အပိုင်း (၁၂) မအိပ်တန်း တွေ့ဆုံပွဲ
ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင် မည်မျှရယ်စရာကောင်းနေသည်ကို စိတ်ထဲက ရေရွတ်လိုက်လေသည်။ သူက တကယ့်ကို ပျင်းစရာကောင်းတဲ့ ဘူးသီးခြောက်ဆိုပေမဲ့ တစ်ခါတလေကျတော့လည်း ချစ်စရာကောင်းတဲ့အခြမ်းလေးကို ထုတ်ပြတတ်သားပဲ။ သူ့အရင်ဘဝက တစ်ကိုယ်တည်းလူပျိုကြီးအဖြစ်ပဲ ရှိနေတာလား မသိဘူး။ မိန်းကလေး ဘယ်နှစ်ယောက်ကတောင်များ ဝိုင်းဝိုင်းလည်နေပြီး သူ့ဆီ ပြေးဝင်ကြတဲ့သူ ဘယ်နှစ်ယောက်များ ရှိနေမလဲမသိဘူး။
ဒါပေမဲ့ ဒီဘဝမှာတော့ အဲဒီမြှူဆွယ်တတ်တဲ့ဟာလေးတွေတော့ အခွင့်အရေးမရှိတော့ပါဘူး။ ဒီအလားအလာရှိတဲ့ စတော့ကို ငါက သိမ်းပိုက်ထားလိုက်ပြီလေ။
ရွှီရှောင်ကျောင်းသည် သူမ၏အနာဂတ်ဘဝကို ငါးဆားနယ်လေးတစ်ကောင်အဖြစ် တဖန် စဥ်းစားမိလိုက်ပြီး အားရကျေနပ်ကာ အပြင်ထွက်လာပြီး စုန့်ဝေဖျင်နှင့်အတူ ဧည့်သည်များကို ကြိုဆိုလိုက်တော့သည်။
သူတို့သည် လူအများကြီးကို မဖိတ်ထားပေ။ ရွှီရှောင်ကျောင်းဖက်တွင် သူမ၏ပညာတတ်လူငယ် သူငယ်ချင်းများ ဖြစ်သည့် ဝမ်ကွေးယွဲ့နှင့် ကျိုးဖင့်ရှန်းတို့လာသည်။ ဝူချွန်းဟွားက သူမနှင့် ဆက်ဆံရေးကောင်းမွန်သည့် အိမ်နီးချင်းနှစ်ယောက်ကို ဖိတ်သည်။ ကျန်တာကိုတော့ စုန့်ဝေဖျင်က ဖိတ်ထားခြင်းပင်။ သူက ရွာဌာနခွဲစာရေးကြီး၊ ဌာနခွဲခေါင်းဆောင်လင်မယား၊ ပြီးခဲ့သည့် အခေါက်က ခရီးအတူတူထွက်ခဲ့ကြသည့် သယ်ယူပို့ဆောင်ရေးအဖွဲ့က လူများကို ဖိတ်လိုက်သည်။ အဘွားစုန့်၏ အမေဘက်က မိသားစုမှ မောင်လေးများက ငယ်ရွယ်ဟန်တူသည့် ဝမ်းကွဲဦးလေးကို ခေါ်ထားသည်။
အားလုံးပေါင်းမှ စားပွဲနှစ်လုံးသာ ရှိလေသည်။
လူကြီးများ ရောက်လာကြသည်။ နှုတ်ဆက်စကားပြောလိုက်ကြပြီးနောက် ကျိုးဖင့်ရှန်းနှင့် ဝမ်ကွေးယွဲ့တို့က ရွှီရှောင်ကျောင်းကို အခန်းထဲသို့ ဆွဲခေါ်သွားကြသည်။ သူတို့သည် ကျေးလက်သို့ အတူတူ ရောက်လာခဲ့ကြကြီး အမြဲတမ်း ပြောစရာစကားများ ရှိကြလေသည်။
“ရှောင်ကျောင်း နင် ဒီနေ့ တကယ်ကြည့်လို့ကောင်းလိုက်တာ”
