက်ရှိအခြေအနေမှာ မကောင်းလှကြောင်း ပြသနေရန် လုံလောက်လှပေသည်။
ရှီမုန့်ချင်းသည် အခြေခံအဆင့် (Qi Refining) နောက်ဆုံးပိုင်းမှာသာ ရှိသေးသဖြင့် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဝမ်းဗိုက်ဒဏ်ရာကို မကုသနိုင်ပါပေ။ ထို့ကြောင့် သူမသည် ဒဏ်ရာကိုသာ ဖိထားလျက်၊ ထိုသနားစဖွယ် ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို ထိန်းသိမ်းကာ ပျယ်ယွီနှင့် အဝေးဆုံးသို့ ဆုတ်ခွာနေလေသည်။
ပျယ်ယွီမှာမူ
သူမ အနည်းငယ် ပင့်တက်နေသော မျက်ခုံးများမှာ ပြေလျော့သွားခြင်း မရှိသေးပါချေ။ သူ့ ဘယ်ဘက်လက်တွင် ဝိညာဉ်လက် နက်ကို ကိုင်ထားပြီး၊ ညာဘက်လက်တွင်မူ ငွေရောင်ဓားမြှောင်လေးကိုကိုင်ထားသည်။ ထိုဓားပေါ်ရှိ သွေးစွန်းမှုများမှ ရှီမုန့်ချင်း၏ အနံ့အသက်များထွက်ပေါ်နေလေသည်။
၎င်းမှာ ငိုတော့မည့်အလား ဖြစ်နေသော ရှီမုန့်ချင်းနှင့် သိသိသာသာကွာခြားလှပေသည်။ အရေးကြီးဆုံးအချက်မှာ ပျယ်ယွီထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်မပြင်းထန်သော်လည်း၊ ၎င်းမှာ မိစ္ဆာစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားများ ရောနှောနေသည်မှာ ငြင်းမရချေ။
လင်းယွင်ဂိုဏ်းမှ ကျင့်ကြံသူအများစုမှာ ရှီမုန့်ချင်း ရှင်းပြချက်ကို ယုံကြည်သွားကြသည်၊ အားနည်းပြီး အကူအညီမဲ့နေသော အမျိုးသမီးတစ်ဦးမှာ အမြဲတမ်းထောက်ခံမှုနှင့် သနားမှုကို ပိုမိုရရှိနိုင်သည် မဟုတ်ပါလား။ သို့ရာတွင် ရောက်ရှိနေသော အကြီးအကဲများမှာမူ ရှီမုန့်ချင်းစကားကို အပြည့်အဝသဘောမတူကြပေ။
သူတို့သည် ပျယ်ယွီကို ချောင်ရီတောင်ထိပ်ရှိ ဂိုဏ်းချုပ်ခန်းမဆောင်တွင် တွေ့ဖူးကြသည်။ ယဉ်ကျေးသိမ်မွေ့လှသော ပျယ်မိသားစုဝင်တစ်ဦးသည် လင်းယွင်ဂိုဏ်းအတွင်း ပုန်းအောင်းနေသော မိစ္ဆာတစ်ကောင် ဖြစ်နေနိုင်ပါ့မလား?
"ပျယ်မိသားစုက ကောင်မလေး” အကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်လျက် လေးနက်စွာ မေးလိုက်သည် "ဒါတွေက ဘာဖြစ်နေတာလဲ?"
ပျယ်ယွီ ရှီမုန့်ချင်းကို ခံစားချက်မရှိသောမျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။ ရှီမုန့်ချင်း အသာစီးရသွားပြီဖြစ်သည်။ သို့သော် ပျယ်ယွီသည် ပါရမီရှင်များပြည့်နှက်နေသော အင်တာနက်ခေတ်မှလာသူဖြစ်သည်၊ အကယ်၍ သူမသာ မြွေမိစ္ဆာတစ်ကောင်ကို မနိုင်ဘူးဆိုလျှင် Netizens ၏ လှောင်ပြောင်ခြင်းကိုခံရမည် မဟုတ်ပါလား?
အင်တာနက်ခေတ်၏ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းဖို့က ငါတို့ရဲ့ မလွဲမသွေတာဝန်ပဲ!
