☘️ Chapter 4
"ကျွန်တော် အသက် တစ်ဆယ့်ခြောက်နှစ်ဆိုတာ ခင်ဗျား ဘယ်လိုသိတာလဲ" ဟု လျန်လီက မေးမြန်းလိုက်သည်။
သူ့ဘက်က ထိုအကြောင်းကို အရင်ကပြောပြခဲ့ဖူးသည်ဟု မမှတ်မိပေ။
ယွင်ဟွေ့ကျိုး သူ့ကို တစ်ချက်လှမ်းကြည့်ကာ "ငါ အရိုးကိုစမ်းပြီး သိနိုင်တယ်"
လျန်လီ ဘာမှဆက်မပြောနိုင်မီမှာပင် ယွင်ဟွေ့ကျိုးက "မင်း စားလို့သောက်လို့ ပြီးပြီလား ? ပြီးပြီဆိုရင် ဆက်သွားကြမယ်"
ယွင်ဟွေ့ကျိုးသည် ထရပ်လိုက်ပြီး သူ့ အဖိုးတန်မြင်းရှိရာသို့ လျှောက်သွား၏။
လျန်လီကိုပါ ခေါ်ဆောင်လာရသဖြင့် အနက်ရောင်မြင်းကြီးမှာ လူနှစ်ယောက်ကို တင်ဆောင်ထားရရာ ယွင်ဟွေ့ကျိုးသည် သူတစ်ကိုယ်တည်း စီးနင်းစဉ်ကကဲ့သို့ အရှိန်ပြင်းပြင်း မစီးရဲတော့ဘဲ အရှိန်ကို များစွာလျှော့ချလိုက်ရသည်။
ထို့ကြောင့် သူတို့သည် သူမျှော်မှန်းထားသည်ထက် ရက်အနည်းငယ်နောက်ကျပြီးမှ ရှန့်လိုင်မြို့သို့ ရောက်ရှိခဲ့ကြသည်။
ရှန့်လိုင်မြို့မှာ လျန်လီ စတင်ရောက်ရှိခဲ့သော နေရာနှင့် မနီးလှဘဲ ယွင်ဟွေ့ကျိုးအနေဖြင့် သူ့ကိုခေါ်ဆောင်၍ နှစ်ရက်တိုင်တိုင် ခရီးနှင်ခဲ့ရသည်။
မြို့ဟု ခေါ်ဆိုသည့်အတိုင်း ၎င်း၏အတိုင်းအတာမှာ သူတို့အရင်က ဖြတ်သန်းခဲ့သော မြို့ငယ်လေးများထက် များစွာပိုမိုကြီးမားပြီး စည်ကားလှပေသည်။
ရှန့်လိုင်မြို့သည် အဓိက သိုင်းဂိုဏ်းကြီးတစ်ခုဖြစ်သော ချင်းဟုန်ဓားဂိုဏ်းတည်ရှိရာ တောင်ခြေတွင်ရှိသည်။
မူလက ၎င်းမှာ အနည်းငယ်ကြီးမားသော မြို့နယ်တစ်ခုသာ ဖြစ်သော်လည်း ဤနေရာတွင် သိုင်းပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ လာခဲ့ရာမှ တဖြည်းဖြည်းနှင့် မြို့ကြီးတစ်မြို့အဖြစ်သို့ ဖွံ့ဖြိုးတိုးတက်လာခြင်း ဖြစ်သည်။
နန်းတွင်းရှိ ရုန်းရင်းဆန်ခတ်မှုများသည် အဓိကဂိုဏ်းကြီးများကို အမှီပြု၍ ရှင်သန်နေကြသော ဤသို့သော မြို့များ၏ စနစ်တကျရှိမှုအပေါ် များစွာ သက်ရောက်မှု မရှိလှပေ။
ထို့ကြောင့် ၎င်းတို့မှာ အတော်ပင် သာယာဝပြောနေဆဲဖြစ်သည်။
လျန်လီသည် ရှန့်လိုင်မြို့ကို ဝိုင်းစက်သော မျက်လုံးများဖြင့် ဝေ့ဝဲကြည့်ရှုနေမိ၏။
ယွင်ဟွေ့ကျိုးသည် မြင်းကိုဆွဲ၍ ရှေ့မှ ဦးဆောင်သွားရင်း လျန်လီ လမ်းမပျောက်စေရန် ရံဖန်ရံခါ နောက်သို့ လှည့်ကြည့်ရ သေးသည်။