ကျိုးဖင့်ရှန်းသည် ပထမဆုံးအဖြင့် အနီရောင်ဂါဝန်ဝတ်ထားသည့် သူမကို မြင်လိုက်ရသောအခါ အကြည့်မခွာနိုင်အောင်ပင်။
အားကျစိတ်များက ဝမ်ကွေးယွဲ့၏ မျက်လုံးထဲတွင် ဖျတ်ခနဲလက်သွားပြီး
“ပြောရအုံးမယ်နော်၊ အခု ရှောင်ကျောင်းက မိန်လင်ရွာရဲ့ ပန်းလေးတစ်ပွင့်ဖြစ်သွားပြီ”
ကျိုးဖင့်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီး
“ငါ့အထင်တော့ စုန့်ဝေဖျင်က တကယ်ဂရုစိုက်တတ်တာပဲ၊ အိမ်ကလည်း ကောင်းတယ်၊ ပြတင်းပေါက်တွေကိုလည်း အနီရောင်စက္ကူနဲ့ ကပ်ထားတယ်”
လူတချို့က ရယ်မောပျော်ရွှင်နေကြသည်။ လေထုအခြေအနေက အတော်လေး ကောင်းပေသည်။ ဝမ်ကွေးယွဲ့က ပြတင်းပေါက်မှနေ၍ ခြံထဲကို ကြည့်လိုက်၏။ သိလိုစိတ်ဖြင့် သူမက မှတ်ချက်ပေးလိုက်လေသည်။
“အို အဲဒါက စုန့်ဝေဖျင်ရဲ့အမေဘက်က ဝမ်းကွဲအဘိုးနဲ့ ဝမ်းကွဲဦးလေးပဲ၊ သူ့ဝမ်းကွဲဦးလေးက ဘယ်လိုတောင် မျက်နှာစူပုတ်နေလဲ ကြည့်ပါအုံး၊ လုံးဝမပျော်သလို၊ စိတ်မပါတဲ့ပုံနဲ့”
ရွှီရှောင်ကျောင်းက လှမ်းကြည့်လိုက်ပြီး နားလည်သွားကာ
“သူလား၊ ဪ၊ သူက ကိုကိုဝေဖျင်ကို ဂြိုဟ်ဆိုးဆိုပြီး အထင်သေးနေတာလေ၊ သူက နှစ်သစ်ကူးကာလမှာ ပိုက်ဆံတောင်းဖို့က လွဲပြီး တစ်နှစ်လုံး ဘယ်တော့မှ မပေါ်လာတတ်ဘူးလေ၊ ဒီတော့ သူက မျက်နှာသိုးကြီးနဲ့ ဖြစ်နေမှာပေါ့”
ပြီးခဲ့တဲ့တစ်ခေါ် စုန့်ဝေဖျင် သယ်ယူပို့ဆောင်ရေးအတွက် ခရီးထွက်တုန်းက ရက်တော်တော်များများကို အိမ်မှာပဲ နေခဲ့တာလေ။ အဘွားစုန့်က ဒီဝမ်းကွဲဦးလေးအကြောင်း ပြောတာကို ကြားလိုက်ရတယ်။
ဒီတစ်ခါ ရောက်လာတဲ့ ဒီအမေဖက်က ဝမ်းကွဲအဘိုးကို အဘွားစုန့်က ကျွေးမွေး ပျိုးထောင်ပေးခဲ့တာလို့ ပြောကြတယ်။ သူက အဘွားစုန့်နဲ့ အရင်းနှီးဆုံးအမျိုးပေါ့။ သူက တော်တော်လေး လုပ်ရည်ကိုင်ရည် ရှိတယ်။ သူက ငယ်ငယ်လေးနဲ့ ဘေးရွာက လူထုခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တာတဲ့။ မိသားစုမှာလည်း စုထားဆောင်းထားတာ နည်းနည်းပါးပါးရှိတော့ အဘွားစုန့်ကို အများကြီး ချေးငှားထားဖြစ်တာပေါ့။ သူ့တစ်ဦးတည်းသောသားက မကျေနပ်တာတော့ သဘာဝပဲပေါ့လေ။
