Ch 3
Viewers 1k

☘️ Chapter 3


ဆန်ပြုတ်အဖြူမှာ ပြင်းထန်တဲ့ အနံ့အသက်မျိုး မရှိသော်လည်း အချိန်အတော်ကြာ ဗိုက်ဆာနေခဲ့သော လျန်လီအတွက်မူ သူ့နှာခေါင်းမှာ အလွန်အနံ့ခံကောင်းနေ၏။ ဆန်ပြုတ်ဖြူတစ်ခွက်၏အနံ့သည် မည်သည့် အစားအစာထက်မဆို ပိုမွှေးကြိုင် နေတော့သည်။


ဆန်ပြုတ်ရောက်လာသောအခါ သူသည် စားပွဲတင်အမူအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ပါးစပ်ထဲသို့ အလျင်အမြန်ပင် ခပ်ထည့်လိုက်တော့၏။


စားသောက်ပြီးနောက် သူသည် ရေနွေးအနည်းငယ် သောက်လိုက်ပြီးမှ အလွန်ငယ်ရွယ်သော ဓားသမားကိုကြည့်လိုက်သည်။


"သူရဲကောင်းကြီးယွင်၊ ကျွန်တော်တို့ ဘယ်ကို သွားကြမှာလဲ”


ယွင်ဟွေ့ကျိုးသည် ဤအခြေအနေကို ရယ်ချင်စရာဟု ထင်မှတ်နေမိ၏။ ဤကလေးမှာ ဘယ်သွားမှန်းပင် မသိဘဲနှင့် သူ့ကို အလိုက်တသိ ကပ်တွယ်နေပုံမှာ အတော်လေးရဲတင်းလှသည်။ လူကုန်ကူးခံရမှာကို မကြောက်ဘူးလား ?


ထို့ကြောင့် သူသည် ယုန်သူငယ်နှင့်တူသော ဤကောင်လေးကို ရည်ရွယ်ချက်ရှိရှိ ကျီစယ်လိုက်သည်မှာ "မင်းကို ရောင်းစားမလို့လေ”


အမှန်ပင် ထိုစကားကို ကြားလိုက်ရသောအခါ လျန်လီ မျက်လုံးများမှာ ဝိုင်းစက်သွားပြီး "ယွင်... ယွင်... သူရဲကောင်းကြီးယွင်၊ ကျွန်တော့်ကို နောက်နေတာမလား” ဟု ထစ်ထစ်ငေါ့ငေါ့ မေးရှာသည်။


ယွင်ဟွေ့ကျိုးသည် ကုလားထိုင်တွင် ပျင်းရိစွာ မှီထိုင်ရင်း ဘာမှမပြောဘဲ လျန်လီကို ပြုံး၍ကြည့်နေလိုက်၏။


လျန်လီမှာမူ ချက်ချင်း ချွေးများထွက်လာတော့သည်။


အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင်မှ ယွင်ဟွေ့ကျိုး နောက်ဆုံးစကားဆိုလာသည်။


"သိုင်းပြိုင်ပွဲကို သွားမှာ မင်းမှာ တကယ်ပဲ သွားစရာမရှိဘူးဆိုရင် အဲဒီမှာပဲ နေလို့ရပါတယ်”


လျန်လီမှာ ဘာပြောနိုင်ပါမည်နည်း။ ကြက်ကလေး ဆန်ကောက်သကဲ့သို့ ခေါင်းကိုသာ တဆက်ဆက် ငြိမ့်လိုက်မိပါတော့သည်။


သူတို့သည် ထိုတည်းခိုခန်းတွင် သုံးရက်ကြာနေထိုင်ခဲ့ကြပြီး ယွင်ဟွေ့ကျိုးက အစစအရာရာအကုန်အကျခံခဲ့သည်။ လျန်လီက ဘာမှမပြောသော်လည်း စိတ်ထဲတွင်မူ တိတ်တဆိတ် မှတ်သားထား၏။


မိမိခြေထောက်ပေါ်  မိမိ ရပ်တည်နိုင်သည့် တစ်နေ့တွင် ယွင်ဟွေ့ကျိုးကိုနှစ်ဆပြန်၍ ကျေးဇူးဆပ်မည်ဟု သူ တွေးထားသည်။