ချင်းဟုန်ဓားဂိုဏ်း၏အုပ်ချုပ်မှုအောက်ရှိ ရှန့်လိုင်မြို့မှာ အတော်အတန် အခြေအနေကောင်းသည်ဟု ဆိုနိုင်သော်လည်း၊
လက်ရှိသိုင်းပြိုင်ပွဲ ကျင်းပနေချိန်ဖြစ်သဖြင့် လူသူအလွန်ထူထပ်လွန်းနေသည်။
လူများလျှင် ပြဿနာမှာလည်း လိုက်ပါလာစမြဲပင်။ သိုင်းလောကတွင် ထူးဆန်းထွေလာ ပုဂ္ဂိုလ်များမှာလည်း မရှားလှရာ အကယ်၍ ဤရောဂါသည်ကောင်လေးသာ တစ်စုံတစ်ယောက်နှင့် မတော်တဆ တိုက်မိခဲ့ပါက အသာအယာ ထိတွေ့လိုက် ရုံမျှနှင့်ပင် သူ ကြေမွသွားနိုင်ပေသည်။
လျန်လီမှာမူ ယွင်ဟွေ့ကျိုးက သူ့အပေါ် ဤမျှအထိ စိုးရိမ်ပူပန်ပေးနေသည်ကိုမသိရှာပေ။
သို့သော် သူသည် အခြေမချနိုင်သေးမီအထိ ယွင်ဟွေ့ကျိုးကို အမြဲကပ်တွယ်ထားရမည်ကို သိရှိသဖြင့် လူကြီးအဝတ်ကို ဆွဲထားသော ကလေးငယ်တစ်ဦးကဲ့သို့ လမ်းမပျောက်စေရန် ယွင်ဟွေ့ကျိုးအဝတ်များကိုပင် လှမ်း၍ဆွဲကိုင်ထားလိုက်သည်။
ယွင်ဟွေ့ကျိုးသည် မိမိအဝတ်ကို ဆုပ်ကိုင်ထားသော လက်ကလေးကို ငုံ့ကြည့်လိုက်သော်လည်း ဖယ်ရှားပစ်ခြင်း မပြုခဲ့ပေ။
သူတို့နှစ်ဦးသည် တည်းခိုခန်းတစ်ခု၏အဝင်ဝသို့ ရောက်ရှိလာကြပြီး မြင်းကို စားပွဲထိုးထံအပ်နှံကာ အဆင့်မြင့်အခန်းတစ်ခန်း ငှားရမ်းလိုက်ကြသည်။
ယွင်ဟွေ့ကျိုးက တွန့်တို၍ အခန်းနှစ်ခန်း မငှားပေးခြင်း မဟုတ်ဘဲ လက်ရှိ ရှန့်လိုင်မြို့တွင် လူသူအလွန် များပြားနေသဖြင့် သူတို့ရောက်ရှိချိန်၌ ဤတည်းခိုခန်းတစ်ခုတွင်သာ အခန်းလွတ်ရှိတော့ခြင်း ဖြစ်ကာ ထိုအခန်းမှာလည်း တစ်ခန်းတည်းသာ ဖြစ်သည်။
အခန်းထဲသို့ ပစ္စည်းများ ပို့ဆောင်ပြီးနောက် ယွင်ဟွေ့ကျိုးက လျန်လီကို ပြောလိုက်သည်မှာ "မင်း လောလောဆယ် အခန်းထဲမှာပဲ ခဏနေဦး၊ ငါ အောက်ဆင်းပြီး စားစရာ တစ်ခုခု သွားရှာလိုက်ဦးမယ်”
လျန်လီသည် သူ့ ဗိုက်ကို ပွတ်သပ်ရင်း ခေါင်းညိတ်လိုက်၏။
သူ့တွင် ပြားစေ့တစ်စေ့မျှ မရှိသည့်အပြင် ယွင်ဟွေ့ကျိုးမှတစ်ပါး မည်သူ့ကိုမျှ မသိပေ။ သူသည် ယွင်ဟွေ့ကျိုး၏ ထောက်ပံ့မှု အပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရသူဖြစ်ရာ ယွင်ဟွေ့ကျိုး ပြောသမျှကို နားထောင်ရုံမှတစ်ပါး အခြားမရှိပေ။
ယွင်ဟွေ့ကျိုးသည် အောက်ထပ်သို့ ဆင်းသွားပြီး စားပွဲထိုးကို ရှာဖွေရန် ပြင်လိုက်စဉ်မှာပင် ရင်းနှီးသော အသံတစ်ခုက လှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရသည်။
"အစ်ကိုယွင်!"