“သူက အရမ်းကို အယူသီးတာလေ၊ သူက စုန့်ဝေဖျင်ကို မကောင်းတဲ့ကံနဲ့ မွေးလာတာလို့ ထင်နေတာ၊ ပြီးတော့ သူ့အိမ်ရဲ့ဖုန်းရွှေကလည်း မကောင်းဘူးတဲ့၊ ဒီနေရာကို လာတာက သူ့အနာဂတ်ဘဝနဲ့ ကံကောင်းခြင်းတွေကို ထိခိုက်စေနိုင်တယ်တဲ့လေ၊ သူက အကြွေးသာ လာမတောင်းရဘူးဆိုရင် ဘဝပေါင်း ၈၀၀လောက်တောင် ဘယ်တော့မှ ပေါ်လာမှာမဟုတ်ဘူး”
စုန်ဝေဖျင်ရဲ့ အမေဘက်က ဝမ်းကွဲအဘိုးက ဒီတစ်ခါတော့ သူ့ကိုလိုက်လာဖို့ ဖိအားပေးခဲ့တာပဲ ဖြစ်ရမယ်။
တချို့က စကားပြောနေတုန်း စုန့်ဝေဖျင်သည် သူတို့နှစ်ယောက်ကို အနောက်ဘက်ဆောင်သို့ ခေါ်လာခဲ့လေသည်။ မကြာမီ သူသည် ပြန်ထွက်လာပြီး သူ့ဝမ်းကွဲဦးလေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပါလာတော့သည်။
“ဟယ်၊ စုန့်ဝေဖျင်မှာ ကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှိတာပဲ၊ သူ့မျက်နှာထားက ပိုကောင်းသွားပြီတော့”
ကျိုးဖင့်ရှန်းက လူများကို အကျင့်တစ်ခုလို့ ချီးကျူးလိုက်လေသည်။
ရွှီရှောင်ကျောင်းက ခိုးပြီး မျက်စောင်းထိုးလိုက်၏။ ဘာနည်းလမ်းဖြစ်ရမှာလဲ။ ငွေက သရဲကိုတောင် ပြန်လှည့်လာအောင် လုပ်နိုင်တယ်လေ။ နောက်ဆုံးတော့ ပြန်ပေးရမဲ့ငွေတွေပဲကိုး။
စုန့်ဝေဖျင်က လွန်ခဲ့သည့်နှစ်ရက်က သူမကို ပြောပြထားသည်။ အမေဘက် ဝမ်းကွဲအဘိုး သည်တစ်ကြိမ်လာခဲ့လျှင် သူက ၅ယွမ် ပြန်ပေးလိုက်မည်။ အရင်က သူသည် နှစ်ကုန်မှသာ ၅ယွမ်ကို ပြန်ပေးနိုင်ခဲ့သည်။ အခုတော့ နွေဦးပင်မကုန်သေးဘဲ သူက ငွေကို ပြန်ပေးခဲ့သည်။ သူက ပျော်နေလိမ့်မည်ကတော့ အမှန်ပင်။
ဝမ်ကွေးယွဲ့သည် စုန့်ဝေဖျင်၏မိသားစုက ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပြီး အကြွေးများစွာ ရှိမည့်အကြောင်းကို စဥ်းစားမိလိုက်လေသည်။ အခိုက်တန့်အတွင်း သူသည် သိပ်ပြီး အားမကျမိတော့ပေ။ ထို့ကြောင့် သူမက ရွှီရှောင်ကျောင်း အနားသို့ တိုးလိုက်ပြီး
“ဖုန်းရွှေကလေ တစ်ခါတလေတော့လည်း နင် ဒါကို ယုံရမယ်ဟဲ့၊ နောက်ပိုင်း နင် ဒီမှာ ဒုက္ခခံရပြီး ငါတို့အားလုံး မြို့ကို ပြန်သွားမှ နင် မငိုနဲ့နော်”