ယွင်ဟွေ့ကျိုးသည် ဤအရာများကိုများစွာ ဂရုမစိုက်သော်လည်း လျန်လီ ခန္ဓာကိုယ်မှာ အနည်းငယ်အားနည်းလွန်းလှသည်။ ခရီးအတူသွားမည်ဆိုလျှင် သူ့ကို အမြဲစောင့်ကြည့်နေရမည့်အပြင် တစ်ခါတစ်ရံတွင် အတွင်းအားအချို့ပင် ကူညီပေးရပေ လိမ့်မည်။


သို့မဟုတ်ပါက ဤရောဂါသည်ကောင်လေးမှာ လမ်းခုလတ်၌ပင် သေဆုံးသွားနိုင်ပေသည်။


တည်းခိုခန်းမှ ထွက်ခွာမည့်နေ့တွင် ယွင်ဟွေ့ကျိုးသည် သူ့ အဖိုးတန်မြင်းကို ထုတ်လာပြီး လျန်လီကို အပေါ်အောက် အကဲခတ်ကာ မေးလိုက်၏  "ဟေ့ ကောင်လေး၊ မင်း မြင်းစီးတတ်လား”


လျန်လီ မျက်နှာမှာ တောင့်တင်းသွားပြီး ခေါင်းမှာလည်း ရင်ဘတ်ထဲ ရောက်မတတ် ငုံ့သွားတော့သည်။


ယွင်ဟွေ့ကျိုးမှာ ခေါင်းခဲသွားရ၏။ ဤကလေး၏တုံ့ပြန်မှုမှာ မြင်းမစီးတတ်ကြောင်း သိသာထင်ရှားလှသည်။ သူသည် မိမိကိုယ် မိမိ လူတစ်ယောက်ကို ကယ်တင်ခဲ့ခြင်း မဟုတ်ဘဲ နတ်ဆိုးကလေးတစ်ကောင်ကို ကယ်တင်ခဲ့မိလေသလားဟု သက်ပြင်းချ လိုက်မိသည်။


ရှန့်လိုင်မြို့ ရောက်ရန်မှာ ဝေးကွာနေသေး၏။


သူသည် မိမိချစ်လှစွာသော မြင်းကလေးကို သနားကရုဏာဖြင့် ပုတ်ပေးလိုက်မိသည်။ မြင်းကလေးခမျာ ရက်အနည်းငယ်တော့ ပင်ပန်းရပေဦးမည်၊ သို့သော် အကောင်းဆုံး မြက်ခြောက်များဝယ်ကျွေးခြင်းဖြင့် ကျေးဇူးဆပ်ရပေမည်။


သခင်စိတ်ကို သိနေသကဲ့သို့ပင် ထိုအနက်ရောင်မြင်းကြီးမှာ နှာမှုတ်သံ ပေးလိုက်၏။


ယွင်ဟွေ့ကျိုးသည် မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး ခေါင်းငုံ့ကာ ငုံးကလေးတစ်ကောင်ကဲ့သို့ ဟန်ဆောင်နေသော လျန်လီကို ကြည့်ရင်း ကိုယ်ကိုကိုင်းကာ လက်လှမ်း၍ သူ့ကို ဆွဲမလိုက်ပြီး မိမိရှေ့တွင် ထိုင်ခိုင်းလိုက်သည်။


လျန်လီ ခန္ဓာကိုယ်မှာ အလွန်ပိန်လှသဖြင့် ရှေ့တွင် ထိုင်ရသည်မှာ ပြဿနာမရှိပေ။


အဆင်ပြေသွားသောအခါ ယွင်ဟွေ့ကျိုးသည် ဇက်ကြိုးကို ခါယမ်းလိုက်ရာ အနက်ရောင်မြင်းကြီးမှာ သူတို့နှစ်ဦးကို တင်ဆောင်၍ မြို့ပြင်သို့ အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။


မြို့ကို ကျော်လာသောအခါ ယွင်ဟွေ့ကျိုးသည် မိမိကယ်တင်ခဲ့သူမှာ ကောင်လေးတစ်ယောက် ဖြစ်နေ၍သာ တော်တော့သည်ဟု တွေးမိနေ၏။ အကယ်၍ မိန်းကလေးတစ်ယောက်သာ ဖြစ်ပါက ရှန့်လိုင်မြို့သို့ ခေါ်ဆောင်သွားရန်မှာ အမှန်တကယ် ပြဿနာတက်ပေလိမ့်မည်။


သို့သော် ယွင်ဟွေ့ကျိုးသည် အခြားလုပ်စရာမရှိသဖြင့် စောစီးစွာ ထွက်လာခဲ့ခြင်းဖြစ်ရာ အချိန်မှာမူ လုံလောက်မှု ရှိနေသေးသည်။


