Ch 5
Viewers 1k

☘️ Chapter 5


သူ စဉ်းစား၍မရမီမှာပင် ဟင်းပွဲများ ရောက်ရှိလာတော့သည်။


ဟင်းနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာပြီးနောက် "စားချင်စိတ်" က သူ့စိတ်ကို ချက်ချင်း လွှမ်းမိုးသွားရာ အခြားအရာများကို စဉ်းစားရန် အချိန်မရှိတော့ပေ။


ယွင်ဟွေ့ကျိုး မျက်နှာတွင် အမူအရာ တစ်စုံတစ်ရာ ပေါ်မလာသော်လည်း သူ့ကို အကဲခတ်နေသော လျန်လီကမူ ပေါင်ပေါ်တွင် တင်ထားသည့် သူhလက်ကလေး အနည်းငယ် လှုပ်ရှားသွားသည်ကို သတိပြုမိလိုက်သည်။


လွန်ခဲ့သော ရက်အနည်းငယ်ပတ်လုံး ယွင်ဟွေ့ကျိုးနှင့်အတူ စားသောက်နေထိုင်လာခဲ့သော လျန်လီသည် ယွင်ဟွေ့ကျိုး အလွန်စားချင်နေပြီဖြစ်ကြောင်း သိလိုက်၏။


မိမိက ယွင်ဟွေ့ကျိုးနောက်သို့ အရှက်မရှိ လိုက်လာပြီး စားစရိတ်များကို ဝေမျှသုံးစွဲနေသည်ကို တွေးမိကာ၊ ဟင်းအချို့ ရောက်လာပြီးနောက်တွင် လျန်လီသည် ဗိုက်အလွန်ဆာ၍စားချင်နေသော်လည်း စားရန်အားနာနေသည့်ဟန်ဖြင့် ရည်ရွယ်ချက်ရှိရှိ သရုပ်ဆောင်လိုက်သည်။


ယွင်ဟွေ့ကျိုးကလည်း သူ့ကို လှမ်းကြည့်ခြင်းဖြင့် ပူးပေါင်းပေးသလို၊ ကျောက်ဟုန်လန်ကလည်း လျန်လီ၏ အမူအရာကို သတိပြုမိသွားသည်။


သူက ကျီစယ်လိုက်သည်။


"ကျွန်တော် အစ်ကိုယွင်နဲ့ မတွေ့ရတာ ကြာပြီဆိုတော့ စကားကောင်းနေတာနဲ့ ညီအစ်ကို လျန်လီကို ဂရုမစိုက်မိသလို ဖြစ်သွားတယ်၊ ညီအစ်ကို လျန်လီ၊ ဒီနေ့ တောင်းပန်တဲ့အနေနဲ့ အများကြီး စားပေးပါဦး”


လျန်လီ မျက်လုံးများမှာ ချက်ချင်း တောက်ပသွားပြီး သူ့တူကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ကာ ယွင်ဟွေ့ကျိုးနှင့် ကျောက်ဟုန်လန်တို့ကို တစ်လှည့်စီကြည့်လိုက်သည်။ သူ့ မေးခွန်းထုတ်နေသောအကြည့်မှာ သိသာထင်ရှားလှ၏။


"ကျွန်တော်တို့ စစားကြတော့မလား" ကျောက်ဟုန်လန် တဟားဟား ရယ်မောရင်း သူတို့နှစ်ဦးကို စားရန်တိုက်တွန်းလေသည်။


စားသောက်နေစဉ်အတွင်း လျန်လီသည် ကျောက်ဟုန်လန်အား ရက်ရောပြီး ကြင်နာတတ်သူတစ်ဦးအဖြစ် စိတ်ထဲမှ သတ်မှတ်လိုက်သည်။


စားသောက်ပြီးနောက် ကျောက်ဟုန်လန်သည် လျန်လီနှင့် ယွင်ဟွေ့ကျိုးကို ခေါ်ဆောင်၍ ရှန့်လိုင်မြို့တစ်ပတ် လမ်းလျှောက်ထွက်ခဲ့ကြ၏။