ရွှီရှောင်ကျောင်းက သည်ကာလအတွင်း စုန့်ဝေဖျင်အတွက် အရာအားလုံးက ချောမွေ့နေသည်ဟု တွေးလေသည်။ အဘွားစုန့်က သူမကို ကံကောင်းစေတဲ့ကြယ်လေးဟု ချီးကျူးသည်။ ထို့ကြောင့် သူမက နည်းနည်းတော့ ကျေနပ်မိပြီး
“ဘာဖုန်းရွှေပဲဖြစ်ဖြစ် ငါသာ ဒီမှာရှိရင် ချမ်းသာကြွယ်မှုအပြည့် ဖြစ်နေလိမ့်မယ်”
သူမက ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။ ဝမ်ကွေးယွဲ့ မပြောနှင့် ကျိုးဖင့်ရှန်းပင် သံသယ ဖြစ်သွားတော့သည်။ မိသားစုက အဲလောက်ဆင်းရဲတာလေ။ အစားအသောက်အတွက် ရွှံ့ထဲနစ်နေရတဲ့ ရွှံ့ခြေထောက်က အကြွေးတွေလည်း အများကြီးနဲ့။ ဒီပန်းကတော့ နွားချေးပုံမှာ ထိုးစိုက်ခံရထားရတာပဲပေါ့။ သူမက သူ့နောက်လိုက်ရင် ဘာချမ်းသာကြွယ်ဝမှု ရှိမှာတဲ့လဲ။
သည်နေရာတွင် ရှိနေသူများက ထိုသို့ တွေးကြလေသည်။ ထိုအကြောင်းကို ထုတ်ပြောပြီး အဆူဆဲခံရဖို့တော့ ဘယ်သူမှ မဖြစ်ချင်သည်က အမှန်ပင်။
လီစန်းထျယ်ကတော့ ရေရှည်မြင်တတ်သည်။ သူသည် စုန့်ဝေဖျင်တွင် အလားအလာရှိသည့် အနာဂတ်တစ်ခု ရှိလာလိမ့်မည်ဟု အခိုင်အမာယုံကြည်ထားသည်။ စုန့်ဝေဖျင်က ချောမောလှပသည့် ဇနီးတစ်ယောက်ကို လက်ထပ်ခဲ့သည်ကို တွေ့ရတော့ သူတို့နှစ်ယောက်က လိုက်ဖက်သည့်စုံတွဲတစ်တွဲ ဖြစ်သည်ဟု အမှန်ပင် ခံစားမိသည်။
“ကောင်လေး မင်းက တကယ်အမြင်ရှိတာပဲ၊ ခယ်မလေး စိတ်မပူနဲ့နော်၊ ဒီဝေဖျင်က မင်းကို ကောင်းမွန်တဲ့ဘဝကို သေချာပေါက် ခေါ်သွားပေးလိမ့်မယ်”
ရွှီရှောင်ကျောင်းသည် သည်စကားများက စိတ်ထဲကလာမှန်း သိလိုက်သဖြင့် အပြုံးလေးနှင့် သူ့ကို ဝိုင်တစ်ခွက် လောင်းထည့်ပေးလိုက်ကာ
“ကျေးဇူးတင်ပါတယ် တတိယအစ်ကို၊ အခုချိန်ကစပြီး ကျွန်မတို့ ကိုကိုဝေဖျင်ကို စောင့်ရှောက်ပေးဖို့ အစ်ကို့ကို တောင်းဆိုရတော့မယ်”
“ဟား ဟား ဘာဂရုစိုက်ပေးရမှာလဲ၊ ဝေဖျင်က အရည်အချင်းရှိပါတယ်”