သူသည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ဓားသမားတစ်ဦး သူ့ထံသို့ လျှောက်လာသည်ကို မြင်လိုက်ရ၏။
"ညီအစ်ကိုကျောက်" ဟု ယွင်ဟွေ့ကျိုးက ပြန်လည် ထူးလိုက်သည်။
...
လျန်လီ အိပ်ရာကို ပြင်ဆင်နေစဉ်မှာပင် တံခါးမှာ ရုတ်တရက်ပွင့်သွားတော့သည်။
ယွင်ဟွေ့ကျိုး အသံ ထွက်ပေါ်လာသည်မှာ "လျန်လီ၊ အပြင်မှာ သွားစားရအောင်၊ သူဌေးတစ်ယောက်က ဒကာခံမလို့တဲ့!"
ဒီကို လာတဲ့လမ်းတစ်လျှောက်မှာ ယွင်ဟွေ့ကျိုးက တည်းခိုခနဲ့ စားစရာတွေအတွက် တွန့်တိုခဲ့တာမျိုး မရှိပါဘူး။
ဒါပေမဲ့ လူတစ်ယောက်ပိုလာတဲ့အတွက် အသုံးစရိတ်ကလည်းပိုလာတော့ ငွေကြေးက မလွဲမသွေ ကျပ်တည်းလာပြီး ဆူဆူဖြိုးဖြိုး စားဖို့ဆိုတာက မဖြစ်နိုင်တော့ဘူးလေ။
အခုတော့ သူဌေးတစ်ယောက်က ဒကာခံမည်ဆိုသဖြင့် လျန်လီမှာ ချက်ချင်းတက်ကြွသွားတော့သည်။
သူသည် ကိုယ်ကို အမြန်မတ်လိုက်ပြီး အဝတ်အစားများကိုသပ်ရပ်အောင်ပြင်ဆင်ကာ ယွင်ဟွေ့ကျိုးထံသို့ လျှောက်သွားလိုက်၏။
"လာပြီ၊ လာပြီ" သူသည် ယွင်ဟွေ့ကျိုးကို မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်ရင်း
"မြန်မြန်သွားကြစို့၊ ဒကာခံမယ့်သူကို စောင့်မနေခိုင်းပါနဲ့"
"သွားကြမယ်" ယွင်ဟွေ့ကျိုး အချိန်မဆွဲဘဲ အခန်းတံခါးကို ပိတ်ကာ လျန်လီကို အောက်ထပ်သို့ ခေါ်ဆောင်သွားသည်။
အောက်ထပ်သို့ ဆင်းလာရင်း လျန်လီက မပြတ်မနား မေးမြန်းနေသည်မှာ "ဘယ်သူက ကျွေးမှာလဲ ? ပရဟိတပွဲလား ? သူငယ်ချင်းက ကျွေးတာလား ဒါမှမဟုတ် တစ်ယောက်ယောက်က ကျေးဇူးဆပ်တာလား"
ယွင်ဟွေ့ကျိုးက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
"သူငယ်ချင်းက ကျွေးတာပါ၊ ခဏနေရင် မင်းစားချင်တာ အကုန်မှာစား၊ အဲဒီကောင်က ပိုက်ဆံချမ်းသာတယ်၊ အများကြီးမှာ၊ ငါ့အတွက်ပါ မှာပေးလိုက်ဦး"
လျန်လီက ထပ်မံမေးမြန်းသည်။
"ငါ့အတွက်ပါ မှာပေးလိုက်ဦး ဆိုတာ ဘာကို ဆိုလိုတာလဲ ? ခင်ဗျားဘာသာ ခင်ဗျား မမှာဘူးလား”
ယွင်ဟွေ့ကျိုးက သူ့ကို လှည့်ကြည့်ကာ "ငါ့မှာလည်း သိက္ခာဆိုတာ ရှိသေးတယ်လေ"