ပျယ်ယွီသည် ဓားမြှောင်ကို ဘေးသို့ ပစ်ချလိုက်ပြီး၊ အဝတ်အစားပေါ်ရှိ သွေးများကို သုတ်လိုက်သည်။ သူ့ လက်များမှာ မသိစိတ်က တုန်ယင်နေသော်လည်း အသက်ရှူနှုန်းကို ထိန်းညှိရန်ကြိုးစားနေသည်။ ထို့နောက် သူ ခေါင်းမော့လိုက်ရာ၊ တင်းတင်းစေ့ထားသော နှုတ်ခမ်းများနှင့်အတူ ခိုင်မာပြီး ထိန်းချုပ်ထားသော အမူအရာတစ်ခုပေါ်ထွက်လာလေသည်။
ချန်ဖုကိုပညာပေးခဲ့စဉ်က ပျယ်ယွီလုပ်ရပ်များကိုမြင်ဖူးသော စီလုနန်းဆောင်မှ တပည့်အချို့မှာ ကျောချမ်းသွားကြသည် ထိုအမူအရာက အလွန်ရင်းနှီးနေသောကြောင့်ဖြစ်သည်။
ပျယ်ယွီ ရှီမုန့်ချင်းကို ညွှန်ပြလိုက်သည်။
"သူက မြွေမိစ္ဆာပဲ”
"ကျွန်မ ဓားအင်မော်တယ်ရဲ့ တိုက်ရိုက်တပည့်ဖြစ်လာပြီးတဲ့နောက်မှာ ရှီမုန့်ချင်း မနာလိုဖြစ်ခဲ့တယ်၊ သူ ကျွန်မကို ဆေးခတ်ပြီး ဒီလျှို့ဝှက်နယ်မြေထဲခေါ်လာပြီး သတ်ဖို့ ကြံစည်ခဲ့တာ”
"နင့်မှာ ဘာသက်သေရှိလဲ?" ဟု အမျိုးသမီး အကြီးအကဲတစ်ဦးက မေးလိုက်သည်။ ထိုအကြီးအကဲသည် ပျယ်ယွီ ရုတ်တရက် တိုက်ရိုက်တပည့် ခန့်အပ်ခံရသည်ကို သိထားသည်။ ထိုအချိန်က ဂိုဏ်းချုပ်ခန်းမထဲရှိနေခဲ့သည်။ ထို့ကြောင့် ပျယ်ယွီ ပြောသည်မှာ ဖြစ်နိုင်ခြေရှိသည်။ ကျင့်ကြံခြင်းလောကမှာ မနာလိုမှုနှင့် နောက်ကျောကို ဓားနှင့်ထိုးခြင်းများက အဆန်းမဟုတ်ပါပေ။
"သူ့ကို ကြည့်လိုက်ပါဦး၊ ဗိုက်မှာ အပေါက်တစ်ပေါက်ရှိတာကလွဲရင် ကျွန်မ ဆီကအသတ်ခံရတော့မယ့်သူနဲ့ တူနေလား?"
ပျယ်ယွီက မိတ်ကပ်နှင့် ဆံပင်ပုံစံ ပျက်ယွင်းခြင်းမရှိသော ရှီမုန့်ချင်းကို ညွှန်ပြလိုက်သည်။ ထို့နောက် ပျယ်ယွီက သူမကိုယ်သူမ ပြန်ညွှန်ပြသည်
"ကျွန်မကို ကြည့်ပါဦး၊ အခုချိန်မှာ ကျွန်မကို သူတောင်းစားဂူထဲ ပစ်ထည့်လိုက်ရင်တောင် ဘယ်သူကမှ ကျင့်ကြံသူတစ်ယောက်လို့ မှတ်မိမှာ မဟုတ်ဘူး၊ ဘယ်သူက အသတ်ခံရတော့မယ့်သူလဲဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်ပါတယ်၊ ဒုက္ခရောက်နေတဲ့သူက ပြန်မခုခံရဘူးလား?"
ပျယ်ယွီသည် မြွေကြီး၏လိုက်လံတိုက်ခိုက်ခြင်းကို ခံရစဉ်က ပုံရိပ်ကို ဂရုမစိုက်ဘဲ မြေပြင်ပေါ်၌ အကြိမ်ကြိမ်လူးလှိမ့်ခဲ့ရခြင်း ဖြစ်သည်။
ပျယ်ယွီသည် သူမ၏ကြောက်မက်ဖွယ်ကောင်းသော အတွေ့အကြုံကိုပြောပြနေစဉ်မှာပင် ပုံမှန်အတိုင်း သူ့တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားသည်။ ၎င်းက သူမ ကြံ့ခိုင်မှုကို ပိုမိုပေါ်လွင်စေသည်။ ပျယ်ယွီ ပြောသည့်အတိုင်းပင် ရှီမုန့်ချင်းဆံပင်နှင့် အဝတ်အစားများမှာ သေသပ်နေပြီး၊ ပျယ်ယွီထံမှ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသူနှင့် လုံးဝ မတူပါပေ။
ထို့နောက် ပျယ်ယွီ ခေါင်းကိုထပ်မံမော့လိုက်သည်
"ရှင်တို့က နှစ်ပေါင်းတစ်ထောင်အကြာမှာ လင်းယွင်ဂိုဏ်းကို ဝင်ချင်နေသေးတဲ့ ပျယ်မိသားစုဝင်တွေကို မိစ္ဆာတွေလို့ သံသယဝင်နေတာပေါ့”
"အကယ်လို့ လင်းယွင်ဓားသခင်သာ အသက်ရှိသေးရင် ဒီလိုမျိုးတွေ ဖြစ်လာဖို့ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး”
ပျယ်ယွီသည် သူ့ Skill တစ်ခုဖြစ်သော ကိုယ်ကျင့်တရားဖြင့် ခြိမ်းခြောက်ခြင်း (Moral blackmail) ကိုအသုံးပြုလိုက်ခြင်းဖြစ်သည်။ ၎င်းက ပတ်ဝန်းကျင်ရှိသူများအား ကိုယ်ကျင့်တရားဆိုင်ရာ အထိနာမှု (Moral damage) ၅၀၀ ပေးစွမ်းနိုင်လေသည်။
လင်းယွင်ဂိုဏ်းမှ တပည့်များစွာမှာ ထိုစကားကို ကြားရသည့်အခါ ပျယ်ယွီအပေါ် သံသယဝင်နေမှုများမှာ မသိစိတ်က ယိမ်းယိုင်သွားကြတော့သည်။ ရှီမုန့်ချင်းသည် ရန်ကျန်းတောင်ပေါ်၌ နှစ်ပေါင်းရာချီ ပုန်းအောင်းနေခဲ့သူဖြစ်ရာ၊ သူမသည် သာမန်တပည့်များကြား၌ အလွန်ရေပန်းစားသူဖြစ်သဖြင့် အလွယ်တကူ လှည့်စား၍မရနိုင်ပေ။