လျန်လီသည် ရောဂါမဖြစ်မီက တက်ကြွဖျတ်လတ်သော စရိုက်ရှိသူဖြစ်ရာ လမ်းတွင် ရက်အနည်းငယ်မျှ အတူဖြတ်သန်းပြီး နောက် ယွင်ဟွေ့ကျိုးမှာ ပေါင်းသင်းရလွယ်ကူသူဖြစ်ကြောင်း သိရှိသွားသည်။


ထို့ကြောင့် လျန်လီသည် ယွင်ဟွေ့ကျိုးကို စကားစမြည် အမြဲစပြောလေ့ရှိပြီး အပြင်လောကအကြောင်းကိုလည်း မေးမြန်းလေသည်။


"ဆရာယွင်၊ ကျွန်တော်က ရွာထဲက တစ်ခါမှ မထွက်ဖူးတော့ အပြင်လောကအကြောင်း ဘာမှမသိဘူး၊ ကျွန်တော့်ကို အဲဒီအကြောင်းလေးတွေ ပြောပြပေးလို့ ရမလား”


"မင်း ဘာအကြောင်း ကြားချင်လို့လဲ” ဟု ယွင်ဟွေ့ကျိုးက စိတ်ရှည်စွာ ပြန်မေးသည်။


"သိုင်းလောကအကြောင်း ဒါမှမဟုတ် နန်းတွင်းရေးရာတွေပေါ့” လျန်လီသည် ရှက်ကိုးရှက်ကန်းဟန်ဖြင့် ခေါင်းကို ကုတ်လိုက်ရင်း 


 "ကျွန်တော်က စာနည်းနည်းပါးပါး သင်ဖူးတယ်လေ”


ယွင်ဟွေ့ကျိုး သူ့ကို လှမ်းကြည့်လိုက်ပြီး "မင်းက နန်းတွင်းနဲ့ အဆက်အသွယ်ရှိလို့လား ? မင်းက ချိုက်ဟူရဲ့ လူတွေထဲကလား”


ဤစကားကြောင့် လျန်လီမှာ လုံးဝကို ကြောင်အသွားရ၏။


လျန်လီ အမူအရာကို မြင်သောအခါ ယွင်ဟွေ့ကျိုးက အသာအယာသက်ပြင်းချလိုက်ပြီး "မင်းက မင်းကြီးအပေါ် သစ္စာရှိတဲ့ အရာရှိကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ မင်း မွေးဖွားတဲ့ခေတ်က မှားနေပြီ၊ အကယ်၍ မင်းက အကျင့်ပျက်ခြစားတဲ့ အရာရှိတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ မင်း ခေတ်ကောင်းမှာမွေးဖွားလာတာပဲ”


"အဲလိုလား” လျန်လီက အံ့အားသင့်သည့်ပုံစံဖြင့် ကြည့်လိုက်သည်။


ဤသည်မှာ ဟန်ဆောင်ခြင်း မဟုတ်ပေ။ သူသည် ဤကဲ့သို့ အခြေအနေမျိုးကို အမှန်တကယ် မမျှော်လင့်ထားသလို ယွင်ဟွေ့ကျိုးက ဤမျှအထိ ပွင့်ပွင့်လင်းလင်းပြောလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။


သူသည် မူလပိုင်ရှင်၏အကန့်အသတ်ရှိသော မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေကြည့်ရင်း  "ဟား..." ဟု ခပ်တိုးတိုး အာမေဍိတ်သံ ပြုလိုက်မိသည်။


ဤကမ္ဘာမှာ အမှန်တကယ်ပင် ကောင်းသောကမ္ဘာမဟုတ်ပေ။ လွန်ခဲ့သော အနှစ်နှစ်ဆယ်ပတ်လုံး ဧကရာဇ်မင်းငယ်များ တစ်ပါးပြီးတစ်ပါး နန်းတက်နေသည့် သံသရာထဲလည်နေခဲ့သည်။


ချိုက်ဟု အစုအဖွဲ့သည် နန်းတွင်းကို နှစ်ပေါင်းများစွာထိန်းချုပ်ထားခဲ့ပြီး ဧကရာဇ်မင်းငယ်များ အရွယ်ရောက်လာသောအခါ အာဏာကို သဘာဝအတိုင်းပြန်လည်ရယူလိုကြသည်။