သူတို့သည် ချင်းဟုန်ဓားဂိုဏ်း၏ တပည့်များ ဖြစ်ကြသဖြင့် ရှန့်လိုင်မြို့ရှိ လူများစွာက ကျောက်ဟုန်လန်ကို သိကြပြီး လျန်လီနှင့် ယွင်ဟွေ့ကျိုးတို့မှာ သူနှင့်အတူ ဈေးဝယ်ရာတွင် လျှော့ဈေးပင်ရရှိခဲ့ကြသေးသည်။


ယခုတစ်ကြိမ်တွင်မူ ယွင်ဟွေ့ကျိုးက ငွေရှင်းပေး၏။ အဘယ်ကြောင့်ဆိုသော် သူသည် ကျောက်ဟုန်လန်ထံမှ ကောင်းမွန်သော ဟင်းလျာများကို စားသောက်ခဲ့ပြီးဖြစ်ရာ အပြင်ထွက် ဈေးဝယ်ရာတွင် တစ်ပြားတစ်ချပ်မျှ အကုန်အကျမခံဘဲ နေရန်မှာ မသင့်တော်သောကြောင့် ဖြစ်သည်။


သို့သော် လျန်လီသည် ယွင်ဟွေ့ကျိုး၏လက်ရှိ ငွေရေးကြေးရေး အခြေအနေကို သိရှိသဖြင့် ဘာမျှဝယ်ရန် ရည်ရွယ်ချက်မရှိဘဲ လိုက်လံကြည့်ရှုရုံသာ ပြုလုပ်ခဲ့သည်။


သူတို့သုံးဦး လမ်းလျှောက်ထွက်သည်မှာ မကြာသေးမီမှာပင် ချင်းဟုန်ဓားဂိုဏ်းမှ တပည့်တစ်ဦးက ကျောက်ဟုန်လန်ကို လာရောက်ရှာဖွေသည်။


"ရှစ်ရှုန်း၊ ချွီရှစ်ကျဲပြန်ရောက်လာပါပြီ။ ဆရာက အစ်ကို့ကို ပြန်လာဖို့ ပြောလိုက်ပါတယ်”


ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်ဟုန်လန်၏နွေးထွေးသော အပြုံးမှာ ပိုမိုနက်ရှိုင်းသွား၏။ သူသည် လျန်လီနှင့် ယွင်ဟွေ့ကျိုးကို လက်သီးဆုပ်ကာနှုတ်ဆက်လိုက်ပြီး "အစ်ကိုယွင်၊ ညီအစ်ကိုလျန်၊ ဒါဆိုရင်တော့ ကျွန်တော့်ကို ခွင့်ပြုပါဦး" 


လျန်လီသည်လည်း ယွင်ဟွေ့ကျိုး၏ အမူအရာအတိုင်း လိုက်လံလုပ်ဆောင်ရင်း ကျောက်ဟုန်လန်ကို နှုတ်ဆက်လိုက်၏။


ထို့နောက် သူတို့နှစ်ဦးသည် တည်းခိုခန်းရှိရာသို့ ဦးတည်လျှောက်လှမ်းလာကြသည်။ စောစောက ချင်းဟုန်ဓားဂိုဏ်း တပည့်ဖြစ်သူ ပြောသွားသော "ချွီရှစ်ကျဲ" ဆိုသည့် စကားကြောင့် လျန်လီသည် စားသောက်ဆိုင်တွင် ကျောက်ဟုန်လန်နာမည်ကို ကြားစဉ်က ခံစားခဲ့ရသော ထိုရင်းနှီးသည့် ခံစားချက်ကို ပြန်လည် သတိရသွားမိသည်။


သို့သော် ထိုရင်းနှီးမှုမှာ မည်သည့်နေရာမှ လာသည်ကို သူ စဉ်းစား၍ မရသေးဘဲ တည်းခိုခန်း အဝင်ဝသို့ ရောက်သည့်တိုင်အောင် အတွေးများထဲတွင် နစ်မျောနေခဲ့၏။


ရုတ်တရက် ယွင်ဟွေ့ကျိုးက လက်လှမ်း၍ သူ့ကို ဆွဲလိုက်သည်။ လျန်လီက သူ့ကို ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်ရာ ယွင်ဟွေ့ကျိုးက ရှေ့ကို ညွှန်ပြရင်း "လမ်းကို သေချာကြည့်ပြီး လျှောက်ဦး” 