အားလုံးက သည်စားသောက်ပွဲကို အလွန်မှ ကျေနပ်ကြသည်။ အဓိကအကြောင်းအရင်းမှာ အစားအသောက်များက အလျှံပယ်ဖြစ်သည်။ ဟင်းလျာက ရှစ်မျိုးသာ ဖြစ်သော်လည်း ကြက်သားနှင့် အသားများဖြစ်ကြသည်။ ပိုအရေးအကြီးဆုံးက အရသာကောင်းလေသည်။ မြေကြီးမှ တူးထားသည့် တောင်အော်ရွက်ကပင် အရသာရှိနေလေသည်။ ဂျုံမှုန့်ရောထားသည့် မန်ထိုကလည်း အသားအပြည့်ပင်။
အိမ်ရှင် ဧည့်သည်အားလုံး ပျော်ရွှင်ကြသည်။ အားလုံး ပြန်ကြချိန်တွင် သူတို့ကို ချိုချဥ်အနည်းငယ် လက်ဆောင်ပေးလိုက်သေးသည်။ ဒါက ကြီးမားသည့်အသုံးစားရိတ်တစ်ခုပင်။
ရွှီရှောင်ကန်းသည် အလွန်ဗိုက်ပြည့်နေသဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်ရင်း မလှုပ်မယှက်နှင့် ပြောလိုက်လေသည်။
“မမ အဲဒီဝက်သားလွှာနှပ်က အရမ်းအရသာရှိပြီး အနံ့အရသာအပြည့်ပဲ၊ နင် လုပ်ထားတာလား”
ရွှီရှောင်ကျောင်းလည်း ဘေးတွင် ထိုင်နေလေသည်။ သူမက စားပွဲနှင့် ထိုင်ခုံများကို သန့်ရှင်းရေးလုပ်နေသည့် စုန့်ဝေဖျင်ကို မေးထိုးပြလိုက်ပြီး
“ငါက ဟင်းချက်နည်း ထုတ်ပေးလိုက်တာ၊ နင့်ယောက်ဖက ချက်ပေးတာ၊ အရသာရှိတယ်ဆိုတော့ နောက်ကျရင် သူ ချက်တတ်သွားပါပြီ”
အခုတော့ ရွှီရှောင်ကန်းသည် ပိုပြီး သတ္တိရှိလာခဲ့သည်။ သူက စုန့်ဝေဖျင်ကို လှမ်းခေါ်လိုက်ပြီး
“ဟိ ဟိ ယောက်ဖရေ ရက်နည်းနည်းလောက်နေရင် ကျွန်တော်တို့ကို ဝက်သားလွှာနှပ်လေး ထပ်လုပ်ကျွေးပါအုံး”
‘ယောက်ဖ’ဟူသည် စကားလုံးက စုန့်ဝေဖျင်၏နားထဲ ဝင်လာခဲ့သည်။ သူသည် ထိုင်နေကြသည့် မောင်နှမနှစ်ယောက်ကို လှည့်ကြည့်လိုက်ပြီး နွေးနွေးထွေးထွေး ပြန်ဖြေလိုက်လေသည်။
“အင်းပါ”
ညရောက်သည်နှင့် ဝူချွန်းဟွားက ရွှီရှောင်ကန်းကို ခေါ်ကာ အိမ်သို့ စောစောပြန်ခဲ့လေသည်။ အဘွားစုန့်ကလည်း အပြုံးလေးတစ်ခုနှင့် အနောက်ဆောင်သို့ ပြန်သွားသည်။ ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်နှင့်အတူ ပင်မဆောင်သို့ လိုက်လာခဲ့လိုက်သည်။ သူမသည် အစပိုင်းတွင်တော့ အနည်းငယ် အနေကြပ်နေလေသည်။ သို့သော် စုန့်ဝေဖျင်က ပိတ်စဟောင်းတစ်ခုကို ထုတ်လာပြီး အိပ်ရာကြားက ခန်းဆီးတစ်ခုအဖြစ်သို့ ပြောင်းလိုက်သည်ကို မြင်လိုက်ရသောအခါ သူမသည် ရုတ်ခြည်းဆိုသလို ကို့ယို့ကားယားအတွေးများ ပျောက်ကွယ်သွားတော့သည်။