သို့သော် ၎င်းတို့မှာ အိုမင်းပြီးရောဂါဖြင့် ကွယ်လွန်သွားကြရ၏။ ထို့ကြောင့် ချိုက်ဟူအစုအဖွဲ့၏ ပရိယာယ်များဖြင့် နောက်ထပ် ဧကရာဇ်မင်းငယ်တစ်ပါးကို နန်းတင်ရန် ရွေးချယ်ကြပြန်သည်။


ဤသံသရာသည် နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သော်လည်း မည်သည့် ဧကရာဇ်မင်းငယ်မှ အသက်တစ်ဆယ့် နှစ်နှစ်ထက် ပိုမနေခဲ့ရပေ။


လက်ရှိ နန်းတွင်းမှာလည်း ချိုက်ဟူ၏နန်းတွင်းသာ ဖြစ်နေတော့သည်။


သူသာ အစိုးရစာမေးပွဲများ ဖြေဆိုလိုလျှင် အကျင့်ပျက်ခြစားခြင်းမရှိဘဲ အသက်ရှည်ရှည် နေနိုင်မည်မဟုတ်သလို၊ ဤကဲ့သို့ နန်းတွင်းတွင် မည်မျှပင် တော်သောအရာရှိဖြစ်စေကာမူ ရှုံးနိမ့်သွားရမည်မှာ အမှန်ပင်။


ဤခန္ဓာကိုယ်၏မူလပိုင်ရှင်မှာ ခန္ဓာကိုယ် အားနည်းပြီး ဘာမှမလုပ်နိုင်သည့်အပြင် အိမ်တွင် အလကားစားနေသူသာဖြစ်သည်။ ထို့ကြောင့် သူသည် ပညာတတ်တစ်ဦးဖြစ်ပါလျက်နှင့် သူ့အစ်ကိုနှင့် မရီးက သူ့ကို မနှစ်သက်ကြခြင်းဖြစ်သည်။


နန်းတွင်းက ဤအခြေအနေမျိုး ဖြစ်နေလျှင် သာမန်အရပ်သားတစ်ဦးအနေဖြင့် စီးပွားရေးလုပ်ကိုင်ရန်ပင် စိတ်မချရပေ။


သို့သော် နန်းတွင်းမှာ ယိုယွင်းနေသော်လည်း သိုင်းလောက၏ဖြောင့်မတ်သော လမ်းစဉ်မှာမူ ခိုင်မာနေဆဲ ဖြစ်သည်။


ဤနေရာမှ သိုင်းပညာများမှာ လျန်လီသိထားသည့် ခေတ်သစ်လောကမှ သိုင်းပညာများထက်များစွာ ပိုမိုနက်ရှိုင်းလှသည်။


နန်းတွင်း၏ အာဏာ အထွတ်အထိပ်သို့ ရောက်နေသည့် အချိန်တွင်ပင် ဤသိုင်းပညာရှင်များမှာ ရင်ပေါင်တန်းနိုင်ခဲ့ကြသည်။


သိုင်းမဟာမိတ် (Martial Arts Alliance) က ဦးဆောင်သော ဖြောင့်မတ်သည့်လမ်းစဉ်မှာ နန်းတွင်းနှင့် ထူးဆန်းသော အာဏာမျှ ခြေတစ်ခုကို ထိန်းသိမ်းထားပြီး တစ်ဦး၏ နယ်မြေကို တစ်ဦးက မကျူးကျော်ဘဲ နေထိုင်ကြသည်။


ကြီးမားသော ဂိုဏ်းအချို့မှာ ကျယ်ပြန့်သော နယ်မြေများကို အုပ်ချုပ်နိုင်ခြင်း မရှိသော်လည်း ၎င်းတို့ သတ်မှတ်ထားသော ဒေသများကိုမူ ထိန်းချုပ်နိုင်ကြပြီး ထိုဒေသများတွင် ငြိမ်းချမ်းရေးနှင့် စနစ်တကျရှိမှုကို ထိန်းသိမ်းထားနိုင်ကြသည်။


အနည်းငယ် စဉ်းစားပြီးနောက် လျန်လီသည် မိမိအနေဖြင့် အခြေချလိုပါက ကြီးမားသော ဂိုဏ်းတစ်ခုခု၏ စီရင်ပိုင်ခွင့်နယ်မြေအတွင်း အခြေချခြင်းမှာ အကောင်းဆုံးဖြစ်မည်ကို သိမြင်သွားသည်။