လျန်လီသည် သူညွှန်ပြရာသို့ ကြည့်လိုက်သောအခါ တံခါးခုံကို မြင်လိုက်ရ၏။ အကယ်၍ သူသာ စောစောကကဲ့သို့ အတွေးလွန်ပြီး ဆက်လျှောက်သွားပါက ထိုတံခါးခုံနှင့် တိုက်မိ၍ လဲကျသွားပေလိမ့်မည်။


သူတို့နှစ်ဦး အပေါ်ထပ်ရှိ အခန်းသို့ ရောက်သောအခါ ယွင်ဟွေ့ကျိုးက ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ကုလားထိုင်တစ်လုံးကို ပြတင်းပေါက်နားသို့ ရွှေ့၍ ထိုင်လိုက်သည်။ လျန်လီမှာမူ အိပ်ရာကို ဆက်လက်ပြင်ဆင်နေ၏။


ရုတ်တရက် ယွင်ဟွေ့ကျိုးက စကားစလာသည်မှာ  "မင်း တကယ်ပဲ သိုင်းပညာ သင်ချင်တယ်ဆိုရင် ချင်းဟုန်ဓားဂိုဏ်းက နေရာကောင်းတစ်ခုပဲ၊ ငါသာ ကျောက်ဟုန်လန်ကို ပြောပေးမယ်ဆိုရင် မင်း ချင်းဟုန်ဓားဂိုဏ်းထဲ ဝင်နိုင်ဖို့အတွက် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး”


လျန်လီသည် သူ့ကို အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်သည်။ ယွင်ဟွေ့ကျိုးက သူ သိုင်းပညာသင်လိုသည့် ကိစ္စကို တိုက်ရိုက် မဖြေကြားခဲ့စဉ်ကတည်းက သူသည် စိတ်ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ၏ ပါရမီက မကောင်းလွန်းဘဲ သင်ယူရန်လည်း အသက်ကြီးလွန်းနေပြီကို သူ စိုးရိမ်ခဲ့သည်။


ယွင်ဟွေ့ကျိုး၏သိုင်းပညာမှာ ဤကမ္ဘာတွင် မည်သည့်အဆင့် ရှိသည်ကို သူ မသိသော်လည်း၊ ကျောက်ဟုန်လန်နှင့် သိကျွမ်းပြီး သိုင်းပညာအကြောင်းများ ပြောဆိုနိုင်သည်ကို ကြည့်ခြင်းဖြင့် ယွင်ဟွေ့ကျိုးမှာ လူငယ်များထဲတွင် ထိပ်တန်း သိုင်းပညာရှင်တစ်ဦး ဖြစ်ကြောင်း သူ သိလိုက်၏။


ကျောက်ဟုန်လန်မှာ ချင်းဟုန်ဓားဂိုဏ်း၏အကြီးဆုံးတပည့် ဖြစ်သည့်အပြင် လက်ရှိ သိုင်းမဟာမိတ် ခေါင်းဆောင်မှာလည်း ချင်းဟုန်ဓားဂိုဏ်း၏ဂိုဏ်းချုပ်ပင်။


ထို့ကြောင့် ယွင်ဟွေ့ကျိုး၏ဂိုဏ်း သို့မဟုတ် သူ့ဆရာမှာလည်း ထူးခြားသူတစ်ဦး ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော အစွမ်းထက်သည့် ပုဂ္ဂိုလ်များမှာ တပည့်များ၏ပါရမီနှင့် ပတ်သက်၍ သတ်မှတ်ချက် အချို့ ရှိကြပေလိမ့်မည်။


"ဆရာယွင်၊ ဆရာက ဘယ်ဂိုဏ်းကလဲဟင်” လျန်လီသည် အတော်ကြာ စဉ်းစားပြီးမှ ဤမေးခွန်းကို နောက်ဆုံးတွင် မေးလိုက်သည်။


သူသည် ဤသိုင်းဂိုဏ်းများနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိပေ။ သူ အသေအချာ သိသည်ဟု ဆိုနိုင်သော တစ်ဦးတည်းသော သူမှာ ယွင်ဟွေ့ကျိုးဖြစ်ပြီး သူနှင့်အတူ ရှိနေချိန်တွင် အလွန်သက်သောင့်သက်သာ ခံစားရသည်။