လျန်လီသည် ခဏမျှ ကြောင်သွားပြီးမှ ယွင်ဟွေ့ကျိုး ဆိုလိုသည်ကို နားလည်သွား၏။
သူသည် ယွင်ဟွေ့ကျိုးကို "သူရဲကောင်းကြီး" ဟု အမြဲခေါ်နေသော်လည်း အမှန်စင်စစ် ယွင်ဟွေ့ကျိုးကို "လူငယ်သူရဲကောင်း" ဟု ခေါ်ဆိုခြင်းက ပိုသင့်လျော်ပေလိမ့်မည်။
သို့သော် ယွင်ဟွေ့ကျိုးက သူ့အသက်ကို ကယ်တင်ခဲ့သူဖြစ်သဖြင့် "သူရဲကောင်းကြီး" ဟု ခေါ်ဆိုခြင်းမှာလည်း ကျိုးကြောင်းဆီ လျော်လှပါသည်။
လူငယ်သူရဲကောင်းတစ်ဦးဖြစ်သည့်အားလျော်စွာ သူ့ သူငယ်ချင်းရှေ့တွင် မျက်နှာပျက်မခံနိုင်ပေ။ ငတ်မွတ်နေသော သရဲတစ်ကောင်ကဲ့သို့ အများကြီးမှာစားနေ၍ မဖြစ်ပေ။
ထို့ကြောင့် အသေအချာ စဉ်းစားပြီးနောက် ယွင်ဟွေ့ကျိုးက မှာယူရမည့် တာဝန်ကို လျန်လီထံလွှဲအပ်လိုက်ခြင်း ဖြစ်သည်။
လျန်လီက ယွင်ဟွေ့ကျိုး၏ပခုံးကို ပုတ်လိုက်ရင်း "စိတ်မပူပါနဲ့၊ ကျွန်တော့်ကိုသာ လွှတ်ထားလိုက်"
သူ့ လေးနက်ပြီး ယုံကြည်မှုအပြည့်ရှိသော အမူအရာကို မြင်သောအခါ ယွင်ဟွေ့ကျိုးသည် ပျော်ရွှင်စွာပြုံးလိုက်မိသည်။
သူတို့နှစ်ဦးသည် ရှန့်လိုင်မြို့ရှိ အကြီးဆုံးနှင့် အကျော်ကြားဆုံး စားသောက်ဆိုင်သို့ ရောက်ရှိလာကြပြီး အထပ်ပေါ်ရှိ သီးသန့်အခန်းတစ်ခုသို့ သွားခဲ့ကြသည်။
အခန်းထဲတွင် အပြာရောင်ဝတ်ရုံနှင့် ဓားသမားတစ်ဦး စားပွဲတွင် ထိုင်နေ၏။ သူတို့ ဝင်လာသည်ကို မြင်သောအခါ သူက ပြုံး၍ ဖန်ခွက်လွတ်နှစ်လုံးထဲသို့ လက်ဖက်ရည်ကောင်းများ လောင်းထည့်ပေးပြီးနောက် ထိုင်ရန်ဖိတ်ခေါ်လိုက်သည်။
ယွင်ဟွေ့ကျိုးသည် အပြာရောင်ဝတ်ရုံနှင့် ဓားသမား၏တည့်တည့်တွင် ထိုင်လိုက်ပြီး လျန်လီကမူ သူ့ ဘေးတွင် ထိုင်လိုက်သည်။
အပြာရောင်ဝတ်ရုံနှင့် ဓားသမားမှာ ချောမောသော မျက်နှာနှင့် တောက်ပသော မျက်ဝန်းများကို ပိုင်ဆိုင်ထား၏။ သူက လျန်လီကို ကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"ဒါက ညီအစ်ကိုလျန် ဖြစ်မယ်ထင်တယ်၊ ကျွန်တော်က ကျောက်ဟုန်လန်ပါ၊ ချင်းဟုန်ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ"