ဟုတ်နေပါပြီ၊ စုန့်ဝေဖျင်က အဲကိစ္စကို မစွမ်းဆောင်နိုင်ဘူးပဲ။ မဟုတ်ရင်တော့ သူက မိန်းမတွေကို စိတ်မဝင်စားတာပဲ ဖြစ်မယ်။ ထုတ်ပြောစရာတောင် မလိုလိုက်ဘူး။ နံရံပေါ်က သံနှစ်ချောင်းကို ကြည့်လိုက်။ သူက လက်ထပ်ပြီးနောက်ပိုင်း နေမဲ့ဘဝကိုတောင် စဥ်းစားထားပြီးသားမှန်း သိလိုက်ပြီလေ။ ငါ ဘာမှကိုမှ စိတ်ပူစရာမလိုတော့ဘူး။
စုန့်ဝေဖျင်သည် သူမ၏အခြေအနေက တောင့်တင်းနေရာမှာ သက်သောင့်သက်သာ ဖြစ်သွားသည်ကို တွေ့လိုက်ရသောအခါ လေသံတိုးတိုးဖြင့် ပြောလိုက်တော့သည်။
“မင်းက နံရံနဲ့ကပ်တဲ့အတွင်းဘက်မှာအိပ်၊ ငါက အပြင်ဘက်မှာ အိပ်မယ်၊ ညပိုင်း မင်းတစ်ခုခုလိုရင် ငါ့ကိုသာ ခေါ်လိုက်နော်”
ရွှီရှောင်ကျောင်းက အိပ်ရာအစွန်းဘက်မှ ခေါင်းလေးကို ဆန့်ကာ အတွင်းဘက်သို့ ကြည့်လိုက်ပြီး
“စုန့်ဝေဖျင် နင်က အရမ်းတွေးပေးတတ်တာပဲ၊ ကောင်းလိုက်တယ်”
ခြေလက်သန့်စင်ပြီး လဲလျောင်းလိုက်ပြီးနောက် ရွှီရှောင်ကျောင်းက အနည်းငယ် သိချင်သွားသဖြင့်
“စုန့်ဝေဖျင် နင် အိပ်ပြီလား”
“ဟင့်အင်း”
ရွှီရှောင်ကျောင်းက ကိုယ့်ကို လှည့်လိုက်ပြီး ခန်းဆီးဘက် မျက်နှာမူလိုက်ကာ
“ဒါက ငါ လူတစ်ယောက်နဲ့ အိပ်ရာတစ်ခုထဲမှာ အိပ်တာ ပထမဆုံးပဲ၊ ငါ သိပ်ပြီး နေသားမကျသေးဘူး”
“မအိပ်တတ်ဘူးလား” စုန့်ဝေဖျင်က သူမကို မေးလိုက်သည်။
“မဟုတ်ဘူး၊ ငါ အိပ်ရာဝင်ရမဲ့အချိန် မရောက်သေးတာ”
သူမသည် အိပ်ချိန်မရောက်သေးပေ။ သည်အတိုင်း အလွန်ထူးဆန်းသလို ခံစားနေခြင်းပင်။ အခိုက်တန့်အတွင်း သူမသည် အကြောင်းအရင်းကို မပြောတတ်တော့ပေ။
“စကားပြောကြမလား” စုန့်ဝေဖျင်က အသာအယာလှည့်လာ၏။
ရွှီရှောင်ကျောင်းက ခဏလောက် စဥ်းစားလိုက်၏။ ဟုတ်သားပဲ။ ငါ့အခန်းဖော်လေးနဲ့ အတူတူနေတဲ့ ပထမဆုံးနေ့လေ။ မအိပ်တန်းတွေ့ဆုံပွဲတစ်ခုတော့ လုပ်ရမှာပေါ့။
“ကောင်းပြီ၊ ကောင်းပြီလေ၊ ငါလည်း နင်နဲ့တိုင်ပင်စရာရှိတာနဲ့ အတော်ပဲ”
...