ကျောက်ဟုန်လန်မှာလည်း အလွန်ကောင်းမွန်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သိုင်းပညာရှင်တစ်ဦး ဖြစ်သော်ငြားလည်း ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်း အသွင်အပြင် ရှိသည်။


သူသည် စားသောက်ချိန်တွင်လည်း လျန်လီအပေါ် များစွာ ထောက်ထားညှာတာပေးသော်လည်း၊ ယွင်ဟွေ့ကျိုးနှင့်အတူ ရှိနေရသကဲ့သို့ သက်သောင့်သက်သာ မရှိလှပေ။


"ငါ့ဂိုဏ်းက ချင်းဟုန်ဓားဂိုဏ်းနဲ့ ယှဉ်လို့မရပါဘူး” ဟု ယွင်ဟွေ့ကျိုးက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။


လျန်လီမှာ ဤစကားကို မည်သို့ ပြန်ပြောရမည်မှန်း မသိတော့ပေ။ သူသည် ခေါင်းကို ကုတ်လိုက်ရင်း မိမိအနေဖြင့် ဂိုဏ်း၏ အဆင့်အတန်းကို ဂရုမစိုက်ကြောင်းနှင့် အဓိကမှာ နေစရာနေရာတစ်ခု ရှာလိုခြင်းသာဖြစ်ကြောင်း ပြောလိုသော်လည်း၊


ထိုစကားကို ပြန်မျိုချလိုက်မိသည်။ ထိုသို့ပြောလိုက်ခြင်းက သူ့သိုင်းပညာ သင်ယူလိုသော စိတ်ဓာတ်ကို အားနည်းသယောင် ထင်ရစေမည်ဟု သူ ခံစားရသောကြောင့် ဖြစ်၏။


ကံကောင်းထောက်မစွာဖြင့် ယွင်ဟွေ့ကျိုးက ဤမေးခွန်းမှာ ဖြေရခက်မှန်း သိသလို၊ လျန်လီမှာ သိုင်းလောက၏ အစဉ်အလာများကို လုံးဝ နားမလည်သေးသည်ကိုလည်း သိသဖြင့် ဆက်လက်ပြောကြားသည်မှာ  "ငါ့နေရာက ဒီကနေ သိပ်ဝေးတယ်၊ သိုင်းပြိုင်ပွဲ ပြီးသွားရင်တောင် အဲဒီကို ရောက်ဖို့ ဆယ်ရက်ကနေ လဝက်လောက် ခရီးနှင်ရဦးမယ်”


လျန်လီက ပြန်လည်ဖြေကြားသည်မှာ  "ဒါဆိုရင်... ကျွန်တော်တို့ ခရီးသွားကြတာပေါ့”


"ကောင်းပြီလေ” ဟု ယွင်ဟွေ့ကျိုးက ဆိုသည်။


ယွင်ဟွေ့ကျိုးထိုစကားကြောင့် လျန်လီ စိုးရိမ်နေသော စိတ်မှာ နောက်ဆုံးတွင် တည်ငြိမ်သွားတော့သည်။


"ဒါနဲ့၊ ငါ့ကို 'သူရဲကောင်းကြီး၊ သူရဲကောင်းကြီး' လို့ပဲ မခေါ်နေပါနဲ့တော့။ 'သူရဲကောင်းကြီး' ဆိုတာက အသက်အရွယ်ထက် ဂုဏ်သတင်းကို ပိုကြည့်တာ မှန်ပေမဲ့၊ မင်းက နေ့တိုင်း အဲလိုခေါ်နေတော့ ငါ ဆယ်စုနှစ်တွေလောက် အိုသွားသလို ခံစားရတယ်” 


လျန်လီက သူ့ကို မေးလိုက်သည်မှာ  "ဒါဆိုရင် 'လူငယ်သူရဲကောင်း' လို့ ခေါ်ရမလား”


"ငါ့နာမည်အတိုင်းပဲ ခေါ်ပါ” 


နောက်ရက်များတွင် ကျောက်ဟုန်လန်သည် ထပ်မံမရောက်ရှိလာတော့သလို၊ သူတို့နှစ်ဦးမှာလည်း အပြင်သို့ မထွက်ဘဲ တည်းခိုခန်းထဲ၌သာ နေထိုင်ကြသည်။ ပထမအချက်မှာ သူတို့ သွားချင်သည့် နေရာမျိုး မရှိခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ ငွေစုလိုခြင်းဖြစ်သည်။