လျန်လီမှာ ဤအခြေအနေမျိုးတွင် အနည်းငယ် အနေရခက်နေ၏။ ခဏမျှ စဉ်းစားပြီးနောက် သူက ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်ပြီး "လျန်လီ လို့ပဲ ခေါ်ပါ"
သူ အဆင်မပြေဖြစ်နေသည်ကို မြင်သောအခါ ကျောက်ဟုန်လန် စကားဆက်မပြောတော့ဘဲ မှာယူရန် စားပွဲထိုးကိုခေါ်လိုက်သည်။
သို့သော် စားပွဲထိုး ရောက်လာသောအခါ လျန်လီမှာ တစ်စုံတစ်ခုကို စဉ်းစားနေပုံရပြီး တိတ်ဆိတ်နေသဖြင့် ယွင်ဟွေ့ကျိုးမှာ အနည်းငယ် စိတ်ပူသွား၏။
သူသည် စားပွဲအောက်မှနေ၍ လျန်လီကို အသာအယာကန်လိုက်သည်။
လျန်လီ သတိပြန်ဝင်လာပြီး ယွင်ဟွေ့ကျိုး ပေးအပ်ထားသော တာဝန်ကို ချက်ချင်းသတိရသွားကာ စားသောက်ဆိုင်ရှိ ဟင်းလျာများအကြောင်းကို အသေအချာမေးမြန်းတော့သည်။
လျန်လီသည် ပိန်လှီပြီး ရောဂါသည်ရုပ် ပေါက်နေသဖြင့် ချင်းဟုန်ဓားဂိုဏ်း၏ဤမျိုးဆက်တွင် အကြီးဆုံးတပည့်ဖြစ်သော ကျောက်ဟုန်လန်က သူ့အား မိမိ၏ညီငယ်၊ ညီမငယ်များ အရွယ်လောက်သာမြင်သဖြင့် ပိုကြင်နာစွာဆက်ဆံပေးရှာသည်။
သူ့ကို စိတ်ကြိုက်မှာခိုင်းထားပြီး သူကမူ ယွင်ဟွေ့ကျိုးနှင့် စကားပြောနေ၏။
သူတို့သည် သိုင်းပညာနှင့် သိုင်းလောက အရေးအရာများအကြောင်း ပြောဆိုနေကြသည်။
လျန်လီသည် သိုင်းပညာအကြောင်း များစွာ နားမလည်သဖြင့် သိုင်းလောက အကြောင်းအရာများကို အတင်းအဖျင်း သတင်းများကဲ့သို့သာ နားထောင်နေမိသည်။
ထို့ပြင် သူသည် တစ်စုံတစ်ခုကိုလည်း စဉ်းစားနေ၏။
ကျောက်ဟုန်လန်…
ထိုနာမည်က ရင်းနှီးနေသလိုလို ရှိသည်။
သူသည် အရင်က ဤကမ္ဘာမှ လူတစ်ယောက် မဟုတ်ပေ။
ခေတ်သစ်လောကတွင် သူသည် အချိန်အတော်များများကို ဆေးရုံတွင်သာ ကုန်ဆုံးခဲ့ရသဖြင့် လူများစွာကို မသိပေ။ ထိုသူများထဲတွင် ကျောက်ဟုန်လန် ဆိုသည့် နာမည်မျိုး မရှိသလို ကျောက်ဆိုသည့် မျိုးရိုးအမည်ရှိသူပင် မရှိခဲ့ပေ။
သူသည် မူလပိုင်ရှင်မှတ်ဉာဏ်များကိုလည်း အသေအချာ ပြန်လည်ရှာဖွေကြည့်သော်လည်း မူလပိုင်ရှင်မှာ ကျောက်ဟုန်လန် ဆိုသူကို မသိကြောင်းသာတွေ့ရသည်။
လျန်လီသည် ဇဝေဇဝါဖြစ်နေ၏။ ဤကဲ့သို့ ရင်းနှီးနေသည့် ခံစားချက်မှာ မည်သည့်နေရာမှ ရောက်ရှိလာခြင်းဖြစ်သနည်း။