ထိုသို့တွေးရင်း လျန်လီ၏ မျက်လုံးများမှာ ဝေ့ဝဲသွားကာ မိမိ၏ပိန်လှီသော လက်မောင်းကို ကိုင်ကြည့်ပြီးနောက် ယွင်ဟွေ့ကျိုး၏ သန်မာသော လက်မောင်းကို ကြည့်ရင်း မနေနိုင်ဘဲ ပြောလိုက်သည်မှာ 


"သူရဲကောင်းကြီး၊ ကျွန်တော် သိုင်းပညာသင်ချင်ပါတယ်”


"ကျွန်တော့်ကို ကြည့်ပါဦး၊ ကျွန်တော့်မှာ မျှော်လင့်ချက်ရှိပါ့မလား”


ယွင်ဟွေ့ကျိုး  "မင်း ငါ့ကို နောက်နေတာလား”


ယွင်ဟွေ့ကျိုး ထိုသို့ပြောလိုက်သော်လည်း သူသည် လက်ကိုဆန့်၍ လျန်လီ လက်မောင်းကို ဖမ်းဆုပ်လိုက်သည်။


လျန်လီသည် အစပိုင်းတွင် အကြံဉာဏ်အချို့ ပေးရန် ရည်ရွယ်ခဲ့သော်လည်း ယွင်ဟွေ့ကျိုးအပြုအမူကို မြင်သောအခါ မျက်လုံးများ တောက်ပသွားပြီး ပါးစပ်ကို ပိတ်ထားလိုက်၏။


ဤသို့သော အရာမျိုးကို သူ တစ်ခါမှ မမြင်ဖူးသော်လည်း ဤသည်မှာ သူ၏ အရိုးတည်ဆောက်ပုံကို စစ်ဆေးခြင်းဖြစ်မည်ဟု သူ ထင်လိုက်သည်။ သူသည် ထူးခြားသော အရိုးတည်ဆောက်ပုံရှိသည့် သူရဲကောင်းလောင်း သို့မဟုတ် ရာစုနှစ်တစ်ခုတွင် တစ်ယောက်သာ ပေါ်ထွက်တတ်သည့် သိုင်းပါရမီရှင် ဖြစ်နေလေမလား ?


ယွင်ဟွေ့ကျိုး လက်သည် လျန်လီ လက်ကောက်ဝတ်မှ စတင်ကာ အကွာအဝေးတစ်ခုစီကို နှိပ်နယ်ရင်း လျန်လီပခုံးအထိ ရောက်ရှိသွားသည်။


လျန်လီသည် အဝတ်အစားများခံနေသော်လည်း ယွင်ဟွေ့ကျိုး၏လက်နှင့် ထိတွေ့သော နေရာများမှာ ပူနွေးနေပြီး ကြွက်သားများ ထဲတွင် နွေးထွေးသော လျှပ်စီးကြောင်းတစ်ခု စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။


လျန်လီ ဘယ်ဘက်လက်ကို နှိပ်ပြီးနောက် ယွင်ဟွေ့ကျိုးသည် ညာဘက်လက်သို့ကူးပြောင်းသွား၏။


ထို့နောက် သူသည် လျန်လီ၏နောက်ကျောဘက်သို့ သွားကာ လက်ဝါးကိုဖြန့်၍ ကျောပေါ်သို့ တင်လိုက်ပြီး ကျောရိုးတစ်လျှောက် ခါးအထိ ဖိချလိုက်သည်။


ယွင်ဟွေ့ကျိုး၏ထိတွေ့မှုမှာ ထိုနေရာတွင် ရပ်တန့်သွား၏။


ယွင်ဟွေ့ကျိုးသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လျန်လီ ရှေ့သို့ လျှောက်လာကာ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော ထိုလူငယ်၏မျက်ဝန်းများကို ကြည့်ရင်း နှုတ်ခမ်းကိုတွန့်လိုက်ကာ 


"မင်းရဲ့ သွေးကြောတွေက အားနည်းတယ်၊ အရိုးတည်ဆောက်ပုံကလည်း သာမန်ပဲ၊ ပြီးတော့ မင်းက အသက် တစ်ဆယ့်ခြောက် နှစ်တောင် ရှိနေပြီဆိုတော့ နည်းနည်းနောက်ကျသွားပြီ၊ သာမန်အတိုင်း လေ့ကျင့်မယ်ဆိုရင်တော့ ဘာမှ ထူးထူးခြားခြားဖြစ်လာမှာ မဟုတ်ဘူး”