အကယ်၍ ငွေကုန်သွားပါက ယွင်ဟွေ့ကျိုးအနေဖြင့် နောက်ထပ် ငွေရှာရန် နည်းလမ်း ရှာရပေဦးမည်။


သို့သော် လျန်လီမှာမူ တည်းခိုခန်းတွင် နေထိုင်သည့် ရက်များအတွင်း အလကားမနေခဲ့ပေ။ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာ စာဖတ်ခြင်းနှင့် စာရေးခြင်း လေ့ကျင့်ခဲ့သူဖြစ်ရာ၊ လျန်လီသည် ထိုခန္ဓာကိုယ်၏ မှတ်ဉာဏ်အချို့ကို ဆက်လက် ပိုင်ဆိုင်ထား၏။


ထို့ကြောင့် သူသည် စာကူးသည့် အလုပ်အချို့ကို လုပ်ဆောင်ခဲ့သည်။


အမှန်စင်စစ် ပညာတတ်ဆိုသည်မှာ နဂိုကတည်းကပင် ရှားပါးလှပြီး၊ စာကူးရန် အချိန်နှင့် စိတ်ရှည်မှုရှိသူမှာ ပိုရှားပါးလှသည်။


သိုင်းလောကရှိ လူအများစုမှာ စာဖတ်ရုံသာ တတ်ကြပြီး၊ စာရေးနိုင်ကြသော်လည်း စာကူးသည့်အလုပ်ကိုမူ အမှန်ပင် မလုပ်ဆောင်နိုင်ကြပေ။


ထို့ကြောင့် လျန်လီ ပထမဆုံး အလုပ်တစ်ခု လက်ခံလိုက်ပြီးနောက်တွင် အလုပ်များစွာ ရောက်ရှိလာပြီး အခကြေးငွေမှာလည်း မနည်းလှပေ။


အမှန်စင်စစ် လျန်လီသည် အလုပ်တိုင်းကို လက်မခံဘဲ အချိန်တိုအတွင်း အခကြေးငွေ ကောင်းမွန်သော အလုပ်များကိုသာ ရွေးချယ်လုပ်ကိုင်ခဲ့သည်။


သူသည် နောက်ဆုံး စာအုပ်ကို ကူးပြီးနောက် စာအုပ်ဆိုင်သို့ သွားရောက်အပ်နှံကာ အခကြေးငွေ ယူလိုက်စဉ်မှာပင်၊ ဆိုင်ပိုင်ရှင်က သူ့ကို နောက်ထပ် အလုပ်များ လုပ်ချင်သေးသလားဟု မေးမြန်းခဲ့သည်။


လျန်လီ ခဏမျှ စဉ်းစားလိုက်၏။ သိုင်းပြိုင်ပွဲ၏ ရှည်လျားလှသော လုပ်ထုံးလုပ်နည်းများမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ၊ မနက်ဖြန်တွင် သူ အမျှော်လင့်ဆုံး ဖြစ်သည့် ဂိုဏ်းအသီးသီးမှ တပည့်များ၏ သိုင်းပြိုင်ပွဲ အပိုင်း စတင်တော့မည် ဖြစ်သည်။


ယွင်ဟွေ့ကျိုးမှာလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ သူသည် ထိုပြိုင်ပွဲများကို ကြည့်ရှုလိုသည်။


ထို့ကြောင့် သူသည် ဆိုင်ရှင်ကို ဦးညွှတ်ကာ  "လောလောဆယ်တော့ ထပ်မယူတော့ပါဘူး။ ကျွန်တော် သိုင်းပြိုင်ပွဲတွေကို သွားကြည့်ချင်လို့ပါ” ဟု ဆိုခဲ့သည်။


ဤကဲ့သို့သော လူငယ်တစ်ဦးမှာ သိုင်းပြိုင်ပွဲများ ကြည့်ရှုရခြင်းကို နှစ်သက်တတ်မှန်း ဆိုင်ရှင် သိသလို၊ ယွင်ဟွေ့ကျိုးမှာလည်း ဘခင်က လျန်လီအတွက် စာအုပ်များလာရောက်ပို့ဆောင်ပေးရန် နှစ်ကြိမ်တိုင်တိုင် ကူညီပေးခဲ့ဖူးသည်။